Category: News

  • မကွေး၊ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်

    မကွေး၊ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်

    အမ်း-ပဒါန်းလမ်းမပေါ် ရခိုင်ရိုးမက နတ်ရေကန်ဗျူဟာအနီးမှာရှိတဲ့ ဂုတ်ကြီးရွာမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ‌)ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    ဂုတ်ကြီးရွာဟာ နတ်ရေကန်ဗျူဟာစခန်းရဲ့ ကာကင်းတစ်ခုလည်းဖြစ်ပြီး အမ်း-ပဒါန်းလမ်းကို ထိန်းထားတဲ့နေရာတွေထဲက တစ်ခုလို့ သူက ရှင်းပြပါတယ်။

    စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဂုတ်ကြီးရွာကို စစ်တပ်က ပြန်ထိန်းချုပ်ပြီလို့ ရေးသားနေကြပါတယ်။

    ဂုတ်ကြီးရဲကင်းစခန်း၊ စာသင်ကျောင်းနဲ့ ဘုရားကုန်းစတဲ့ နေရာတွေအပါအဝင် ရွာတစ်ခုလုံးကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ ဓာတ်ပုံတွေနဲ့အတူ ရေးသားဖော်ပြနေကြတာပါ။

    သတင်းရင်းမြစ်ကတော့ “တချို့နေရာတွေ စစ်တပ်ပြန်ရတာမှန်ပေမယ့် အကုန်မထိန်းချုပ်နိုင်သေးဘူး။ နှစ်ဖက်တပ်တွေက တိုးလိုက်၊ ဆုတ်လိုက်ပဲ” လို့ ဒီနေ့ မနက်မှာ ပြောပါတယ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာရှိတဲ့ ဂုတ်ကြီးရွာဟာ ရခိုင်-မကွေးအစပ်မှာရှိပြီး ကမ္ဘာလုံးစခန်းလို့ခေါ်တဲ့ နတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ကျော်ပဲ ဝေးပါတယ်။ ရိုးမပေါက်လမ်းအတိုင်းသွားမယ်ဆိုရင်တော့ ၁၅ မိုင်ဝန်းကျင် ဝေးပါတယ်။

    ဂုတ်ကြီးရွာကို အေအေနဲ့ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလမှာ သိမ်းပိုက်ခဲ့ပြီး အဲဒီအချိန်ကတည်းက စစ်တပ်က လေကြောင်းဗုံးကြဲတဲ့အပြင် စစ်ကားတွေနဲ့ပါ စစ်ကြောင်းထိုးပြီး ထိုးစစ်ပြန်ဆင်နေတာဖြစ်ပါတယ်။

  • ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ပုဒ်မ ၅၈(ဂ) ဖြင့် အမှုဖွင့်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ပုဒ်မ ၅၈(ဂ) ဖြင့် အမှုဖွင့်

    မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’ ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ဒီဇင်ဘာ ၁၈ ရက်မှာ မြို့နယ်ရဲစခန်းက ပုဒ်မ ၅၈(ဂ) နဲ့ အမှုဖွင့်လိုက်တယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ဒီဇင်ဘာ ၁၇ ရက် မနက် ၉ နာရီမှာ စစ်ကောင်စီက နေအိမ်မှာ လာရောက်ဖမ်းဆီးပြီး ညပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်က အာမခံနဲ့ ပြန်လည်ထုတ်ခဲ့ရတယ်လို့ ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။

    “ရဲစခန်းမှာ စစ်တာအတော်ကြာတယ်၊ ည ၁ နာရီမှ ပြန်လွတ်တာ။ ဒါတောင် ကိုယ်စားလှယ်လောင်း ၂ ယောက်က အာမခံနဲ့ပြန်ထုတ်လို့။ ဖုန်းကိုတော့ CID က သိမ်းသွားတယ်။ ၁၈ ရက်နေ့ကျတော့ ပုဒ်မ ၅၈ (ဂ) နဲ့ အမှုဖွင့်လိုက်ရော။”

    ဦးလွင်မြင့် ဖမ်းဆီးခံရတာဟာ စစ်တပ်ထောက်ခံသူ သတင်းထောက် နောင်တော်လေး အပါအဝင် ၆ ယောက်က ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားတာကြောင့် အခုလိုစစ်ဆေးတာလို့ မြို့နယ်ရွေးကောက်ပွဲရှင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ပထမတကြိမ်က တော်လှန်ရေး ဆိုတဲ့ စကားလုံး သုံးတယ်၊ စရဖက ခေါ်စစ်ပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီနောက် ဦးလွင်မြင့်က သူရဲ့ဖေ့စ်ဘွတ်ခ် ပရိုဖိုင်မှာ NUG ပုံတင်တယ်ဆိုပြီး နောင်တော်လေး အပါအဝင် ကြံ့ခိုင်ရေးသတင်းထောက် ၆ ယောက်က UEC ကို ထပ်တိုင်လို့ ဖမ်းပြီးစစ်တာ။ ဘာလို့လဲဆိုတော့ သင်္ဃန်းကျွန်းမှာ ကြံ့ခိုင်ရေးက ဒေါ်သန်းသန်းအေး ပြိုင်မှာဆိုတော့ ဦးလွင်မြင့် နိုင်သွားမှာ ကြောက်နေတယ်။ ဒါကြောင့် အခုလို လုပ်တာ။”

