Category: News

  • ချဲဂဏန်းကို ပေါက်မဲသတ်မှတ်ပြီး  ကားမဲရောင်းတဲ့ အမျိုးသား ဖမ်းဆီးခံရ

    ချဲဂဏန်းကို ပေါက်မဲသတ်မှတ်ပြီး ကားမဲရောင်းတဲ့ အမျိုးသား ဖမ်းဆီးခံရ

    မန္တလေးမှာ ချဲဂဏန်းကို ပေါက်မဲသတ်မှတ်ပြီး ကားမဲရောင်းတဲ့ အမျိုးသား ဖမ်းဆီးခံရ

    မန္တလေးမှာ တရားမဝင် သုံးလုံးထီ ( ချဲဂဏန်း) ကို ပေါက်မဲအဖြစ် သတ်မှတ်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းကာ ကားကို မဲဖောက် ရောင်းချနေသူ အမျိုးသားကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ် လို့သိရပါတယ် ။

    လူမှုကွန်ရက်စာမျက်နှာမှာ ” ရွှေဘုန်း Automobile Channel 1 ” နာမည်နဲ့ ကားမဲလက်မှတ်တွေကို ရောင်းချပြီး ပေါက်မဲကို ဒီလ ၁၆ ရက်နေ့ ချဲဂဏန်း အဖြစ် သတ်မှတ်ကာ ကားနှစ်စီး ကိုမဲဖောက်ဖို့ ကြေငြာထား တဲ့အတွက် မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။

    Automobile Channel ပိုင်ရှင်ဖြစ်သူ ကိုနေမျိုးထက် ဆိုသူကို မန္တလေးတိုင်း ၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ သီရိမင်္ဂလာအိမ်ရာ၊ တိုက်(E)၊ အခန်း(၈) မှာ MDY-2/1S-XXXX FORD RANGER အနက်ရောင် ကား ၊SHN-38/5I-XXXX TOYOTA WISH အဖြူရောင် ကား နဲ့အတူ လက်ပ်တော့ တလုံး ၊ ချဲဂဏန်းတွေ ရေးမှတ်ထားတဲ့ စာအုပ် ငါးအုပ်ကိုပါ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ် ။

    ကံစမ်းမဲ လက်မှတ်နူန်းထားတွေအနေနဲ့ ကားအမျိုးအစားအလိုက် မဲတမဲကို သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ် နဲ့ နှစ်သိန်းတသောင်း ငါးထောင်ကျပ် ရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီအတွက် ချမ်း​အေးသာစံ အမှတ် (၃) နယ်မြေရဲစခန်းက Automobile Channel page ပိုင်ရှင်ကို လောင်းကစားဥပဒေပုဒ်မ ၁၈(က) နဲ့ အမှုဖွင့်အရေးယူထား တယ်လို့ သိရပါတယ် ။

    တရားမဝင် ချဲဂဏန်းကို ပေါက်မဲ အဖြစ်သတ်မှတ်ပြီး တန်ဖိုးကြီးကားတွေကို ကံစမ်းမဲ အဖြစ် လက်မှတ်တွေ ရောင်းချကာ ငွေကြေး လိမ်လည်ရရယူ မှုတွေ ရှိလာသလို နေအိမ် နဲ့ ရွှေထည် ပစ္စည်း ၊ မြေကွက် တွေကိုပါ မဲဖောက်ပြီး ရောင်းချ လိမ်လည် မှုတွေ ရှိလာတာ ကြောင့် ခုလို ဖမ်းဆီးတာ ဖြစ်နိုင် တယ်လို့ သိရပါတယ်။

