Category: News

  • ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူ

    ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူ

    ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးတွဲထိန်းချုပ်ထားတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူ

    ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် – AA၊ တအာင်းတပ်-TNLAနဲ့ ကိုးကန့်တပ် – MNDAA တို့ ပူးတွဲထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ MNDAA ရုံးတချို့မှာ မြန်မာနိုင်ငံအလံ လွင့်ထူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ရေးဇုန်ဖြစ်တဲ့ အဲဒီ ၁၀၅ မိုင်က MNDAA ရုံးဌာနတချို့မှာ မနေ့ ဇန်နဝါရီ ၇ ရက်ကစပြီး မြန်မာနိုင်ငံတော်အလံ စလွှင့်ထူတာလို့ ဆိုပါတယ်။

    ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “သူတို့နေတဲ့ရာတိုင်းထောင်တာမျိုးတော့ မဟုတ်ဘူး။ အရေးကြီးတဲ့ ရုံးတချို့ပဲ မြန်မာနိုင်ငံအလံထောင်တာ” လို့ ပြောပါတယ်။

    ကိုးကန့်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက် လားရှိုးမြို့မှာ စစ်ကောင်စီတပ်နဲ့ တွေ့ဆုံပြီးတဲ့နောက် လားရှိုးကနေ သီပေါအထိ သူတို့ဂိတ်တွေကို ဖယ်ရှားခဲ့ပါတယ်။

    အဲဒီနောက်မှာပဲ တရုတ်က သူ့နိုင်ငံထဲ ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ချက်တွေရှိတဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှာတရုတ်က တင်ပို့ခွင့် ပြန်ပြုပေးခဲ့ပြီး ကြံနဲ့ ပြောင်းဖူးစတဲ့ ကုန်တင်ကား ရာနဲ့ချီဟာ ချင်းရွှေဟော်ဂိတ်ကနေ ကုန်သွယ်နေတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

    ​လက်ရှိ ကုန်သွယ်ရေးအပြည့်အဝ မဖြစ်မြောက်သေးတဲ့ ၁၀၅ မိုင်မှာ MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူတာဟာ တရုတ်-မြန်မာ ကုန်သွယ်ရေး ပုံမှန်ပြန်လည်ပတ်စေဖို့ လက္ခဏာဖြစ်တယ်လို့လည်း အကဲခတ်သူတချို့က ဆိုကြပါတယ်။

    ဒါ့အပြင် မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီမြို့က ကိုးကန့်ရုံးတွေမှာလည်း ကိုးကန့်တပ်က မြန်မာနိုင်ငံအလံ လွှင့်ထူထားတာကို တွေ့ရပါတယ်။

  • စစ်တပ်ကို ဝေဖန်သူအား K Pay အဝင်အထွက်ဖြင့် အကြောင်းပြ ဖမ်းဆီး

    စစ်တပ်ကို ဝေဖန်သူအား K Pay အဝင်အထွက်ဖြင့် အကြောင်းပြ ဖမ်းဆီး

    အာဏာသိမ်း စစ်ခေါင်းဆောင်ကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသည်ဟု ဆိုကာ ဖမ်းဆီးရန် လှုံ့ဆော်ခံရသည့် အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး ရန်ကုန်မြို့ လှိုင်မြို့နယ်နေအိမ်၌ အွန်လိုင်းငွေပေးချေမှုတစ်ခုဖြစ်သော K Pay အဝင်အထွက်များသည်ဟုဆိုကာ အကြောင်းပြ ဖမ်းဆီးခံရသည်။

    လပေး ထမင်းနှင့်ဟင်း ချိုင့်ဆွဲရောင်းချသည့် ဦးကြည်မျိုးဇော်(ခ) ဦးကြည် ဆိုသူကို လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင်အား ပုတ်ခတ်ရေးသားသည်၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ မျှဝေသည်၊ စစ်တပ်ကို ဝေဖန်သည့်စာများ ရေးသည်ဆိုသည့် စွပ်စွဲချက်များဖြင့် စစ်တပ်ဝါဒဖြန့်စာမျက်နှာတစ်ခုက ဖမ်းဆီးရန် ပြီးခဲ့သည့်ရက်များက လှုံ့ဆော်ခဲ့သည်။

