Category: News

  • ခါမီနီ မော်စကိုသို့ ပြေးရန်ပြင်

    ခါမီနီ မော်စကိုသို့ ပြေးရန်ပြင်

    ဆန္ဒပြ ပြည်သူများကို တစ်ယောက် ၅ ပေါင်ခွဲပေး၍ ချွေးသိပ်ပြီး ခါမီနီ မော်စကိုသို့ ပြေးရန်ပြင်

    ဒီဇင်ဘာ ၂၈ ရက်မှ စတင်ပြီး ကုန်စျေးနှုန်း ကြီးမြင့်လာခြင်းနှင့် ငွေကြေးတန်ဖိုး လျော့ကျလာခြင်းကြောင့် တီဟီရန်မြို့တော်ရှိ စျေးသည်များ စတင်ဆန္ဒပြရာမှ နိုင်ငံအတွင်း မြို့ပေါင်း ၂၀ ကျော် တွင် လူထုအုံကြွမှုကြီး ဖြစ်ပွားနေကာ ထိန်းမရသည့် အခြေအနေကြောင့် အီရန် ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ မင်းမူ အုပ်ချုပ်နေသော ၈၆ နှစ်အရွယ် အလီခါမီနီသည် အနီးဆုံးမိသားစု အပေါင်းအပါ ၂၀ ဝန်းကျင်ဖြင့် မော်စကိုသို့ ထွက်ပြေးတော့မည် ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်အရ သိရသည်။

    စားသောက်ကုန် စျေးနှုန်းများ ၇၂ ရာခိုင်နှုန်း မြင့်တက်နေပြီး ငွေကြေး ဖောင်းပွမှုနှုန်းမှာ တစ်နှစ် အတွင်း ၄၂ ဒသမ၂ ရာခိုင်နှုန်း ရှိလာပြီ ဖြစ်သောကြောင့် အမျိုးသမီး၊ လူငယ်များမကျန် အီရန် ပြည်သူများက ခါမီနီ ဇာတ်သိမ်းပါစေ၊ အစိုးရကျဆုံးပါစေ ဆိုသော ကြွေးကြော်သံများဖြင့် ဆန္ဒပြသည့် အပြင် အစိုးရရုံးများ၊ ကားများကို မီးရှို့ ဖျက်ဆီးခြင်းနှင့် ခါမီနီပုံများ၊ အီရန်အလံများ မီးရှို့ ဆန္ဒပြမှုများ ပြင်းထန်လာနေသည်။

    ယင်းဖြစ်ရပ်များအတွင်း အီရန် လုံခြုံရေးတပ်များက ဆန္ဒပြသူများကို ပစ်ခတ်ရာ အနည်းဆုံး ၁၂ ဦး သေဆုံးပြီး ကလေး ၃ ဦးပါဝင်ကာ ၅၀‌ ကျော် ဒဏ်ရာရခဲ့သည်။

    အီရန်အနေဖြင့် ကိုယ့်ပြည်သူများကို ပြန်သတ်နေမည် ဆိုလျှင် စစ်ရေးအရ ဝင်ရောက် စွက်ဖက်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရာဇသံ ပေးထားသေးရာ နောက်ဆုံးသော ထိန်းသိမ်း ဖျောင်းဖျမှုအဖြစ် အလွန် ကပ်စေးနှဲသော ခါမီနီသည် ပြည်သူများအား ထောက်ပံ့ငွေ ဘောက်ချာ ရီယယ် ၁၀ သန်းစီ ပေးမည်ဖြစ်ကာ ဆန္ဒပြမှုများ ရပ်ကြရန် ကမ်းလှမ်းခဲ့သည်။

    သို့သော် အီရန်ငွေ ရီယယ် ၁၀ သန်းသည် စတာလင်ပေါင် ၅ ပေါင်ခွဲသာရှိကာ အီရန်လူဦးရေ သန်း ၈၀ က မည်သို့မျှ လက်မခံဘဲ အစွမ်းကုန် တိုက်ပွဲဝင်ရန် လမ်းပေါ် ထွက်လာနေကြပြီဖြစ်သည်။

