Category: News

  • ယုန်လေးရုပ်ရှင် ကြည့်သူ လူမမယ်က​လေးပါမှ ၃ ဦးပဲရှိတဲ့ ဗီဒီယိုမှတ်တမ်း

    ယုန်လေးရုပ်ရှင် ကြည့်သူ လူမမယ်က​လေးပါမှ ၃ ဦးပဲရှိတဲ့ ဗီဒီယိုမှတ်တမ်း

    စစ်တပ်​ထောက်ခံသူယုန်​လေးရဲ့ရုပ်ရှင်ကား ကြည့်သူ ဘယ်​လောက်နည်းလဲဆိုတဲ့ အ​ခြေအ​နေကို သက်​သေပြတဲ့ ဗီဒီယိုမှတ်တမ်းတခုပျံ့နှံ့လာပါတယ်။

    ရုပ်ရှင်ရုံ တစ်ရုံလုံးမှာ လာကြည်သူ့ လင်မယား နှစ်ဦးနဲ့ သူတို့ရဲ့ရင်​သွေးက​လေးငယ်​လေး တဦးပဲရှိတဲ့အ​ခြေအ​နေကို ယုန်​လေးရုပ်ရှင်ကြည့်သူတဦးက လူမှုကွန်ယက်မှာ တင်ထားတာဖြစ်ပါတယ်။

    “သားမိ သားအဖသုံးဦး ရုပ်ရှင်ရုံအပြတ်ငှားပြီးလာကြည့်တာပါ ၊တရုံလုံးကိုအပြတ်ငှားလိုက်တာပါ”လို့ ရုပ်ရှင် တစ်ရုံလုံး လူမမယ်က​လေးငယ်​လေူအပါအဝင်း သားအမိ၊သားအဖ သုံးဦးပဲရှိတာကိုရယ်သွမ်း​သွေးပြီး ဗီဒီယိုရိုက်ကူးတင်ထားတာဖြစ်ပါတယ်။ ဒီဗီဒီယို မှတ်တမ်းဟာ နိုဝင်ဘာ ၂၈ ရက်ကလား ၊ နိုဝင်ဘာ ၂၉ ရက်ကလားဆိုတာကို​တော့မသိရ​သေးပါဘူး ။ ဗီဒီယိုမှတ်တမ်းတင်သူက ယုန်​လေးကိုအား​ပေးတဲ့ မိသားစုကိုယ်တိုင်ကတင်ထားတာဖြစ်ပါတယ်။

    စစ်တပ်ထောက်ခံသူဖြစ်တာကြောင့် ပြည်သူတွေရဲ့ Boycott ပြစ်ဒဏ်ခံနေရတဲ့ ယုန်လေးရဲ့ ရုပ်ရှင် ပထမဆုံးရုံတင်တဲ့ နိုဝင်ဘာ ၂၈ ရက်​နေ့ကြည့်ရှုသူမရှိတာကြောင့် ပိတ်လိုက်ရတယ်လို့ ယုန်လေးကိုယ်တိုင်ကသူ့ရဲ့​ဖေစ်ဘွခ်မှာရေးသားခဲ့ပါတယ်။

    “မုန်းတဲ့ သူတွေ တိုက်ခိုက်တဲ့ သူတွေ နိုင်ပါတယ်။အနုပညာလောက က အနားယူဖို့များသွားပါပြီ။အခုတင်တဲ့ မြို့ပြထဲကလမ်းမ ဆိုတဲ့ဇာတ်ကား အများကြီး ကြိုးစားထားပါတယ် ။ သိန်း 6000 ကျော်ကုန်ပါတယ်။ ပြင်ဆင်လိုက်ရိုက်ကူးအချိန်1နှစ်ခွဲကြာပါတယ်။ဒီနေ့ စတင်တယ် ။ ကြည့်ပြီးတဲ့ သူတွေတော့Quality သိပါတယ် ။ ဒီနှစ်တစ်နှစ်လုံး မှာ ဝင်ငွေ အနည်းဆုံးဇာတ်ကား အဖြစ်စံချိန်ဝင်သွားပါပြီ။ ရုံမှာ လူတစ်ယောက်မှ မရှိလို့ ပိတ်ရပါတယ်။”လို့ ယုန်လေးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