    “မန္တလေးမှာ ကားမဲဖောက် ရောင်းနေသူတွေ အများကြီးပဲ ရှိတယ် ။ ဒီတယောက်ပဲ ဖမ်းတာ လား ။ နောက်ထပ် လာအုံးမလား စောင့်ကြည့်ရမယ် ။ ရန်ကုန်ဆိုလည်း အများကြီးပဲရှိတယ် ။ လိမ်နေသူ တွေအကုန်ဖမ်း စေချင်တယ်။ ဖမ်းလဲ ဖမ်းသင့်တယ် ။ပြီးတော့ လိမ်ခံရတဲ့ အများစုကလည်း လောဘ ရှိလို့ လိမ်ခံရတာ ။ ငွေနည်းနည်းနဲ့ ကားရမယ် ၊ အိမ်ရမယ် ထင်ပြီး လုပ်ကြတာ ။ လိမ်တဲ့သူတွေကလည်း အဲဒီလို လူတွေကိုပဲ ပစ်မှတ်ထားတာပဲလေ ။ အလိမ်ခံရသူကို အပြစ်တင်နေတာ မဟုတ်ဘူး ။ တခုခုဆို စဥ်းစားကြစေချင်တာပါ ။ ဘယ်အရာမှ အလွယ်တကူ ရတယ်ဆိုတာ မရှိပါဘူး ။ တန်ဖိုးကြီး ပစ္စည်းကို အလွယ်တကူ ရမယ် ပြောနေရင် သတိသာထားပါ ။ အဲဒါ လိမ်တော့မယ် ဆိုတာပါပဲ ။တကယ် ကားဝယ်ရောင်း လုပ်သူ တွေက မဲတွေဘာတွေ မလုပ်ဘူး ။” လို့ ကားဝယ်ရောင်း လုပ်သူ တယောက်က မှတ်ချက်ပြု ပြောပါတယ်။

    ကားကို မဲ ဖောက်ပြီး ရောင်းချသူအများစုက ချဲဂဏန်းကို ပေါက်မဲသတ်မှတ် ရောင်းချပြီး ဂဏန်းတွေအနေနဲ့ 000 မှ ၉၉၉ အထိ တစောင်ကို ကျပ် သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရောင်းချနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

    ရွှေထည်ပစ္စည်း နဲ့ အိမ်ကို မဲဖောက်ပြီး ရောင်းချနေသူတွေကတော့ ငွေကျပ် ၁၀၀၀ ကနေ ၁၀၀၀၀ ဝန်းကျင် အထိ လက်မှတ် ရောင်းချ နေကြတာ တွေ့ရပါတယ်။

    “လက်မှတ်တစောင် ၂၀၀၀ ဆိုလို့ အိမ်မဲ ကံစမ်းဘူးတယ်။ မပေါက်ပါဘူး ။ ကျွန်တော်ကံစမ်းတဲ့ အပတ်က ပေါက်တဲ့သူ မရှိဘူးတဲ့လေ သူပြောတာပဲ ။ တစောင် ၂၀၀၀ ဆိုတော့ တသောင်းဖိုး ကံစမ်းလိုက်တာ ပလုံသွားတယ် ဗျာ ။ အဲဒီနောက် မလုပ်ဖြစ်ပါဘူး ။ လိမ်တာလို့ ထင်ပါတယ် ။ တချို့လည်း တွေ့တယ်။ မဲပေါက်တော့ အကောင့်ကို ဘလော့သွားတယ် ဆိုပြီးလေ ။” လို့ အိမ်မဲ ဝယ်ဖူးသူ တယောက်က ပြောပါတယ် ။

    ကား ၊ အိမ် ၊ ခြံမြေ ၊ ရွှေ ၊ ဆိုင်ကယ် တွေကို မံဖောက် ရောင်းချနေသူ အများစုက ငွေကြေးကို Kpay နဲ့ Wave money စတဲ့ mobile banking စနစ်ကိုသုံးပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

    ဒီဇင်ဘာ ၁၀ ရက် မ​နေ့က ပြည်​ထောင်စုအဆင့်က​နေ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်း​လောင်းကစားမှုတိုက်ဖျက်​ရေး ဗဟို​ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

  • တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေချိန် တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ဂျပန်နားမှာ ကင်းလှည့်ပျံသန်း

    တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေချိန် တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ဂျပန်နားမှာ ကင်းလှည့်ပျံသန်း

    တရုတ်နဲ့ ဂျပန် ဆက်ဆံရေး တင်းမာနေချိန် ဂျပန်နိုင်ငံနားမှာ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ပူးပေါင်းပြီး ကင်းလှည့် ပျံသန်းခဲ့ပါတယ်။

