စစ်မှုထမ်း ၂ နှစ်ပြည့်ပြီးသူတွေကို အာဏာရှင်စစ်တပ်အနေနဲ့ အလုပ်အကိုင်ရရှိအောင် စီမံပေး နေပြီး အလုပ်မရရင် စစ်မှုပြန်ထမ်းနိုင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောပါတယ်။ မေ ၈ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဇေယျာသီရိဗိမာန်မှာ ပြုလုပ်တဲ့ နေပြည်တော်တိုင်း အရာရှိစစ်သည်တွေနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “နိုင်ငံတော်အတွက် အရေးကြုံချိန် နိုင်ငံ့သားကောင်း တယောက်ပီသစွာနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ကျေးဇူးတင်ပြီး အလုပ်အကိုင်ရရှိရေးအတွက် စစ်တပ်အနေနဲ့ စီမံဆောင်ရွက်ပေးနေပြီး အလုပ်မရလို့ စစ်တပ်မှာ ပြန်လည် တာဝန်ထမ်းဆောင် လိုပါက ကြိုဆိုတယ်”လို့ ပြောပါတယ်။ ပြန်လည်ဝင်ရောက်လာမဲ့ စစ်မှုထမ်းတွေကိုလည်း သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေက မိသားစု သဖွယ် ညီရင်းအစ်ကိုပမာ လက်တွဲခေါ်ယူသွားဖို့ လိုအပ်တယ်လို့လည်း ပြောဆိုပါတယ်။ […]