    ယုန်လေးက အဲဒီ့ပို့စ်မှာ သူနဲ့ပတ်သက်ရင် အ‌‌ဆဲခံရမှာစိုးတာကြောင့် မဝန်းရံပေးတဲ့ အနုပညာလောကသားတွေကိုလည်း အပြစ်တင်ထားပါတယ်။

    ဒါ့အပြင်ပို့စ်ကိုလည်း တစ်နာရီကျော်အကြာမှာ ပြန်ဖျက်သွားပါတယ်။

    ယုန်လေးက အာဏာမသိမ်းခင်အချိန် ၂၀၂၀ ရွေး‌ကောက်ပွဲကာလ ကတည်းက ​လူထု​ခေါင်း​ဆောင်​​ဒေါ်​အောင်ဆန်းစုကြည်ကို ပုတ်ခက်ပြီး စစ်တပ်ကအာဏာသိမ်းတဲ့ ပုံစံ Music Video ရိုက်ကူးခဲ့တာကြောင့် ဝေဖန်မှူတွေခံခဲ့ရတာပါ။

    အာဏာသိမ်းကာလမှာလည်း စစ်တပ်ဘက်က ရပ်တည်ခဲ့တာကြောင့် ‌ပြည်သူတွေအားလုံးက Boycott ပြုလုပ်ဖို့ ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့တာပါ။

    ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေလည်းခံခဲ့ရပြီး ပြည်သူတွေရဲ့ မြင်ကွင်းကနေ နှစ်နဲ့ချီပျောက်ကွယ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်ကလည်း သူရိုက်ကူးထားတဲ့ အော်ရယ်ဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်ရုံတင်ခဲ့ပြီး အဲဒီ့ဇာတ်ကားရုံတင်ချိန်မှာလည်း ပရိသတ် အားပေးမှုမရခဲ့ပါဘူး။

    အခုလိုအဖြစ်ကြုံတာ​ကြောင့် ရုပ်ရှင်ရိုက်ကူးတာက​နေအနားယူ​တော့မယ့်သ​ဘောလည်းသူက​ရေးသားထားပါတယ် ။

    ယုန်​လေးကအခုဇာတ်ကားကိုသူ​ငွေကုန်ခံရိုက်ကူးသလို​​ပြော​နေ​ပေမယ့် တကယ်က အခုရုပ်ရှင်အတွက် စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်​တွေကသာအကုန်အကျခံတာဖြစ်တယ်လို့ ရုပ်ရှင်​လောကသားအချို့က​ပြောပါတယ်။

    ဒီရုပ်ရှင်ကို Hunk Film Production ကထုတ်လုပ်​ပေးတယ်လို့ဆိုပါတယ် ဒီထုတ်လုပ်​ရေးကရုပ်ရှင် ၂ ကားပဲရိုက်ရ​သေးပါတယ်။

    ဒီထုတ်လုပ်​ရေးကို ဘယ်သူ​တွေလုပ်​နေတယ်ဆိုတာအ​သေးစိပ်မသိ​ရ​သေးပေမယ့် ပြည်သူ​တွေက လူမှု​ရေးပြစ်ဒဏ်ခတ်ထားသူ ၊သပိတ်​မှောက်ထားသူ​တွေကို သာမာန်ရုပ်ရှင်ထုတ်လုပ်​ရေး​တွေက အရှုံး​ပေါ်မှာ​ကြောက်လို့ မရိုက်ကူး​ပေးရဲတာမို့ စစ်တပ်နဲ့ နီးစပ်သူ​တွေကပဲ ယုန်​လေးအတွက် ​ငွေထုတ်​ပေးရိုက်ခိုင်းတာဖြစ်တယ်လို့ရုပ်ရှင်​လောကသားတဦးက​ပြောပါတယ်။