    နျူကလီးယား စစ်လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်တဲ့ ရုရှား Tu-95 ဗုံးကြဲလေယာဉ်ကြီး နှစ်စီးဟာ သတ်မှတ် နေရာတစ်ခုမှာ တရုတ် H-6 ဗုံးကြဲလေယာဉ် နှစ်စီးနဲ့ အချိတ်အဆက်အလုပ်ပြီး ဂျပန်ပင်လယ်ကနေ အရှေ့တရုတ်ပင်လယ်ထိ ပူးပေါင်း ပျံသန်းခဲ့ကြကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက် ညပိုင်းမှာ ကြေညာခဲ့ပါတယ်။

    အဲဒီ ဗုံးကြဲလေယာဉ်အုပ်ရဲ့ တာဝေးကင်းလှည့်မှု အသွားအပြန် ခရီးစဉ်အတွင်း ဂျပန်ရဲ့ အိုကီနာဝါနဲ့ မီယာကို ကျွန်းစုတွေကြားက ဖြတ်သန်းချိန်မှာ ဂျပန် ပြည်စောင့်တပ်ကလည်း တိုက်လေယာဉ်တွေ ပျံတက်ပြီး စောင့်ကြည့်စေခဲ့ပါတယ်။

    အဲဒီ လေယာဉ်အုပ်နဲ့ သီးခြားစီ ပျံသန်းနေတဲ့ ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး အချက်ပေး လေယာဉ် A-50 တစ်စီးနဲ့ Su-30 တိုက်လေယာဉ် နှစ်စီးကိုလည်း ဂျပန်ပင်လယ်ပြင်မှာ ထောက်လှမ်း တွေ့ရှိခဲ့တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

    ဂျပန်တင် မကဘဲ တောင်ကိုရီးယားဟာလည်း နိုင်ငံပိုင်နက်အလွန် ရေပြင်မှာ အုပ်လိုက်ကြီး ပျံသန်းခဲ့တဲ့ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေကြောင့် တိုက်လေယာဉ်တွေကို စေလွှတ်ပြီး စောင့်ကြည့်စေခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြချက်မှာတော့ စုစုပေါင်း ရုရှား တိုက်လေယာဉ် ၇ စီးနဲ့ တရုတ်လေယာဉ် ၂ စီးတို့ဟာ နိုင်ငံ လေပိုင်နက်အလွန် လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်ထားရာ နေရာကနေ ဖြတ်ပျံခဲ့ကြောင်း ဖော်ပြထားပါတယ်။

    ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီကတော့ တရုတ်နဲ့ဂျပန် စစ်လေယာဉ်တွေ ပူးပေါင်းပြီး ကင်းလှည့်ပျံသန်းတဲ့ လုပ်ရပ်ဟာ ဂျပန်ကို တိုက်ရိုက်ရည်ရွယ်တဲ့ အင်အားပြမှုဆိုတာ ထင်ရှားကြောင်း၊ ဒါဟာ ဂျပန်ရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍအတွက် စိုးရိမ်စရာ တစ်ခုဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

    ရုရှားမီဒီယာတွေက အဲဒီ နှစ်နိုင်ငံ ပူးပေါင်း ကင်းလှည့်ပျံသန်းမှု မစ်ရှင်ဟာ ၈ နာရီ ကြာမြင့်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြသွားပါတယ်။

    နိုဝင်ဘာ လဆန်းတုန်းက ဂျပန်ဝန်ကြီးချုပ် စာနအဲ တကအိချိရဲ့ မှတ်ချက်စကား တစ်ခွန်းကို အကြောင်းပြုပြီး တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေချိန်မှာ တရုတ်နဲ့ ရုရှား ပူးပေါင်းပြီး အခုလို တာဝေး ကင်းလှည့်ပျံသန်းမှု ခရီးစဉ်ကို ဂျပန်နိုင်ငံ ကမ်းလွန်မှာ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း တရုတ်ရဲ့ လေယာဉ်တင်သင်္ဘော အခြေစိုက် တိုက်လေယာဉ်တွေက ဂျပန် တိုက်လေယာဉ်တွေကို ပစ်မှတ်ရှာ ရေဒါနဲ့ ချိန်ရွယ်ခဲ့တဲ့အပေါ် ဂျပန်က ကန့်ကွက်ခဲ့ပါသေးတယ်။

