Category: News

  • ရောဂါကုရင်း စမူဆာပါ ဘုန်းပေး

    ရောဂါကုရင်း စမူဆာပါ ဘုန်းပေး

    ထိုင်းက အမျိုးသမီးတယောက်က ကျန်းမာရေးမကောင်း

    လို့ အထက်လမ်း အောက်လမ်းကုပေးတဲ့ ဆရာဘုန်းကြီး

    တပါးထံ သွားကြည့်ခဲ့တယ်။

    ဘုန်းကြီးဆီရောက်တော့ ဟိုစမ်းဒီစမ်းနဲ့ နင့်ရဲ့ကိုယ်ထဲမှာ

    သရဲပူးနေတယ်၊သရဲက ဆမူဆာနားမှာပူးကပ်နေ

    တယ်လို့ဆိုကာ လက်က စမူဆာထိ

    နယ်ကျော်သွားခဲ့တယ်။ အဲ့ချိန်မှာ အမျိုးသမီးနဲ့ အတူပါလာ

    တဲ့ ဆွေမျိုးတော်စပ်သူက ဗွီဒီယိုမှတ်တမ်းယူထားခဲ့တယ်။

    တကယ်တမ်းတော့အမျိုးသမီးက မူ:ယ-စ်ဆေ:သုံးစွဲခဲ့သူဖြစ်ပြီး လက်ရှိမှာ

    ဆေးဖြတ်လိုက်ခြင်းကြောင့် ကျန်းမာရေးမကောင်းချင်သလိုဖြစ်နေတာဟု

    ဆရာဝန်က ပြောပြပြီးနောက်၊

    သရဲဝင်ပူးကပ်နေတာ တကယ်မဟုတ်ပဲ ဘုန်းကြီးက

    လိမ်စား၊ လုပ်စားနေတာပါလို့ မီဒီယာတွေကို ဖြေကြား

    ခဲ့ပါတယ်။

    Crd.photo

  • ဘုန်းကြီးက ‘အမျိုးသမီး’ အပေါ် ထုံးတမ်းစဉ်လာတွေ ကျင့်သုံးပြတယ်

    ဘုန်းကြီးက ‘အမျိုးသမီး’ အပေါ် ထုံးတမ်းစဉ်လာတွေ ကျင့်သုံးပြတယ်

    အမျိုးသမီးတစ်ဦးဖြစ်ပုံရပြီး အပေါ်ပိုင်းဗလာဖြစ်နေသူတစ်ဦးအပေါ် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက အထူးအခမ်းအနားတစ်ခု ပြုလုပ်နေသည့်ပုံသည် ပျံ့နှံ့သွားပြီး ဘုန်းကြီးများသည် အမျိုးသမီးများကို ထိကိုင်ခွင့်မရှိသောကြောင့် ထိုင်းအင်တာနက်အသုံးပြုသူများထံမှ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

    သို့သော် ဆွဲဆောင်မှုမြှင့်တင်သည့်အခမ်းအနားတွင် ပါဝင်ခဲ့သည့် ဓာတ်ပုံထဲမှလူက တနင်္ဂနွေနေ့နံနက်တွင် ဇာတ်လမ်းသည် အပြောင်းအလဲတစ်ခုဖြစ်ခဲ့သည်- “ကျွန်တော်က လိင်ပြောင်းလဲခွဲစိတ်မှု မလုပ်ရသေးတဲ့ လိင်ပြောင်းထားသူပါ။ သန္ဓေတားဆေးတွေ သောက်နေလို့ ကျွန်တော့်ရင်ဘတ်က ပုံမှန်ထက် ပိုကြီးနေသလိုပဲ” ဟု မှတ်ချက်ရေးသားခဲ့သည်။

    လိင်ပြောင်းထားသူက သူနှင့် သူ့မိသားစုသည် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အိုဒါမီယန်မှ နာမည်ကြီးဘုန်းကြီးတစ်ပါးကို ဘန်ကောက်ရှိ ၎င်းတို့၏နေအိမ်သို့ ဖိတ်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့သည် နောက်လိုက်များစွာနှင့်အတူ လိုက်ပါလာသော ဘုန်းကြီးအား ၎င်းတို့အတွက် အခမ်းအနားတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

    ပါဝင်သည့် အမျိုးသားများသည် ၎င်းတို့၏ ရှပ်အင်္ကျီများကို ချွတ်ပြီး ဘုန်းကြီးကို ၎င်းတို့၏ခန္ဓာကိုယ်ပေါ်တွင် ရေးခိုင်းရသည်။ အမျိုးသမီးများအတွက်မူ ဘုန်းကြီးသည် ၎င်းတို့၏နဖူးပေါ်တွင် ရေးနိုင်သည်ဟု သူက ရှင်းပြသည်။

    “ပေါက်ကြားလာသောပုံကြောင့် ကျွန်တော် မပျော်ရွှင်ပြီး ရှက်ရွံ့ခဲ့ရသည်။ ပိုအရေးကြီးတာက ဒီဘုန်းကြီးရဲ့ ဂုဏ်သတင်းကို ထိခိုက်စေခဲ့တယ်” ဟု အမည်မဖော်လိုသော လိင်ပြောင်းထားသူက ထပ်လောင်းပြောကြားခဲ့သည်။