    ထို့နောက် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီတွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက် နေအိမ်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များအပါအဝင် အရပ်ဝတ် လူရှစ်ဦးခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

    “ရပ်ကွက်ရုံးကို ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားကြတယ် ပြောတယ်။ ၄၅ မိနစ်လောက်ကြာတော့ သူ့အိမ်ကို ဖုန်းဆက်လာတယ်။ ဖုန်းကို ယူခဲ့ပြီး ရပ်ကွက်ရုံးကို လိုက်လာဖို့ ပြောတယ်။ ဖုန်းသွားပေးပြီး ပြန်လာခဲ့တယ်ပေါ့။ ညရောက်တော့ ရုံးကိုသွားစုံစမ်းတော့ အားလုံးမရှိကြတော့ဘူး။အဲဒီကနေ ဒီနေ့အထိ အဆက်အသွယ်မရတော့တာ”ဟု မိသားစုနှင့်နီးစပ်သည့် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

    “(ရပ်ကွက်) ရုံးက ပြောလိုက်တာက K Pay အဝင်အထွက်တွေ များတယ်ပေါ့။ သူက ဘာလုပ်တာလဲ ပြန်မေးတယ် ပြောတယ်။ ချိုင့်ဆွဲထမင်းဟင်း ဈေးရောင်းမှတော့ အဝင်အထွက်တွေတော့ ရှိတာပေါ့။ ဒါကို K pay ကြောင့် ဖမ်းတာဆိုပြီးပြောတယ်”ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

    KBZ ဘဏ်၏ အွန်လိုင်းငွေပေးချေမှုတစ်ခုဖြစ်သော K Pay (KBZ Pay) တွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့သည်ဟု ယူဆရသော ငွေကြေးလွှဲပြောင်းမှုများ၊ တော်လှန်ရေးဆက်နွှယ်သူများ၏ ငွေကြေးအကောင့်များကို စစ်တပ်က ပိတ်သိမ်းခြင်း၊ အကောင့်နှင့် ဆက်စပ်သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။

    ဦးကြည်မျိုးဇော်သည် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အစောပိုင်းကလည်း နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ၅၀၅(က)ဖြင့် ဖမ်းဆီးခံရပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်ဟု သိရသည်။

    ၎င်းသည် နှလုံးအဆို့ရှင်ကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်းနှင့် ကျောက်ကပ်ရောဂါဝေဒနာတို့ ခံစားနေရပြီး ဆေးစွဲသောက်နေရသူဖြစ်သည့်အတွက် ၎င်း၏ကျန်းမာရေးကို အထူးစိတ်ပူနေရသည်ဟု အထက်ပါ မိသားစုနှင့်နီးစပ်သူက ဆိုသည်။

    စစ်တပ်ဝါဒဖြန့်သူများက ထုတ်ပြန်ထားသော ဦးကြည်၏ ဓာတ်ပုံနှင့် ဖမ်းဆီးရန်လှုံ့ဆော်ရေးသားမှုတစ်ခု။

    “အစကတည်းက သူက နှလုံးအဆီဖုံးတာရယ်၊ နှလုံးအဆို့ရှင်ကျဉ်းတာရယ်ရှိတယ်။ နောက်ပြီးတော့၂၀၂၁ မှာ စစ်ကြောရေးမှာ သူ ကျောက်ကပ်ကို ထိထားတယ်၊ ကျောက်ကပ်ကလည်း သိပ်မကောင်းဘူး။ စစဖြစ်တုန်းကတော့ ဆေးရုံမှာပြတယ်။ အခုစီးပွားရေးအခြေအနေကြောင့် မပြနိုင်တော့ဘဲ ဆေးပဲ စွဲသောက်နေရတာလို့ပြောတယ်”

