Category: News

  • မန္တလေးမှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးရိုက်နှက်သတ်​ပြီး အလောင်းအမှိုက်ပုံမှာစွန့်ပစ်

    မန္တလေးမှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးရိုက်နှက်သတ်​ပြီး အလောင်းအမှိုက်ပုံမှာစွန့်ပစ်

    မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်​ဖြတ်ပြီး ရုပ်အလောင်းကို အမှိုက်ပုံလာပစ်သွားကြောင်း သတင်းရရှိပါတယ်။

    မနေ့က ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ ၅၉ လမ်း၊ ၁၁၄ လမ်းနဲ့ ၁၁၅ လမ်းကြားရှိ အမှိုက်ကန်အနီးမှာ ရိုက်နှက်နှိပ်စက်ခံထားရပြီး ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို လူတစ်စုက လာရောက်စွန့်ပစ်သွားကြောင်း MDY Revolution က အသိပေးပါတယ်။

    မျက်မြင်တွေ့ရှိသူတွေရဲ့အဆိုအရ အလောင်းလာပစ်သူတွေဟာ ၆၂လမ်း ၁၁၇ လမ်းနဲ့ ၁၁၈ ကြားရှိ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက် ရပ်ကွက်ရုံးက ပျူစောထီးတွေ ဖြစ်ကြောင်း MDY Revolution က ထပ်မံ အသိပေးပါတယ်။

    “တော်တော်သောင်းကျန်းနေတာ။ အဲဒီဘက် ဃ ရပ်ကွက်က ပျူတွေချည့်ပဲ။ ညဘက်ဆို ဘယ်သူမှ အပြင်မထွက်ရဲဘူး”လို့ အဆိုပါ ရပ်ကွက်အနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

    သတ်ဖြတ်စွန့်ပစ်ခံရသူရဲ့ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ စွန့်ပစ်ခံရတဲ့ ရုပ်အလောင်းကို မနက်ပိုင်းမှာပဲ လာရောက်ကောက်ယူသွားတယ်လို့ သိရပါတယ်။

    ပြည်ကြီးတံခွန်မြို့နယ်က (ဃ) ရပ်ကွက်ရုံးဟာ အလုပ်အကိုင်မရှိ ရပ်ကွက်ကြမ်းပိုးတွေက ပျူစောထီးများအဖြစ် လုပ်ကိုင်နေပြီး မွှေနှောက်သောင်းကျန်းနေကြောင်း၊ ၎င်းတို့က ပေါ်တာဆွဲတာ အပါအဝင် ရပ်ကွက်နေပြည်သူများအပေါ် အနိုင်ကျင့်လို့ ပြည်သူအချို့မှာ အိမ်ခြံမြေများ ရောင်းချပြီး အခြားနေရာသို့ ပြောင်းရွှေ့သွားကြရသူများပင်ရှိနေကြောင်း MDY Revolution က ထုတ်ပြန်ထားပါတယ်။

    မန္တလေးမြို့မှာ စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင် ပျူစောထီးတွေကနေ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ငွေညှစ်တာ၊ ခြိမ်းခြောက်လုယက်တာတွေ အဖြစ်များနေကြောင်း မြို့ခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလအတွင်းကလည်း အဲဒီ (ဃ)ရပ်ကွက်ထဲမှာပဲ နေအိမ်တစ်အိမ်ကို ပျူစောထီးအဖွဲ့က ဓားပြဝင်တိုက်ပြီး အတွင်းပစ္စည်းတွေနဲ့ Hi Jet ကားတစ်စီး ပါသွားခဲ့ဖူးပါတယ်။

    (စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်မွေးထားတဲ့ မန္တလေးနဲ့ စစ်ကိုင်းက ပျူစောထီးအဖွဲ့ဝင် အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – Screengrab)

  • ကြံ့ဖွတ်ပါတီက မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထား

    ကြံ့ဖွတ်ပါတီက မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထား

    စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပခဲ့သော မြို့နယ် ၁၀၂ ခုအနက် ကနဦး မဲရလဒ်များအရ ကြံ့ဖွတ်ပါတီက မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထားဟုဆို

