Category: News

  • စစ်တပ်၏ တပ်စခန်းနှင့် ကင်းစခန်း ၁၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု

    စစ်တပ်၏ တပ်စခန်းနှင့် ကင်းစခန်း ၁၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု

    ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ တောကျွဲအင်းမြို့ အပါအဝင် စစ်တပ်၏ တပ်စခန်းနှင့် ကင်းစခန်း ၁၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၅၀ ဦးသေဆုံး

    ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ တောကျွဲအင်းမြို့ အပါအဝင် အကြမ်းဖက် စစ်တပ်၏ တပ်စခန်းနှင့် ကင်းစခန်း ၁၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၅၀ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါအဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် ကင်းစခန်းတို့ အပါအဝင် အကြမ်းဖက်စစ်တပ်၏ စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၀ ဦးထက်မနည်း သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များသည် တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံများ၊ ရွေးကောက်ပွဲကော်မရှင်ရုံး နှင့် နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

    တောကျွဲအင်းမြို့ နယ်မြေရဲစခန်းတွင် အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီး ချုပ်နှောင်ထားသော ပြည်သူ ၈ ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က စီစစ်၍ လွှတ်ပေးနိုင်ခဲ့ကြောင်း၊ ညောင်လေးပင်မြို့ နှင့် ပိန်းဇလုပ်မြို့ကြားရှိ ရန်ကုန် – မန္တလေးလမ်းဟောင်းတွင်လည်း လုံခြုံရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    “ဒီတိုက်ခိုက်မှုမှာ ကျနော်တို့ PDF ကြီးပဲ သီးသန့် ပထမ ဦးဆုံး လုပ်တဲ့ လုပ်ငန်းစဉ်ပေါ့။ ဒါကတော့ အောင်မြင်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တာပေါ့” ဟု ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။

    ထိုစစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပါင်းတပ်ဖွဲ့ နှင့် အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖတို့ ဆောင်ရွက်ခဲ့ကြောင်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ဂိတ်စခန်း ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၉) မှ ပူးပေါင်းစစ်ဆင်ရေးအနေဖြင့် တိုက်ပွဲ ဖော်ဆောင်ခဲ့သည်။

    အဆိုပါ စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပဲခူးတိုင်း စစ်ဌာန နယ်မြေအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါသောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်‌‌တပ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွားရောက်ခြင်းများ မပြုကြရန်နှင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြပါရန် အသိပေးလိုကြောင်း ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

  • စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ကာကင်းစခန်း ၂ ခုကို AA တိုက်ခိုက်သိမ်းယူ

    စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ကာကင်းစခန်း ၂ ခုကို AA တိုက်ခိုက်သိမ်းယူ

    စစ်တွေမြို့ရှိ စစ်ကော်မရှင်၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ကာကင်းစခန်းအချို့ကို အာရက္ခတပ်တော် (AA) က သိမ်းယူလိုက်ကြောင်း သိရသည်။

    ဒကစ၏ မိုင်အနည်းငယ်အကွာရှိ ကာကင်းစခန်း နှစ်ခုကို ယနေ့ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် AA က ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎”ဒကစနဲ့ ၂ မိုင်လောက်ပဲကွာတဲ့ ကာကင်းစခန်းတွေကို ဝင်သိမ်းသွားတယ်ပြောတယ်။ ကာကင်းဆို ပေမယ့် အင်အားတွေဖြည့်ထားလို့ လူအင်အားအတော်ရှိတဲ့ စခန်းတွေလို့ သိထားပါတယ်” ဟု စစ်တွေသတင်းရင်းမြစ်က ပြောသည်။

    ကာကင်းစခန်းများတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်အင်အား ၃၀၀ မှ ၄၀၀ အထိ ရှိနေပြီး တိုက်ခိုက် ခံရချိန်တွင် ဒဏ်ရာရနှင့် သုံ့ပန်း ၃၀ ကျော် ဖမ်းမိခဲ့ကြောင်း သိရသည်။

    စစ်ကော်မရှင်၏ ဒကစ ကာကင်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင် AAက ပြောက်ကျားစနစ်ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်နေ့တွင် ဒကစအနီး တောကန်ကျေးရွာစခန်းကို ဒရုန်းနှင့် လက်နက်ငယ်များသုံး၍ ဝင်ရောက်တိုက်ခိုက်မှုများ ရှိခဲ့သည်။

