Category: News

  • မဲရုံစောင့်တွေလဲ ငွေပေးပြီး လူငှားနေရပြီ

    မဲရုံစောင့်တွေလဲ ငွေပေးပြီး လူငှားနေရပြီ

    အင်းစိန်နှင့် လှိုင်သာယာတွင် မဲရုံမစောင့်ချင်သည့် Non-CDM ဆရာမများ ပိုက်ဆံပေးနေရ

    ရန်ကုန်တိုင်း၊ အင်းစိန်နှင့် လှိုင်သာယာမြို့နယ်တို့တွင် အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မည့် တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၂) နှင့် (၃) အတွက် မဲရုံမစောင့်ချင်သည့် Non-CDM ဆရာမများ ပိုက်ဆံပေး၍ ရှောင်နေကြကြောင်း နီးစပ်သူများထံက သိရသည်။

    စစ်ကော်မရှင်က ၎င်းတို့၏ တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၂) တွင် မြို့နယ် ၁၀၀ မြို့နယ်ထဲ အင်းစိန်ကိုလည်းကောင်း၊ အပိုင်း (၃) ၌ လှိုင်သာယာ(အနောက်)နှင့် (အရှေ့ပိုင်း)တို့ကိုလည်းကောင်း ထည့်သွင်းထားကြောင်း သိရသည်။

    “မဲရုံမစောင့်ချင်တဲ့ non ဆရာမတွေက ပညာရေးအမှူးရုံးက လူတွေကိုပိုက်ဆံပေးပြီး ရှောင်နေကြတယ်။ ပညာရေးမှုးရုံးကို ပိုက်ဆံမပေးသူတွေဟာ အင်းစိန်ရော လှိုင်သာယာမှာပါ စောင့်ရမယ်” ဟု ထိုပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    လက်ရှိတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိဖြစ်သူ ဦးသက်အောင်စိုးထံ စာအိပ်ထဲ ပိုက်ဆံများထည့်၍ လက်အောက်ခံ Non-CDM များ ပေးဆောင်နေရပြီး အင်းစိန်မြိုနယ်တွင်လည်း ထိုနည်းလည်းကောင်းဖြစ်ကြောင်း သိရသည်။

    ယင်းကဲ့သို့ ဦးစီးအရာရှိများ ငွေကြေးယူဆောင်၍ မဲရုံမစောင့်ချင်သူများကို ဖယ်ထားမှုအား ကျန်ရှိ Non-CDM များက သိရှိသော်လည်း မည်သူမျှ မပြောရဲသလို မဲရုံစောင့်ရမည့် Non-CDM များသည်လည်း အင်းစိန်မြို့မှ လူလိုရင်လျှင် မဲရုံသွားစောင့်ရမည်ဖြစ်ကြောင်း သိရသည်။

    “ပိုက်ဆံက စာအိပ်နဲ့ ပေးနေကြတာဆိုတော့ ပမာဏအတိအကျ သေချာမသိသေးဘူ။ အဓိကကတော့ ဦးစီးအရာရှိတွေ လုပ်နေတာပြောတယ်။ ပိုက်ဆံပေးထားရင် ဘယ်မှာမှ မဲရုံမစောင့်ရဘူး၊ အေးဆေးနှပ်နေလို့ရတယ်” ဟု ထိုကိစ္စ သိထားသူ ပညာရေးမှူးရုံးနှင့် နီးစပ်တစ်ဦးက ပြောသည်။

    ထို့အတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်မည့် ရေချုပ်နှင့် ဝန်ကြီးဟောင်း ဦးစိုးသိန်း၏သား ဦးအေးချမ်းသည် ရွေးကောက်ပွဲ အပိုင်း(၃)၌ အနိုင်ရ၍ မဲအများဆုံး ရရှိစေရန် ပြီးခဲ့သော ရက်ပိုင်းအတွင်း အုပ်ချုပ်ရေးမှူးများမှတဆင့် ဖိအားပေး စည်းရုံးသွားကြောင်း သိရသည်။

