Category: News

  • UFC သမိုင်းရဲ့ မြန်မာနိုင်ငံဖွား MMA ဖိုက်တာ Joshua Van အကြောင်း🇲🇲

    UFC သမိုင်းရဲ့ မြန်မာနိုင်ငံဖွား MMA ဖိုက်တာ Joshua Van အကြောင်း🇲🇲

    Joshua Van ကို ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပြီး လက်ရှိ အနားယူသွားတဲ့ အောင်လအန်ဆန် လိုပဲ မြန်မာ့ဂုဏ်ဆောင် MMA ဖိုက်တာတစ်ဦး ဖြစ်ပါတယ်။

    လက်ရှိတွင် ကမ္ဘာ့အကြီးဆုံးပြိုင်ပွဲ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UFC ရဲ့ Flyweight တန်းမှာ ယှဉ်ပြိုင်နေပြီး၊ UFC သမိုင်းတစ်လျှောက် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပထမဆုံး မြန်မာနိုင်ငံသား တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ စာရင်းအရ Joshua Van ဟာ UFC ဖလိုက်ဝိတ် အဆင့်သတ်မှတ်ချက်တွင် နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။ စုစုပေါင်း ၁၇ ပွဲ ထိုးသတ်ထားပြီး ၁၅ ပွဲ နိုင် ၂ ပွဲရှုံး နဲ့ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။

    Van တို့မိသားစုဟာ မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းမွန်မည့် နေရာကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ပြီး၊ အသက် ၁၀ နှစ်အရွယ် တွင် မိသားစုလိုက် မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ရပါတယ်။ မလေးရှားတွင် သုံးနှစ်ခန့် နေထိုင်ပြီးနောက် အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့သို့ ရောက်ရှိ အခြေချခဲ့ပါတယ်။

    မလေးရှားကနေ ဒုက္ခသည်နဲ့ အမေရိကဘက်ပြောင်းလာပြီး တော်တော်ခက်ခဲခဲ့ပါတယ်။ “ကျွန်တော်ဆို အမြဲ အဖေနဲ့အမေကို အိမ်ပဲပြန်ပို့ ကိုယ့်နိုင်ငံကိုယ်ပဲ ပြန်မယ်ဆိုပြီး အမြဲပူဆာလေ့ရှိတယ်။ ဒီရောက်တာ ကလေးပဲရှိသေးတော့ ဘာအင်္ဂလိပ်စကားမှလည်း မပြောတတ်ဘူး။ ကိုယ့်ရွာလို သူငယ်ချင်း အပေါင်းအသင်းတွေလည်း မရှိဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အရမ်းအထီးကျန်တယ်” လို့ အင်တာဗျူးမှာ ရင်ဖွင့် ဖြေဆိုခဲ့ဖူးပါတယ်။

    Van သည် ငယ်စဉ်ကတည်းက ဇာတိမြေ မြန်မာနိုင်ငံသို့ အဘယ်ကြောင့် မပြန်နိုင်သည်ကို မိခင်အား ခဏခဏ မေးခွန်းထုတ်ခဲ့ဖူး ဖြစ်ပါတယ်။ “ကျွန်တော်က လူကောင်လည်း သေးသေး၊ ကျောင်းမှာ လူကောင်အသေးဆုံးပဲ။ အနိုင်ကျင့်ခံရရင် အင်္ဂလိပ်စကားမတတ်တော့ ပါးစပ်နဲ့ ပြန်မပြောတတ်ဘူး။ ကိုယ့်ဟာကိုယ် အသားမနာအောင်လို့ ပြန်ထိုးတာပဲ” ဟု Joshua Van က အင်တာဗျူးတစ်ခုတွင် ဖွင့်ဟခဲ့ဖူးတယ်။

    ထိုသို့ လမ်းပေါ်ရန်ဖြစ်ရာမှ MMA သို့ စတင်ရောက်ရှိခဲ့ပြီး၊ သူငယ်ချင်းများ၏ တိုက်တွန်းမှုနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မိခင်ကိုယ်တိုင်က လျှောက်ထားပေးခဲ့ခြင်းတို့ကြောင့် ပရော်ဖက်ရှင်နယ် ဖိုက်တာ ဘဝကို စတင်ခဲ့ပါတယ်။ ငယ်စဉ်က ဘောလုံးသမား ဖြစ်ရန် စိတ်ကူးခဲ့ဖူးသော်လည်း၊ ကျောင်းပညာရေးနှင့် MMA လမ်းကြောင်းပေါ်ရောက်ရှိခြင်းတို့ကြောင့် ဘောလုံးကစားခြင်းကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