    ယုန်​လေး​ရေးသလို အခြားအနုပညာရှင်​တွေအား​ပေးဝန်းရံတာရှိ ၊မရှိဆိုတာနဲ့မဆိုင်ပဲအာဏာသိမ်းပြီး ပြည်သူကို​နေစဥ်သတ်ဖြတ်​နေတဲ့စစ်တပ်ကို​ထောက်ခံတဲ့သူမို့ ပြည်သူ​တွေက သပိတ်​မှောက်တာ​ကြောင့် ကြည့်သူမရှိတာလို့ ပြည်သူအချို့က သုံးသပ်ပါတယ် ။

    စစ်တပ်က နာမည်ကြီးသရုပ်​ဆောင်​တွေဖြစ်တဲ့ ​နေတိုး ၊မြင့်မြတ် စတဲ့သရုပ်​​ဆောင်​တွေကိုသုံးပြီး ​ရွေး​ကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတို ကို ပြီးခဲ့တဲ့​အောက်တိုဘာမှ ထုတ်လွှင့်ပြီး​နောက်ပိုင်း ပြည်သူ​တွေက စစ်တပ်​​ထောက်ခံတဲ့ အနုပညာရှင်​တွေအ​ပေါ် သပိတ်​မှောက်တာနဲ့ လူမှု​ရေးပြစ်ဒဏ်ခတ်တာအရှိန်ပြန်​ကောင်းလာတာဖြစ်ပါတယ် ။

    ရုပ်သံ social media viral

  • Crimetime: Freefall

    Crimetime: Freefall

    Crimetime: Freefall (2024)

    ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိထားတဲ့ အမေရိကန် Drama Mystery ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။

    IMDb rating 5.9 ထိရထားပြီးတော့ မင်းသမီး Lyndie Greenwood အဓိကသရုပ်ဆောင်ထားပါတယ်။

    ဟက်ဒ်လီ ဝါနာဟာ ဆယ်စုနှစ်တစ်ခုလောက် နာမည်ကြီးခဲ့တဲ့ ရုပ်သံလောကမှာ နာမည်ကြီးခဲ့တဲ့ စုံထောက်မင်းသမီးတစ်ယောက်ပါ။

    သူဟာ “Crimetime” လို့ခေါ်တဲ့ နာမည်ကျော် မှုခင်းစီးရီးတစ်ခုမှာ သရုပ်ဆောင်ပြီးတဲ့နောက်မှာ အယ်လ်အေ(LA) မြို့ကနေ အေးချမ်းတဲ့ တောင်ပေါ်မြို့လေးဖြစ်တဲ့ ကော်လိုရာဒိုက မစ်စတစ်လေးကို မိသားစုနဲ့အတူ ပြောင်းလာခဲ့ပါတယ်။

    တိတ်ဆိတ်အေးချမ်းတဲ့ ဘဝသစ်ကို စတင်ဖို့ ကြိုးစားနေချိန်မှာပဲ၊ သူမရဲ့ အိမ်နောက်ဖေး ခြံဝင်းထဲကို ရုတ်တရက် လူသေအလောင်းတစ်လောင်းက မိုးပေါ်ကနေ ပြုတ်ကျလာသလိုမျိုး ထူးဆန်းစွာ ရောက်လာပါတော့တယ်။

    ဒီအဖြစ်အပျက်ကြောင့် ဟက်ဒ်လီဟာ ရုပ်သံထဲက အခန်းကဏ္ဍကနေ အပြင်ဘဝရဲ့ မှုခင်းလောကထဲကို ချက်ချင်းရောက်သွားပါတယ်။

    သူရိုက်ခဲ့တဲ့ ဇာတ်ကားတွေမှာ သင်ယူလေ့လာခဲ့ရတဲ့ ရာဇဝတ်မှုပညာ၊ သရုပ်ဆောင်မှုအတွက် လေ့လာခဲ့တဲ့ ဇာတ်ကောင်လေ့လာမှု စတာတွေအပေါ် အခြေခံပြီး တကယ့်အပြင်က မှုခင်းတစ်ခုကို ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