    UEC က အမှုဖွင့်ထားတဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ) မှာ နည်းဥပဒေများပါ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက် တရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း ဖြစ်ပါတယ်။

    တော်လှန်ရေးဆိုတဲ့ စကားလုံးကို သုံးပြီး မဲဆွယ်စည်းရုံးတာကို အရေးယူမှု ရှိ၊ မရှိ နိုဝင်ဘာ ၁၅ ရက်က စစ်အုပ်စုနဲ့ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ အုပ်စုဖွဲ့တည်ထောင်ထားတဲ့ Viber Group မှာ Myanmar Nations Post သတင်းဌာနမှ နောင်တော်လေးက မေးမြန်းခဲ့တာဖြစ်ပါတယ်။

    ဒီလိုမေးမြန်းခဲ့တဲ့အတွက် နိုဝင်ဘာ ၂၁ ရက်မှာ ဦးလွင်မြင့်က ကြံ့ခိုင်ရေးသတင်းထောက် နောင်တော်လေးကို လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူပေးဖို့ စာနယ်ဇင်းကောင်စီကို ပြန်လည်တိုင်ကြားခဲ့ပါတယ်။

    စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ စာနယ်ဇင်းကောင်စီက နှစ်ဖက်စလုံးကို ခေါ်ယူပြီး ညှိနှိုင်းခဲ့ရာ ပြေလည်သွားခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်မှာ ကြံ့ခိုင်ရေးသတင်းထောက် နောင်တော်လေး အပါအဝင် ၆ ယောက်က ဦးလွင့်မြင်အား UEC ကို ထပ်မံတိုင်ကြားခဲ့တာပါ။

    စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းထောက်တွေရဲ့ လုပ်ရပ်ကြောင့် ပီသုံးလုံးပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၊ ရခိုင်သားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင် နဲ့ လေဘာပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရတို့ကို UEC က ကိုယ်စားလှယ်အဖြစ် ရပ်နားခဲ့ပါတယ်။

  • Two Worlds One Wish

    Two Worlds One Wish

    Two Worlds One Wish (2025 )

    အချိန်အားဖြင့် ၂၀၀၀ခုနှစ် နှစ်သစ်ကူးညတစ်ည ကလေးဘဝအရွယ်တုန်းက ဆေးရုံတစ်မှာ‌တွေ့ဆုံခဲ့ကြတဲ့ ဂျန် နဲ့ ဘစ်ဂဲလ်တို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ခုအစပြုရာကနေ အဆုံးသတ်‌ရောက်တော့လည်း ဆေးရုံမှာပဲ ပူဆွေးဝမ်းနည်းစွာအပြီးသတ်ခဲ့ရပါတယ်။

    နတ်သမီးပုံပြင်တွေ/အံ့ဖွယ်ဖြစ်ရပ်‌တွေကိုအယုံအကြည်မရှိတဲ့ ဂျန်ကို ယုံကြည်လာအောင် ဘစ်ဂဲလ်ကပဲ မီးမွှေးပေးခဲ့ပါတယ်။

    ဘစ်ဂဲလ်ရဲ့ကောင်းမှုကြောင့် ‌ရှေးဟောင်းသုတေသနပညာရှင်ဖြစ်လာခဲ့တဲ့ ဂျန်ဟာ ” Amphora ” ဆိုတဲရှေဟောင်းအိုးခွက်တစ်မျိုးကိုရှာတွေ့ခဲ့ရာနေစတင်လို့ ယုံကြည်ရတဲ့သူငယ်ချင်းဖြစ်သူရဲ့ ချောက်ချမှုကြောင့်သေခြင်းနဲ့ရှင်ခြင်းအကြားမှာဒွန်တွဲနေရင်းနဲ့ပဲ မရဏပေါင်းကူးတံတားမှတစ်ဆင့် ဘစ်ဂဲလ်နဲ့တစ်ဖန်ထူးဆန်းစွာထပ်မံချည်နှောင်မိခဲ့ပါတယ်။

    တင်းကြပ်စွာ ချည်‌နှောင်ရစ်ပတ်နေတဲ့ကြိုးကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ဖြေလျှော့ဖို့ ကြိုးစားကြမလဲဆိုတာကို‌တော့ Romance / supernatural / melo / comedy စသဖြင့်ရသစုံလင်စွာ ကြည့်ရှုခံစားနိုင်မယ့် တူရကီရုပ်ရှင်တစ်ပုဒ်ပဲဖြစ်ပါတယ်။

  • အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော

    အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော

    အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော

    မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးတစ်ဦးဖြစ်သူ ကောင်းဆက်နိုင်က စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးကာလအတွင်း ၎င်း၏ ခိုင်မာသော ခံယူချက်နှင့် “ရန်ငါစည်း” ကို မည်သို့ပြတ်သားစွာ ကျင့်သုံးနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

    ကောင်းဆက်နိုင်သည် တော်လှန်ရေးစတင်ကတည်းက မြန်မာ့ဘောလုံးလောကနှင့် လက်ရွေးစင်အသင်းကို စွန့်ခွာခဲ့သူဖြစ်ပြီး၊ လက်ရှိတွင်လည်း တော်လှန်ရေးဘက်တော်သားများနှင့်သာ ထိတွေ့ဆက်ဆံကာ စစ်ကောင်စီနှင့် ပတ်သက်သမျှကို ထိရောက်စွာ သပိတ်မှောက် (Boycott) နေကြောင်း သိရသည်။

    ကောင်းဆက်နိုင် က သူ့ရဲ့ လူမှုကွန်ရက်မှာ အခုလိုရေးသားထားပါတယ်။

    “တော်လှန်ရေးမှာအဓိက ခံယူချက်ပါပဲ ကျွန်တော်တို့ဆို တော်လှန်ရေးစထဲက တော်လှန်ရေးဘက်က လူတွေကိုပဲ အဓိကဆက်ဆံတယ် BC တွေကိုထိထိရောက်ရောက်ဖြစ်အောင် သီချင်းနားထောင်ရင်တောင် တော်လှန်ရေး ဘက်က လူတွေရဲ့ သီချင်း ရုပ်ရှင်အားလုံးကိုပဲခံစားတယ်။ အားပေးတယ် လက်ရွေးစင်ဘောလုံးသမားတစ်ယောက်ဖြစ်နေပေမယ့် မြန်မာဘောလုံးကို စွန့်လွှတ်ထားခဲ့တာတော်လှန်ရေးစထဲကပဲ။ လက်ရွေးစင်အသင်းမှာ ကိုယ့်သူငယ်ချင်းပါလာခဲ့ရင်တောင် အဲ့ကစားသမားက ဘယ်လိုစိတ်ဓာတ်ရှိတယ်။ ကိုယ်တွေနဲ့ခံယူချက်တူတဲ့သူမျိုးကိုပဲပတ်သက်တယ်။ ဘောလုံး ကန်ချင်ရင်တောင် တော်လှန်ရေးပွဲမျိုး ရံပုံငွေပွဲမျိုးတွေကိုအဓိကဦးစားပေးကန်ဖြစ်တယ်။ ကျွန်တော့်အသက်အခု ၃၀ တော်လှန်ရေး စထဲကဆို ဒေါင်ဒေါင်မြည်ကန်နိုင်နေတဲ့အချိန်ကောင်းတွေကို ရင်နာနာနဲ့စွန့်လွှတ်ထားခဲ့တာ ရင်နာနာနဲ့ပါ”

    နိုင်ငံရေးနှင့် တော်လှန်ရေးအသုံးအနှုန်းဖြစ်သော “ရန်ငါစည်း” ဆိုသည်မှာ ရန်သူနှင့် မိမိဘက်တော်သား (ငါ) ကို ဝေဝါးမှုမရှိဘဲ ပြတ်ပြတ်သားသား ခွဲခြားသတ်မှတ်ထားသည့် အနီအသတ် သို့မဟုတ် စည်းဝိုင်းကို ဆိုလိုခြင်းဖြစ်သည်။

    ရန်သူကို ရန်သူဟု သိမြင်ပြီး မည်သည့်အခါမျှ အပေးအယူမလုပ်ခြင်း၊ မိမိတို့၏ ဘုံရည်မှန်းချက်ကို ဖျက်ဆီးနေသူများကို လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အဆက်အသွယ်ဖြတ်တောက်ခြင်းနှင့် မိမိတို့နှင့် ခံယူချက်တူသော မိတ်ဆွေများကိုသာ ရွေးချယ်ပူးပေါင်းခြင်းသည် ရန်ငါစည်းကို စောင့်ထိန်းခြင်းပင် ဖြစ်သည်။

    ကောင်းဆက်နိုင်၏ ယခုကဲ့သို့ ရပ်တည်ချက်သည် အနုပညာရှင်၊ အားကစားသမားများနှင့် အများပြည်သူကြားတွင် စစ်အာဏာရှင်ကို မည်သို့ပြတ်သားစွာ တော်လှန်ရမည်ဆိုသည့် စံနမူနာတစ်ခုအဖြစ် လူမှုကွန်ရက်တွင် ချီးကျူးခံနေရသည်။ ၎င်းသည် လက်ရှိတွင်လည်း တော်လှန်ရေးအတွက် ရန်ပုံငွေပွဲများနှင့် အများအကျိုးပြု လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လျက်ရှိသည်။