  • ၃၅ ယောက် နိုင်ရုံနဲ့  မင်းအောင်လှိုင် သမ္မတဖြစ်တဲ့ လုပ်ဇာတ်ရွေးကောက်ပွဲ

    ၃၅ ယောက် နိုင်ရုံနဲ့ မင်းအောင်လှိုင် သမ္မတဖြစ်တဲ့ လုပ်ဇာတ်ရွေးကောက်ပွဲ

    အာဏာသိမ်းစစ်တပ်က အပိုင်း ၃ ပိုင်းခွဲ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အငြင်းပွားစရာ ကိန်းဂဏန်းတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ဖော်ထုတ်ဖို့ လုပ်တဲ့ပွဲ မဟုတ်ပါဘူး။ မင်းအောင်လှိုင်ကို သူ့ဘာသာပေးထားတဲ့ “ယာယီ” ဆိုတဲ့ နာမဝိသေသနကို ဖြုတ်ပြီးတော့ သမ္မတစလွယ်ဆင်ပေးဖို့ လုပ်တဲ့၊ ကြံ့ခိုင်ရေးပါတီက အမတ် ၃၅ နေရာလောက် နိုင်ရုံနဲ့ အစိုးရဖွဲ့သွားနိုင်မယ့် လုပ်ပွဲဖြစ်ပါတယ်။ တိုင်းပြည်ကို မတရား သိမ်းပိုက်ထားသူတယောက် ဥပဒေနဲ့ညီသယောင် အတည်ပြုချက် ယူချင်ရုံသက်သက်လုပ်တဲ့ လုပ်ပွဲ ဖြစ်တယ်ဆိုတာ အချက်အလက်တွေအရ တွက်ချက် ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။

    ဒီရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု ဆိုတဲ့ အခြေခံအချက်တွေ လုံးဝ ကင်းမဲ့နေပါတယ်။

    ပထမဆုံးအနေနဲ့ ဒါဟာ ပြိုင်ဘက်မရှိတဲ့ ရွေးကောက်ပွဲပါ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်ဟာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးတော့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီး ထောင်ချခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုရင် လုပ်ကြံဖန်တီးထားတဲ့ စွပ်စွဲချက်တွေနဲ့ ပြစ်ဒဏ် လျှော့ပေးထားတယ် ဆိုတာတောင် ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခံထားရပါတယ်။ ဒါတင်မကပါဘူး၊ အာဏာသိမ်းပြီးစမှာ ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေနဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ အပါအဝင် ၁၉၇ ဦးထက်မနည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဆန္ဒပြသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ လောက်ကို ဖမ်းဆီးထားတယ်လို့ တွက်ချက်မှုတွေအရ သိရပါတယ်။

    ဒါဟာ သာမန်ဖမ်းဆီးမှု မဟုတ်ပါဘူး။ အတိုက်အခံ မှန်သမျှကို အမြစ်ပြတ် ချေမှုန်းနေတဲ့ စစ်ဆင်ရေးကြီးတခု ဖြစ်ပါတယ်။ လူထုထောက်ခံမှု အများဆုံးရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အသစ်နဲ့ ဖျက်သိမ်းလိုက်ပါပြီ။ NLD အပါအဝင် ပါတီပေါင်း ၄၀ ကျော် ဖျက်သိမ်းခံလိုက်ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုတော့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တံဆိပ်ကပ်ထားပါတယ်။ ဒီရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးချင်တဲ့လူတွေက ထောင်ထဲရောက်နေတယ်၊ ဒါမှမဟုတ် တောထဲရောက်နေပါတယ်။ စစ်တပ်နဲ့ ကျောချင်းကပ်ဖို့ လိုတယ်လို့ တရားဝင်ပြောထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပါတီ အနည်းစုလောက်ပဲ ဝင်ပြိုင်ဖို့ မဲဆွယ်နေကြတာ ဖြစ်ပါတယ်။

    ဒုတိယအချက်ကတော့ ဒိုင်လူကြီးဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုး ဆိုတာဟာ လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ (EU) နဲ့ ကနေဒါရဲ့ အရေးယူပိတ်ဆို့မှု ခံထားရသူလည်း ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် ရယူထားပြီးလည်း ဖြစ်ပါတယ်။