    Van ဟာ သူနာမည်နောက်မှာ “Fearless” (ကြောက်စိတ်ကင်းသူ) လို့ ကိုယ့်ကိုယ်ကိုယ် နာမည်ပေးခဲ့ပါတယ်။ ဒီနာမည်က ကြိုးဝိုင်းထဲမှာ ကြောက်စိတ်ကင်းကင်းဖြင့် ထိုးသတ်ခြင်းကို ရည်ရွယ်ပြီး၊ ယခင်က ရေကုန်ရေခန်းထိုးတဲ့ သူတွေကို ခေါ်တဲ့ “Savage” ဆိုတဲ့ နာမည်ကို မကြိုက်တာကြောင့် ပြောင်းခဲ့တာလို့ ပြောပြထားပါတယ်။

    Van ဟာ နည်းစနစ်ကျတဲ့ Boxing Style ကို အားပြုကစားသူ ဖြစ်ပါတယ်။ သူရဲ့ ထိုးသတ်ကစားတဲ့ ပုံစံဟာ လက်သီးချက်အရေအတွက် များများ နဲ့ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူတတ်သည့် နည်းစနစ်ဆန်ဆန် ဖိုက်တာတစ်ဦး ဖြစ်ပါတယ်။

    ပြိုင်ဘက်ကို ခဏလေးနဲ့ အကဲခတ်နိုင်ပြီး တန်ပြန်ထိုးသတ်နိုင်တဲ့ MMA ကစားသမားဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ၂၄ နှစ်သာ ရှိသေးပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် ဖြတ်ဖြတ်လတ်လတ်နဲ့ မြန်မြန်ဆန်ဆန် ထိုးသတ်နိုင်တဲ့ ငယ်ရွယ်မှု ဂုဏ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

    Van ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ UFC 317 တွင် Brandon Royval ကို အနိုင်ရခဲ့သောပွဲမှာ Fight of the Night ဆုကို ရရှိခဲ့သည့်အပြင်၊ သုံးချီတည်းဖြင့် ထိုးသတ်သည့် UFC ပွဲစဉ်များအနက် ထိုးချက် အများဆုံး (၄၁၉ ချက်) စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်။

    “ကမ္ဘာ့အကြီးမားဆုံး စင်မြင့်ပေါ်မှာ ကျွန်တော့်နိုင်ငံကို ကိုယ်စားပြုနိုင်ခဲ့တာဟာ ကျွန်တော့်အတွက် အရာရာပါပဲ။ အံ့မခန်း ခံစားချက်တစ်ခု ခံစားရပါတယ်” လို့ ပွဲပြီးမှာ ပြောကြားခဲ့ပါတယ်။

    Van ဟာ သူထိုးတဲ့ ပွဲတိုင်းမှာ မြန်မာအလံကို ယူသွားခဲ့ပေမယ့် UFC ၏ စည်းမျဉ်းများအရ လက်ရှိအချိန်အထိ ကြိုးဝိုင်းထဲ၌ တရားဝင် ကိုင်ဆောင်ခွင့် မပြုသေး ကြောင်းနဲ့ ကိုင်ခွင့်ရရှိရန်လည်း သူ ကြိုးစားနေကြောင်းကိုလည်း ပြောပြခဲ့တယ်။

    မြန်မာနိုင်ငံကို ကမ္ဘာအလယ်မှာ ဂုဏ်သတင်းကြီးစေခဲ့တဲ့ အောင်လအန်ဆန် နှင့် Dave Leduc တို့နောက်ပိုင်း Joshua Van ဟာ အသက်ငယ်ငယ်နဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့်ဖြစ်လိုလာပါပြီ။