    ဟက်ဒ်လီတစ်ယောက် မှုခင်းအစိတ်အပိုင်းတစ်ခုချင်းစီ ရှာဖွေရင်းနောက်ဆုံးမှာ အမှုကိုဖြေရှင်းနိုင်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် ရုပ်ရှင်လေးတစ်ခု ဖြစ်ပါတယ်။

  • အင်းလေးတွင် စက်လှေတိမ်းမှောက်ပြီး ၂ ဦး သေဆုံး

    အင်းလေးတွင် စက်လှေတိမ်းမှောက်ပြီး ၂ ဦး သေဆုံး

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟင်္သာတိုင်အနီးမှာ စက်လှေတစင်းနစ်မြုပ်ပြီး ကလေးတယောက်အပါအဝင် ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လူ ၅ ယောက် လိုက်ပါလာတဲ့ စက်လှေဟာ နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီလောက်က တိမ်းမှောက်ခဲ့တာဖြစ်ပြီး ၂‌ ယောက်ကို အနီးအနားရှိသူတွေ ပြန်လည်ကယ်တင်နိုင်ခဲ့ကာ ၅ နှစ် အရွယ် ကလေးနဲ့ ၂၂ နှစ်အရွယ် အမျိုးသားကတော့ ရေနစ်သေဆုံးသွားတယ်လို့ ပြောပါတယ်။

    ဒေသခံတယောက်က “ဟွန်ဒါစက်လှေလည်း ငယ်တယ်၊ လူလည်းများတယ်။ အဲညမှာ လှိုင်းလုံးလည်းကြီးတော့ စက်လှေက မှောက်သွားတယ်။ ကလေးအလောင်းကို ၂၈ ရက်မနက်မှ ပြန်တွေ့တယ်၊ ကျန်တဲ့တယောက်တော့ ညနေပိုင်းမှ ပြန်တွေ့တယ်။ အင်းလေးမှာ လှေမှောက်တာမကြားဖူးဘူး။ ခုလိုကြားတော့ စိတ်မကောင်းပါဘူး” လို့ ‌ပြောပါတယ်။

    သေဆုံးသူတွေကို ကယ်ဆယ်ရေးအဖွဲ့က နန်းပန်ဆေးရုံဆီကို ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက် ဒီနေ့ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

    စက်လှေမောင်းသူကိုတော့ ရဲတွေကဖမ်းဆီးသွားပြီး စက်လှေမှောက်တဲ့ကိစ္စကို အွန်လိုင်းပေါ်မတင်ဖို့လည်း ပြောကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အင်းလေးဒေသမှာ ဆောင်းဝင်နေပြီပေမဲ့ အချိန်ခါမဟုတ်မိုးရွာသွန်းတာကြောင်း အခုထိ ရေတက်နေဆဲလို့ ဒေသခံတွေဆီက သိရပါတယ်။

  • မော်လမြိုင်သာသနာနွယ် ဆရာတော် လူဝတ်လဲ အမှုဖွင့်ခံရ

    မော်လမြိုင်သာသနာနွယ် ဆရာတော် လူဝတ်လဲ အမှုဖွင့်ခံရ

    မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒဇောတိကို လူဝတ်လဲပြီး အမှုဖွင့်အရေးယူလိုက်တယ်လို့ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် စစ်ကော်မရှင် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

    ဆရာတော် အရှင် စန္ဒဇောတိဟာ နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာမှာ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ ပြုလုပ်ခဲ့တာကြောင့် တရားဥပဒေနဲ့အညီ ဖမ်းဆီးအမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဆရာတော် အရှင် စန္ဒဇောတိကို စစ်ကော်မရှင်က မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှာ နိုဝင်ဘာ ၂၇ ရက်နေ့က အမှုဖွင့်အရေးယူခဲ့တယ်လို့ အသိပေးထားပေမယ့် ဘယ်ဥပဒေ ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်ခဲ့တယ်ဆိုတာ အသေးစိတ် ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