    ဦးကြည်မျိုးဇော်(ခ)ဦးကြည်သည် အာဏာမသိမ်းမီက ရန်ကုန် YBS ယာဉ်မောင်းတစ်ဦးဖြစ်ပြီး၊ ၎င်းထောင်မှ လွတ်မြောက်လာသည့်၂၀၂၃ ခုနှစ်တွင် ယာဉ်မောင်းအလုပ် ပြန်မလုပ်ကိုင်တော့ဘဲ လပေးဖြင့် ချိုင့်ဆွဲဟင်းချက်ရောင်းသည့်အလုပ်ကိုသာ လုပ်ကိုင်နေကြောင်းသိရသည်။

    “YBS မောင်းတုန်းက သူက တော်တော်လေးကို ခရီးသည်တွေအပေါ်မှာ ဂရုစိုက်လွန်းအားကြီးတော့ YBS လောကမှာ တအားကိုနာမည်ကြီးတာ။ ထောင်ကထွက်လာတော့ မလုပ်တော့ဘဲ ထမင်းဟင်းလပေး ချိုင့်လေးတွေပို့တာပေါ့နော်”ဟု ဦးကြည်နှင့်ရင်းနှီးသည့် အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

    ဦးကြည်အား ဖမ်းဆီးထားကြောင်း လက်ထိပ်ခတ်၍ ဒူးထောက်ထားသည့် ဓာတ်ပုံနှင့်တကွ စစ်တပ် ဝါဒဖြန့်စာမျက်နှာများက ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) နံနက်က ဖော်ပြထားသည်ကို တွေ့ရသည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့ မြို့ကြီး၊ မြို့ငယ်များတွင် လူမှု ကွန်ရက်တွင် ရေးသားရုံမျှဖြင့် စစ်တပ်ကို ဆန့်ကျင်သည်ဆိုကာ ရဟန်း ၊ဆရာဝန်၊ ရှေ့နေ၊ ကျောင်းသား ကျောင်းသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် NLD ပါတီထောက်ခံကြသူများ၊ ကျောင်းသားလူငယ်များ၊ သက်ကြီးရွယ်အိုများပါမချန် ဖမ်းဆီးထောင်ချခံနေကြရသည်။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်တပ်က ဖမ်းဆီးခဲ့သူ စုစုပေါင်း ၃၀,၂၃၅ ဦးရှိပြီး ထိုအထဲမှ ၂၂,၆၉၂ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၁၁,၄၃၇ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရသည်။

  • ယတြာခေါင်းလောင်း အကြောင်း အစီရင်ခံ အမြန်တင်ပြရန်  မင်းအောင်လှိုင်က ရှေးဟောင်း သုတေသနကို ညွှန်ကြား

    ယတြာခေါင်းလောင်း အကြောင်း အစီရင်ခံ အမြန်တင်ပြရန် မင်းအောင်လှိုင်က ရှေးဟောင်း သုတေသနကို ညွှန်ကြား

    AA က တူးဖော်ရရှိသွားသည့် ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်းလောင်း အကြောင်း အစီရင်ခံ အမြန်တင်ပြရန် မင်းအောင်လှိုင်က ရှေးဟောင်း သုတေသနကို ညွှန်ကြား

    ရခိုင်ပြည်တွင် အာရက္ခတပ်တော်-AA က တူးဖော်ရရှိသွားသည့် ရခိုင်ရှေးဟောင်း ယတြာခေါင်းလောင်း၏ အကြောင်း ကို အစီရင်ခံစာ အသေးစိတ် အမြန်တင်ပြရန် နေပြည်တော်စစ်ရုံးက ရှေးဟောင်းသုတေသနဦးစီးဌာနကို ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရခိုင်အခြေစိုက် မီဒီယာများက ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်း လောင်းကို AA က တူးဖော်ရရှိထားပြီဖြစ်ကြောင်း သတင်းများ ဖော်ပြခဲ့ရာ အဆိုပါ သတင်းများကြောင့် နေပြည်တော်စစ်ရုံးက ယတြာခေါင်းလောင်းနှင့်ပတ်သက်၍ အသေးစိတ် အစီရင်ခံစာများ ရေးသား၍ အမြန်ဆုံးတင်ပြရန် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို ညွှန်ကြားခဲ့ကြောင်း၊ အဓိကအားဖြင့် စစ်ခေါင်းဆောင်က ယတြာခေါင်းလောင်းကိစ္စကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။