    အကြမ်းဖက် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပခဲ့သော မြို့နယ် ၁၀၂ ခုတွင် ကြံ့ဖွတ်ပါတီက ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရရှိထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

    မြို့နယ်ပေါင်း ၁၀၂ ခုအနက်မှ ကြံ့ခိုင်ရေးပါတီက ရှုံးနိမ့်သော မဲဆန္ဒနယ် ၁၀ ခုဝန်းကျင် လတ်တလော သိရှိထားကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ တချို့သော မဲဆန္ဒနယ်မြေများ၏ မဲရလဒ်များမှာ နေရာ ကွာဝေးနေ၍ အတိအကျ မသိရှိရသေးသော်လည်း ယေဘုယျ ခန့်မှန်းခြေအားဖြင့် အနိုင်ရရှိထားသည်ဟု သိရှိရကြောင်း၊ လက်ရှိ အနိုင်ရရှိထားမှုများကို တွက်ချက်မှုများအရ ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရရှိသည်ဟုဆိုနိုင်ကြောင်း အဆိုပါ ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ဆိုသည်။

    “ရန်ကုန်တိုင်း အကုန်နိုင်တယ်။ နေပြည်တော်အကုန်နိုင်တယ်။ မွန်မှာ ကျနော်တို့ ရှုံးတဲ့ မဲဆန္ဒနယ်တချို့ ရှိတယ်။ ရခိုင်ဘက်မှာလည်း ကျနော်တို့ နိုင်တဲ့ နေရာလည်းရှိသလို ရှုံးတာတွေလည်းရှိတယ်။ ဒါက ကနဦးမဲရလဒ်တွေအရ ပြောတာပါ။ ရာခိုင်နှုန်းနဲ့ဆိုရင် ၈၀ ရာခိုင်နှုန်းနီးပါးလောက်တော့ နိုင်ထားတယ်။ စစ်ကိုင်းတိုင်းမဲရလဒ်လည်း အနိုင်အရှုံးအတိအကျရဖို့ စောင့်ဆိုင်းနေတုန်းပါပဲ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော ကြံ့ဖွတ်ပါတီက မာန်အောင်မြို့နယ်ရှိ မဲဆန္ဒနယ် ၃ ခုစလုံး၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ပြည်သူ့ လွှတ် တော်နှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တို့တွင် ရှုံးနိမ့်ထားပြီး ကျန်မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိထားကြောင်း သိရှိရသည်။

    လတ်တလော စစ်ကိုင်းတိုင်း မဲဆန္ဒနယ်ဖြစ်သော မြို့နယ် ၁၂ ခု၏ အခြေအနေမှာ အင်တာနက်မကောင်းမွန်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းနှင့် စစ်တပ် စိုးမိုးနယ်မြေ ကျဉ်းမြောင်းခြင်းတို့ကြောင့် မဲရလဒ်များ အတိအကျ သိရှိနိုင်ရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

    လက်ရှိ ကြံ့ခိုင်ရေးပါတီ အများစု အနိုင်ရရှိသည်ဟု အတည်ပြုထားနိုင်သော နယ်မြေများမှာ ရခိုင်၊ နေပြည်တော်၊ ရန်ကုန်၊ ကရင်၊ မကွေး၊ ရှမ်းအရှေ့၊ ကယား၊ မွန်နှင့် ကချင်ပြည်နယ် စုစုပေါင်း တိုင်းနှင့်ပြည်နယ် ၈ တို့တွင် မဲအသာဖြင့် အနိုင်ရရှိသည်ဟု သိရှိထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

  • ကောင်မလေးကို ဟိုတယ်ခေါ်တာ မလိုက်လို့တဲ့

    ကောင်မလေးကို ဟိုတယ်ခေါ်တာ မလိုက်လို့တဲ့

    စင်ကာပူကသတင်း

    မနေ့ကညနေ သူငယ်ချင်းတယောက်နဲ့ စီးတီးဟောနား တောင်ကုန်းအစပ်မှာ စကားပြောနေကြတုန်း မိန်းကလေးတယောက်ရဲ့စူးစူးဝါးဝါးအော်သံကြားတော့
    ကိုက ထသွားကြည့်တယ်။