    တကအိချိက တကယ်လို့ တရုတ်သာ ထိုင်ဝမ်ကို တိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်း ထိုင်ဝမ်ကိုကူဖို့ တပ်တွေ စေလွှတ်ဖွယ်ရှိကြောင်း ပြောဆိုခဲ့တဲ့နောက် တရုတ်က ဒေါသတကြီး တုံ့ပြန်ရင်း နှစ်ဖက် ဆက်ဆံရေး အေးခဲ တင်းမာနေတာ ဖြစ်ပါတယ်။

    ကိုးကား: Reuters

  • ရန်ကုန်တွင် လမ်းဘေး အရက်သောက်နေသူ အယောက် ၄၀ ကို စစ်အုပ်စု ဖမ်းဆီး

    ရန်ကုန်တွင် လမ်းဘေး အရက်သောက်နေသူ အယောက် ၄၀ ကို စစ်အုပ်စု ဖမ်းဆီး

    ရန်ကုန်တွင် လမ်းဘေး၌ အရက်သောက်နေသည်ဟုဆိုကာ ဖမ်းဆီးခံရသူ အယောက် ၄၀ ရှိကြောင်း သိရသည်။

    ဒီဇင်ဘာ၁ရက်မှ ၇ ရက်အတွင်း ရန်ကုန်မြို့၊ သာကေတ၊ ကမာရွတ်၊ လှိုင်နှင့် တောင်ဥက္ကလာမြို့နယ်တို့ ရှိ လူငယ်အမျိုးသား ၄၀ ကို အရက်သောက်နေသည်ဟုဆိုကာ စစ်အုပ်စုဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Rangoon Scout Network-RSN က သတင်းထုတ်ပြန်သည်။

    “ရဲတွေ၊ အရပ်ဝတ်တွေ လိုက်ဖမ်းသွားတာပါ။ နေ့လယ်ရော ညရော ပါပါတယ်။ ညဘက်ဖမ်းတာ ပိုများတယ်ဗျ”ဟု RSN တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဒီဇင်ဘာ ၄ ရက်က လှည်းတန်းဘူတာတွင် နေ့ခင်းဘက် ဖမ်းဆီးခံရသူ ၆ ဦးရှိပြီး ဒီဇင်ဘာ ၅ ရက်တွင် လှိုင်မြို့နယ်အတွင်း ဖမ်းဆီးခံရသူ ၁၉ ဦးရှိကြောင်း သိရသည်။

    ယင်းဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး RSN တာဝန်ရှိသူက “တကယ် အရက်သောက်နေတဲ့သူတွေ များပါ‌တယ်ဗျ။ ဒါပေမဲ့၊ တချို့က ကားပေါ်မှာ သောက်နေကြတာပါ၊ အဲ့ဒါကိုပါ ဆွဲပါတယ်”ဟု ဆိုသည်။

    ဖမ်းဆီးခံရသူ ၄၀ အနက် တစ်ဦးမှာ စစ်မှုထမ်းထဲသို့ ရောင်းစားခံရပြီး နောက်တစ်ဦးကို ငွေနှင့် ပြန်ရွေးခိုင်းသည်ဟုသိရကာ ကျန် ၃၈ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရကြောင်း RSN က ဆို သည်။

    “ရွေးကောက်ပွဲနီးတဲ့အချိန် ဒုစရိုက်ရှင်းလင်းရေးခေါင်းစဉ်နဲ့ လိုက်ဖမ်းပြီး ငွေညှစ်တာပါ။ငွေမပေးနိုင် ရင် စစ်မှုထမ်းဈေးကွက်ထဲပို့လိုက်တော့ ငွေရပါတယ်။ အခုစစ်မှုထမ်းကို လူဘယ်လောက်ပို့ပို့ လက်ခံ ပါတယ်။ဘာလို့ဆိုတော့ စစ်မှုထမ်းသင်တန်းသား အမြဲလိုနေလို့ပါ”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ် က ပြောသည်။

    ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အတွင်းမင်္ဂလာတောင်ညွန့်နှင့် မရမ်းကုန်းမြို့နယ်အတွင်း ညဘက် လမ်းမ ပေါ်သွားလာနေသည့် အမျိုးသား ၂ ဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးခံရသူလည်း ၃ ဦးရှိကြောင်း RSN ထံက သိရသည်။

  • ကျားသစ်နက်တပ်မတော်မှ အနူးညွတ်တောင်းပန်ခြင်း

    ကျားသစ်နက်တပ်မတော်မှ အနူးညွတ်တောင်းပန်ခြင်း

    အနူးညွတ်တောင်းပန်ခြင်း🙏🙏🙏

    ပုလဲမြို့မှ ထွက်ခွာလာကာပုလဲမြို့နှင့်အနီးတဝိုက်တွင် လှည့်လည်စစ်ကြောင်းထိုးကာ ပြညသူလူထု၏ အသက်အိုးအိမ်များကို ဖျက်ဆီးနေသော စကမ စစ်ကြောင်းအား ခုခံ တိုက်ခိုက်ခြင်း

    ချစ်ရသောပြည်သူလူထုအား အကာကွယ်မပေးနိုင်ခြင်းအပေါ် မိမိတို့ တပ်အနေဖြင့် ညှိုးငယ်စွာတောင်းပန်အပ်ပါသည်။

    လက်ရှိ ရုန်းကန်နေရသည့်

    ၁။ လုံလောက်သော လက်နက်ခဲယမ်းမရှိခြင်း

    ၂။ ပြည်သူတို့၏အထွေထွေအကြပ်တည်းများနှင့်အတူ ဝယ်ယူရန် ရံပုံငွေ(လုံးဝ) ပြတ်တောက်နေခြင်း

    စသည့် အခက်ခဲများသည် ယင်းစစ်ကြောင်းအား ကာကွယ်နိုင်ရန်အတွက် အဆင်မပြေမှူများ ရှိခဲ့ရသည့်အတွက် စစ်ကြောင်းထိုးခံ နယ်မြေများရှိ ပြည်သူများအား ထပ်ဆင့် အလေးနက်ထားတောင်းပန်အပ်ပါသည်။

    လက်နက်ဖြင့် လုံခြုံစွာ အကွာကွယ်မပေးနိုင်သော်လည်း စစ်ကြောင်းသတင်းများအား အနီးကပ်ထောက်လှမ်းကာ ပြည်သူတို့ ရှောင်ရန် ဆောင်ရန်များကို ပြန်ကြားရေး သတင်းဌာန ထားရှိကာ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ကြေငြာပေးလျှက်ရှိသည့်အတွက် စစ်ကြောင်းသတင်းများသိရှိနိုင်ရန် ပြန်ကြားရေးသတင်းဌာန၏ Icon ကုဒ်များကို နီးစပ်ရာ ပအဖ/ ပကဖ များထံမှ တောင်းယူနားထောင်ကြပါရန် စစ်ရေးသတိ စစ်ရေးအသိဖြင့် နေထိုင်ပေးကြပါဟု

    အထူးအလေးနက်ထားတောင်းပန်ရင်းဖြင့်🙏🙏🙏

    အသိပေးလိုက်ရပါတယ်ခင်ဗျာ။

    သတင်းနှင့်ပြန်ကြားရေး

    ကျားသစ်နက်တပ်မတော် Black Leopard Army

    ယင်းမာပက်ခရိုင်အမှတ်(၁၁)တပ်ရင်း

  • ကမာရွတ် လှည်းတန်းတွင် စစ်အုပ်စုက အင်အားအမြောက်အမြားဖြင့် ဈေးဆိုင်များကို ပိတ်သိမ်းခိုင်း

    ကမာရွတ် လှည်းတန်းတွင် စစ်အုပ်စုက အင်အားအမြောက်အမြားဖြင့် ဈေးဆိုင်များကို ပိတ်သိမ်းခိုင်း

    ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဈေးအရှေ့မှအင်းစိန်လမ်းဘက်အထိ ဈေးဆိုင်ခန်း များကို စစ်ကော်မရှင်တပ်မှ ရာထူးကြီးသူတဦးအပါအဝင် စည်ပင်အင်အား အမြောက်အမြားဖြင့် လမ်းဘေးဈေးဆိုင်များကို ပိတ်သိမ်းခိုင်းနေကြောင်း သိရသည်။

