Category: News

  • သူခိုးက စောင်ခြုံပြီး အိပ်လိုက်သေး

    သူခိုးက စောင်ခြုံပြီး အိပ်လိုက်သေး

    မနေ့က နေ့လယ်( ၁၁း၃၀ )အချိန်လောက်ကအိမ်ကိုလာတဲ့ဧည့်သည်တွေနဲ့ ရောပြီး ဝင်လာခဲ့တာ l

    အိမ်က ဖုန်းတွေရော လျောက်ကိုင် ဧည့်သည်ဖုန်းတွေယူရော ယူပီး အိမ်အပေါ်ထပ်ကို တက်သွားတာ

    အိမ်အပေါ်ရောက်တော့ အိမ်ခန်းတွေလျောက်ဖွင့်၊ အခန်းထဲတွေဝင်မွှေနေတာ မကြိုက်လို့

    ဧည့်သည်တွေသွားပြောမှ သူခိုးမှန်းသိလိုက်တာ

    ဧည့်သည်တွေကလဲအိမ်ကထင်ပီး အားနာလို့တဲ့ သူခိုးက အိမ်ခန်းထဲမှာ စောင်ခြုံပြီးအိပ်နေသေးတာ

    ဆေးကြောင်ပီး လွတ်နေတာ သူ့မိဘ တွေကတော့တနေ့ကမှ ၃၈၆က ရွေးခဲ့တာပြောတယ်

    ကျမတို့တော့ ခုထိ လန့်နေတုန်း😶

    Source Yin Mar Win

  • အာဏာသိမ်းခေါင်းဆောင်အမိန့်နဲ ပြန်လည်ပြုပြင်နေတဲ့ ကမ္ဘောဇသာဒီနန်းတော်အုတ်မြို့ရိုးပြိုကျပြီးလူသေဆုံး

    အာဏာသိမ်းခေါင်းဆောင်အမိန့်နဲ ပြန်လည်ပြုပြင်နေတဲ့ ကမ္ဘောဇသာဒီနန်းတော်အုတ်မြို့ရိုးပြိုကျပြီးလူသေဆုံး

    ​ဖေ​ဖော်ဝါရီ-၄၊၂၀၂၆။အိမ်သွင်/People’s Spring
    အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်နဲ့ ပြန်လည်ပြုပြင်နေတဲ့ ဟံသာဝတီမြို့ဟောင်း၊ကမ္ဘောဇသာဒီနန်းတော်ထဲက ဆောက်လုပ်ဆဲ အုတ်မြို့ရိုးပြိုကျပြီး လူသေဆုံးမှုဖြစ်ခဲ့ပါတယ်။
    ပဲခူးမြို့ ၊ နန်းတော်ရာရပ်ကွက်ထဲက ကမ္ဘောဇသာဒီနန်းတော်ဝန်းထဲမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ ၊ ည
    နေ ၃ နာရီခွဲခန့်ကအုတ်ရိုးပြိုကျခဲ့တာဖြစ်ပါတယ်။
    “ဒီမြို့ရိုးကိုပြန်ဖော်မယ်ဆိုပြီးတော့ ဌာနဆိုင်ရာတွေက တော်တော်လေးအားထည့်ပြီးလုပ်နေကြတာ။ မင်းအောင်လှိုင်ကအမိန့်ပေးသွားတာ။အခု သူတို့လုပ်လက်စမြို့ရိုးပြိုကျသွားတာ။တစ်ယောက်သေတယ်။သုံးယောက်ဒဏ်ရာရတယ်” လို့ ပဲခူးမြို့ခံတစ်ဦးကပြောပါတယ်။
    သေဆုံးသူက မြို့ရိုးပြုပြင်ရေးမှာအလုပ်ဝင်လုပ်နေတဲ့ ပန်းရံလုပ်သားတစ်ဦးဖြစ်ပါတယ်။ဒဏ်ရာရတဲ့သုံးဦးကိုလည်း ပဲခူးဆေးရုံကိုပို့ဆောင်ပြီးကုသပေးနေရတယ်လို့သိရပါတယ်။
    ကမ္ဘောဇသာဒီနန်းတော်ဟာ တောင်ငူဘုရင် ဘုရင့်နောင်က မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃ )ခုနှစ်တွင် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ အထိအခိုက်အပျက်အစီးတွေလည်းရှိခဲ့ပြီး တချို့နေရာတွေမှာ မြေအောက်ကိုလည်းမြုပ်နေပါတယ်။အာဏာရှင်ဟောင်းဗိုလ်
    ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာလည်း မြို့ရိုးကိုပြန်လည်တူး ဖော်ခဲ့ဖူးပါတယ်။
    အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၅ ဩဂုတ်လ ၃ ရက်နေ့မှာ ကမ္ဘောဇသာဒီရွှေနန်းတော်ထဲကို ရောက်လာခဲ့ပြီးဟံသာဝတီမြို့
    တော်ဟောင်းနေရာကို ပြန် လည် ဖော်ထုတ် ဖို့နဲ့
    ကမ္ဘောဇသာဒီနန်းတော်ကျုံးကိုလည်း ပြန်လည်ပြုပြင်ဖို့ အမိန့်ပေးခဲ့ပါတယ်။အဲ့ဒီအမိန့်ကြောင့်ပဲ နန်းတော်ဟောင်းအနီးက ဒေသခံတွေရဲ့နေအိမ်တွေကို ဖယ်ရှားခိုင်းခဲ့ပါတယ်။
    အာဏာသိမ်း​ခေါင်း​ဆောင်ဟာ ​​ဗေဒင်ယတြာ​တွေယုံကြည်သူဖြစ်ပြီး သူ့အာဏာတည်မြဲရေးအ
    တွက် ယတြာ​ချေတာ​တွေကို မကြာခဏပြလုပ်​လေ့ရှိပါတယ် ။ကမ္ဘောဇသာဒီနန်း တော်မြို့ရိုး ပြန်လည်ပြင်ဆင်တာလည်း ယတြာချေတာလို့​ဒေသခံ​တွေကပြောကြပါတယ်။
    (အာဏာသိမ်း​ခေါင်​​ဆောင်ကမ္ဘောဇသာဒီနန်းတော်
    ကို ၂၀၂၃ ​မေလကသွား​ရောက်ကြည့်ရှုခဲ့စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ )

