Category: News

  • ရုရှားနှင့် တရုတ်ရန်မှ ကာကွယ်ရန် အနုနည်းဖြင့်မရပါက အကြမ်းနည်းသုံးပြီး ဂရင်းလန်ကို ရယူမည်ဟု ထရမ့် သတိပေး

    ရုရှားနှင့် တရုတ်ရန်မှ ကာကွယ်ရန် အနုနည်းဖြင့်မရပါက အကြမ်းနည်းသုံးပြီး ဂရင်းလန်ကို ရယူမည်ဟု ထရမ့် သတိပေး

    ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို ဟန့်တားရေးအတွက် ဂရင်းလန်ကျွန်းအရေးကို အနုနည်းဖြင့် မရပါက အကြမ်းနည်းသုံး၍ ဆောင်ရွက်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။

    “ဂရင်းလန်ကိစ္စကို သူတို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့ တခုခုလုပ်သွားမှာပါ။ ကျွန်တော်တို့က တခုခုမလုပ်ရင် ရုရှား ဒါမှမဟုတ် တရုတ်က ဂရင်းလန်ကို သိမ်းပိုက်သွားလိမ့်မယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ အိမ်နီးချင်းအဖြစ် အဖြစ်မခံနိုင်ပါဘူး” ဟု စနေနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ထရမ့်က ပြောခဲ့သည်။

    “ကျွန်တော်ကတော့ အနုနည်းနဲ့ပဲ သဘောတူညီမှု ရချင်ပါတယ်။ ဒါပေမဲ့ အဆင်မပြေရင်တော့ အကြမ်းနည်းနဲ့ ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပိုင်ဆိုင်ရင် ကျွန်တော်တို့ပဲ ကာကွယ်စောင့်ရှောက်မှာပါ။ အိုဘားမားရဲ့ အီရန်နဲ့ချုပ်ဆို ခဲ့တဲ့ ကာလတို သဘောတူညီချက်ဆိုးကြီးကို ကြည့်လိုက်ပါ။ နိုင်ငံတွေမှာ ပိုင်ဆိုင်ခွင့်ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့သာ ဂရင်းလန်ကို မကာကွယ်ရင် တရုတ် ဒါမှမဟုတ် ရုရှားက ဝင်လာမှာမို့ ကျွန်တော်တို့ ကာကွယ်ရပါမယ်” ဟု ဂရင်းလန်ကျွန်း၏ မဟာဗျူဟာမြောက် အရေးပါမှုကို ထရမ့်က ထပ်မံ အလေးပေးပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးရှိလာစေရန် ဂရင်းလန်ကျွန်းသားတဦးလျှင် အမေရိ ကန်ဒေါ် လာ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ငွေကြေးထောက်ပံ့ပေးရန် ထရမ့်အစိုးရက စဉ်းစားနေ ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

    ယင်းစီမံကိန်းသည် အစပျိုးအဆင့်တွင်သာ ရှိနေသေးသော်လည်း ငွေကြေးထောက်ပံ့မှု စုစုပေါင်းမှာ ဒေါ်လာ ခြောက်ဘီလီယံနီးပါးအထိ ရှိနိုင်ကြောင်း အကြံပေးများက ခန့်မှန်းထားကြသည်။

    လူဦးရေ ၅၇,၀၀၀ ခန့်ရှိပြီး သယံဇာတ ပေါကြွယ်ဝသော ဂရင်းလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်သည်။

    အမေရိကန်၏ လုပ်ဆောင်လာနိုင်ခြေရှိသော အစီအစဉ်များနှင့်ပတ်သက်၍ ဒိန်းမတ်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ အကယ်၍ ဂရင်းလန်တိုက်ခိုက်ခံရပါက ၎င်းတို့၏ တပ်ဖွဲ့ဝင်များက “အရင်ပစ် ပြီးမှသာ မေးမြန်ရန်” ဟူသော အသင့်အနေအထားနေရန် အမိန့်စာထုတ်ထားကြောင်း သတိပေးခဲ့သည်။