    တတိယအချက်ကတော့ မျက်စိပိတ် နားပိတ် လုပ်ထားတာပါ။ လွတ်လပ်တဲ့ သတင်းမီဒီယာ ကဏ္ဍဟာ မြန်မာပြည်တွင်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း သတင်းဌာန ၆၀ လောက် ပိတ်သိမ်းခံရတာ၊ ပြည်ပကို တိမ်းရှောင်ရတာတွေ ရှိခဲ့ပါတယ်။ သတင်းထောက် ၁၇၆ ဦး ဖမ်းဆီးခံခဲ့ရပြီး သတင်းထောက် ၅၁ ဦးလောက် လက်ရှိ အကျဉ်းချခံထားရပြီးတော့ သတင်းထောက် ၇ ဦးလောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဒုတိယအများဆုံး ဖမ်းဆီးတဲ့နိုင်ငံ ဖြစ်လာပါတယ်။ အွန်လိုင်းပေါ်က စစ်ကောင်စီကို ဝေဖန်သူ ၂,၀၀၀ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။ နောက်ထပ် အဆိုးရွားဆုံးကတော့ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေတရပ် ပြဋ္ဌာန်းပြီးတော့ ဖိနှိပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို နှောင့်ယှက်ရင်၊ ဆန့်ကျင်ရင် အကြမ်းဖက်မှုလို့ သတ်မှတ်ပြီးတော့ ထောင်ဒဏ် တသက်တကျွန်းကနေ သေဒဏ်အထိ ပေးနိုင်တဲ့ ဥပဒေတွေ၊ အမိန့်တွေ ထုတ်ပြန်ထားပါတယ်။ အဲဒီဥပဒေအရ အမှုဖွင့် အရေးယူခံထားရတဲ့ ဦးရေဟာ ၃၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။

    နောက်တချက်ကတော့ စစ်ပွဲတွေကြားက ရွေးကောက်ပွဲဖြစ်နေတဲ့ အချက်ပါ။ လက်ရှိ နိုင်ငံအနှံ့အပြားမှာ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်နေပါတယ်။ မြို့နယ် ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဦးမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။ ကျင်းပမယ်ဆိုတဲ့ မြို့နယ်တချို့မှာလည်း လူဦးရေအများစု နေထိုင်ရာ ကျေးလက်ဒေသတွေမှာ ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ဘဲနဲ့ မြို့ပေါ်လေးပဲ ကွက်ကွက်ကလေး လုပ်နိုင်တာ ဖြစ်ပါတယ်။ စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်တဲ့အခါ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၁၄၅ မြို့နယ်လောက်မှာပဲ ကောက်နိုင်ခဲ့ပါတယ်။

    ဒီမြေပုံကိုကြည့်ရင် အပြည့်ကောက်နိုင်တဲ့ အပြာရောင်တွေဟာ နိုင်ငံတဝက်တောင် မရှိတာကို တွေ့နိုင်ပါတယ်။ အဲဒီတော့ တိုင်းပြည်ရဲ့ ထက်ဝက်ကိုတောင် စာရင်းမကောက်နိုင်ဘဲနဲ့ ဘယ်မဲစာရင်းနဲ့ ရွေးကောက်ပွဲလုပ်မလဲ ဆိုတာ မေးစရာ ရှိပါတယ်။ လက်ရှိမှာ လူဦးရေ ၃ ဒသမ ၅ သန်းလောက်ဟာ စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီးတော့ လူပေါင်း သန်း ၂၀ လောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။ ဒီလူတွေအားလုံး မဲပေးခွင့် ဆုံးရှုံးနိုင်ခြေ ရှိနေပါတယ်။

    ဒီမြေပုံကိုကြည့်ရင် အပြည့်ကောက်နိုင်တဲ့ အပြာရောင်တွေဟာ နိုင်ငံတဝက်တောင် မရှိတာကို တွေ့နိုင်ပါတယ်။ အဲဒီတော့ တိုင်းပြည်ရဲ့ ထက်ဝက်ကိုတောင် စာရင်းမကောက်နိုင်ဘဲနဲ့ ဘယ်မဲစာရင်းနဲ့ ရွေးကောက်ပွဲလုပ်မလဲ ဆိုတာ မေးစရာ ရှိပါတယ်။ လက်ရှိမှာ လူဦးရေ ၃ ဒသမ ၅ သန်းလောက်ဟာ စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီးတော့ လူပေါင်း သန်း ၂၀ လောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။ ဒီလူတွေအားလုံး မဲပေးခွင့် ဆုံးရှုံးနိုင်ခြေ ရှိနေပါတယ်။

    ဒီရွေးကောက်ပွဲဟာ ဒီလို မတရားမှုတွေ၊ ဖိနှိပ်မှုတွေ ကြားထဲကနေ လိုချင်တဲ့အဖြေရအောင် အတင်းတွက်ထားတဲ့ သင်္ချာပုစ္ဆာတပုဒ်ပဲ ဖြစ်ပါတယ်။

    ဘယ်လို မတရားလုပ်နေသလဲ ဆိုတာ သိရအောင် ၂၀၀၈ အခြေခံဥပဒေ ပေးထားချက်အရ သမ္မတ ရွေးချယ်ပုံကို အရင်ဆုံး ကြည့်ရအောင်ပါ။ ကိုယ်စားလှယ် ၃၃၀ ထိပါတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုသမ္မတ တယောက် ရွေးပါတယ်။ ကိုယ်စားလှယ် ၁၆၈ ဦးထိ ရှိတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုသမ္မတ တယောက် ရွေးပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုသမ္မတ တယောက် ရွေးပါတယ်။