    ” ယတြာခေါင်းလောင်းရဲ့ ရာဇဝင် သမိုင်းကြောင်းတွေ အမြန်ဆုံး တင်ပြပါဆိုပြီး တောင်းတယ်။ တောင်းတာက စစ်ရုံးက တောင်းတာ။ ဒါပေမယ့် တပ်ချုပ်ကြီးဆီက ဒီအမိန့် လာတယ်လို့ သိရတယ်။ ယတြာတွေ ဗေဒင်တွေကို တပ်ချုပ်ကြီးက အရမ်းစိတ်ဝင်စားတယ်။ မှတ်မိဦးမှာပေါ့ ၁၀၂၇ စစ်ဆင်ရေးတုန်းက အရှေ့မြောက်တိုင်းစစ်ဌာ နချုပ်ရုံးခန်းနဲ့လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်( ဒကစ)၊ ဆက်သွယ်ရေး တပ်ရင်း ၄ ရုံး၊ ဒုတပ် ရင်းမှူးရုံးခန်းတွေမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေဖို့ မျောက်သုံးကောင်ဓာတ်ပုံကို ဇောက် ထိုး ချိတ်ဆွဲ ယတြာလုပ်ခိုင်းခဲ့တာ။ အဲဒီယတြာက တပ်ချုပ်ကြီးကိုးကွယ်တဲ့ ဆရာတော်ကြီး -၀စီပိတ်ဆရာတော်ရဲ့ ယတြာလို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ရခိုင်တွင် တူးဖော်ရရှိခဲ့သော သမိုင်းဝင် ယတြာခေါင်းလောင်းအား တစ်ကြိမ်တီးခတ်လိုက်လျှင် အရှေ့ပြည် ၃ ခါ ပြိုလေ့ရှိသဖြင့် မြန်မာဘုရင်များ အဆက်ဆက် ဖိန့်ဖိန့်တုန်ကာ ထိတ်လန့်တုန်လှုပ် ခြောက်ခြားခဲ့ရသည့် ရှေး ဟောင်း ခေါင်းလောင်းလည်း ဖြစ်သည်ဟု ရခိုင်အခြေစိုက် မီဒီယာများက သမိုင်းအချက်အလက်တချို့ကို ကိုးကား၍ ရေးသားဖော်ပြထားသည်။

    အဆိုပါ ယတြာခေါင်းလောင်းမှာ ရခိုင့်သမိုင်းတွင် ပြည်ပရန်ကို ကာကွယ်ပေးသော “ယတြာခေါင်းလောင်း” အဖြစ် ဖော်ပြကြပြီး ယခင် ရခိုင့်နိုင်ငံတော်အတွက် အလွန်အရေးပါသော ခေါင်းလောင်းဖြစ်ကာ မြောက်ဦးခေတ် ရှေးဟောင်းသမိုင်းဝင် ခေါင်းလောင်းလည်းဖြစ်သည်ဟု ဆိုသည်။

    ရှေးဟောင်း သမိုင်းဝင် ယတြာခေါင်းလောင်းကို မဟာမုနိဘုရားကုန်းတော်၌ မြှုပ်နှံထားခြင်းဖြစ်ပြီး မြှုပ်နှံထားသည့် နေရာကို သိသူမှာ မဟာမုနိဂေါပကအဖွဲ့ဝင်ဟောင်း အသက် ၈၄ နှစ်အရွယ် ဦးထွန်းအောင်ဖြစ်ကြောင်း၊ ရှေး ဟောင်း ယတြာခေါင်းလောင်းကို မြောက်ဦးခေတ် ရခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅) လက်ထက်တွင် ရခိုင့်နိုင်ငံတော်နှင့် စစ်ရေးကာကွယ်မှုများအတွက် သွန်းလုပ်ခဲ့ကြောင်း၊ ခေါင်းလောင်းမှာ အမြင့် ၈၆ စင်တီမီတာ၊ အောက် ခြေအချင်း ၆၅ စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာနှင့် လုံးပတ် ၂၄ စင်တီမီတာရှိကြောင်း သိရသည်။