    မြန်မာနိုင်ငံဖွား UFC ဖိုက်တာ ချင်းလူငယ် Joshua Van ဟာ အားကစားနယ်ပယ်တွင်သာမက လူမှုရေးလုပ်ငန်းများတွင်လည်း စိတ်အားထက်သန်သူ ဖြစ်ပါတယ်။ မြန်မာပြည်တွင်း ငလျင်ဒဏ် ခံစားနေရတဲ့ ပြည်သူများအတွက် Chinland Foundation ထံကတစ်ဆင့် ကျပ်ငွေသိန်း ၁၀၀ ကို လှူဒါန်းခဲ့ပါတယ်။

    Van ရဲ့ ဘဝမှာ သူ့အမေက သူ့ဘဝရဲ့ Hero အဖြစ်ခံယူထားပြီး။ အားကစားလောကမှ စံပြပုဂ္ဂိုလ်မှာကတော့ ခရစ္စတီယာနို ရော်နယ်ဒို ဖြစ်ပါတယ်။ Van ဟာ နိုင်ငံကျော်မင်းသမီး Moe Hay Ko ကို အားပေးနှစ်သက်သူဖြစ်ကြောင်းဝန်ခံထားပြီး မင်းသမီး Moe Hay Ko နဲ့ Live တွေ့ဆုံအောင် CANAL+ စီစဉ်ပေးခဲ့ပါသေးတယ်။ နှစ်ယောက်စလုံးရဲ့ ပရိသတ်တွေကတော့ ဒီတွေ့ဆုံမှုကို သဘောကျနေပြီး Van ကို မိုးဟေကိုနဲ့ စနောက်နေခဲ့ပါတယ်။

    Van ရဲ့ ဘဝမှာ အကြီးမားဆုံး တွန်းအားက မိသားစု၊ မွေးရပ်မြေနဲ့ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံခြားသားများက မြန်မာနိုင်ငံကို သိပ်မသိကြသေးတာက Van ကို ခံစားရစေပြီး၊ “မြန်မာဆိုတာဘာလဲ၊ ချင်းပြည်နယ်ဆိုတာဘာလဲ ကမ္ဘာကြီးကို ကျွန်တော်ပေးသိချင်တယ်” လို့ သူရဲ့ နိုင်ငံချစ်စိတ် အမျိုးချစ်စိတ်ကို ဖော်ပြခဲ့ပါတယ်။

    Update-

    ဂျိုရှူးဝါ ဗန်၏ အသက်မွေးဝမ်းကျောင်းတွင် အထင်ရှားဆုံးနှင့် အမြင့်မားဆုံးသော မှတ်တိုင်မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပခဲ့သော UFC 323 ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ၎င်းပွဲစဉ်တွင် သူသည် လက်ရှိ ချန်ပီယံ Alexandre Pantoja ကို အနိုင်ယူကာ UFC Flyweight Champion ခါးပတ်ကို ရယူနိုင်ခဲ့ပါတယ်။

    ဤအောင်ပွဲသည် သူ၏ ပုဂ္ဂိုလ်ရေး အောင်မြင်မှုသာမက၊ သမိုင်းဝင် မှတ်တိုင် တစ်ခုလည်း ဖြစ်ပါတယ်။ ဗန်သည် အရှေ့တောင်အာရှ ဒေသမှနေပြီး UFC ၏ အမျိုးသားတန်း ချန်ပီယံ ဆုကို ပထမဆုံး ရယူနိုင်ခဲ့သူဖြစ်သည့်အပြင်၊ မြန်မာ့သွေး ကို ကမ္ဘာ့အကြီးဆုံး MMA စင်မြင့်ပေါ်တွင် ဂုဏ်တက်စေခဲ့ပါတယ်ခင်ဗျာ။

    ချင်းပြည်နယ်မြို့တော် ဟားခါးမှာ မွေးဖွားခဲ့တဲ့ Van နဲ့ သူ့မိသားစု (ညီအစ်မ ၄ ယောက်ရှိ) ဟာ မြန်မာနိုင်ငံမှာ စစ်ရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေ ပိုမိုဆိုးရွားလာပြီးနောက် သူ့အသက် ၉ နှစ်အရွယ်လောက်မှာ မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

    အဲဒီနောက် ၂ နှစ်အကြာမှာတော့ ဒုက္ခသည်အဖြစ်နဲ့ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကို ပြောင်းရွှေ့အခြေချခဲ့ကြပြီး အဲဒီမှာ Van ဟာ MMA ကို စတင်သင်ယူခဲ့ကာ ၂၀၂၀ ခုနှစ်မှာ အပျော်တမ်းကစားသမားအဖြစ် စတင်ပွဲထွက်ခဲ့ပါတယ်။