    အဲဒီမှာ မိန်းကလေးက မြေပေါ်မှာ ငုတ်တုတ်လေး ယောကျာ်းတယောက်က မိန်းကလေးရဲ့လက်ကိုအတင်းဆွဲ၊ မိန်းကလေးရဲ့အိတ်ကို အတင်းဆွဲနေတော့ ကိုက ညီမ ဘာဖြစ်တာလဲမေးတယ်။

    မိန်းခလေးက အတင်းငိုယိုပီး အကိုရယ် ကူညီပါ ကယ်ပါဆိုတာနဲ့ အဲဒီကောင်ကို တွန်းလိုက်ပီး အဲ့လိုမလုပ်ဖို့ပြောတယ်။

    အဲ့ကောင်က ခများနဲ့မဆိုင်ဘူး ဘေးဖယ်နေတဲ့ ။

    ငါမဖယ်နိုင်ဘူး ငါ့မျက်စိရှေ့မှာ မိန်းကလေးတယောက်ကို တွန်းထိုးဆွဲရမ်းပီး အနိုင်ကျင့်နေတာ ငါရပ်ကြည့်မနေနိုင်ဘူးပြောပီး သူအတင်းဆွဲယူထားတဲ့ မိန်းကလေးရဲ့အိတ်ကို ပြန်လုယူလိုက်တယ်။

    အဲ့မှာ မိန်းကလေးက အရမ်းကြောက်ပီး အသားတွေစဆတ်ဆတ်တုန်နေတာ နဲ့ ညီမ မကြောက်နဲ့ ရဲခေါ်ပေးမယ်ဆိုပီး 999 ကိုဖုန်းဆက်လိုက်တယ်။

    ရဲခေါ်ပီး ရဲမလာခင်ထိ မိန်းကလေးကို အတင်းလိုက်ဆွဲနေတုန်း။

    ဘေးက လာရပ်ကြည့်တဲ့ ကောင်မလေးနှစ်ယောက်ရယ် ကောင်လေးတယောက်ရယ်က ကောင်မလေးကို ခေါ်ထားပီး အဲ့ကောင်နဲ့ကိုယ်က တွန်းထိုးနေပီ။

    Bible House က သန့်ရှင်းရေးသမားမလေးကောင်လေးကပါ။

    အဲ့ကောင်ကိုဝင်ပြောတော့မှ လှည့်ပြေးတော့ မင်းနေအုံး ငါရဲခေါ်ထားတယ် ရဲလာမှမင်းသွားပြောတာကို အိတ်တွေဖိနပ်တွေ အပေါ်မှာ ကျန်ခဲ့လို့သွားယူမယ်တဲ့ ထွက်သွားတယ်။

    ခနနေတော့ ရဲကားတစီးရောက်လာပီး စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။

    အဲ့ကောင်ရဲ့ ဓါတ်ပုံနဲ့ Video သက်သေတွေ ရဲကတောင်းလို့ပေးလိုက်တယ်။

    ကောင်မလေးကိုအချိန်အတော်ကြာစစ်မေးပီး Grab ခေါ်ပေးပီး အိမ်ပြန်ခိုင်းလိုက်တယ်။

    ရဲကတော့ လိုရင် မင်းကိုဆက်သွယ်မယ်ဆိုပီး ကျေးဇူးတင်ကြောင်းပြောသွားလေရဲ့ ။

    PS: ကောင်မလေးကိုမေးကြည့်တော့ သိတာမကြာသေးဘဲ ဟိုကောင်က ဟော်တယ်ခေါ်တာ မလိုက်လို့တဲ့ဗျာ 🫣🫣