    ခေါင်းလောင်း၏ အပြင်ဘက် မျက်နှာပြင်တွင် ယတြာများကို ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာ ၃ မျိုးဖြင့် ရေးထိုးထားပြီး အင်း၊ အိုင်၊ ခါးလှည့် သုံးမျိုးပါဝင်သော ရခိုင့်ရှေးဟောင်း ယတြာခေါင်းလောင်း ဖြစ်ကြောင်း၊ ယင်း ခေါင်း လောင်းမှာ မဟာမုနိကုန်းတော်၌ရှိခဲ့ကြောင်းကို “မဟာမုနိဘုရားနှင့် ယတြာခေါင်းလောင်း” ဟု အမည်တပ်ကာ ဓါတ်ပုံနှင့်တကွ ဖော်ပြခဲ့သူမှာ ဆွဇ်လူမျိုး ရှေးဟောင်းသုတေသနပညာရှင် Dr.Emmanuel Forchhammer (1851-1890) ပင် ဖြစ်သည်။

    အလားတူ ၁၉၅၇ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့သည့် Mr. R.B Smart ၏ Burma Gazetteer, Akyab District, Volume A တွင်လည်း မဟာမုနိဘုရားကုန်း၏ အရှေ့မြောက်ဘက်၌ ယတြာခေါင်းလောင်း ရှိကြောင်း ဖော်ပြထားသည်။

    အဆိုပါ ယတြာခေါင်းလောင်းနှင့် ပတ်သက်၍ သပ္ပဒါနပကာရဏ ကျမ်းတွင် “အရှေ့၊ အနောက်၊ တောင်၊ မြောက် ပြည်ရွာ မင်းတကာတို့ကို တထိန့်ထိန့် တလန့်လန့် ပြိုပျက်စေလိုမူကား၊ ကုလားတန်ဘက်ကို ဇာတီမုခ်လေးဝနှင့် တည်လေ။ ယတြာခေါင်းလောင်းကိုလည်း အရှေ့မုခ်ဝတွင် ဆွဲ၍တီး၊ အရှေ့ တိုင်းပြည်တို့သည် တထိန့်လန့်လန့် ပြိုပျက်လေ၏” ဟု ဖော်ပြထားသည်။

    ယတြာခေါင်းလောင်းတွင် အင်းကွက်ကြီး ၈ ကွက်ပါရှိပြီး ယင်းအင်းကွက်များမှာ မြေ – မြီ (ပထဝီ) အင်း၊ မီး (တေဇော) အင်း၊ ရေ – ရီ (အာပေါ) အင်း၊ လေ – လီ (ဝါယော) အင်း တို့ဖြစ်ပြီး အဆိုပါ ဓါတ်ကြီး ၄ ပါးကို အတိုက်တစ်ကွက်၊ အခံတစ်ကွက်ဖြင့် တစ်မျိုးလျှင် နှစ်ကွက်ကျစီ စီမံပြုလုပ်ထားသည်ဟု သိရှိရသည်။

    အင်းဆရာကြီး ကျွန်းဒေါင်း၏ မှတ်တမ်းတွင် ဤ ယတြာခေါင်းလောင်းသည် ငါတို့ တိုက်ခိုက်သိမ်းပိုက်လိုသော တိုင်းပြည် (ဝါ) တို့အားကျူးကျော်လာသည့် ရန်သူကို –

    (၁) ရေ – ရီအင်းဖြင့် တိုက်ခိုက်စီနိုင်၏ (ဝါ) ရီအင်းဖြင့် ကာကွယ်စီနိုင်၏။

    (၂) မြေ – မြီအင်းဖြင့်တိုက်ခိုက်စီနိုင်၏ (ဝါ) မြီအင်းဖြင့် ကာကွယ်စီနိုင်၏။

    (၃) လေ – လီအင်းဖြင့်တိုက်ခိုက်စီနိုင်၏ (ဝါ) လီအင်းဖြင့် ကာကွယ်စီနိုင်၏။

    (၄) မီးအင်းဖြင့် တိုက်ခိုက်စီနိုင်၏ (ဝါ) မီးအင်းဖြင့် ကာကွယ်စီနိုင်၏။ ဟု ဖော်ပြထားသည်။