    ဆရာတော်ဟာ CRPH ၊ NUG တို့ရဲ့ လှုံ့ဆော်ဝါဒဖြန့်မှုတွေကို လိုက်ပါလုပ်ဆောင်တာ၊ အားပေးကူညီတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်က စွပ်စွဲထားတာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တာလို့ သံလွင်တိုင်းမ်အနေနဲ့ နားလည်ရပါတယ်။

    ဖမ်းဆီးအမှုဖွင့်ခံလိုက်ရတဲ့ မော်လမြိုင်သာသနာနွယ် ဆရာတော် အရှင် စန္ဒာဇောတိဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မော်လမြိုင် တောင်ဝိုင်းတောင်မှာ မွန်ပြည်နယ်စစ်ကော်မရှင်ရဲ့ တောင်မြေဖြိုမှုအပေါ် လူမှုကွန်ရက်စာမျက်နှာမှာ နေပြည်တော်က သိစေဖို့ဆိုတဲ့ ပို့စ်တစ်ခုကို ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြဖူးပါတယ်။

    အဲဒီနောက် စစ်ကော်မရှင်ဟာ ဇေတဝန်ကျောင်းတိုက်မှာ သီးတင်းသုံးနေတဲ့ သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒဇောတိနဲ့ တပည့်နှစ်ဦးကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာခဲ့တာပါ။

    ဆရာတော် အရှင် စန္ဒာဇောတိအား ဖမ်းဆီးအမှုဖွင့်အရေးယူမှုအပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပြီး ဆရာတော် အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ ရှိနေပါတယ်။

    မွန်ပြည်နယ်မှ ထင်ရှားသည့်ဆရာတော်ကို နိုင်ငံတော်တည်ငြိမ်အေးချမ်းခြင်းကို ပျက်ပြားစေသည်ဟုဆိုတာဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်ထုတ်ပြန်

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်သည့် သာသနာနွယ်ဖောင်ဒေးရှင်းတည်ထောင်သူ အရှင်စန္ဒာဇောတိကို စစ်ကော်မရှင်က နိုင်ငံတော်တည်ငြိမ်အေးချမ်းခြင်းကို ပျက်ပြားစေရန်လှုံ့ဆော်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ၎င်းတို့လက်ဝေခံမီဒီယာများတွင် ဖော်ပြခဲ့သည်။

    ပရဟိတလုပ်ငန်းများဖြင့် ထင်ရှားသည့်ဆရာတော်အရှင်စန္ဒာဇောတိသည် မွန်ပြည်နယ်ဝန်ကြီးချုပ်မှဦးဆောင်သည့် တောင်ဝိုင်းတောင် ဖြိုချရောင်းစားမှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး ထောက်ပြပြောဆိုခဲ့ရာ လူမှုကွန်ရက်စာမျက်နှာပေါ်မှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန် ရည်ရွယ်ကာ လှုံဆော်နေသည်ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    “ဝန်ကြီးချုပ်အမည်ခံအောင်ကြည်သိန်းအဖွဲ့က တောင်ဖြိုပြီး မြေရောင်းစားတာကို ဆရာတော်ကပြောလို့ အဖမ်းခံရတာ။ တောင်ဝိုင်းတောင်ကို ဖြိုပြီးမြေကြီးတွေတူးလို့ ဘုန်းဘုန်းကလိုင်းပေါ်တင်ရမလာဆိုပြီး ဖမ်းသွားကျတယ်” ဟု မော်လမြိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် အရှင်စန္ဒာဇောတိကို ကျိုက်မရောအကျဉ်းထောင်သို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံကသိရသည်။

    စစ်ကော်မရှင်လက်အောက်ခံ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်တပ်လက်ဝေခံစီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းကာ မော်လမြိုင်မြို့၏ သာသနာ့နယ်မြေအဖြစ် ထင်ရှားသည့် တောင်ဝိုင်းတောင်ရှိမြေများကို တူးထုတ်ရောင်းချကာ စီမံကိန်းများလုပ်ဆောင်နေခြင်းဖြစ်သည်။