    သူဟာ အိမ်နဲ့ဝေးရာကို ရောက်ရှိနေပေမယ့် ကျန်ရစ်ခဲ့တဲ့ ဆွေမျိုးသားချင်းတွေကတစ်ဆင့် မြန်မာနိုင်ငံအခြေအနေတွေကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာနေပါတယ်။ သူ့ရဲ့ မွေးရပ်မြေနဲ့ပတ်သက်ပြီး ကမ္ဘာကြီးကို ဘာတွေသိစေချင်သလဲလို့ မေးမြန်းတဲ့အခါ သူက အခုလို ဖြေကြားခဲ့ပါတယ်။

    “စစ်တပ်အာဏာသိမ်းမှုတွေ မဖြစ်ခင်အထိ မြန်မာနိုင်ငံဟာ အရင်က ဘယ်လောက်အထိ အင်အားတောင့်တင်းပြီး လွတ်လပ်တဲ့နိုင်ငံ ဖြစ်ခဲ့တယ်ဆိုတာကို လူတွေကို နားလည်စေချင်ပါတယ်။ ဒါတွေက ကျွန်တော်တို့အတွက် အရာအားလုံးကို ပျက်စီးစေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ တိုက်ပွဲဝင်နေဆဲပါ။ ပြီးတော့ ကျွန်တော်တို့ နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်က အဲဒီအတွက် သက်သေပြယုဂ် တစ်ခုပါပဲ။ ကျွန်တော် ရှုံးနိမ့်ဖူးပေမယ့်၊ ပြန်ထလာပြီး ရှေ့ဆက်လျှောက်လှမ်းနေပါတယ်”

    (၂၀၂၅ ဇူလိုင်တွင် Straits Time သတင်းဌာနနှင့် ဖြေကြားချက်မှ ကောက်နုတ်ဖော်ပြချက်အချို့ကို လက်ရှိအနေအထားနှင့် ကိုက်ညီအောင် ပြန်လည်တင်ပြပါသည်။)

    – Sett Aung

  • NUG က  ဝန်ကြီးဌာန ၄ ခုကို လျော့ချပြီး အစိုးအဖွဲ့အပြောင်းအလဲပြုလုပ်

    NUG က ဝန်ကြီးဌာန ၄ ခုကို လျော့ချပြီး အစိုးအဖွဲ့အပြောင်းအလဲပြုလုပ်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ကို ယခုနှစ်ကုန်ပိုင်းတွင် အပြောင်းအလဲ ပြုလုပ်မည်ဟု ထုတ်ဖော်ပြောဆိုထားပြီးနောက် ဒုတိယဝန်ကြီးအဆင့်ရှိသူများကို ရာထူးတိုးမြှင့်ပေးခြင်း၊ ဝန်ကြီးဌာ နများကို ပေါင်းစည်းလျှော့ချခြင်းများဖြင့် NUG အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်သည်။

    NUG အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၇ နေရာမှ ၁၂ ဌာနအထိ လျှော့ချ ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် ဒုတိယသမ္မတ (ယာယီသမ္မတ) ဒူဝါလရှီးလ နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့မှာ မူလအတိုင်း ပါဝင်ခဲ့သည်။

    ယခင် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဒေါက်တာ ဇော်ဝေစိုး ကို ပြည်ထောင်စုဝန်ကြီး (ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး) အဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန် သည် ပညာရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံ သည်လည်း ကျန်းမာရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့် တာဝန်ယူခဲ့သည်။

    ထို့အပြင် ယခင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနကို လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန အဖြစ် ပြောင်းလဲပေါင်းစည်းလိုက်သည်။ ယင်းဌာနတွင် ဒေါက်တာ ဝင်းမြတ်အေး က ပြည်ထောင်စု ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူပြီး ဒေါက်တာ ငိုင်းတမ်မောင်း က ဒုတိယဝန်ကြီးအဖြစ် ပါဝင်သည်။

    (၁)အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ (၂)ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် (၄) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှာမူ လျော့ချထားပြီး ပါဝင်လာခြင်း မရှိသည်ကိုတွေ့ရသည်။

    နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာသည် ၎င်း၏ဝန်ကြီးဌာနကို ဖျက်သိမ်း တော့မည်ဖြစ်ကြောင်း ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌတို့က အသိပေးအကြောင်းကြားခဲ့၍ ၎င်း၏ တာဝန်ထမ်းဆောင်မှုများ အခန်းကဏ္ဍတစ်ခု ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့တွင် လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့ပြီးဖြစ်သည်။

    ဓာတ်ပုံ – CRPH , NUG

  • မြိတ်-ကော့သောင်း ပြည်ထောင်စု အမြန်လမ်းမကြီးကို စစ်တပ်က ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုး

    မြိတ်-ကော့သောင်း ပြည်ထောင်စု အမြန်လမ်းမကြီးကို စစ်တပ်က ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုး

    မြိတ်-ကော့သောင်း ပြည်ထောင်စု အမြန်လမ်းမကြီးကို စစ်တပ်က ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ သွားလာခြင်းမပြုလုပ်ရန် အသိပေး

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စု အမြန်လမ်းမကြီးကို အကြမ်းဖက် စစ်တပ်က ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ သွားလာခြင်းမပြုလုပ်ရန် အသိပေးလိုကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ပြီး မြိတ်မြို့နယ်မှ ကော့သောင်းမြို့နယ်အထိ ပြည်ထောင်စု အမြန်လမ်းမကြီးကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

    ထိုသို့ စစ်ကြောင်းထိုးလာပြီး အကြမ်းဖက် စစ်တပ်က စစ်ရေးအရှိန်မြှင့်တင်လာမှုများ ရှိလာနိုင်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း၊ ခရီးသွားပြည်သူများ အနေဖြင့် မြိတ်မြို့နယ်မှ ကော့သောင်းမြို့နယ်အထိ ပြည်ထောင်စု အမြန်လမ်းမကြီးကို လုံးဝ သွားခြင်းမပြုလုပ်ရန် အသိပေးပြောဆိုထားသည်။

    “ဒီနေ့ နံနက် အစောပိုင်း ၆ နာရီကနေစပြီး မြိတ်-ကော့သောင်း ပြည်ထောင်စု အမြန်လမ်းမကြီးကို စစ်ခွေးတွေ စစ်ကြောင်းထိုးလာတယ်။ စစ်ခွေးစစ်ကြောင်းရှိတော့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ အဲတာကြောင့် ခရီးသွား ပြည်သူတွေ လမ်းပိုင်းကို လုံးဝ (လုံးဝ) အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ အသိပေးတဲ့ အနေနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    ခရီးသွား ပြည်သူများအနေဖြင့် ယင်းကြေငြာချက်ထုတ်ပြန်သည့် နေ့ရက်မှစ၍ လိုက်နာဆောင်ရွက်ကြရန်နှင့် အရေးပေါ်နာရေးကိစ္စများရှိပါက သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် အကြောင်းကြား အသိပေး၊ ခွင့်ပြုချက်ရမှသာ သွားလာပေးကြပါရန်နှင့် ယင်းသို့ သွားလာရ ပါကလည်း ကားများကို မှန်ချမောင်းနှင်သွားလာပေးကြပါရန် မေတ္တာရပ်ခံလိုကြောင်း မြိတ်ခရိုင် ပကဖ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

  • ရွေးကောက်ပွဲလေ့လာမည့် နိုင်ငံခြားသားများကို စောင့်ကြည့်ရန် စစ်ကောင်စီအမိန့်ပေး

    ရွေးကောက်ပွဲလေ့လာမည့် နိုင်ငံခြားသားများကို စောင့်ကြည့်ရန် စစ်ကောင်စီအမိန့်ပေး

    ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် ပြည်တွင်းကို ဝင်ရောက်လာမဲ့ နိုင်ငံခြားသားတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ စစ်ကောင်စီခန့် လဝက ဝန်ကြီး ဦးမြင့်ကြိုင်က ဒီဇင်ဘာ ၇ ရက်မှာ အမိန့်ပေးခဲ့တယ်လို့ လေဆိပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လဝက ဝန်ကြီး ဦးမြင့်ကြိုင်နဲ့ စစ်ထောက်လှမ်းရေး အဖွဲ့တွေ ရောက်လာပြီး ရွေးကောက်ပွဲအတွက် ပြည်ပကနေ ဝင်လာမယ့် နိုင်ငံခြားသားတွေကို စောင့်ကြည့်ဖို့ အမိန့်ပေးခဲ့တယ်လို့ လေဆိပ်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