    ဓာတ်ပုံ-လူမှုကွန်ရက်

  • ကျောက်ဖြူနဲ့ အနီးဆုံးစခန်းတွေတောင် မထိန်းနိုင်တော့ဘူး

    ကျောက်ဖြူနဲ့ အနီးဆုံးစခန်းတွေတောင် မထိန်းနိုင်တော့ဘူး

    ကျောက်ဖြူတွင် စစ်ရေးအရအရေးပါသည့် သစ်ပုတ်တောင်လမ်းကွဲရှိ စခန်းများကို AA တိုက်ခိုက်၊ မြို့နှင့် ၁၀ မိုင်အကွာအထိနီးကပ်လာ

    ‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး စစ်ရေးအရ အရေးပါသည့် သစ်ပုတ်တောင်လမ်းကွဲရှိ စစ်ကော်မရှင် စခန်းများကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းယူလျက်ရှိကြောင်း သိရသည်။

    ကျောက်ဖြူ-ရမ်းဗြဲ လမ်းမပေါ်ရှိ သစ်ပုတ်တောင်လမ်းကွဲအနီးမှ စစ်ကော်မရှင်၏ ခြေကုတ် စခန်းများကို ယမန်နေ့ ဇန်နဝါရီ ၈ ရက်မှစတင်ကာ AA က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

    “တိုက်ပွဲတွေ စဖြစ်တုန်းက မြို့အနီးက ရွာတွေမှာဖြစ်တာ၊ နောက်တော့ နည်းနည်းဝေးသွားတယ်။ အခု မြို့နားကို ပြန်ကပ်လာပုံရတယ်။ မြို့ပေါ်ကနေ လက်နက်ကြီးသံတွေ အကျယ်ကြီး ကြားနေရတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်တပ်များသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကုလာဘာကျေးရွာမှတစ်ဆင့် သိုင်းချောင်း၊ မင်းပြင်နှင့် ဇိုင်ချောင်းကျေးရွာများအထိ စစ်ကြောင်းထိုးကာ ခြေကုတ်စခန်းများ ပြု လုပ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါစခန်းများကို AA က ပြန်လည်ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

    ‎လက်ရှိတွင် AA ၏ ထိုးစစ်မှာ ကျောက်ဖြူမြို့နှင့် ၁၀ မိုင်ခန့်အကွာအထိ နီးကပ်လာပြီဖြစ်ကြောင်း ရခိုင်စစ်ရေးသတင်းများကို လေ့လာစောင့်ကြည့်နေသည့် Little Rabbit က ဆိုသည်။

    ထို့ပြင် ဓညဝတီရေတပ်ဌာနချုပ်မှ ထွက်လာသည့် စစ်ကြောင်းကိုလည်း AA က ဦးကင်းကျေးရွာ အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကော်မရှင်ဘက်မှ ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

    ‎AA အနေဖြင့် ကျောက်ဖြူမြို့နှင့် ဓညဝတီရေတပ်ဌာနချုပ်အကြား ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်မှု ရယူထားနိုင်ပြီဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သူ၏ စစ်ရေးသုံးသပ်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

    စစ်ကော်မရှင်ဘက်ကမူ ၎င်းတို့၏ အင်အားလိုအပ်ချက်ကို စစ်သင်္ဘောများဖြင့် သယ်ယူ ဖြည့်တင်းပေးနေပြီး ရေတပ်ဌာနချုပ်မှတစ်ဆင့် စစ်ကြောင်းများ ပြန်လည်ဖြန့်ခွဲရန် ကြိုးပမ်း နေကြောင်း သိရသည်။

    ပုံစာ-အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

  • ရန်ကုန်အတွက် ရာဇသံ

    ရန်ကုန်အတွက် ရာဇသံ

    ရန်ကုန်တိုင်းမှာ မကြာမီစစ်ရေးဖော်ဆောင်တော့မယ်လို့ အမှတ်(၂)နယ်မြေစစ်ဆင်ရေးမှူး ပြော

    ၂၀၂၆ မှာ မဟာမိတ်တွေနဲ့လက်တွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးအရှိန်မြှင့်မယ်

    တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ တပြိုင်တည်းလုပ်ဆောင်နေသလို ရန်ကုန်တိုင်းမှာလည်း မကြာမီစစ်ရေးဖော်ဆောင်တော့မယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားပါတယ်။

    ရဲဘော်တင်ဦးဟာ လက်တလော တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ပဲခူးတိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ဖြစ်ပါတယ်။ ဇန်နဝါရီ ၉ရက်ညပိုင်းက ရဲဘော်တင်ဦးနဲ့ ဆက်သွယ်မေးမြန်းမှုမှာ ရန်ကုန်တိုင်းစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားတာ ဖြစ်ပါတယ်။

    “ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင်စုဖွဲ့ပြီးတော့ ရန်ကုန်ကို ကျွန်တော်တို့ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ မကြာမီလည်း စစ်ဆင်ရေးတွေ မြင်တွေ့ရပါလိမ့်မယ်။” လို့ ရန်ကုန်တိုင်းစစ်ရေးနဲ့ပတ်သက်ပြီး မေးမြန်းမှုကို ဖြေကြားပါတယ်။

    အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၆ မှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်သွားမယ်လို့လည်း ဆိုပါတယ်။

    ” ကျွန်တော်တို့တော်လှန်ရေးက ရပ်တန့်သွားတယ်။ အရှိန်ကျသွားတယ်ဆိုတာတော့ မရှိပါဘူး။ ကျွန်တော်တို့ တစ်ဆင့်ချင်းကို စနစ်တကျနဲ့သွားနေပါတယ်။ တော်လှန်ရေးဆိုတဲ့ သဘောကတော့ ရုတ်တရက်ကြီး ဝုန်းကနဲ ဒိုင်းခနဲတော့ ဖြစ်ချင်မှဖြစ်မယ်ဆိုပေမယ့် ကျွန်တော်တို့က လုပ်သင့်လုပ်ထိုက်တာတွေ ကို တစ်ဆင့်ချင်းကိုမှန်မှန်နဲ့ ပန်းတိုင်ကို ချီတတ်နေပါတယ်။ ဒါကြောင့်မို့လည်း တစ်နှစ်ပြီးတစ်နှစ်တော့ အရှိန်အဟုန်ကတော့ မြင့်လာမှာပါဗျ။” လို့ ရဲဘော်တင်ဦးကပြောပါတယ်။

    ရန်ကုန်သာမကပဲ စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကိုလည်း တိုက်ခိုက်ဖို့ ဦးတည်ချက်ရှိတယ်လို့ ပြောပါတယ်။

    “ဧရာဝတီ‌ဆိုတာ အရင်တုန်းက ကျွန်တော်တို့ တော်လှန်ရေးမဖြစ်လောက်ဘူးလို့ ထင်ခဲ့တဲ့နေရာတစ်ခုပေါ့ ။ သို့ပေမယ့် ဧရာဝတီတိုင်းထဲမှာကို တိုက်ပွဲတွေဖြစ်နေပြီ။ ဧရာဝတီသားတွေရဲ့ ကြိုးပမ်းမှုနဲ့ တိုက်ပွဲတွေဖြစ်လာတယ်” ဧရာဝတီတိုင်းထဲမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတဲ့ အကြောင်းကို ပြောပါတယ်။

    လက်ရှိတော်လှန်ရေးဟာ ပြည်သူကို အခြေပြုတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့လည်း ဆက်လက်ဝန်းရံပေးဖို့လည်း ရဲဘော်တင်ဦးက တောင်းဆိုထားပါတယ်။