    သာသနာနွယ်ဆရာ‌တော် အရှင်စန္ဒာဇောတိသည် ကိုဗစ်ကာလတွင် တက်ကြွစွာဦးဆောင်ပါဝင်ကူညီခဲ့သည့်ဖြစ်စဉ်တွင် ထင်ရှားသော်လည်း စစ်အာဏာသိမ်းနောက်ပိုင်းတွင် ကြားနေအဖြစ်နေထိုင်သည့်အတွက် တော်လှန်ရေးဘက်တော်သားများ၏ ဝေဖန်မှုများကို ခံခဲ့ရသည့်ဆရာတော်တစ်ပါးလည်းဖြစ်သည်။

    ဓာတ်ပုံ – Ashin Sanda Zawti

  • ကားအစီး ၁၀၀ ခန့်ဖြင့် မိုးကုတ်ကို စစ်ကောင်စီ ဝင်ရောက်

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က လက်လွှတ်ဖို့ သဘောတူထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို နိုဝင်ဘာ ၂၈ ရက်ညမှာ ကားအစီး ၁၀၀ ဝန်းကျင် အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးရဲ့ တာဝန်ရှိသူ ကိုအော်စမွန်က အတည်ပြုပါတယ်။

    TNLA ထိန်းချုပ်ထားတဲ့ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-မိုးကုတ်လမ်းအတိုင်း ဝင်လာတာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ သတင်းအချက်အလက်ရယူဖို့တောင် မလွယ်တဲ့ အခြေအနေဖြစ်ပါတယ်။

    မိုးကုတ်မြို့ကို လက်လွှတ်မယ်လို့ TNLA က အောက်တိုဘာ ၂၉ ရက်မှာ ကြေညာခဲ့ပြီးနောက်ပိုင်း ဒေသကာကွယ်ရေးအဖွဲ့တွေကို သူတို့သတ်မှတ်ထားတဲ့ စခန်းကုန်းတွေမှာပဲ အခြေချခွင့်ပြုထားတာပါ။

    လတ်တလောမှာ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ မြို့ပတ်ချာလည်မှာရှိနေဆဲဖြစ်ပြီး ဒီအခြေအနေအပေါ်မှာ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက ပြောပါတယ်။

    “အထဲကလည်းသူက အဆက်အသွယ်အကုန်ဖြတ်ထားတာ။ Star Link တွေဘာတွေ အကုန်ဖြတ်ထားတယ်၊ ကျနော်တို့ မနေ့ညနေက သိရသလောက်ဆိုရင်တော့ ကားအစီး ၁၀၀ လောက် ရှိတယ်တဲ့။ မနေ့က ညတွင်းချင်းတောင် ရောက်ချင်ရောက်မှာ သူတို့၊ ဘာမှ အတားအဆီးမှမရှိတာ။ ဘာယူနီဖောင်းမှလည်းမပြောင်းဘူး ဒီအတိုင်းပဲလာကြတယ်ပြောတယ်။ ရောက်လောက်ပြီပေ့ါ။ ကျနော်ထင်ပါတယ်၊ လေးငါးရာ လောက်တော့ ရှိမှာနေမှာပါ။ အင်အားအလုံးအရင်း နဲ့ ဝင်လာတယ်လို့ မနေ့ညနေက ကျနော်သိရတာပေါ့။ ဒီနေ့တော့ ဘာမှမသိရဘူး။ ဘာလို့ဆို အထဲကလည်း အဆက်အသွယ်ပြတ်သွားပြီလေ။ သူတို့က ခန့်မှန်းခြေ ၂ နာရီလောက် (ညနေ) စထွက်တယ်ထင်တယ်။ ကျနော်နဲ့တယောက်က အဆက်အသွယ်ရတဲ့အချိန်၊ ပြောပြီး သူလည်း တောက်လျှောက်အဆက်အသွယ်ပြတ်သွားတာ။ ရှမ်းလမ်းဆုံ အဲဒီနားကနေမှ သူတို့စုဖွဲ့တယ်၊ စုဖွဲ့ပြီးတော့ ဂိတ်ဖွင့်၊ ပြီးတော့ အဲဒီလမ်းကြောင်းအတိုင်းလာတယ်။ ပဇီတို့၊ တာဘိုင်တို့ ပြင်ဦးလွင်-မိုးကုတ်လမ်း၊ အဲလမ်းပိုင်းကနေလာတယ်လို့ သိရတယ်။ ကားအစီး ၁၀၀ ကျော်ဆိုတာ ဘယ်လိုကားတွေလဲတော့ မသိဘူးပေါ့နော်။ TNLA ကတော့ တောက်လျှောက် မြို့ထဲမှာလည်း လမ်းတွေပိတ်တာအထိ လုပ်ထားတယ်လေ။ မြို့ထဲကလူတွေပါ အသွားအလာ ကန့်သတ်၊ ပိတ်တာတွေတော့ရှိတယ်။”