    စစ်တပ်နှင့် လုံခြုံရေးတပ်များသည် ပြည်သူ့အုံကြွမှုအား မထိန်းချုပ်နိုင်လျှင် သို့မဟုတ် မထိန်းချုပ်ပေးတော့လျှင် ခါမီနီအနေဖြင့် မည်သို့မျှ မနေသာတော့ဘဲ မဟာမိတ်ပူတင် အကူအညီဖြင့် မော်စကိုသို့ မိသားစု အပေါင်းအပါ ၂၀ ဝန်းကျင်ဖြင့် အတူထွက်ပြေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း အီရန်တွင် အစ္စရေး ထောက်လှမ်းရေး အဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းခဲ့သော အစ္စရေး ဝါရင့် ထောက်လှမ်းရေးဟောင်း ဘီနီဆက်ဘ်တီက ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

    Ref: Thesun

  • မိုးကုတ်တွင် ကျောက်ရှာသူ ၁၀၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးငွေတောင်း

    မိုးကုတ်တွင် ကျောက်ရှာသူ ၁၀၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးငွေတောင်း

    မိုးကုတ်အကျဉ်းထောင်အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်း ကျောက်ရှာသူ (ဒေသအခေါ် ခနဲဆေးသူ) ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီး ငွေတောင်းခဲ့တယ်လို့ မြို့ခံ မျက်မြင်သက်သေတယောက်က ပြောပါတယ်။

    ဒီဇင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကျောက်ရှာနေသူတွေဆီ ကားအကြီး ၅ စီး လောက်နဲ့ ရောက်ရှိလာပြီး ဖမ်းဆီးငွေတောင်းကာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

    “ခနဲဆေးဆယ် ဆိုတာက ရေစီးနဲ့ပါလာတဲ့ ကျောက်တွေ မျောလာတာကို ဆန်ခါနဲ့ စစ်ပြီး စုတာဗျ။ ကျောက်တွင်းတွေကနေ စီးဆင်းလာတဲ့ရေတွေ ဆိုတော့ဗျ။ စက်တွေ၊ ပစ္စည်းတွေ သိမ်းသွားတယ်ဗျ။ လူပဲ လွှတ်ပေးလိုက်တာဗျ။ မြင်တာတော့ ၁၀၀ ကျော်လောက် ရှိမယ်။ တယောက်ကို သိန်းဂဏန်း ပိုက်ဆံတောင်းပြီးတော့ ပြန်လွှတ်တာတဲ့၊ ရိုက်တာ၊ နှက်တာတော့ မတွေ့ရဘူး။ မြို့ထဲမှာလည်း ဒီနေ့စစ်နေတယ်။ ဖုန်းပါ ယူစစ်တယ်လို့ ပြောတယ်” မျက်မြင်သက်သေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း အဲဒီကျောက်ရှာနေသူ (ခနဲဆေးသူ) တွေကို စစ်တပ်က ဆက်မလုပ်ဖို့ ပြောခဲ့ပြီး အခုတခါမှာတော့ ဖမ်းဆီးငွေတောင်းကာ ထပ်တွေ့ရရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ကာ ပြန်လွှတ်ခဲ့တာလို့ ဆိုပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၅ ရက်နေ့မနက်ပိုင်း၊ မိုးကုတ်အရှေ့ပိုင်းက လမ်းဆုံနေရာတွေမှာ လမ်းသွား၊ လမ်းလာတွေကို စစ်ဆေးငွေတောင်းတာတွေ လုပ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒေသခံတယောက်က “ဆိုင်ကယ်ဘောက်တွေ ဖွင့်စစ် ဘယ်သွားမှာလဲတွေ မေးတယ်ဗျ။ ဖုန်းထဲက ဓာတ်ပုံတွေ အစစ်ခံရသူလည်း ရှိတယ်” လို့ ပြောပါတယ်။

    မိုးကုတ်မြို့ထဲ ဌာနဆိုင်ရာဝန်ထမ်းတွေ မရောက်လာသေးပေမဲ့ အခုလိုမျိုး စစ်ကောင်စီတပ်က စစ်ဆေး၊ ဖမ်းဆီး၊ ငွေတောင်းတာတွေ စလုပ်လာတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

    ဇန်နဝါရီ ၄ ရက် မနက်ပိုင်းကလည်း လယ်ဦး ရတနာသီရိကျောင်းဝင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သံဃာတစ်ပါးနဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

  • ကသာမြို့ပေါ်  ၄ နေရာကို လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကြဲ၊  ကလေး ၁ ဦးသေဆုံး

    ကသာမြို့ပေါ် ၄ နေရာကို လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကြဲ၊ ကလေး ၁ ဦးသေဆုံး