    Myo Min Tun

  • ဒေါ်ကြည်ပြာတို့အမှုနဲ့ပတ်သက်ပြီး NUGဝန်ကြီးချုပ်ရုံး ဝန်ကြီးထုတ်ပြောလာ

    ဒေါ်ကြည်ပြာတို့အမှုနဲ့ပတ်သက်ပြီး NUGဝန်ကြီးချုပ်ရုံး ဝန်ကြီးထုတ်ပြောလာ

    အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ဖြစ်တဲ့ ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို စစ်ဆေး‌ပေးဖို့တိုင်ကြားထားတာနဲ့ပတ်သက်ပြီး တိုင်ကြားသူ ၁၂ဦး၊ အတိုင်ခံရသူ ၂ ဦး၊ ကြားသက်သေ ၉ ဦးတို့ကို နေ့စဉ်စစ်ဆေးကြားနာနေတယ်လို့ NUGဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့ ဒီဇင်ဘာ ၂၉ရက်မှာပြောပါတယ်။

    ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်တာ၊ အဂတိလိုက်စားတာနဲ့ အာဏာအလွဲသုံးစားလုပ်တာတွေရှိနေလို့ဆိုပြီး ဒီအပေါ်မှာစုံစမ်းစစ်ဆေးပေးဖို့ ဝန်ကြီးချုပ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းဟောင်း ၁၂ယောက်က ပြီးခဲ့တဲ့လ နိုဝင်ဘာ ၁၉ရက်က တိုင်ကြားထားတာဖြစ်ပါတယ်။

    ဒီပေါ်မှာNUGအနေနဲ့စစ်ဆေးမှုကို ပွင့်လင်းမြင်သာစွာချမပြသေးဘဲ ကြန့်ကြာနေတာ၊ တိုင်ကြားသူ ၁၂ဦးကို ဒေါ်ကြည်ပြာတို့က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပြန်တိုင်ကြားထားတယ်ဆိုတဲ့ကိစ္စတွေကြောင့် ဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာ ဝန်ကြီးချုပ်ရုံးဝန်ကြီးက NUGပြန်ကြားရေး PVTVကနေတဆင့် အခုလိုထုတ်ပြောလာတာပါ။

    “ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးကထဲက ညစဉ် ၈နာရီမှ၁၀နာရီအထိသီးခြားအချိန်ပေးပြီး ဒီကိစ္စကို အမှန်တရားပေါ်ပေါက်စေရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ တိုင်ကြားသူ ၁၂ဦး၊ အတိုင်ခံရသူ ၂ဦး၊ ကြားသက်သေ ၉ဦးကို အနည်းဆုံး ၁နာရီပေးပြီးတော့ နေ့စဉ်စစ်ဆေးကြားနာလျက်ရှိပါတယ်။ ဒါ့အပြင် ပစ္စည်းသက်သေ၊ လူသက်သေများကိုလည်း အသေအချာစိစစ်စစ်ဆေးလျက်ရှိပါတယ်။ စာရင်းဇယားများနဲ့ ပတ်သက်ပြီးလည်း ကျနော်တို့ အသေအချာစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ တကယ်တော့ ဒါကဒိုနာတွေပေါ့နော် Development partnerတွေ ကျနော်တို့ကူညီတဲ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတာဖြစ်တော့ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ စာရင်းဇယားများကိုရရှိနိုင်ရေးနဲ့ စစ်ဆေးနိုင်‌ရေးဆောင်ရွက်နေရတာဖြစ်ပါတယ်။ ဒါကြောင့်အချိန်တခုယူခဲ့ရတာဖြစ်ပါတယ်”

    ပြီးတော့ မကြာခင်အစီရင်ခံစာထွက်လာတော့မယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

    “မကြာမီမှာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အစီရင်ခံစာထွက်လာတော့မှာဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံတင်ပြပြီး အမှန်တရားကိုရရှိအောင်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်လို့ ကျနော်ပြည်သူကိုအသိပေးချင်ပါတယ်။
    ဒါနဲ့ပတ်သက်ပြီး ကျနော်တို့တတွေတော်လှန်ရေးနဲ့အတူ တော်လှန်ရေးသစ္စာ၊တော်လှန်ရေးကတိနဲ့အညီ အမှန်တရားပေါ်ထွန်းလာရေး၊ ဓမ္မအမှန်တရားကိုရရှိရေးစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်လို့ ပြည်သူကိုပြောကြားလိုပါတယ်”