    မိုးကုတ်မြို့မှာ TNLA က ဆက်ဆံရေးရုံး ဆက်ဖွင့်ထားမှာဖြစ်ပြီး ကျောက်မျက် လုပ်ကွက်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

    မိုးကုတ်မြို့မှာ တခြားတိုင်းရင်းသားအစုအဖွဲ့တွေလည်းရှိနေပြီး ကျောက်တွင်းလုပ်ငန်းတွေ ဆက်လည်ပတ်နေမှာဖြစ်ပါတယ်။

    ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ မိုးထက်နေက “ကျနော့်အမြင်တော့ မိုးကုတ်ရယ်မဟုတ်ပါဘူး။ စစ်ရဲ့သဘောကတော့ဗျာ အပြီးသတ်မနိုင်ခင်တော့ ဒီနယ်မြေတွေက သိမ်းလိုက် လက်လွှတ်လိုက်ရဆိုတဲ့ ကိစ္စမျိုးတွေတော့ ဖြစ်နေမှာပေါ့လေ။ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ စစ်တပ်က အရင်းအမြစ်အကုန်လုံးကို အပိုင်သိမ်းထားပြီးတော့ လေကြောင်းထိုးတွေဘာတွေ တောက်လျှောက်လုပ်နိုင်တာမျိုးဖြစ်တာကိုး။ နောက်ထပ်တခုက စားနပ်ရိက္ခာ ဆေးဝါး ရရှိမှုကြတော့လည်း ကျနော်တို့အလယ်ပိုင်းဒေသတွေကျတော့ ပြည်တွင်းကုန်သွယ်ရေးကိုပဲ အားကိုးရတဲ့အခါကျတော့ စားရေရိက္ခာနဲ့ပတ်သက်လို့လည်း ပြဿနာတွေရှိတာပေါ့။ မတန်တဆ ဈေးတွေပေးရတာ၊ စစ်တပ်က ပိတ်ဆို့လို့လွယ်တာ ဆိုတာတွေ ရှိတာပေါ့ဗျာ။ နောက်တခုက တရုတ်ရဲ့ဘက်လိုက်တဲ့ကိစ္စ၊ အဲဒီဖိအားကလည်း ကျနော်တို့က ပြဿနာရှိတယ်လေ” လို့ ပြောပါတယ်။

    မိုးကုတ်မြို့ကနေ သူတို့ထွက်ခွာမယ့်ရက်တွေမှာ ကျည်လုံးဝ မဖောက်ဖို့ ဒေသတော်လှန်ရေးအင်အားစုတွေကို TNLA က တားမြစ်ထားပါတယ်။

    မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ တရုတ်အစိုးရရဲ့ကြားဝင်ဖိအားပေးမှုကြောင့် ပြန်လည်လက်လွှတ်ရမယ့် အခြေအနေဖြစ်လာခဲ့တာပါ။

    သုတချမ်းသာ