    အဆိုပါလမ်းတကြောရှိ ဆိုင်ခင်းလက်စစျေးသည်များကို ယနေ့(ဒီဇင်ဘာလ ၁၀ ရက်) ညနေ ၆ နာရီဝန်း ကျင်တွင် စစ်အုပ်စုနှင့် စည်ပင်ဝန်ထမ်း စုစုပေါင်း ၄၀ ဦးခန့်က မည်သည့်စျေးသည်မှ မထွက်ရဟုဆိုပြီး လာရောက်ပြောဆိုကာ ဆိုင်သိမ်းခိုင်းထားကြောင်း လှိုင်ကင်းထောက်အဖွဲ့(Hlaing Scout Channel-HSC) နှင့် ရန်ကုန်ကင်းထောက်ကွန်ရက်အဖွဲ့(Rangoon Scout Network-RSN)တို့က ထုတ်ပြန်ထားသည်။

    “အကြောင်းရင်းတော့ မသိရသေးဘူးဗျ၊ တနေ့က Bluetooth စပီကာ ဆန္ဒပြသွားတာနဲ့ ဆက်စပ်မယ် ထင်တယ်။ အဲဒီနေ့ကလည်း ဈေးသည်တွေကို သိမ်းခိုင်းခဲ့တယ်”ဟု RSN မှ တာဝန်ရှိသူက သို့ပြောသည်။

    အင်းစိန်လမ်းမပေါ်နှင့် လှည်းတန်းစျေးတဝိုက်တွင် လက်ရှိအချိန်၌လည်း လက်နက်ကိုင်ထားသော စစ်အုပ်စုတပ်သားနှင့် စည်ပင်ဝန်ထမ်းအချို့ကင်းလှည့်နေကြောင်း ဒေသခံများကပြောသည်။

    “ညနေလောက်က ကားလမ်းမပေါ်ကစျေးသည်တွေကို ဘယ်စျေးသည်မှ မမြင်ချင်ဘူးဆိုပြီး သိမ်းခိုင်း တာလို့ သိလိုက်တယ်။ လာပြောပြီး ပြန်သွားတာထင်တယ်။ အခုကတော့စစ်ခွေး နှစ်ကောင်နဲ့ စည်ပင်ကကောင်တွေ အဲဒီနား အခုထိရှိနေတုန်းပဲ”ဟု ကမာရွတ်မြို့ခံတဦးက ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ – Yangon 4 Brothers (Y4B) က လှည်းတန်းစျေးအနီး Bluetooth Speaker Sound Box ဖြင့် ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြ ခဲ့ရာ ရဲနှင့်စစ်အုပ်စုတို့ကလာရောက်ဖြုတ်ယူပြီး အနီးအနားက လမ်းဘေးစျေးဆိုင်များကိုလည်း ဆိုင်သိမ်းခိုင်းခဲ့ကြောင်း မြို့ခံများထံကသိရသည်။

    နိုင်ငံအဝန်းက အရပ်သားပြည်သူများအား ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ) အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးအသံတိတ်သပိတ်(Silent Strike) တွင်ပါဝင်ပူးပေါင်းရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။

    Rangoon Scout Network မှတာဝန်ရှိသူ၏အဆိုအရ တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်ဘက်တွင်လည်း ပျုစောထီးဟုယူဆရသည့် အရပ်ဝတ်အဖွဲ့က တုတ်၊ ဓါးများကိုင်ဆောင်ပြီး ယနေ့ ပိတ်ထားသည့် ဆိုင် ခန်းများကို ငွေကြေးလိုက်တောင်းသွားကြောင်းဆိုသည်။

    ရန်ကုန်နှင့် မန္တလေးအပါအဝင် ကျန်မြို့ပြကျေးရွာများတွင်လည်း အသံတိတ်သပိတ်အောင်မြင်ကြောင်း သပိတ်အင်အားစု၊ တော်လှန်ရေးအင်အားစုအဖွဲ့များက ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာများတွင် မှတ် တမ်းပုံများနှင့်တကွ အသီးသီးဖော်ပြထားကြသည်။