    ထို့ပြင် အာတိတ်စက်ဝိုင်းဒေသအတွင်း အမေရိကန်က စစ်ရေးအရ အရေးယူဆောင်ရွက်ရန် ပေါ်ပေါ် ထင်ထင် စဉ်းစားနေမှုအပေါ် ဥရောပတာဝန်ရှိသူများကလည်း စိုးရိမ်နေသည်။

    ရွေးချယ်စရာ နည်းလမ်းတခုအနေဖြင့် အမေရိကန်က ပစိဖိတ်ကျွန်းနိုင်ငံအချို့နှင့် ချုပ်ဆိုထားသကဲ့သို့ “လွတ်လပ်စွာ ပေါင်းစည်းရေး သဘောတူညီချက်”ကို ဆွေးနွေးနေသည်။ ယင်းသဘောတူညီချက်အရ အမေရိကန်က စစ်ဘက်ဆိုင်ရာ အခြေစိုက်ခွင့်ပေးသည့်အတွက် ဂရင်းလန်ကို ငွေကြေးထောက်ပံ့မှုနှင့် ကာကွယ်ရေးစောင့်ရှောက်မှုများ ပေးအပ်မည်ဖြစ်သည်။

    ယင်းအဆင့်သို့ ရောက်ရှိရန် ဂရင်းလန်က ဒိန်းမတ်ထံမှ ဦးစွာ လွတ်လပ်ရေးယူရန် လိုအပ်မည်ဖြစ်သည်။

    အမေရိကန်၏ ငွေကြေးထောက်ပံ့မှုများကို လွတ်လပ်ရေးအတွက်ဖြစ်စေ၊ အမေရိကန်နှင့် နောင်တွင် ချုပ်ဆိုမည့် သဘောတူညီချက်အတွက်ဖြစ်စေ လူထုထောက်ခံမှုရရှိရန် အသုံးချနိုင်ဖွယ်ရှိသည်။

    သို့သော် လူထုဆန္ဒကောက်ယူမှုများအရ ဂရင်းလန်ကျွန်းသားအများစုက ဒိန်းမတ်ထံမှ လွတ်လပ်ရေး ရယူလိုကြသော်လည်း အမေရိကန်၏ အစိတ်အပိုင်းတခု ဖြစ်လာရန်မူ ဆန္ဒမရှိကြပေ။

    The Times of India မှ ‘Going to do it hard way’ : Trump vows action on greenland cites risk of russia china taking over အား သောမတ် ဘာသာပြန်သည်။

  • စစ်တွေသို့ စစ်ကော်မရှင် စစ်ဘက်ထိပ်သီးပိုင်းများရောက်ရှိနေ

    စစ်တွေသို့ စစ်ကော်မရှင် စစ်ဘက်ထိပ်သီးပိုင်းများရောက်ရှိနေ

    စစ်တွေ ဒကစ အနီး ကာကင်းစခန်း ၂ ခု AA သိမ်းပိုက်၊ စစ်တွေသို့ စစ်ကော်မရှင် စစ်ဘက်ထိပ်သီးပိုင်းများရောက်ရှိနေ

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)အနီးရှိ စစ်ကော်မရှင် ကာကင်းစခန်းနှစ်ခုကို အာရက္ခတပ်တော်(AA) ကသိမ်းပိုက်လိုက်ကြောင်း စစ်ရေး သတင်းအရင်းမြစ်များက အတည်ပြုဖြေကြားသည်။

    ထို့အပြင် ဒကစမှူးနှင့် နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး သာမက ယခင်အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ -၂ မှူး) ဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးလည်း စစ်တွေမြို့တွင်ရောက်ရှိနေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က မဇ္ဈိမ သို့ ပြောသည်။

    ” စစ်တွေဘက်မှာ ဟုတ်တယ်ဗျ။ ကံ့ကော်ကျွန်းနဲ့ စစ်ဆိုင်ထားတာ ဟိုဘက်မှာ ဝါဘိုကျွန်းပေါ့။ ကံ့ကော်ကျွန်းဘက်က ကာကင်းစခန်း နှစ်ခုကို စစ်တပ်က လုံးဝလွှတ်ပေးလိုက်ရတယ်။ ဟိုကောင်တွေကလည်း ပြေးလာတယ် အရှင်ရတာတို့ ၊ အသေရတာတို့ မသိရသေးဘူးပေါ့နော် ။ စစ်တပ် ဒကစရော၊ နပခပါရောက်နေတဲ့အပြင် ကစထမှူးလည်း ရောက်နေတယ်လို့သိရတယ်။ သူလည်းမဆုတ်ဘူး နေရာတွေပြောင်းနေရတယ် “ဟု၎င်းကဆိုသည်။