    ပြီးတဲ့အခါမှာ သမ္မတကိုတော့ ဒီအစုအဖွဲ့ သုံးခုစလုံး ပြန်ပေါင်းပြီးတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးအနေနဲ့ ပြန်ရွေးတာ ဖြစ်ပါတယ်။ ဒီလို သမ္မတကိုရွေးတဲ့ နေရာမှာ ကိုယ်စားလှယ် စုစုပေါင်းဟာ တကယ်တမ်း အများဆုံး ရှိမယ်ဆိုရင် ၆၆၄ ယောက် ရှိတဲ့အတွက် ၃၃၃ ယောက်ရှိရင် တဝက်ကို တယောက်ကျော်သွားပြီ ဖြစ်တဲ့အတွက် သမ္မတကို တင်နိုင်မှာ ဖြစ်ပါတယ်။

    အဲဒီတော့ တပ်က ကိုယ်စားလှယ်အားသာချက် ယူထားတဲ့အပြင် ဒီတချီမှာတော့ ဒီပွဲကို နိုင်ဖို့အတွက် နောက်ထပ် နည်းလမ်းသစ်တွေလည်း သုံးထားပါတယ်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တချို့မှာ PR အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းသုံးထားပြီးတော့ အမတ်နေရာ ခွဲတမ်း ပိုရအောင် လုပ်ထားပါတယ်။

    နောက်တချက်ကတော့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ်တွေ များလေလေ၊ လွှတ်တော်အမတ် စုစုပေါင်း အရေအတွက်ဟာ နည်းလေလေ ဆိုတဲ့ အချက်ပါ။ စစ်တပ်ဘက်က ၁၆၆ ယောက် အလကားရထားတာကျတော့ လျော့မသွားပါဘူး။ ပြောချင်တာက ပိုင်းခြေသာ ငယ်သွားမယ်၊ ပိုင်းဝေကကျတော့ အတူတူပဲဆိုရင် အချိုးချတဲ့အခါမှာ တပ်ရဲ့ ပါဝင်မှု ရာခိုင်နှုန်းက ပိုအားကောင်းသွားပါတယ်။ လက်ရှိ ရွေးကောက်ပွဲ အခင်းအကျင်းကို ဆက်ကြည့်ရအောင်ပါ။

    စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာတော့ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ ကျင်းပသွားမယ်လို့ ပြောပါတယ်။ အပိုင်း (၁) မှာ ၁၀၂ မြို့နယ် ကျင်းပမယ်။ အပိုင်း (၂) မှာ မြို့နယ် ၁၀၀ ကျင်းပမယ်။ အပိုင်း (၃) မှာ ၆၃ မြို့နယ် ကျင်းပဖို့ ရှိပါတယ်။

    ရွေးကောက်ပွဲကျင်းပမဲ့ နေ့တွေကိုတော့ ဒီဇင်ဘာလ ၂၈ ရက်၊ ဇန်နဝါရီလ ၁၁ ရက်နဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့လို့ ထုတ်ပြန်ထားပါတယ်။

    ကျင်းပဖို့ သေချာနေတယ် ဆိုတဲ့ ရွေးကောက်ပွဲ အပိုင်း နှစ်ခုလုံးမှာ မြို့နယ်လုံးကျွတ် ကျင်းပနိုင်တဲ့ မြို့နယ်က ၉၉ မြို့နယ်ပဲ ရှိပြီးတော့ နေရာကွက်ကြား ကျင်းပမဲ့ မြို့နယ်က ၉၃ မြို့နယ်နဲ့ မြို့ပေါ် တဝိုက်မှာသာ ကျင်းပနိုင်မဲ့ မြို့နယ်က ၁၀ မြို့နယ်ရှိတာ တွေ့ရပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ တတိယပိုင်း လုပ်နိုင်တယ်ဆိုရင် သမ္မတရွေးဖို့ အစိုးရဖွဲ့ဖို့ ဘယ်လိုဖြစ်မလဲ အရင်ဆုံး တွက်ကြည့်ရအောင်ပါ။ ကိုယ့်မဲဆန္ဒနယ်မှာ ပြိုင်ဘက်မရှိလို့ ပြိုင်စရာ မလိုဘဲနဲ့ နိုင်ထားတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ် ၁၆ ဦးထိ ရှိထားပြီ ဖြစ်တယ် ဆိုတာကို အရင်ဆုံးပြောဖို့ လိုပါတယ်။