    စစ်ရေးပြင်းထန်နေသော ကသာမြို့ပေါ် တွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတစ်ခု ၊ ကျေးရွာ နှစ်ရွာကို လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်မှုအတွင်း ၁၁ နှစ် ကလေးတစ်ဦး သေဆုံးခဲ့ကာ မိခင်ဖြစ်သူ ဒဏ်ရာရခဲ့သည်။

    စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့ပေါ်နေရာ လေးခုကို ယမန်နေ့တစ်ရက်အတွင်း လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ပြီး ကလေးတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

    ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကသာမြို့တောင်ဘက်အစွန်ရှိ မြိုင်ဘုန်းကြီးကျောင်း၊ မြို့မြောက်ဘက်ရှိ နတ်ကြီးကုန်းရွာ၊ ကသာမြို့တောင်ဘက် သုံးမိုင်ခန့်အကွာရှိ သိမ်အင်းကျေးရွာတို့ကို ဗုံးကြဲခဲ့သလို ညနေ ၅ နာရီခန့်တွင် ရပ်ကွက် (၅ ) ရှိ အထက်တန်းကျောင်းအနီး ဗုံးသုံးလုံးကြဲချခဲ့ခြင်းဖြစ်သည်။

    “မြိုင်ကျောင်းရယ် သိမ်အင်းရွာရယ် နတ်ကြီးကုန်းဘက်ရယ် မီးခိုးတွေကို မဲနေတာပဲ။ ပြီးတော့ နတ်ကြီးကုန်းနားကို ဗုံးချပြီးတော့ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပစ်သွားတာ” ဟု ကသာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

    လေကြောင်းဗုံးကြဲမှုကြောင့် နတ်ကြီးကုန်းရွာရှိ နေအိမ် လေးလုံးထက်မနည်းနှင့် မြိုင်ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

    နတ်ကြီးကုန်းရွာမှ သားအမိနှစ်ဦး ဗုံးစထိမှန်ခဲ့ရာ မိခင်ဖြစ်သူ ဒဏ်ရာရခဲ့ပြီး ၁၁ နှစ်အရွယ်သားငယ် သေဆုံးခဲ့သည်ဟု အထက်ပါကသာမြို့ခံက ဆိုသည်။

    “ကလေးအမေက သွေးတွေ ရွှဲနေတာ မသေဘူး။ ကလေးတစ်ယောက်ပဲ သေတာ။ မြိုင်ကျောင်းကတော့ မီးလောင်သွားတယ်။ နတ်ကြီးကုန်းက အိမ်လေးလုံး မီးလောင်တယ်။ သိမ်အင်း မလောင်ဘူး မီးမတွေ့ရဘူး။ ဘာတိုက်ပွဲမှမဖြစ်ဘူး။ (လေယာဉ်က) သူ့ဖာသာသူ လာကြဲတာ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ ကသာမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များ၊ ကျောင်းသားတပ်မတော် (ABSDF)၊ ကချင်လွတ်လပ်ရေးတပ် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေကြသည်။

    သီတင်းတစ်ပတ်ကြာ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ တိုက်ပွဲများ ငြိမ်သက်နေခဲ့ပြီး စစ်တပ်က နေ့စဉ်နီးပါး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံအချို့က ပြောသည်။

    တိုက်ပွဲများကြောင့် ကသာမြို့လုံးကျွတ်နီးပါး တိမ်းရှောင်ခဲ့ကြသော်လည်း မြို့ပေါ်ရပ်ကွက် (၆) တွင် စစ်တပ်နှင့်အတူ ရာနှင့်ချီသည့် စစ်ရှောင်များ ပိတ်မိနေသည်ဟု စုံစမ်းသိရသည်။

    တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြို့မြောက်ဘက်ရှိ စစ်တပ်၏ အမှတ် (၃၀၉) ခြေမြန်တပ်ရင်း အတွင်းသို့ ဇန်နဝါရီလ ၅ ရက် နှင့် ၆ ရက် နှစ်ရက်လုံးတွင် စစ်ရဟတ်ယာဉ်တစ်စီး ဆင်းသက်ခဲ့သည်ဟု သိရသည်။

    ထိုတပ်ရင်းထဲမှ ဗျူဟာမှူးနှင့် ဒဏ်ရာရလူနာအချို့ကို လေကြောင်းဖြင့် အပြောင်းအရွှေ့ပြုလုပ်သည်ဟု သတင်းများထွက်နေသော်လည်း အတည်မပြုနိုင်ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူလည်း ဖြစ်သည့် အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