    စစ်တွေ၊ ရေချမ်းပြင်ကျေးရွာတွင်လည်း စစ်ကော်မရှင်ဘက်က ပြည်နယ်လွှတ်တော် ရုံးအထိ တပ်ဆုတ်ထားရသည့် အနေအထားရှိနေခြင်းကြောင့် စစ်ရေးအရ အဓိက အချက်အခြာကျသည့် ကံ့ကော်ကျွန်းကိုသာ အာရက္ခတပ်တော်(AA)ဘက်က အပြည့်အဝ ထိန်းချုပ်နိုင်ပါက မြို့သိမ်းတိုက်ပွဲပြီးဆုံးသွားနိုင်ကြောင်း ဗိုလ်ကြီးဇင်ယော်က ကောက်ချက်ချသည်။

    “ကံ့ကော်ကျွန်းကိုသာ အာရက္ခတပ်တော်ဘက်က ဆွဲထားပြီးပြီဆိုရင်တော့ ပြေးရမယ့် အနေအထားပဲ ဘယ်နေရာမှပြေးလို့မရတော့ဘူး ။ ကံ့ကော်ကျွန်းရောက်ပြီဆိုရင် စစ်တွေဘက်မှာ ရှိတဲ့သူတွေသိပါတယ် ။ ကန့်ကော်ကျွန်းတခုလုံး အာရက္ခတပ်က သိမ်းနိုင်မယ်ဆိုတာနဲ့ စစ်တွေ မြို့သိမ်းတိုက်ပွဲက ပြီးသွားပြီဗျ”ဟု၎င်းက ပြောသည်။

    စစ်ရေးသတင်းအရင်းမြစ်များ၏အဆိုအရ စစ်တွေမြို့ပြင်ရှိ ကံ့ကော်ကျွန်း၊ နာရီကန်တံတား၊ ကျောက်တန်းတံတားတို့သည် စစ်ရေးအရ အချက် အချာကျသည့်နယ်မြေဖြစ်ကြောင်း သိရသည်။ ထိုနေရာများကို ကာကွယ်ရန် စစ်ကော်မရှင်တပ်က စစ်တွေမြို့ သက်ကယ်ပြင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) တဝိုက်ကို ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကစ၍ ခံစစ်အခိုင်အမာ ပြင်ထားခဲ့သည်။

    သို့သော် လက်ရှိအနေအထားအရ အာရက္ခတပ်တော်(AA)၏အင်အားမှာ စစ်တွေ တဝိုက်အင်အားဖြန့်ကျက် ဝိုင်းထားနိုင်ကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်က ဆိုသည်။

    “ဒကစနားက ကာကင်းစခန်းနှစ်ခုကို AA ကသိမ်းလိုက်တာ မနေ့ကမှမဟုတ်ဘူး ။ အရင်ရက်ကတည်းက သိတာ နှစ်ရက်လောက်ရှိပြီ ။ ရန်သူ့အလောင်းတွေရော ဒဏ်ရာရတဲ့သူတွေရောဖမ်းမိထားတယ်”ဟု၎င်းက မဇ္ဈိမကို ပြောသည်။

    လက်ရှိ စစ်တွေ တိုက်ပွဲဧရိယာတွင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်နေခြင်းကြောင့် အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ၎င်းကဆိုသည်။

    စစ်ကော်မရှင်တပ်အနေဖြင့် ယမန်နှစ် ၂၀၂၅ နှစ်အစမှစတင်၍ လပေါင်းများစွာတိုင် စစ်တွေမြို့သို့ စစ်သင်္ဘောများဖြင့် လက်နက်ခဲယမ်းများအပါအဝင် စစ်အင်အား အကြိမ်ကြိမ် ဖြည့်တင်းခြင်း၊ ခံစစ် အခိုင်အမာပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့သည်။