    အဲဒီထဲမှာ ၁၄ ဦးကတော့ စစ်တပ်နဲ့ အမြဲတမ်း ကျောချင်းကပ်တဲ့ ကြံ့ခိုင်ရေးပါတီက ဖြစ်ပါတယ်။ အပိုင်း (၃) ပြီးမှ လွှတ်တော်အမတ် အများဆုံး ၅၈၉ ယောက်ပဲ ရှိမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေပါအတိုင်း ၆၆၄ ယောက်တော့ ပြည့်မှာ မဟုတ်ပါဘူး။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကတော့ လုံးဝ အလုံးအရင်း မလျော့ဘဲ ၁၆၆ ယောက် ရှိနေမှာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးက မပြိုင်ဘဲ နိုင်ထားတဲ့ လူကလည်း ၁၄ ယောက် ရှိပြီးသား။ ဒီနှစ်စုပေါင်းလိုက်ရင်ပဲ ၁၈၀ ရှိနေပါပြီ။ ဒီအတွက် ၂၉၅ ပြည့်ဖို့အတွက် နောက်ထပ် ၁၁၅ ပဲ လိုတာကို ဒီမှာ တွေ့နိုင်ပါတယ်။

    ရာခိုင်နှုန်းအားဖြင့်ဆိုရင် ယှဉ်ပြိုင်တဲ့ အမတ်နေရာ ၄၀၇ နေရာမှာ ၁၁၅ နေရာဆိုတာ ၂၈ ရာခိုင်နှုန်းပဲ အနိုင်ရဖို့လိုအပ်တာ ဖြစ်ပါတယ်။ ဆိုလိုတာက ရွေးကောက်ပွဲကို အပြည့်အစုံနီးပါး ကျင်းပနိုင်ရင်တောင်မှ ကြံ့ခိုင်ရေးပါတီဟာ ၁၀ နေရာမှာ ၃ နေရာနီးပါးနိုင်ရုံနဲ့ အစိုးရဖွဲ့သွားနိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ဘက်ပါတီတွေကတော့ အမတ်နေရာ ၇၀ ရာခိုင်နှုန်းနဲ့ တောင်ပြိုကမ်းပြိုနိုင်၊ မပြိုင်ဘဲနိုင်တဲ့ အမတ်တွေထဲက လက်ကျန် ၂ ဦးနဲ့ပါ ပေါင်းဦးတော့ သမ္မတတင်နိုင်မှာ၊ အစိုးရဖွဲ့နိုင်မှာ မဟုတ်ပါဘူး။

    ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၂၃ အရ အပိုင်း ၃ ပိုင်းစလုံး ကျင်းပပြီးမှ လွှတ်တော်ခေါ်မယ်လို့ ဩဂုတ်လတုန်းက ပြောထားပါတယ်။ ဒါပေမဲ့ အဲဒီ ပုဒ်မ ၁၂၃ မှာ ရေးထားတာက…

    “ပြည်သူ့လွှတ်တော်၏ သက်တမ်းတရပ် စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူရမည်” လို့ ဆိုပါတယ်။ ဆိုလိုတာက သူပြောတဲ့စကားနဲ့ သူကိုးကားထားတဲ့ ဥပဒေနဲ့က မညီညွတ်ပါဘူး။ ဥပဒေအရဆိုရင် ရွေးကောက်ပွဲ စကျင်းပပြီးတော့ ရက် ၉၀ ပြည့်တာနဲ့ ပြည်သူ့လွှတ်တော်က ခေါ်လို့ရနေပါပြီ။

    သုံးပိုင်းစလုံး မလိုပါဘူး။ လွှတ်တော်စဖို့ အနိမ့်ဆုံး လိုအပ်ချက် ပြည့်ဖို့ပဲ လိုပါတယ်။ အမျိုးသားလွှတ်တော်ကိုလည်း အလားတူ ခေါ်မယ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော် ခေါ်မယ်။ အဲလို လွှတ်တော်ခေါ်လို့ရရင် သမ္မတရွေးလို့ ရပါပြီ။ စစ်ခေါင်းဆောင် ကိုယ်တိုင်ကလည်း မတ်လကုန်မှာ အစိုးရသစ်တက်ပြီလို့ ပြောထားတာကို ကြည့်မယ်ဆိုရင် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမဲ့ ပထမပိုင်းကနေ ရက် ၉၀ အတွင်း လွှတ်တော်ခေါ်၊ သမ္မတတင်၊ အစိုးရ ချက်ချင်းဖွဲ့ဖို့ သေချာနေပါတယ်။

    အနိမ့်ဆုံးလိုအပ်ချက် ပြည့်ဖို့ ဒုတိယပိုင်းလောက်နဲ့တင် လုံလောက်နေပြီ ဖြစ်ပါတယ်။ ပထမပိုင်းနဲ့ ဒုတိယပိုင်းပဲ ကျင်းပပြီးတော့ လွှတ်တော်ခေါ်ပြီးတော့ အစိုးရဖွဲ့ရင် မရနိုင်ဘူးလား ဆိုတဲ့ အချက်ကို အရင်ဆုံး ကြည့်ဖို့လိုပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၈၅ (က) ကို ကြည့်ရအောင်ပါ။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတရပ်ရဲ့ ပထမနေ့မှာ အစည်းအဝေးကို တက်ရောက်ခွင့် ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဦးရေ တက်ရောက်လို့ရှိရင် အစည်းအဝေး အထမြောက်သည်လို့ ရေးထားပါတယ်။ အကယ်၍ ထက်ဝက်ကျော် မပြည့်လို့ နောက်ရက်ရွှေ့ရမယ် ဆိုရင်လည်း နောက်တကြိမ် ခေါ်တဲ့အခါ ၃ ပုံ ၁ ပုံ ရှိရုံနဲ့ လုံလောက်တယ်လို့ ၈၅ (ခ) မှာ ဆက်ရေးထားပါတယ်။