    “စစ်တပ်ထဲကိုလည်း ရဟတ်ယာဉ်တစ်စီး ဆင်းပြီး ပြန်တက်သွားတာ လူချတာလား လူသယ်တာလား မသိဘူး။ အဲဒီကောင်ကတော့ ဆင်းပြီး သိပ်မကြာဘူး ပြန်တက်သွားတာ”

    စစ်တပ်ဝါဒဖြန့်သူများက ကသာ ခမရ(၃၀၉) အတွင်း MI-17 ရဟတ်ယာဉ်ဆင်းသက်ကာ စစ်ကူနှင့် ခဲယမ်းများ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာ ရရှိသူများကို ပြန်လည်ခေါ်ထုတ်ခဲ့ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့က လူမှုကွန်ရက်များပေါ် ရေးသားနေကြသည်။

    လက်ရှိချိန်အထိ ကသာမြို့မြောက်ဘက်နှင့် အနောက်ဘက် ရပ်ကွက်အချို့ကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ထားပြီး ခမရ(၃၀၉)နှင့် မြို့ပေါ်ရပ်ကွက်အချို့ကို စစ်တပ်က ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

    စစ်ကိုင်း-ကချင်နယ်စပ်အနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိသည့် ကသာမြို့မှာ ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းမှ ဝင်ရောက်နိုင်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀, ၀၀၀ ကျော် နေထိုင်သည်။

    ကသာမြို့တွင် ရပ်ကွက် ၁၁ ခုရှိပြီး ကျေးရွာ ၂၀၀ နီးပါးခန့်ရှိကာ မြို့ပေါ်ရပ်ကွက်များမှလွဲပြီး ကျေးရွာ အများစုကို တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ်ခန့်မှစတင်ကာ ထိန်းချုပ်ထားနိုင်သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကိုင်းတိုင်းအတွင်း ဗန်းမောက်၊ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊​ မြို့သစ်နှင့် ရွှေပြည်အေးမြို့များကို သိမ်းပိုက်ထားသည်။

  • ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မယ်လို့ KNA ဗိုလ်မှူးချုပ် ပြော

    ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မယ်လို့ KNA ဗိုလ်မှူးချုပ် ပြော

    ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မှာဖြစ်ပြီး မိမိတို့မြေကို မိမိတို့ကိုယ်တိုင်သာ အုပ်ချုပ်မယ်လို့ ကရင်အမျိုးသားတပ်မတော် KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက ပြောပါတယ်။

    အခုရက်ပိုင်းထဲ ကျင်းပခဲ့တဲ့ BGF က KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်လိုက်တဲ့ အခမ်းအနားတစ်ခုမှာ KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက သူ့ရဲ့ တပ်သားတွေကို အမှာစကားပြောကြားခဲ့ရာမှာ ထည့်သွင်းပြောဆိုသွားခဲ့တာပါ။

    KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်း က “ကိုယ့်တိုင်းပြည်ကိုယ့်လွတ်လပ်ရေးအတွက် အားလုံး ကိုယ်ကိုယ်တိုင်သာလုပ်ဆောင်ရမယ်။ သခင်ပဲလုပ်မယ် ကျွန်တော့မလုပ်နိုင်ဘူး သဘောပေါက်တယ်နော်” လို့ ဆိုပါတယ်။

    ကရင်အမျိုးသားတပ်မတော် KNA ကို ကရင်နယ်ခြားစောင့်တပ် BGF ကနေ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး စတင်ပြောင်းလဲဖွဲ့စည်းလိုက်ကာ BGF ဘက်တံဆိပ်ကို ဖြုတ်လိုက်ပြီး KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်အသုံးပြုလိုက်ပါတယ်။

    ဒီလို BGF ကနေ KNA အဖြစ်ကို ဘက်တံဆိပ်တွေတပ်ဆင်ပြီး အဖွဲ့သစ်ပြောင်းဖွဲ့လိုက်ရာမှာ BGF တပ်ရင်းအများစုတွေပါဝင်ပြီး မပါဝင်တဲ့ BGF တပ်ရင်းတချို့ ကျန်ရှိနေခဲ့ရာ အဲဒီအထဲမှာ မြဝတီမြို့ မဲကနယ်အခြေစိုက် ဗိုလ်မှူးစောမုတ်သုန်ဦးဆောင်တဲ့ BGF ၁၀၂၂ တပ်ရင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