    ” ပြည်သူလူထုရဲ့ အားပေးကူညီမှူ ပြည်သူလူထုရဲ့ တောင့်ခံနိုင်မှုမှာ ဒါ အရမ်းအရေးကြီးပါတယ်။ ပြည်သူတွေ အနေနဲ့လည်း တိုက်ပွဲတွေမှာ ကျွန်တော်တို့ ခက်ခဲတာတွေရှိတယ်ဆို‌‌ ပေမယ့် ဒါတွေကို ကျွန်တော််တို့ကျော်ဖြတ်ပြီးတော့ ကျွန်တော်တို့ အားလုံးလိုလားတဲ့ ပန်းတိုင်ကို ရောက်အောင်တော့သွားနေပါတယ်။ဒါကြောင့်မို့ ပြည်သူတွေကိုလည်း ပြောချင်ပါတယ်။ ဆက်လက်ပြီးတော့ အားပေးပါ။ ဝန်းရံပါ။ ဒီတော်လှန်ရေးက ပြည်သူသာအဓိကပါလို့ပြောချင်ပါတယ်။”လို့ ပြောပါတယ်။

    အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနဟာ အောင်မြင်စစ်ဆင်ရေးအဖြစ် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်က တောကျွဲအင်းမြို့(အောင်မြင်မြို့)အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်းက စစ်တပ်စခန်းတွေကို သိမ်းပိုက်ချေးမှုန်းခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက မနေ့က ထုတ်ပြန်ပါတယ်။

    ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းကစပြီး တောကျွဲအင်းမြို့၊ သာယာကုန်းမြို့၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်၊ ကျွဲပွဲကြားနဲ့ စည်ပင်သာကျေးရွာတွေမှာရှိတဲ့ စခန်း ၁၄ခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

    တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံများ၊ ရွေးကောက်ပွဲကော်မရှင်ရုံး နဲ့ နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။

    ဒါ့အပြင် တောကျွဲအင်းမြို့နယ်မြေရဲစခန်းမှာ စစ်တပ်ကဖမ်းဆီး ချုပ်နှောင်ထားတဲ့ ပြည်သူ(၈)ဦးကို စီစစ်ပြီး လွှတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ညောင်လေးပင်မြို့နဲ့ ပိန်းဇလုပ်မြို့ကြားက ရန်ကုန်-မန္တလေးလမ်းဟောင်းမှာလည်း လုံခြုံရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

    (အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့(အောင်မြင်မြို့)အပါအဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းက စစ်တပ်စခန်းတွေကို သိမ်းပိုက်ချေးမှုန်းအပြီး မြင်ကွင်း။ ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန)

  • စစ်​တွေ စစ်ကူကားတွေ

    စစ်​တွေ စစ်ကူကားတွေ

    ရုပ်ရှင်ဇာတ်ကားလို့တောင် ထင်ရတယ်။

    စစ်​တွေ စစ်ကူကား မိုင်းဆွဲခံရတာလား။

    လက်နက်ကြီးထုခံရတာလား ရက်စက်တယ်ဗျာ။

    မအလ စခတွေ အကုန်မိုးပျံခုန်သွားကြတယ်။

  • ပွိုင့် ၆၆၆ ကို ရိက္ခာ ဖြတ်ပြီ

    ပွိုင့် ၆၆၆ ကို ရိက္ခာ ဖြတ်ပြီ

    ပွိုင့် ၆၆၆ ကို ရိက္ခာလာပို့သည့် ဒရုန်းအချို့အား AA က ပစ်ချသိမ်းဆည်း

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ ရခိုင်-ပဲခူးလမ်းပေါ်ရှိ စစ်ကော်မရှင်တပ်၏ ပွိုင့် ၆၆၆ စခန်းကုန်းကို ရိက္ခာလာပို့သည့်ဒရုန်းနှင့် တိုက်ခိုက်ရေးဒရုန်းအချို့အား အာရက္ခတပ်တော်(AA)က ပစ်ချနိုင်ခဲ့၍ သိမ်းဆည်းရမိထားသည်ဟု သတင်းရရှိသည်။