    ဒါကြောင့် လွှတ်တော်ခေါ်ဖို့နဲ့ သမ္မတ ရွေးဖို့အတွက် အပိုင်း (၁) နဲ့ အပိုင်း (၂) မှာတင် လုံလောက်နေပြီ ဖြစ်ပါတယ်။ အဲ့တော့ တကယ်တမ်း အပိုင်း (၁) နဲ့ အပိုင်း (၂) နှစ်ခုပဲ ပြိုင်လိုက်တယ် ဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှုက ပြည်သူ့လွှတ်တော်မှာ ၂၁၀ ထိ ရှိလာမယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရဲ့ အရေအတွက်က ၅၃ ယောက် ရှိလာမယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကတော့ ၁၆၆ ယောက်က မပြောင်းမလဲ ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အားလုံးပေါင်းလိုက်တဲ့ အခါကျရင် စုစုပေါင်း ၄၂၉ ဦး ရှိနေမှာ ဖြစ်ပါတယ်။

    အဲဒီတော့ ၄၂၉ ဦးကို တဝက်ချ၊ တယောက် အသာတင်လိုက်တဲ့အခါ ၂၁၅ ဦးရှိရင် သမ္မတတင်ဖို့ အဆင်ပြေသွားပြီ ဖြစ်ပါတယ်။ အဲ့တော့ ၂၁၅ ဦး ရှိဖို့ဆိုတဲ့ နေရာမှာ တပ်ကိုယ်စားလှယ်က ၁၆၆ ဦး ရှိပြီးသား၊ ကြံ့ခိုင်ရေးက မပြိုင်ဘဲ နိုင်ထားတဲ့ လူက ၁၄ ယောက် ရှိပြီးသား။ အဲ့တော့ ဒီနှစ်ခု ပေါင်းလိုက်ရင် ၁၈၀၊ အဲဒီ ၁၈၀ ကနေ ၂၁၅ ဦး ရောက်ဖို့အတွက်က ထပ်လိုတဲ့ အမတ်က ၃၅ ယောက်ပဲ လိုပါတယ်။ စစ်တပ်နဲ့ ကြံ့ခိုင်ရေးနဲ့ ပေါင်းပြီးတော့ သမ္မတ တင်လို့ရပြီ၊ အစိုးရဖွဲ့လို့ ရပါပြီ။

    ဒါကို ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် တကယ်တမ်း ယှဉ်ပြိုင်ရတဲ့ နေရာ ၂၄၇ နေရာမှာ ၃၅ နေရာ ဆိုတာ ၁၄ ရာခိုင်နှုန်းပဲ ရှိနေပါတယ်။ ပါတီတခုက ၁၄ ရာခိုင်နှုန်းပဲ နိုင်ရုံနဲ့ သမ္မတ တင်လို့ရတဲ့ စနစ်မျိုး ကမ္ဘာမှာ မရှိပါဘူး။ မြန်မာမှာပဲ ရှိနေပါတယ်။ တတိယပိုင်းကို သေချာ မကျင်းပနိုင်ရင်တောင် ကျိန်းသေပေါက် လွှတ်တော်ခေါ်ပြီးတော့ အစိုးရဖွဲ့မှာ သေချာနေပါတယ်။ တတိယပိုင်း ကျင်းပဖြစ်ရင်လည်း အထက်မှာ ပြောခဲ့သလိုပဲ မြို့ပေါ်ရပ်ကွက်တွေလောက်ပဲ အဆင်ပြေသလို ကျင်းပဖို့ များနေပါတယ်။

    လုံးဝ မကျင်းပနိုင်တဲ့ ၅၆ မြို့နယ်ကိုလည်း နောင်မှ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်လို့ ဒုခေါင်းဆောင် စိုးဝင်းက ပြောထားပါတယ်။ ဒါပေမဲ့ ကြားဖြတ်က တက်လာတဲ့ အမတ်တွေဟာ သမ္မတရွေးတဲ့အချိန်မှာ မဲပေးဖို့ အချိန်မီတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် လွှတ်တော်ခေါ်လို့ရရုံ၊ သမ္မတ တင်လို့ရရုံ၊ အစိုးရဖွဲ့လို့ ရရုံလောက် ရွေးကောက်ပွဲ အတုအယောင် လုပ်ပြီးတော့ တပ်ကိုယ်စားလှယ်တွေ၊ မပြိုင်ဘဲနိုင်တဲ့သူတွေ အားကိုးနဲ့ မင်းအောင်လှိုင်ရဲ့ ယာယီ ဆိုတဲ့ နာမဝိသေသနကို ဖြုတ်ချဖို့ ကြိုးစားမှုပဲ ဖြစ်ပါတယ်။