    ‎ဝါဘို၊ ကျားမသောက်၊ အမြင့်ကျွန်းရှိ စစ်တပ်စခန်းများကိုလည်း AAက တပြိုင်နက် တိုက်ခိုက်ထားပြီး ဒကစအတွင်းကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ‎AA က ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို သိမ်းယူထားပြီး မာန်အောင်မြို့နယ်မှလွဲ၍ ကျန်နှစ်မြို့နယ် ဖြစ်သည့် ကျောက်ဖြူနှင့် စစ်တွေတွင် တိုက်ပွဲဖော်ဆောင်ထားသည်။

    ‎ကျောက်ဖြူတွင်လည်း အဓိကတပ်စခန်းများကို ဦးတည်တိုက်ခိုက်နေပြီး မြို့နှင့်အနီးဆုံးရှိ စစ်စခန်းများ ကိုလည်း ထိုးစစ်ဆင်ထားကြောင်း သိရသည်။

    ဓာတ်ပုံ- AA

  • တရားမဝင် ငွေကြေးတောင်းသည်ဟု ဆိုကာ ဗိုလ်နဂါး၏ စစ်ဆေးရေးဂိတ်၂ခုကို NUG စီးနင်း

    တရားမဝင် ငွေကြေးတောင်းသည်ဟု ဆိုကာ ဗိုလ်နဂါး၏ စစ်ဆေးရေးဂိတ်၂ခုကို NUG စီးနင်း

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဗိုလ်နဂါးတပ်ဟု လူသိများသည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ( BNRA) ၏ စစ်ဆေးရေးဂိတ် နှစ်ခုကို ယနေ့ (ဇန်နဝါရီလ ၉ ရက်) နံနက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက စီးနင်းခဲ့ကြောင်း သိရသည်။

    ပုလဲမြို့နယ်အတွင်း BNRA ၏ ချင်ပြစ်ရွာနှင့် မရိုးတုံးရွာကြားဂိတ်၊ ပုပ္ပါရွာ ဂိတ်စခန်းတို့ကို စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ထံက သိရသည်။

    အဆိုပါတပ်က စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ငွေကြေးတောင်းခံနေကြောင်း ဒေသခံပြည်သူများက တိုင်ကြားလာသည့်အတွက် အဆိုပါစီးနင်းမှု ဖြစ်ပေါ်လာကြောင်း ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက်က ပြောသည်။

    “BNRA က ပုလဲနယ်အတွင်းမှာ တရားမဝင်ဂိတ်တွေဖွင့်ပြီးတော့ ပြည်သူတွေဆီက ငွေကြေးကောက်ခံ တာတွေရှိတာပေါ့။ ဒါတွေအပေါ်မှာ သူတို့တောင်းသလောက်ပေးလိုက်ရတဲ့ ပြည်သူတွေကလည်း ကျွန်တော်တို့မြို့နယ် ပအဖ ကို တိုင်တော့ စာနဲ့မဟုတ်ပေမယ့် ချလံ (ငွေပြေစာ) ကို လှမ်းပြီးပို့တာပေါ့။ ဒီလိုဆောင်ခဲ့ရတာဆိုတော့။ အဲ့ဒါတွေအကြိမ်ကြိမ်ဖြစ်နေတာပေါ့”

    “ နောက်ပိုင်းမှာ ကားတွေတင် မဟုတ်ဘဲနဲ့ ကိုယ့်မြို့နယ်အတွင်းမှာပဲ ဟိုရွာဒီရွာကူးတဲ့ ဆိုင်ကယ်သမားတွေ ဆီကနေတောင် ပိုက်ဆံကောက်တယ်။ မပေးရင်သွားလို့မရဘူးဆိုတဲ့အနေအထားအထိ လုပ်လာတာပေါ့”ဟု ဦးဇော်ထက်က ဆိုသည်။

    အဆိုပါ ငွေကောက်ခံနေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး မြို့နယ် ပအဖ၊ ပကဖနှင့် ပလဖ တို့ပါဝင်သည့်အဖွဲ့က NUG၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ယင်းမာပင်ခရိုင်ကွပ်ကဲရေးကို ဒီဇင်ဘာလ လကုန်အစည်းအဝေး တွင် တင်ပြခဲ့ပြီးနောက် ခရိုင်ကွပ်ကဲရေး ဦးဆောင်မှုဖြင့် ထိုကဲ့သို့ စီးနင်းခဲ့သည်ဟု သိရသည်။