    အကြမ်းဖက် မင်းအောင်လှိုင်မှာ ဗေဒင်နှင့်ယတြာ အမြဲလိုလို ချေသူဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကာလ တစ်နိုင်ငံလုံးတွင် ကိုးနဝင်း ယတြာ အဖြစ် မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်ခြင်း၊ ကျောက်ကျော၊ ဘယာကြော်နှင့် မုန့်လုံး ရေပေါ် များ နံနက် ၉ နာရီမတိုင်ခင် ကပ်လှူခြင်းများ ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။

  • ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ်

    ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ်

    မီးတိုင်များကို ဖျက်ဆီးပြီးနောက် ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ်

    ကပစ ၂၁ နှင့် ၂၂ တွင် လေယာဉ်ဗုံး ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်းရပ်

    မကွေးတိုင်းအတွင်းရှိ ကပစစက်ရုံများသို့ သွယ်တန်းထားသည့် မီးတိုင် ၁၀၀ကျော် ဖျက်ဆီးခံ ရပြီးနောက် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းအချို့ ရပ်တန့်နေကြောင်းသိရသည်။

    ဒီဇင်ဘာလအတွင်း မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၁နှင့် ၂၂တို့သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင် ၁၀၀ကျော်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

    “သူတို့လျှပ်စစ်မီးရတဲ့ အခြေအနေတော့ မရှိသေးဘူးခင်ဗျ။ ဆိပ်ဖြူဘက်ကလည်း ဖြတ်တောက် ထားတာဆိုတော့ ထုတ်လုပ်နိုင်တာတော့ မရှိသေးပါဘူး။ ၂၂ နဲ့ ၂၃ ကတော့ လည်ပတ်မှုအားနည်း သွားမှာပေါ့။ ၂၄ ကတော့ ရပ်တန့်နေတယ်လို့တော့ သိရတယ်ဗျ။ ၂၂ နဲ့ ၂၃ ကလည်း ဥပ‌မာပေါ့။ ၁၀၀ရာခိုင်နှုန်း အရင်ကလည်ပတ်နေတယ်ဆိုရင် ၂၅ ရာခိုင်နှုန်းလောက်တော့ ကုန်ကြမ်းဘာညာ ထုတ်တာတော့ ရှိနိုင်တာပေါ့။ ၂၁ ကတော့ လုပ်ငန်းရပ်တာဝောာ့ပါတယ်။ ၂၃ကလည်း မိုင်းခွဲဖျက် ဆီးတာပါပါတယ်။ ပါတယ်ဆိုတာ သူတို့(MOD)ဆီကို video file တို့ဘာတို့ မရောက်တာတွေ ရှိနိုင်မှာပေါ့။” ဟု မြိုင်ပကဖ သတင်းတာဝန်ခံက ပြောသည်။

    ပျက်စီးသွားသည့် မီးတိုင်များကို စစ်တပ်ဘက်က ‌လာရောက်ပြုပြင်ခြင်းမရှိသေးကြောင်းသိရသည်။

    “အင်နဲ့အားနဲ့ဆိုရင်တော့ လာပြင်ချင်ပြင်မှာ။ ခုလောလောဆယ်တော့ ပြန် ပြင်တာဆင်တာ မရှိသေး ဘူးဗျ” ဟု ၎င်းကပြောသည်။

    ပေါက်ကပစ ၂၄ သည် လက်နက်ကြီးကျည်ဆန်များထုတ်လုပ်ပြီး ဆိပ်ဖြူ ကပစ ၂၁ နှင့် ၂၂ သည် လေယာဉ်ဗုံးများထုတ်လုပ်သည့် စက်ရုံများဖြစ်ကြောင်းသိရသည်။