    ကိန်းဂဏန်း အရကိုက ဒီပုစ္ဆာဟာ ရှင်းနေပါတယ်။ ပြိုင်ဘက်အသင်းကို တခါမှ နိုင်အောင် မကန်နိုင်တဲ့ အခါကျတော့ နံပါတ် (၁) ပြိုင်ဘက် တသင်းလုံးကို ထုတ်၊ နံပါတ် (၂) ဒိုင်လူကြီးကိုပါ ကိုယ့်လူတွေချည်း ထည့်၊ နံပါတ် (၃) ကစားကွင်းရဲ့ စည်းမျဉ်းကိုပါ စိတ်ကြိုက်ပြင်ပြီးတော့ နံပါတ် (၄) ဂိုးကျောလည်း ယူပြီးတော့ ပွဲဖြစ်ရုံ ပြိုင်ဘက်တွေ ရှာပြီးတော့ အသင်းဖွဲ့ပေး၊ လုပ်ပွဲကြီး ကန်ပြီးတော့ အနိုင်ယူဖို့ ကြိုးစားနေတာ သေချာပါတယ်။ ရွေးကောက်ပွဲဟာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာ လုံးဝ မဟုတ်ပါဘူး။ ဂဏန်းတွက်စက်တလုံး၊ သေနတ်တလက်နဲ့ တိုင်းပြည်ကို လိမ်ဖို့ ကြိုးစားတဲ့ အာဏာရှင်ရဲ့ လုပ်ပွဲသက်သက်သာ ဖြစ်ပါလိမ့်မယ်။

    အခုတွက်ချက်မှုဟာ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးတော့ DVB Data Team က စုစည်းပေးထားတဲ့အပေါ် အခြေခံ တွက်ချက်ထားတာ ဖြစ်ပါတယ်။ အပိုင်း (၃) မှာမှ ပြည်ပျက်မဲ့ အမျိုးသားလွှတ်တော် အမတ်နေရာ တချို့ရယ်၊ ကော်မရှင်က တတိယပိုင်း ဘယ်နှနေရာ လုပ်မယ်လို့ အတိအကျ မကြေညာနိုင်သေးတာရယ်ကြောင့် ဖြစ်နိုင်ခြေအပေါ် အခြေခံပြီးတော့ အနီးစပ်ဆုံးပဲ တွက်ချက်ပြခဲ့တာ ဖြစ်တဲ့အတွက် အနည်းငယ် ကွဲလွဲမှုမျိုးတော့ ရှိနိုင်ပါတယ်။

    ✍🏻စိုင်းခေတ်နွေ

  • MWD News (မြဝတီ သတင်း) စာမျက်နှာကို TikTok က ဖယ်ရှားလိုက်ပြီ

    MWD News (မြဝတီ သတင်း) စာမျက်နှာကို TikTok က ဖယ်ရှားလိုက်ပြီ

    👏🏽 Breaking – MWD News (မြဝတီ သတင်း) စာမျက်နှာကို TikTok က ဖယ်ရှားလိုက်ပြီ၊ မြန်မာစစ်တပ်ဝါဒမှိုင်းဖြန့်ယန္တရားအပေါ် ထင်ရှားသည့် အရေးယူမှုဖြစ်လာ

    MWD (မြဝတီ) ကို မြန်မာစစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ကြီးကြပ်လုပ်ကိုင်နေခြင်းဖြစ်သည်။

    Justice For Myanmar သည် TikTok ထံ စာရေးသားပေးပို့၍ စစ်အုပ်စုအကောင့်များအတွက် ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နေမှုများနှင့်ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများအပေါ် မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ TikTok က MWD News (မြဝတီ သတင်း)အကောင့်အား ဖြုတ်ချလိုက်ခြင်းလည်းဖြစ်သည်။

    TikTok နှင့် အခြားနည်းပညာကုမ္ပဏီအားလုံးအနေဖြင့် ကျန်ရှိနေသေးသည့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၄င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For Myanmar က ဆက်လက် တောင်းဆိုပါသည်။

    JusticeForMyanmar

  • မြေပြင်တွင် ရှုံးသမျှကို လေကြောင်းဖြင့် ပြန်ဖာနေရ

    မြေပြင်တွင် ရှုံးသမျှကို လေကြောင်းဖြင့် ပြန်ဖာနေရ

    လေတပ်သာမရှိလျှင် စစ်တပ်မှာ ဘာမှလုပ်၍မရတော့ဟု NON CDM အရာရှိ ဝန်ခံ၊ မြေပြင်တွင် ရှုံးသမျှကို လေကြောင်းဖြင့် ပြန်ဖာနေရ

    လေတပ်သာမရှိလျှင် စစ်တပ်မှာ ဘာမှလုပ်၍မရတော့ဘဲ မြေပြင်တွင် ရှုံးသမျှကို လေကြောင်းဖြင့်သာ ပြန်ဖာနေရကြောင်း NON CDM လေတပ်အရာရှိတစ်ဦးထံက သိရှိရသည်။

    စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြု၍ အလွန်အကျွံ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြေပြင်တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အသာစီးရရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်ကမူ ၄င်းတို့ သိမ်းပိုက်ထားပြီးဖြစ်သည့် မြို့နယ်အချို့ကို လက်လွှတ်နေရခြင်း ဖြစ်သည်။

    “PDF တွေဘက်က မြို့တွေကို လွယ်လွယ်ကူကူမသိမ်းနိုင်တာ၊ စစ်တပ်ဘက်ကနေ မြို့တွေကို အခုရက်ပိုင်းတွေအတွင်း ပြန်ထိန်းချုပ်နိုင်တာက အဓိက က လေတပ်ကြောင့်ပေါ့၊ လေတပ်မှ မရှိရင် စစ်တပ်က ဘာမှလုပ်မရဘူး။ စစ်ကြောင်းတွေဆိုတာကလည်း စစ်ကြောင်းလိုက် တိုက်ခိုက်ခံရတာတွေ မြင်နေ၊ ကြားနေရတာပဲလေ” ဟု အမည်မဖော်လိုသည့် NON CDM လေတပ်အရာရှိတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်တပ်ဘက်က လေကြောင်းနှင့် ဒရုန်းများအသုံးပြု၍ ထိုးစစ်ဆင်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များဘက်က တစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မတ္တရာ၊ စဥ့်ကူးမြို့နယ်များနှင့် မန္တလေး – မတ္တရာ – စဥ့်ကူးလမ်းပိုင်းများကိုလည်း ပြီးခဲ့သည့် လပိုင်းအတွင်း၌ စစ်တပ်ဘက်မှ ပြန်လည်ထိန်းချုပ်ခဲ့သည်။

    လက်ရှိ မြို့သိမ်းတိုက်ပွဲတစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည့် ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကော်မရှင်တပ်က လေကြောင်းအပြင် ရေကြောင်းအသုံးပြု၍ တိုက်ခိုက်နေပြီး၊ နယ်မြေချင်းထိစပ်နေသည့် ရွှေကူ၊ ဗန်းမောက်၊ ကသာနှင့် ပင်လည်ဘူးမြို့နယ်တို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ ရွှေလုပ်ကွက်များတွင် အလုပ်လုပ်ကိုင်နေသည့် တရုတ်လူမျိုးသေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

    “ဗန်းမော်မှာက တိုက်ပွဲတွေက ခဏငြိမ်သွားတာပဲ ရှိတယ်။ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ ရိက္ခာဖြည့်တယ်။ ဗန်းမော်ဝန်းကျင်ကိုလည်း ဗုံးကြဲတယ်။ ရွှေမျှောတွေဘက်ကို ကြဲတယ်။ ဖုန်းလိုင်းတွေမရတော့ အခြေအနေအတိအကျမသိရဘူး” ဟု ဗန်းမော်မြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

    ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ချင်းပြည်နယ်အတွင်းရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝနှင့် နှစ်ဘက်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည့် ဖလမ်းမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင်လည်း စစ်ရေးအရှိန်မြင့်တက်နေသည့် မကွေးနှင့် တောင်ငူလေတပ်ကို စစ်အင်အားတိုးမြင့်ပေးမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း DVB သတင်းဌာန၌ ဖော်ပြထားသည်။

    လက်ရှိ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၂၃ ရက်အတွင်း ကောက်ယူထားသည့် စာရင်းများအရ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ရခိုင်ပြည်နယ်တို့မှ အရပ်သားပြည်သူ ၁၁၇ ဦး သေဆုံးကာ ၁၇၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိထားပြီး မြေပြင်၌မူ အဆိုပါ အချက်အလက်များထက် ပိုမိုများပြားနိုင်သည်။

    “အရပ်သားတွေကို စစ်တပ်က နေ့တိုင်းလိုလို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာက အခုမှတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခု ဒီဇင်ဘာလထဲမှာတော့ အတော်ကိုဆိုးရွားတယ်။ မြိုင်နယ်ထဲက ရေနံမှော်တွေဆိုလည်း ဂျိုင်ရိုကော်ပတာတွေနဲ့ လာလာကြဲတယ်။ အရပ်သားတွေအနေနဲ့ကလည်း လုံခြုံမှု လုံးဝမရှိတော့ပါဘူး” ဟု မြိုင်မြို့နယ်မှ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်အထိ စစ်ကော်မရှင်တပ်က လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှု ၆၄၅၀ ကျော်၊ မွေးကင်းစကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၃၈၀၀ ကျော် သေဆုံးခဲ့ပြီး ၆၈၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ၊ ဆေးရုံ၊ ဆေးခန်း ၉၉ ခု၊ ကျောင်း ၂၉၁ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၄၈၅ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း Justic For Myanmar နှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်း ၂၀၉ ဖွဲ့မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။