    NUG အနေဖြင့် အဆိုပါဂိတ်များအား တရားမဝင် ငွေကြေးကောက်ခံသည့်ဂိတ်များအဖြစ် သတ်မှတ်ကာ စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ပအဖထံက သိရပြီး စီးနင်းမှုအတွင်း ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

    “ပစ်ခတ်မှုဖြစ်တယ်လို့တော့မကြားမိဘူး။ သူတို့ကိုတော့ သက်ဆိုင်ရာခရိုင်ကွပ်ကနေ တာဝန်ပေးလိုက် တဲ့သက်ဆိုင်ရာတပ်မှူးတွေ အဆင့်ဆင့်ကနေ သွားရောက်ပြီးတော့ တရားမဝင်ဂိတ်တွေဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ပြောဆိုတယ်။ သူတို့မဖယ်နိုင်ဘူး ဘာညာ စကားအရတော့ အချေအတင်တွေ ပြောတာရှိမှာပေါ့။ နောက်ပိုင်းမှာတော့ သူတို့ဆုတ်သွားရတယ်လို့ကြားရတယ်”ဟု ဦးဇော်ထက်က ဆိုသည်။

    ချင်ပြစ်ဂိတ်မှ သေနတ်တစ်လက် သိမ်းဆည်းခဲ့ပြီး အသေးစိတ်အခြေအနေများကိုမူ ယင်းမာပင်ခရိုင် ကွပ်ကဲရေးကို မေးမြန်းရန် ၎င်းကဆိုသည်။

    ပုလဲမြို့နယ်အတွင်း NUG စစ်ဆေးရေးဂိတ် ငါးခုရှိပြီး ဂိတ်တစ်ခုတွင် အခွန်ပေးဆောင်ပြီးပါက ကျန်ဂိတ်များတွင် ထပ်မံပေးဆောင်ရန် မလိုဘဲ ပေးဆောင်ပြီးကြောင်း ချလံပြပြီး ဖြတ်သန်းနိုင်ကြောင်း၊ စစ်ဆေးရေးဂိတ်တွင် အိမ်စီးကားတစ်စီးလျှင် ကျပ်သုံးထောင်၊ ကုန်ကား (၁၂) ဘီးကားတစ်စီးလျှင် ကျပ်သုံးသောင်း၊ ခြောက်ဘီးကားတစ်စီးလျှင် ကျပ်တစ်သောင်း ကောက်ခံကြောင်း ပအဖထံက သိရသည်။

    NUG လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များက BNRA ကိုတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း၊ ဆက်လက် လုပ်ဆောင်ပါက ရန်ဘက်အဖြစ်သတ်မှတ်ပြီး အဆုံးစွန်အထိ တုံ့ပြန်သွားမည်ဟု BNRA က ယမန်နေ့တွင် ကြေညာချက်ထုတ်ထားပြီးနောက် ယနေ့နံနက် ဂိတ်နှစ်ခု စီးနင်းခံရမှု ဖြစ်ပွားခဲ့သည်။

    ထိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က PDF သည် တော်လှန်ရေးအင်အားစုချင်း တိုက်ခိုက်ရန်ထူထောင်ထားခြင်းမဟုတ် ဟု တုံ့ပြန်သည်။

    “PDF ကို တည်ထောင်တာဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုအချင်းချင်း တိုက်ဖို့ မဟုတ်ပါ။ ဒါပေမဲ့ NUG က အစိုးရတရပ်အနေနဲ့ နယ်မြေအုပ်ချုပ်ရေး ဆောင်ရွက်မှုတွေ၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုတွေကို အနှောင့်အယှက်ပေးလာတာမျိုးရှိရင်တော့ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ ရှိနိုင်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

    BNRA ဂိတ်များကို စီးနင်းမှုနှင့်ပတ်သက်ပြီး မေးမြန်းရာ လက်ရှိအခြေအနေ အသေးစိတ်ကို မသိရသေးဟု ဦးနေဘုန်းလတ်က ဆိုသည်။

    ဂိတ်များစီးနင်းခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပါ။

    ပုလဲတွင် လှုပ်ရှားသော လက်နက်ကိုင်အဖွဲ့တစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒေသအခြေစိုက်အဖွဲ့များအနေဖြင့် အဖွဲ့ရပ်တည်ရေး အခွန်ကောက်ခံမှုများ ရှိနိုင်ပြီး NUG အနေဖြင့် တစ်ဦးတည်း လုပ်ပိုင်ခွင့် မရှိကြောင်း ပြောသည်။