  • တရက် ၄ နာရီ မီးပြန်ပျက်မယ့် စနစ်ကြောင့် ပြည်သူတွေကြား ဝေဖန်မှုတွေ မြင့်တက်


    တရက် ၄ နာရီ မီးပြန်ပျက်မယ့် စနစ်ကြောင့် ပြည်သူတွေကြား ဝေဖန်မှုတွေ မြင့်တက်
    ဖေဖော်ဝါရီ – ၃ – ၂၀၂၆
    SS (VOM)
    လက်ရှိ ရန်ကုန်မြို့မှာ တရက် ၄ နာရီ အလှည့်ကျ မီးပြန်ပျက်မယ့် စနစ်ကြောင့် ပြည်သူတွေကြား ဝေဖန်မှုတွေ မြင့်တက်လျက်ရှိ​နေပါတယ်။
    ရန်ကုန်တိုင်းမှာ ၅၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ရည် (LNG) ဓာတ်အားပေးစက်ရုံ တရုံကို တည်ဆောက် ပြီးစီးပြီဖြစ်တာကြောင့် အချိန်ပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မှာ ဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
    အဲဒီ ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ဓာတ်အားစနစ်အတွင်း ဖြည့်တင်းပေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
    ဒါပေမယ့်လည်း မနေ့ ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ တရက်ကို မနက် ၉ နာရီကနေ မွန်းတည့် ၁ နာရီအထိ တကြိမ်၊ မွန်းတည့် ၁ နာရီကနေ ညနေ ၅ နာရီထိ တကြိမ် အုပ်စုအလိုက် ၄ နာရီကြာ အလှည့်ကျ ဓာတ်အား ပြတ်တောက်မှာ ဖြစ်တယ်လို့ YESC က အသိပေး ကြေညာခဲ့တဲ့အတွက် ပြည်သူတွေကြား ဝေဖန်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
    “လျှပ်စစ်မီးက အပြည့်ရတော့မယ်လို့ ပြောပြီးမကြာဘူး။ အလှည့်ကျ ပေးတော့မယ် ဖြစ်တယ်။ ဒါပေမယ့် အဲဒါကလည်း ခဏတဖြုတ်ပဲလို့ ထပ်ကြားရပြန်တယ်။ သတင်းတွေက အမျိုးမျိုးကို ဖြစ်နေတာ။ တကယ်ရမှ ရပြီလို့ပဲ မှတ်ရတော့မယ်။ မနေ့ကလည်း တနေ့ ၄ နာရီ မီးပျက်မယ်လို့သာ ပြောတာ။ မနေ့ နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီထိ မီးပျက်ပြီးတာတောင် ၇ နာရီ ၁၅ မိနစ်ကနေ ၈ နာရီထိ၊ ၄၅ မိနစ်က ထပ်ပျက်လိုက်သေးတယ်” လို့ ပြည်သူတယောက်က ပြောပါတယ်။
    နောက်ထပ် ပြည်သူတယောက်ကလည်း မကြာမီ ရက်ပိုင်းအတွင်းအခြေခံပညာ ကျောင်းတွေရဲ့ အတန်းတင် စာမေးပွဲတွေ ရှိနေတာကြောင့် ဓာတ်အား ပြတ်တောက်ချိန် ကြာမြင့်မှာကို စိုးရိမ်နေပြီး စာမေးပွဲပြီးတဲ့အထိ လျှပ်စစ်မီး မှန်စေချင်တယ်လို့ ဆိုပါတယ်။
    “နွေရာသီ မရောက်သေးဘူး လျှပ်စစ်မီး အပြည့်ရမယ်၊ မရဘူးက စလာပြီ။ နွေရာသီရောက်မှာတောင် ကြောက်တယ်။ ကလေးတွေ စာမေးပွဲကလည်း ရှိနေတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီရက်ပိုင်းလေးတော့ မီးမှန်စေချင်တယ်။ အရင်ရက်တွေတုန်းကတောင် အချိန်ပြည့် ပေးနိုင်ခဲ့သေးတာပဲလေ။ အခုက LNG ဓာတ်အားပေးစက်ရုံတောင် ဆောက်ပြီးပြီဆိုတော့ မီးပိုမှန်သင့်တာပေါ့။ ရေတင်ရတဲ့အချိန် ဆိုရင်လည်း မီးလာနေမှ အဆင်ပြေမှာ။ မီးမလာရင် ရေရဖို့အတွက်ပါ ဒုက္ခရောက်ရတာ” လို့ သူက ပြောပါတယ်။
    ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေက စက်မှုဇုန်တွေကို LNG လျှပ်စစ် ၁ ယူနစ်ကို ၉၀၀ ကျပ်နှုန်းနဲ့ ကောက်ခံဖို့ အတည်ပြုပြီးတဲ့နောက် အိမ်သုံးမီတာတွေ ဓာတ်အားခွဲတမ်း ပိုမိုရရှိမယ်လို့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
    စက်မှုဇုန်တွေကိုပေးတဲ့ LNG လျှပ်စစ်နှုန်းထား တသားတည်း ၁ ယူနစ်ကို ၉၀၀ ကျပ်နှုန်း ကောက်ခံမှာဖြစ်ကာ အိမ်သုံး မီတာခတွေကိုတော့ အရင်အတိုင်း ၁ ယူနစ်ကနေ ၅၀ အထိကို ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၁၀၀ ကို ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၂၀၀ ကို ၁၅၀ ကျပ်နဲ့ ၂၀၁ ယူနစ်နဲ့ အထက်ကို ၃၀၀ ကျပ်နှုန်းအတိုင်း ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
    လျှပ်စစ်ဝန်ကြီးကတော့ စက်မှုဇုန်တွေကို မီတာခဈေးနှုန်း တိုးမြှင့် ကောက်ခံခြင်းဟာ နိုင်ငံက စိုက်ထုတ် အကုန်ကျခံနေရတဲ့အတွက် ဖြစ်တယ်လို့ ပြောကြားထားပေမယ့် နောက်ပိုင်းမှာ လျှပ်စစ်မီး ပုံမှန်မရဖြစ်ကာ ကုန်ထုတ်လုပ်မှုစရိတ် မြင့်တက်ပြီး ကုန်ဈေးနှုန်းတွေ ထပ်မံ ကြီးထွားလာမှာကို လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
    “ဈေးတက်တာ လက်ခံတယ်။ ဒါပေမယ့် မီးမှန်နေဖို့လည်း လိုတယ်။ နောက်ပိုင်း ဈေးတက်သွားတာသာ အဖတ်တင်သွားမလား စိုးရိမ်ကြတာရှိတယ်။ တဖက်ကလည်း ပြည်သူတွေက ထုတ်လုပ်မှုစရိတ်တွေ တိုးလာရင် ကုန်ဈေးနှုန်းတွေ တက်သထက် တက်လာမှာကို စိုးရိမ်ကြတယ်။ နောက်လာမယ့် အစိုးရတရပ်မှာ ကောင်းမွန်တိုးတက်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့၊ စီမံခန့်ခွဲမှုတွေ ကောင်းလာဖို့ကိုပဲ မျှော်လင့်ပါတယ်” လို့ စက်မှုဇုန် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
    အစိုးရက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ စက်မှုလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံခြားသံရုံးနဲ့ နိုင်ငံတကာ အဖွဲ့အစည်း အစရှိတဲ့ လုပ်ငန်းသုံးတွေအတွက် ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ မှ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်နဲ့ ၂၀,၀၀၁ ယူနစ်နဲ့ အထက်ကို ကျပ် ၅၀၀ အထိ တိုးမြှင့် ကောက်ခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
    အခုအခါ စစ်မှုဇုန်တွေအတွက် မီတာခ ၁ ယူနစ်ကို ကျပ် ၄၀၀ မှ ၅၀၀ အထိ ပိုမို မြင့်တက်သွားတာဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံတွေရဲ့ လျှပ်စစ်မီတာခဟာ ၁ ယူနစ်ကို ပျမ်းမျှ ၁၅၀ ကျပ်ကနေ ကျပ် ၅၀၀ နှုန်းအထိရှိကာ မီးပျက်ချိန် မီးစက်နှိုး အလုပ် လုပ်ရရင်‌တော့ ၁ ယူနစ်ကို ကျပ် ၁,၀၀၀ ကျော် ကုန်ကျတာ ဖြစ်တယ်လို့ သိရပါတယ်။
    မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိတော့တဲ့အတွက် မြို့နယ်တွေအလိုက် အုပ်စုတွေခွဲကာ အလှည့်ကျ လျှပ်စစ်မီးပေးတဲ့ စနစ်ကို ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
    Photo – CJ