    စစ်တွေမြို့တွင်း၌ လေဆိပ်အပြင် ရေတပ်များရှိရာစခန်းများတွင် စစ်ကော်မရှင်ကလုံခြုံရေးအခိုင်အမာယူထားကြောင်းသိရသည်။

    စစ်တွေမြို့တွင် စစ်သင်္ဘော ၁၀ စီးအထက်ရှိပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ ခလရ (၂၀)၊ ခလရ (၂၇၀)၊ ခလရ (၂၃၂) ခမရ (၃၄၄)၊ ခမရ (၃၅၄)၊ အမှတ်(၁၂) နှင့် အမှတ်(၃၆) ရဲတပ်ရင်းစသည့် တပ်ရင်းတပ်ဖွဲ့ ၁၀ ခုထက်မနည်းရှိသည်။

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် မြို့ ၁၅ မြို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

    AA အနေဖြင့် စစ်တွေ၊ကျောက်ဖြူမြို့နှစ်ခုကို တပြိုင်နက်တည်းတိုက်ပွဲဖော်ဆောင်နေပြီး ရခိုင်-ပြည်မအစပ်ရှိ နေရာဒေသသုံးခုတွင် စစ်မျက်နှာဖွင့်၍ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်သည်။

  • ငွေစက္ကူများကို ရိုရိုသေသေကိုင်တွယ်ရန် စစ်ကောင်စီဗဟိုဘဏ် သတိပေး

    ငွေစက္ကူများကို ရိုရိုသေသေကိုင်တွယ်ရန် စစ်ကောင်စီဗဟိုဘဏ် သတိပေး

    မြန်မာနိုင်ငံတဝန်းမှာ ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကို ဟောင်းနွမ်းပျက်စီးအောင် မလုပ်ဖို့၊ ရေရှည်အသုံးပြုနိုင်ဖို့ ရိုရိုသေသေ ကိုင်တွယ်အသုံးပြုကြဖို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇန်နဝါရီ ၉ ရက်မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။

    ဒါ့အပြင် ငွေစက္ကူပေါ်မှာ နိုင်ငံတော် ဂုဏ်သိက္ခာထိခိုက်စေမဲ့ ဆောင်ရွက်ချက်တွေလုပ်ရင် တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

    ငွေစက္ကူပေါ်မှာ ရေးတဲ့စာက အစိုးရကိုဖြစ်စေ၊ အများပြည်သူ တည်ငြိမ်ရေးကို ဖြစ်စေ ထိခိုက်စေတဲ့ ပြစ်မှုကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ရွံ့၊ ထိတ်လန့်တာ တခုခု ဖြစ်စေဖို့ ကြံရွယ်ချက်ရှိရင်၊ ဒါမှမဟုတ် ပြစ်မှုကျူးလွန်လှုံ့ဆော်ခြင်းဖြစ်စေဖို့ ကြံရွယ်ချက်ရှိရင် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ (ဂ) နဲ့ (ဃ)အရ ၂ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဒ့ါအပြင် ထုတ်ဝေထားတဲ့ ငွေစက္ကူတွေကို ဖြတ်တောက်၊ ဆုတ်ဖြဲ၊ ပုံသဏ္ဌာန်ပျက်ယွင်းအောင် မပြုလုပ်ဖို့နဲ့ ပြုလုပ်ရင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၃ အရ ငွေဒဏ်ဖြစ်စေ၊ ၂ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့လည်း ဆိုထားပါတယ်။

  • ICJ တွင် စစ်တပ်တင်ပြချက် မြန်မာပြည်သူများ၏ဆန္ဒကို ကိုယ်စားမပြုဟု NUG ထုတ်ပြန်

    ICJ တွင် စစ်တပ်တင်ပြချက် မြန်မာပြည်သူများ၏ဆန္ဒကို ကိုယ်စားမပြုဟု NUG ထုတ်ပြန်

    အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာမဲ့ ဂမ်ဘီယာ-မြန်မာ တရားစွဲဆိုမှုတွေနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အားလုံးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ပဲသက်ဆိုင်ပြီး စစ်တပ်ရဲ့ တင်ပြချက်တွေဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုတာမဟုတ်ဘူးလို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှာ NUG က ထုတ်ပြန်ပြောဆိုပါတယ်။

    ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်ရဲ့ နောက်တဆင့်အဖြစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ICJ က ကြားနာတာတွေစမယ်လို့သိရပြီး ဒါဟာ ရိုဟင်ဂျာပြည်သူတွေအတွက်သာမက မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ပါ အလွန်အရေးကြီးတယ် လို့ ဆိုပါတယ်။

    NUG အနေနဲ့ မြန်မာနိုင်ငံပြည်သူတွေကို ကိုယ်စားပြုပြီး ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြိုဆိုခဲ့သလို အရင်က တင်ပြထားခဲ့တဲ့ ပဏာမ ကန့်ကွက်ချက်တွေအားလုံးကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ပြီးတော့ မြန်မာနိုင်ငံရဲ့ အတိတ်ကာလအတွင်း ပျက်ကွက်မှုတွေကြောင့် ရိုဟင်ဂျာတွေ၊ ရခိုင်တိုင်းရင်းသားတွေနဲ့ ခြားလူနည်းစုအသိုင်းအဝိုင်းတွေအပေါ် ဆိုးရွားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ဖြစ်ပွားခဲ့တာကို အသိအမှတ်ပြုထားပြီး NUG အနေနဲ့ အဲဒီလို ရာဇဝတ်မှုတွေ နောက်ထပ်မဖြစ်စေဖို့၊ ပြည်သူအားလုံး ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ နေထိုင်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲတာတွေကို ဆောင်ရွက်ဖို့လည်း အပြည့်အဝ ကတိပြုတယ်လို့ ဆိုပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းကစလို့ ICJ မှာ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုဖို့ တခုတည်းသောအဖွဲ့အစည်းဟာ NUG ပဲဖြစ်တယ်လို့ ICJ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အသိပေးလိုကြောင်းနဲ့ ၂၀၂၁ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှာ ယာယီ ဒုတိယသမ္မတက ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒီအမှုမှာ ဖြည့်စွက်အစားထိုး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီး ICJ ကို တရားဝင် အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

    အာဏာသိမ်းစစ်တပ်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ အသိအမှတ်မပြုထားတဲ့ အဖွဲ့ဖြစ်ပြီး ပြည်သူတွေရဲ့ ထောက်ခံမှုလည်း မရှိတာကြောင့် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICJ မှာ ပြောဆိုခွင့် မရှိဘူးလို့ ဆိုပါတယ်။

    စစ်တပ်ကို ICJ မှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့်ပေးတာဟာ ရိုဟင်ဂျာပြည်သူတွေနဲ့ မြန်မာပြည်သူအားလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်ပြီး ICJ အနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

    လက်ရှိမှာတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ICJ မှာ မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့အမှုကို ၂၀၂၂ ခုနှစ်တုန်းက ဒုတိယအကြိမ် ကြားနာပွဲလုပ်ပြီး စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ရောက်ခွင့်ရခဲ့ပါတယ်။

    လာမဲ့ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ နှုတ်နဲ့ လျှောက်လဲချက်တွေပေးရမှာ ဖြစ်ပြီး မြန်မာနိုင်ငံဘက်က ဘယ်သူတွေတက်ရောက်မယ်ဆိုတာကိုတော့ တရားရုံးက မထုတ်ပြန်သေးပါဘူး။

  • Battalion of Budalin

    Battalion of Budalin

    စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချူပ်(နမခ)ကိုလာတဲ့ စစ်ကောင်စီရဲ့ Mi 17p ရဟတ်ယာဥ်တစီးကို ပစ်ခတ်မှုရုပ်သံကို မုံရွာခရိုင်အမှတ် (၂၀) တပ်ရင်း – BOB (Battalion of Budalin)က ဒီနေ့ထုတ်ပြန်ပါတယ်။

    ကန့်ဘလူ ၆၀၀၆ မှ မုံရွာ နမခကိုလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို ဇန်နဝါရီလ (၈) ရက် နေ့လယ် ၁း၅၄ နာရီမှာ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။