    ရိက္ခာလုံးဝဖြတ်တောက်ခံနေရသည့် ၆၆၆ စခန်းကုန်းကို ရိက္ခာလာပို့သည့်အဆိုပါဒရုန်းအချို့အား ယခုရက်ပိုင်းအတွင်း AA က ပစ်ချနိုင်ခဲ့၍ သိမ်းဆည်းရမိထားခြင်းဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “သူတို့က ဒရုန်းတွေကို ညဖက်မှလွှတ်တာ။ အပစ်ခံရတာကလည်း ညဖက်ပဲ။ AA ဖက်က ပျက်ကျတဲ့ဒရုန်းတချို့ကို သိမ်းဆည်းရမိထားတယ်” ဟု ပြောသည်။

    အဆိုပါတိုက်ခိုက်ရေးဒရုန်းနှင့် ရိက္ခာပို့ဒရုန်းများမှာ ပန်းတောင်းမြို့နယ်၊ မသုံရွာအနီးတွင်တည်ရှိသော ကပစ (၁၆)ယမ်းချက်စက်ရုံမှ လွှတ်ပေးသော ဒရုန်းများဖြစ်ကြောင်း သိရသည်။

    လက်ရှိ ဇန်နဝါရီ ၉ ရက်နေ့အထိ ကပစ(၁၆)နှင့် ပွိုင့် (၆၆၆)ကြားရှိ နေရာများတွင် အင်အားအလုံးအရင်းဖြင့် ဒရုန်း၊ လက်နက်ပစ်ပြီး စစ်ကူလာသည့်စစ်ကြောင်းများနှင့် AA ဦးဆောင်သည့်ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

    “၆၆၆ ဖက်ကို စစ်ကြောင်းတွေလွှတ်တယ်။ အင်အား‌တွေက ရာနဲ့ချီပဲ။ ၆၆၆ ထဲမှာက ရိက္ခာဖြတ်တောက်ခံထားရလို့ စစ်သားတွေငတ်‌ပြတ်နေပြီ။ ထွက်ပြေးတဲ့သူက ပြေးနဲ့။ လက်ရှိအနေအထားအရ ကပစ(၁၆)နဲ့ (၆၆၆)ကြား တိုက်ပွဲပြင်းတယ်။ ထိခိုက်ကျဆုံးမှုတော့ မသိရသေး” ဟု ပြောသည်။

    ပန်းတောင်း- တောင်ကုတ် ကားလမ်းပေါ်ရှိ လေလာတောင်နှင့် ၆၆၆ ပွိုင့်စခန်းကုန်းသို့ ရိက္ခာပို့ရန် ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းနှင့် AA ဦးဆောင်သည့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တို့အကြား ဇန်နဝါရီ ၃ ရက်နေ့မှစ၍ ယနေ့အထိ ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

    လေလာတောင်၊ ၆၆၆ ပွိုင့်စခန်းကုန်း၊ ဆင်လန်စခန်းတို့လည်း AA ၏ ပိတ်ဆို့ဖြတ်တောက်ခြင်းကိုခံနေရပြီး ရိက္ခာလာပို့သည့် စစ်ကြောင်းများကို AA နှင့်ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်မှုကြောင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။

    စစ်ကော်မရှင်စစ်ကြောင်းများသည် ၆၆၆ စခန်းကုန်းသို့ စစ်ကူများကို ရသည့်နည်းဖြင့် ပို့ဆောင်လျက်ရှိသည့်နည်းတူ AA ဘက်ကလည်း လာသမျှစစ်ကူစစ်ကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထားလျက်ရှိသည်ဟု သိရသည်။

    ပွိုင့် ၆၆၆ ကို စစ်ကော်မရှင်ဘက်က စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး အကြိမ်ကြိမ် ထိုးစစ်ဆင်‌လာသော်လည်း AA နှင့်ပူး‌ပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တို့၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အထိနာကျဆုံးများပြီး နောက်ဆုတ်သွားရသည်မှာလည်း အကြိမ်ကြိမ်ရှိပြီဟု ၎င်းက ပြောဆိုသည်။

    ၆၆၆ ပွိုင့်ကုန်းကို လက်ရှိ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အဓိကပါဝင်သော တပ်များမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ (၅)၊ ကပစ(၆)၊ ကပစ (၉)နှင့် ကပစ(၁၆)တို့မှ ဖြစ်ကြသည်ဟု သိရသည်။