  • အမေရိကန်သမ္မတက ၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ် အသုံးစရိတ်ဥပဒေကို လက်မှတ်ထိုးအတည်ပြုလိုက်ပြီး ဥပဒေ၏ အစိတ်အပိုင်းဖြစ်သော မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရေးမှာလည်း အသက်ဝင်


    အမေရိကန်သမ္မတက ၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ် အသုံးစရိတ်ဥပဒေကို လက်မှတ်ထိုးအတည်ပြုလိုက်ပြီး ဥပဒေ၏ အစိတ်အပိုင်းဖြစ်သော မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရေးမှာလည်း အသက်ဝင်
    ရန်ကုန်၊ ဖေဖော်ဝါရီ ၄
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အစိုးရ၏ ၂၀၂၆ ဘဏ္ဍာရေးနှစ် အသုံးစရိတ် ဥပဒေကို ဖေဖော်ဝါရီလ ၃ ရက်နေ့ တွင် လက်မှတ်ရေးထိုး အတည် ပြုလိုက်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရေး အစီအစဉ်သည် တရားဝင် အသက်ဝင်လာကြောင်း သိရသည်။
    အမေရိကန်အစိုးရ အသုံးစရိတ် ဥပဒေဖြစ်သည့် Consolidated Appropriations Act, 2026 (၂၀၂၆ ဘဏ္ဍာရေးနှစ် အစိုးရအသုံးစရိတ် ပေါင်းစည်းဥပဒေ) ကို လက်မှတ်ရေးထိုးလိုက်မှုနှင့်အတူ ယင်းဥပဒေတွင် သေးငယ်သော အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်နေသည့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာရေးနှင့် ဒီမိုကရေစီပံ့ပိုးရေး အစီအစဉ်များလည်း အသက် ဝင်လာခြင်းဖြစ်သည်။
    အမေရိကန်အောက်လွှတ်တော်က Consolidated Appropriations Act, 2026 (၂၀၂၆ ဘဏ္ဍာရေးနှစ် အစိုးရအသုံး စရိတ် ပေါင်းစည်းဥပဒေ)ကို ထောက်ခံ မဲ ၂၁၇ မဲ ၊ ကန့်ကွက်မဲ ၂၁၄ မဲ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
    ဥပဒေအရ အသက်ဝင်လာသော်လည်း မြန်မာနိုင်ငံအတွက် အကူအညီပေးရေး ဒေါ်လာ ၁၂၁ သန်း မည်သို့မည်ပုံ ဖြန့်ဝေမည်ကို မသိရှိရသေးဘဲ မြန်မာစစ်တပ်ထံသို့ မည်သည့်အခြေအနေမျှ ယင်းအကူအညီများ ပေးပို့မည်မဟုတ်ကြောင်း ဥပဒေထဲတွင် တင်းကျပ်စွာ တားမြစ်ထားသည်။
    မြန်မာနိုင်ငံအတွက် ပေးအပ်မည့် အကူအညီများတွင် ထိုင်းနှင့် အိန္ဒိယမှတဆင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာ အကူအညီပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့ရေး ၊စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထား စုဆောင်းရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံအုတ်မြစ် တည် ဆောက်ရေး၊ စစ်တပ်မှ CDM လုပ်လာသူများကို ကူညီရေး စသည့် လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဥပဒေတွင် တိကျစွာ ဖော်ပြထားသည်။