    “ ဒီတော်လှန်ရေးတိုက်နေတယ်ဆိုတာက ဘယ်နိုင်ငံကမှလည်း အကူအညီမရဘူး။ ကိုယ့်ရှိတာလေးတွေနဲ့ ကိုယ့်ဒူးကိုယ်ချွန်တိုက်နေကြတယ်။ NUG MOD တို့ဆိုရင် နိုင်ငံတကာကလည်း အလှူငွေတွေ အများ ကြီးရတယ်။ စီးပွားရေးလုပ်ကွက်တွေလည်း သိမ်းထားတဲ့မြို့တွေက ရတယ်။ အဲ့ဒီလိုဝင်ငွေစီးဆင်းတဲ့ သူတွေကျတော့ လက်နက်ခဲယမ်းဝယ်နိုင်တယ်။ ကျန်တဲ့အဖွဲ့တွေ၊ သီးသန့်လှုပ်ရှားတဲ့အဖွဲ့တွေကျတော့ အဲ့ဒီလောက်ကြီးမရဘူး။ မရတော့နယ်မြေတွေမှာ လူထုတွေဆီက အခွန်ကောက်တာတို့၊ အလှူငွေ ကောက်တာတို့ရှိတယ်” ဟု ဆိုသည်။

    တော်လှန်အဖွဲ့များအနေဖြင့် လက်နက်ခဲယမ်း ဝယ်ယူရေးနှင့်ရန်သူကို အနိုင်တိုက်နိုင်ရေးအတွက် ငွေကြေးကောက်ခံမှုများ လုပ်ဆောင်ပါက NUG ဘက်က ခွင့်ပြုပေးသင့်ကြောင်း ဆိုသည်။

    “ ဒါလည်းဆက်လက်ရှင်သန်ရပ်တည်ရေးရယ်၊ လက်နက်ခဲယမ်းမီးကျောက်ဝယ်ပြီး ရန်သူကိုတိုက်နိုင် ရေးအတွက်ပေါ့။ ကိုယ်ကျိုးရှာဖို့မဟုတ်ဘူး။ အဲ့ဒီလိုအဖွဲ့တွေလုပ်တာ ဆိုရင်လည်း သူတို့ဘက်က ခွင့်ပြုပေးရမှာပေါ့။ သူတို့လည်း စစ်တပ်ကိုအနိုင်တိုက်ထားတဲ့ Official Government ကြီးလည်း မဟုတ်သေးဘူး။ အကုန်တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းအတူတူ လုပ်ကိုင်ခွင့်ပေးရမှာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

    မကွေးတိုင်း၊ ပုံတောင်ပုံညာဒေသနှင့်ထိစပ်နေပြီး ဆက်သွယ်ရေးအရ အချက်အချာကျသည့် ပုလဲမြို့နယ်သည် တော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးမှုအားကောင်းပြီးစစ်တပ်ကမြို့ပေါ်တွင်သာ ထိန်းချုပ်ထားနိုင်သည်။

    ယင်းမာပင်ခရိုင်တွင်ပါဝင်သည့် ပုလဲမြို့နယ်တွင် အမျိုးသားညီညွတ်ရေးလက်အောက်ခံ တပ်ရင်း တပ်ဖွဲ့၊ ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ လှုပ်ရှားကြသည်။

    မကွေးတိုင်း၊ ပုံတောင်ပုံညာဒေသနှင့်ထိစပ်နေသည့် ပုလဲမြို့နယ်တွင် စစ်တပ်က မြို့ပေါ်ကိုထိန်းချုပ် ထားသော်လည်း ကျေးလက်ဒေသအများစုကို‌ တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။

    အဆိုပါ ပွတ်တိုက်မှုနှင့်ပတ်သက်ပြီး လက်နက်ကိုင်များအကြား ညှိနှိုင်းဆွေးနွေးဖြေရှင်းရန် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် စစ်ရေးလှုပ်ရှားသည့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် တစ်ဦးက မှတ်ချက်ပြုသည်။

    “မြေပြင်ပဋိပက္ခတွေကိုချုပ်ငြိမ်းနိုင်ဖို့အရေးလက်ရှိအခြေအနေအရ မြေပြင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ တွေပဲဖြစ်စေ ကြားကာလညီညွတ်ရေးအစိုးရပဲဖြစ်စေ အဲ့ဒီမှာ အချင်းချင်းကြားမှာ ညှိနှိုင်း ဆွေးနွေး တိုင်ပင်ပြီးတော့ တကယ်ကိုပဲအလုပ်ဖြစ်တဲ့ လမ်းစဉ်ကိုပဲလျှောက်လှမ်းကြဖို့ပဲ မှတ်ချက်ပြုချင်ပါတယ် ”ဟု ၎င်းက ဆိုသည်။

  • ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ

    ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ

    ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး တွဲကားများပါ မီးလောင်နေ၊ ရထားလမ်းနှင့်ကားလမ်းများအားလုံး ယာယီရပ်ဆိုင်းနေ

    ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နှင့် ကျွဲပွဲအကြား စည်ပင်သာယာကျေးရွာအနီးရှိ စစ်တပ်စခန်းနှင့် တောကျွဲအင်းမြို့ရှိ စစ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများက ပြောဆိုသည်။

    ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် လုံခြုံရေးစစ်ဆေးနေသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

    ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နှင့်ကျွဲပွဲကျေးရွာ အကြားစည်ပင်သာကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲများက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိ တိုက်ပွဲ ပြင်းထန်နေပြီး တွဲကားတချို့လည်း မီးများလောင်ကျွမ်းနေကြောင်း၊ ရန်ကုန်မန္တလေးကားလမ်းဟောင်းပေါ်တွင် လမ်းပိတ်ဆို့သွားပြီး ယာဉ်အသွားအလာ ရပ်ဆိုင်းနေကြောင်း၊ ရန်ကုန်-မန္တလေး ရထားများပါ ဘူတာများတွင် ရပ်တန့်ထားကြောင်း သိရှိရသည်။

    “တွဲကားတွေ မီးလောင်နေတယ်။ ဘယ်လိုဖြစ်တာလဲတော့မသိဘူး။ ကားတွေလည်း ပိတ်နေတယ်။ လက်နက်ကြီးသံတွေ ပစ်ခတ်သံတွေ တောက်လျှောက်ပဲ။ ရန်ကုန်-မန္တလေး အမြန်ရထားလည်းပြွန်တံဆာဘူတာမှာ ရပ်ထားတယ်။ ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ကားပိတ်တာက တောကျွဲအင်းကျောက်တံခါးမြို့နယ်အစပ်ထိ ကားတွေ ပိတ်နေတာ။ ကားတွေ ပြန်လှည့်ဖို့ ကြိုးစားနေတာလည်းတွေ့တယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောဆိုသည်။

    ရန်ကုန်-မန္တလေး ရထားများ ပြွန်တန်ဆာဘူတာတွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲများကြောင့် ရပ်တန့်ထားရစဉ်

    ယင်းအပြင် ယနေ့ နံနက် ၃ နာရီဝန်းကျင်မှစတင်ပြီး ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နယ်၊ ပဲနွယ်ကုန်းနှင့် တောကျွဲအင်းမြို့အကြားရှိ စစ်တပ်စခန်းများကိုလည်း တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရှိရသည်။

    “တိုက်ပွဲဖြစ်တာကတော့ နေရာအများကြီးမှာဖြစ်နေတာ။ တစ်နေရာတည်းကို ဝင်တိုက်တာတော့မဟုတ်ဘူးထင်တယ်။ စစ်ကားတွေလည်း တောက်လျှောက်သွားနေတာတွေ့ရတယ်။ ဖြူးနဲ့ ကျောက် တံခါးအကြားက စခန်းတွေကို ဝင်တိုက်တယ်လို့လည်းကြားတယ်” ဟု ဖြူးမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ရန်ကုန်-မန္တလေး ရထားများ ပြွန်တန်ဆာဘူတာတွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲများကြောင့် ရပ်တန့်ထားရစဉ်

    ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များ အတွင်းရှိ အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၄၀ ခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တော်၊ ပဲခူးတိုင်းစစ်ဌာနက တရား၀င် သတင်းထုတ်ပြန်ထားသည်။

  • စစ်တပ်ပိုင် Mytel နှင့်ဆက်နွယ်သော လူမှုကွန်ရက် ၁,၀၀၀ ကျော်ကို Facebook ဖယ်ရှား

    စစ်တပ်ပိုင် Mytel နှင့်ဆက်နွယ်သော လူမှုကွန်ရက် ၁,၀၀၀ ကျော်ကို Facebook ဖယ်ရှား

    👏🏽 Mytel နှင့်ဆက်စပ် စာမျက်နှာ၊ Group နှင့် အကောင့် ပေါင်း ၁၀၀၀ ကျော်ကို Facebook ဖယ်ရှား