    “ရွေးကောက်ပွဲအတွက် နိုင်ငံခြားသားတွေ လာဖို့ရှိတယ်။ တရုတ်နဲ့ ရုရှားက လွဲရင် ကျန်တဲ့ နိုင်ငံတွေက စစ်တပ်ကိုဆန့်ကျင်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းအမှားဖြန့်တဲ့သူတွေ ပါလာနိုင်တယ်။ လဝက ဘက်က သေချာစစ်ဆေးဖို့ ဝန်ကြီးက အမိန့်ပေးတယ်။ မသင်္ကာတဲ့ အချက်အလက် တွေ့တာနဲ့ SP နဲ့ စရဖကို ဆက်သွယ်ပြီး မျက်ခြည်မပြတ် နောက်ယောင်ခံ စောင့်ကြည့်ဖို့ ပြောတယ်။”

    ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် ပြည်ပထွက်ခွာမဲ့သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ တင်ထားပါက လဝကနဲ့ လေဆိပ်ရဲက ထွက်ခွာခွင့်မပြုဘဲ ထပ်မံစစ်ဆေးရမယ်လို့ ညွှန်ကြားထားတယ်လို့ လဝက နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်ပထွက်ခွာခွင့်ရော ပြည်တွင်းဝင်လာမယ့်သူရော အကုန်ကန့်သတ်ထားတာ။ ပြည်တွင်းက ထွက်မယ့်သူဆို ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်၊ ဗိုက်ဘာနဲ့ တစ်တော့တွေပါ စစ်ခိုင်းတာ။ ကြိုတင်မဲပေးဘဲလည်း ပြည်ပထွက်လို့မရဘူး။”

    စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်လိုသူတွေ အနေနဲ့ မိမိလေ့လာလိုတဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်တွေကို ဒီဇင်ဘာ ၅ ရက် နောက်ဆုံး စစ်အုပ်စုခန့် ရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားရမယ်လို့ စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်းလိုက် ပြုလုပ်သွားမယ်လို့ ပြောဆိုထားပေမဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ မှာ ရန်ကုန်တိုင်းမှအပ ပြည်နယ်နဲ့တိုင်းက ရပ်ကွက်နဲ့ ကျေးရွာ ၃,၀၀၀ နီးပါးမှာ ပြုလုပ်နိုင်ခြင်းမရှိပါဘူး။

    အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက် ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • မိုးကုတ်ကို စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဦးဆောင်ပြီး ဆက်လက်တိုက်ပွဲဝင်နေဟု NUG ပြော

    မိုးကုတ်ကို စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဦးဆောင်ပြီး ဆက်လက်တိုက်ပွဲဝင်နေဟု NUG ပြော

    စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်နေတဲ့ မိုးကုတ်မြို့ကို မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့က ဦးဆောင်တိုက်ခိုက်နေပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်ခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကစပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

    နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ ဒေသတွင်းမှာ တိုက်ပွဲကြီးငယ်ပေါင်း ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရေးပါတဲ့ ရန်သူ့စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီလက်ထဲ ပြန်လွှဲပေးမယ်လို့ အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပြီးနောက် နိုဝင်ဘာ ၉ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ပြင်ဆင်ခဲ့တာပါ။

    ဖွဲ့စည်းထားတဲ့ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ဟာ ဒေသတွင်း PDF တွေနဲ့ ပကဖ တွေကို စုစည်းပြီး တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ အနီးကပ်ကြီးကြပ်ကွပ်ကဲနေတယ်လို့ ဆိုပါတယ်။