    ဒေါ်ကြည်ပြာနဲ့ခင်ပွန်းတို့ကို တိုင်ကြားထားတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ပြီးခဲ့တဲ့လ နိုဝင်ဘာ ၂၂ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးနေချိန်မှာ တာဝန်ကနေလည်းယာယီရပ်ဆိုင်းထားပါတယ်။

    ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်းတို့ကို တူတော်စပ်သူနှစ်ဦးကို ရုံးတွင်းအလုပ်ခန့်ထားခြင်း၊ တော်လှန်ရေးကာလအတွင်း ဝယ်စီးတဲ့ကား၊ လက်ဝတ်ရတနာတွေ၊ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းကို စီမံညွှန်ချုပ်တာဝန်ယူထားခြင်းနဲ့ စီမံညွှန်ချုပ်တာဝန်အပ်နှံထားပေမယ့် ငွေကိုင်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေခြင်း၊ အိမ်မွေးခွေးမွေးနေ့ပွဲကျင်းပတာနဲ့ အိမ်မွေးခွေးတွေကို ရုံးကားနဲ့ခေါ်ပြီး လေညှင်းခံထွက်ခြင်း စတာတွေနဲ့တိုင်ကြားထားတာ ဖြစ်ပါတယ်။

  • နေပြည်တော်တိုင်းစစ်ဌာန စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်

    နေပြည်တော်တိုင်းစစ်ဌာန စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်

    (၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံ၍ အကြမ်းဖက်စစ်ကော်မရှင်တပ်အား ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်လျက်ရှိပါသည်။

    (၂) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးကျေးရွာ နှင့် အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတို့တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်က မဲရုံများ တည်ဆောက်ကာ အနီးအနားကျေးရွာမှ ပြည်သူများအား မဲထည့်ရန် ဖိအားပေး ဆောင်ရွက်လျက်ရှိပါသည်။ အတုအယောင်ရွေးကောက်ပွဲအား ဟန့်တားတိုက်ဖျက်နိုင်ရေးအတွက် နေပြည်တော်တိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ အနေဖြင့်အဆိုပါ ကျေးရွာများအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။

    (၃) အထက်ဖော်ပြပါကျေးရွာများရှိ စစ်ကော်မရှင်တပ်၏ အထိုင်စခန်းအချို့နှင့် မဲရုံနေရာများအား ရှင်းလင်းခဲ့ပါသည်။

    စစ်ကော်မရှင်တပ်သား (၁၀) ဦးခန့် သေဆုံးပြီး အထိအခိုက်များစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ တိုက်ပွဲတွင်း ပိတ်မိနေသော ပြည်သူများအား မိမိတို့ တပ်ဖွဲ့ဝင်များမှ ကယ်ထုတ်၍ ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ပါသည်။

    (၄) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် အောင်လံမြို့နယ်၊ ခလရ (၇၁) မှ ထွက်ခွါလာသော အင်အား (၂၀) ခန့်ပါ ရန်သူ့စစ်ကားအား နေပြည်တော် PDF များနှင့် မဟာမိတ်များ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ရာ ရန်သူဘက်မှ အရာရှိ (၁)ဦး အပါအဝင် (၁၆)ဦးခန့် သေဆုံးခဲ့သည်။

    (၅) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းအုပ်စု၊ သဲချောင်းကျေးရွာသို့ ဝင်ရောက်လာသော အင်အား(၂၀)ခန့်ပါ ရန်သူ့စစ်ကြောင်းအား မိမိတို့ တပ်ဖွဲများမှ စောင့်ကြိုတိုက်ခိုက်ရာ ရန်သူဘက်မှ (၃)ဦး သေဆုံးခဲ့သည်။

    (၆) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ အောင်ချမ်းသာ ကျေးရွာ ဘုရားကုန်းတွင် စစ်ကောင်မရှင်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ရာ ရန်သူ (၄) ဦး သေဆုံးခဲ့သည်။

    (၇) ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ဆွာမြို့နယ်၊ ခလရ-၁၉ တပ်ရင်းဝန်းအတွင်းသို့ (၁၀၇) မမ (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

    (၈) မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် အကြမ်းဖက်စစ်တပ်အား အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူလူထုထံ ကတိပြု ကြေညာအပ်ပါသည်။

    ကာကွယ်ရေးဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