    Facebook သည် မိုင်တဲလ်၊ မိုင်တဲလ်ကိုယ်စားလှယ်များနှင့် လက်လီအရောင်းဆိုင်များ၏ စာမျက်နှာပေါင်း ၁၀၀၀ ကျော်ကို ဖယ်ရှားလိုက်ရာ၊ ၄င်းသည် မြန်မာစစ်တပ်ထိန်းချုပ်ထားသော ဆက်သွယ်ရေးကွန်ရက်၏ အွန်လိုင်းတည်ရှိမှုအပေါ် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်လာစေခဲ့သည်။

    ထိုသို့ဖယ်ရှားမှုသည် Facebook လူမှုကွန်ရက်၏ မိခင်ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ်တွင် ချမှတ်အကောင်အထည်ဖော်ခဲ့သည့် မြန်မာစစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်‌သည့် Facebook ၏မူဝါဒနှင့်လည်း ကိုက်ညီသည်။

    ထိုအချိန်က Mytel ကို Facebook မှ ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း ကုမ္ပဏီသည် စာမျက်နှာသစ်များ ဖွင့်လှစ်ကာ ပိတ်ပင်မှုကို ရှောင်ရှားခဲ့သလို၊ တစ်ဖက်တွင်လည်း မိုင်တဲလ်ကိုယ်စားလှယ်များနှင့် အရောင်းဆိုင်များ၏ အကောင့်များသည် ယခုအချိန်အထိ ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။

    Justice For Myanmar သည် ဖြုတ်ချခဲ့ပြီးဖြစ်သည့် MRTV Friday Night Live Show စာမျက်နှာနှင့်အတူ အဆိုပါစာမျက်နှာများကို ယခုသီတင်းပတ်အတွင်း Facebook ထံ သတင်းပို့တိုင်ကြားခဲ့ခြင်းလည်းဖြစ်သည်။

    အဆိုပါဝါဒမှိုင်းဖြန့် စာမျက်နှာများအကြောင်း ကျွန်ုပ်တို့ထံ သတင်းပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

    မိုင်တဲလ် အမည်ဖြင့် လုပ်ကိုင်နေသော Telecom International Myanmar ကို စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global ကော်ပိုရေးရှင်းနှင့် မြန်မာခရိုနီများ၏ ဦးပိုင်ကုမ္ပဏီတစ်ခုတို့က ပိုင်ဆိုင်သည်။ ယင်းကုမ္ပဏီသည် မြန်မာစစ်တပ်ထံ အခွန်ဝင်ငွေများနှင့် နည်းပညာများ ပေးအပ်နေပြီး၊ စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် သတင်းအချက်အလက် စိစစ်ဖြတ်တောက်ခြင်းများတွင်လည်း ကူညီပံ့ပိုးပေးလျက်ရှိသည်။

    Mytel ၏ အမြတ်ငွေခန့်မှန်းချက်များအရ မြန်မာစစ်တပ်သည် Mytel လုပ်ငန်းလည်ပတ်မှု (၅) နှစ်မှ (၉) နှစ်အတွင်း ၎င်းတို့၏ ရှယ်ယာပိုင်ဆိုင်မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ ရရှိနိုင်ဖွယ်ရှိပြီး၊ ထို့နောက်ပိုင်း (၅) နှစ်တာကာလအတွင်း နောက်ထပ် ဒေါ်လာ သန်း ၄၅၀ ထပ်မံရရှိနိုင်ကြောင်း တွေ့ရသည်။ ၎င်းသည် စစ်တပ်နှင့် ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများအတွက် ကြီးမားသော ဝင်ငွေရပေါက်ကြီးတစ်ခု ဖြစ်လာစေသည်။

    စစ်တပ်ကို ဘဏ္ဍာငွေထောက်ပံ့ခြင်းနှင့် ၎င်းတို့၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုများကို ကူညီပံ့ပိုးပေးခြင်းအားဖြင့် Mytel သည် မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိသည်။

    မိုင်တဲလ်၏ အပ်ပလီကေးရှင်းများကို Google Play Store နှင့် Apple App Store တို့တွင် လက်ခံပေးထားသည့် Alphabet နှင့် Apple တို့ အပါအဝင် အခြားနည်းပညာကုမ္ပဏီများအနေဖြင့် မိုင်တဲလ်အပေါ် ပိတ်ပင်အရေးယူမှုများ ဆောင်ရွက်ကြရန် Justice For Myanmar က တောင်းဆိုပါသည်။