    ဓာတ်ပုံ – မြိုင်ပကဖ

  • ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်သွားတယ်လို့ စွပ်စွဲခံရတဲ့ ရုရှား ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန်က ကြားဖြတ် ထိန်းချုပ်ခဲ့ပြီးတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။

    Marinera ရေနံတင် သင်္ဘောဟာ ဗင်နီဇွဲလား ကမ်းလွန်ရေပြင်မှာ အမေရိကန် စစ်တပ်ရဲ့ ကြားဖြတ် ဖမ်းဆီးမယ့် အခြေအနေကနေ ရှောင်တိမ်းလာနိုင်ခဲ့ပြီး ရုရှားဆီ အသည်းအသန် ပြန်လည် ခုတ်မောင်းလာချိန် အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    အမေရိကန်ဟာ မဟာမိတ် နိုင်ငံတွေရဲ့ အကူအညီကိုပါ အသုံးပြုပြီး အဲဒီသင်္ဘောရဲ့ ခရီးစဉ်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့နောက် အိုက်စ်လန်ကျွန်းနဲ့ ဗြိတိန်နိုင်ငံကြားမှာ ကြားဖြတ် ဖမ်းဆီးခဲ့တာပါ။ Marineraဟာ အစောပိုင်းတုန်းက Bella 1ဆိုတဲ့ နာမည်ကိုလည်း အသုံးပြုခဲ့ဖူးပါတယ်။

    အမေရိကန် အစိုးရက ဗင်နီဇွဲလား ရေနံတင် သင်္ဘောတွေကို ပစ်မှတ်ထား စီးနင်းမှုတွေ စတင်လာတဲ့နောက် Marineraဟာလည်း အမေရိကန် ကမ်းခြေစောင့်တပ်ရဲ့ ပစ်မှတ်ထားမှုကို ခံလာရပါတယ်။ ဒါပေမဲ့ အမေရိကန် ကမ်းခြေစောင့်တပ်က ရေယာဉ်ပေါ် တက်ရောက်ခွင့် တောင်းဆိုတာကို Marineraက ငြင်းဆိုပြီး ရုရှားဆီ ပြန်သွားဖို့ ကြိုးစားခဲ့တာပါ။

    ရုရှားအလံ လွှင့်ထူထားတဲ့ ရေနံတင် သင်္ဘောကို ကြားဖြတ် ဖမ်းဆီးတဲ့ မစ်ရှင်ကို အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ စစ်တပ်တို့ ပူးပေါင်း အကောင်အထည် ဖော်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ ဗင်နီဇွဲလား ရေနံတွေနဲ့ ပတ်သက် ဆက်စပ်နေတဲ့ M/T Sophiaဆိုတဲ့ နောက်ထပ် သင်္ဘောတစ်စီးကိုလည်း ကာရေဘီယန် ပင်လယ်ပြင်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။

    Marinera သင်္ဘောနောက်ကို အမေရိကန်က အပူတပြင်း ခြေရာခံ လိုက်နေကြောင်း သိရှိခဲ့တဲ့နောက် ရုရှားဟာ အဲဒီ ရေယာဉ်ကို လုံခြုံရေး ကူညီ စောင့်ကြပ်ပေးဖို့ ရေငုပ်သင်္ဘော တစ်စီးနဲ့ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပေမယ့် အချိန်မမီလိုက်ဘဲ အမေရိကန်က ကြားဖြတ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

    ရုရှား အစိုးရကတော့ Marineraကို စီးနင်း ဟန့်တားခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ရေကြောင်းဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    ရုရှား ရေနံတင် သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်း ကြေညာဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပြီး မကြာခင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိနေပါတယ်။

    ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ရုရှားရေယာဉ်ကို ကြားဖြတ် ဖမ်းဆီးခဲ့တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးမှာ ဗြိတိန် လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ပူးပေါင်း ကူညီပေးခဲ့ကြောင်း အတည်ပြု ကြေညာထားပါတယ်။

    ကိုးကား: Independent