    မိုးကုတ်မြို့ခံတယောက်က “ဒေါက်တာစိုးသူရဇော် ဦးဆောင်ပြီးတော့ သူတို့ စစ်ဦးစီးအဖွဲ့တော့ ဖွဲ့လိုက်ပြီပေါ့နော်။ ဘယ်လို အတိုး-အဆုတ် လုပ်မယ်ဆိုတာတော့ ကျနော်တို့လည်း သေချာတော့ မသိသေးဘူးပေါ့နော်။ ကျနော်တို့ ဒီမြေပြန့်က မဟာမိတ်တွေရော တခြားသော ERO တွေနဲ့ရော ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာတွေရှိတယ်။ နောက်ဆုံးအခြေအနေမှာ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ကျနော်တို့ ဖိအားပေးနိုင်ဖို့အတွက်ပေါ့၊ အင်အားတော့မများဘူး။ ဒါပေမဲ့ လုပ်တတ်ကိုင်တတ်တဲ့သူတွေ များတယ်ပေါ့နော်၊ သေသေချာချာလေး ကျနော်တို့ စုဖွဲ့ထားတယ်” လို့ ပြောပါတယ်။

    မိုးကုတ်မြို့နယ်နဲ့ နယ်မြေချင်းစပ်ဆက်နေတဲ့ စဉ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၃ ခုခွဲပြီး ဝင်ရောက်နေပါတယ်။

    စဉ့်ကူးနယ်ထဲကို စစ်ကောင်စီတပ်တွေက မတ္တရာနယ်ဘက်ကနေ ဝင်ရောက်ခဲ့တာဖြစ်ပြီး မတ္တရာနယ်ထဲက PDF ထိန်းချုပ်နယ်မြေအများစုကို ဒေသကာကွယ်ရေးအဖွဲ့တွေက လက်လွှတ်ထားရပါတယ်။

    မတ္တရာကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “စစ်ကြောင်းကတော့ တကြောင်း တကြောင်းကို အင်အားက လေးငါးရာ ဝန်းကျင်တွေ များတယ်ဗျ။ စစ်ကြောင်းကတော့ လက်ရှိကတော့ စဉ့်ကူးနယ်ဘက်ကို ၃ ကြောင်း မျှပြီးထိုးနေတယ်ဗျ၊ တပြိုင်တည်း။ စဉ့်ကူးမြို့နယ် ကျောက်ငနွား ကျေးရွာဘက်ရယ်၊ နောက်တခါ နဂါးမောက်တောင်ဝန်းကျင်မှာရယ်၊ အရှေ့တကြောင်းကတော့ ပန်းတင်ရွာဝန်းကျင်မှာရယ်ဗျ၊ စဉ့်ကူးမြို့နယ်ထဲကို စစ်ကြောင်းတွေက ရောက်နေပါပြီ၊ ထိတွေ့မှုတွေလည်း ဖြစ်နေပါတယ်ဗျ။ စကစတွေဘက်က အသေအပျောက်တွေ များတယ်ဗျ။ ရှေ့ကသေ နောက်ကတန်းတက်နဲ့ အဲ့လိုမျိုးဖြစ်နေတယ်ဗျ သူတို့ဘက်က။ စဉ့်ကူးမြို့နယ် တောင်ခြမ်းကတော့ အကုန်လုံးနီးပါးပဲ စစ်ဘေးကိုရှောင်နေရတယ်။ ပြည်သူတွေကိုလည်း သူတို့ မထင်ရင်မထင်သလို ပစ်သတ်တာတွေ ရှိပါတယ်။ မတ္တရာမြို့နယ်မှာတော့ သူတို့ နောက်ချန်အင်အားတွေ စကျင်ရွာတို့၊ ရေနံသာရွာတို့ဘက်မှာတွေတော့ ချန်ထားတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းမြောက်တွင် တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AFP)

    မိုးကုတ်မြို့ကို စစ်ကောင်စီတပ်တွေ ဝင်လာရင် တုံ့ပြန်တိုက်ခိုက်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က ကြိုတင်စီစဉ်ခဲ့တာဖြစ်တဲ့အတွက် တိုက်ပွဲတွေ မဖြစ်ခင်ကတည်းက အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် ဘေးလွတ်တဲ့နေရာတွေကို ရွှေ့ပြောင်းပေးတာ၊ လိုအပ်တဲ့အထောက်အပံ့တွေကို အချိန်နဲ့တပြေးညီ ပေးအပ်နိုင်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပြင်ဆင်ဆောင်ရွက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြပါတယ်။

    ✍🏻သုတချမ်းသာ