    စစ်အုပ်စုဝါဒဖြန့်သူတွေကတော့ KNA ပြောင်းသွားတဲ့အထဲမှာ BGF တပ်နယ် ၃ စောချစ်သူနဲ့ သူ့ရဲ့သားတွေ၊ BGF တပ်နယ် ၂ စောတင်ဝင်းတို့သာ ခွဲထွက်သွားခဲ့ပြီး BGF ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအဝင် တပ်နယ် ၁ နဲ့ တပ်နယ် ၄ တို့ကတော့ ခွဲထွက်မသွားဘဲ BGF တပ်အဖြစ်သာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

    BGF က KNA ကို ပြောင်းလဲဖွဲ့စည်းလိုက်တဲ့နောက် BGF တပ်ရင်းထဲမှာ တွဲဖက်ထားတဲ့ အရာရှိ တပ်သားတွေကို စစ်ကော်မရှင်က ပြန်လည်ခေါ်လိုက်ပြီး KNA ပြောင်းလဲဖွဲ့စည်းခဲ့တာကြောင့် နှစ်ဖက်တင်းမာတာတွေ ဖြစ်ပေါ်မှာစိုးတာကြောင့် ဘားအံ မြဝတီအပါအဝင် မြို့တချို့မှာ KNA နဲ့ စစ်ကော်မရှင်တပ်က လုံခြုံရေးတပ်လှန့်ထားခဲ့ပါတယ်။

    လက်ရှိအချိန်အထိ KNA ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး KNA က တရားဝင်မထုတ်ပြန်သေးသလို စစ်ကော်မရှင်တပ်ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာတွေ မတွေ့ရသေးပါဘူး။

    ဒါပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွှေကုက္ကိုက ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်ရာမှာ ပူးပေါင်းပါဝင်တဲ့ BGF အဖွဲ့တွေရှိသလို ပူးပေါင်းမပါဝင်တဲ့ BGF အဖွဲ့တွေလည်းရှိနေခဲ့ပြီး ခွဲခွဲခြားခြားလုပ်ဆောင်ပစ်ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

  • ပန်းတောင်းမြို့နယ်တွင် စစ်ကြောင်းကို AA ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်

    ပန်းတောင်းမြို့နယ်တွင် စစ်ကြောင်းကို AA ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်

    ပန်းတောင်းမြို့နယ်တွင် စစ်ကြောင်းကို AA ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော်-AA ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန် ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအတွင်းရှိ ၆၆၆ ကုန်း နှင့် ကပစ ၁၆ အကြား၊ မသုန်ရွာ၏အနောက် ဘက်မီတာ ၅၅၀၀ ခန့်အကွာအဝေး တွင် စခန်းချနေသော စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော် ကွန်မင်ဒိုစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းတွင် ပါရှိသော ကလေးမြို့အခြေစိုက်၊ စကခ ၁၀ စကခမှူး ဟုယူဆရသော ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး၏ အလောင်းနှင့်အတူ စစ်သား အလောင်း ၁၀ ကျော်၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

    အဆိုပါတိုက်ပွဲမှာ ၃၅ မိနစ်ခန့်ကြာမြင့်ပြီး AA ဘက်မှ အထိအခိုက် အနည်းဆုံးဖြင့်အောင်မြင်စွာ ဆုတ်ခွာလာခဲ့ကြောင်း သိရှိရသည်။

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ၆၆၆ ကုန်းကို အာရက္ခတပ်တော်မှ ဝိုင်းရံပိတ်ဆိုဖြတ်တောက်ထားသည်မှာ ကာလ အတန်ကြာခဲ့ပြီဖြစ်ပြီး ၆၆၆ ကုန်းမှ စကမ တပ်ဖွဲများမှာ ခဲယမ်း၊ ရိက္ခာပြတ်နေသောကြောင့် နေ့စဉ်နှင့်အမျှ ထွက်ပြေးလျက်ရှိကြောင်း သိရှိရသည်။

    ပန်းတောင်းမြို့နယ်အတွင်း ဇန်နဝါရီ ၁ ရက်နေ့ မှ ဇန်နဝါရီလ ၆ ရက်နေ့အတွင်း အလင်းဝင်သူ ၁​၀ ဦး ကျော်ရှိခဲ့ပြီး အာရက္ခတပ်တော်ကလည်း ၆၆၆ ကုန်းမှ လက်ကျန် စစ်တပ်ကို အမှည့်ခြွေတိုက်ခိုက်လျက်ရှိကြောင်း၊ ယင်းအပြင် နတ်ရေကန် ဗျူဟာကုန်း ကိုလည်း အာရက္ခတပ်တော်မှ ဝိုင်းရံပိတ်ဆိုထားဆဲဖြစ်ကြောင်း သိရှိရသည်။