Category: News

  • နတ်ရေကန်ဗျူဟာကို တပ်ကူနှင့် ရိက္ခာ ဆက်တိုက်ပို့၊ ရိုးမပေါ်တွင် တိုက်ပွဲဆက်နေ

    စစ်ကောင်စီက နတ်ရေကန်ဗျူဟာဘက်ကို တပ်ကူနဲ့ရိက္ခာ ဆက်တိုက်ပို့နေပြီး တော် လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် ဒီဇင်ဘာလဆန်းပိုင်းထဲ ရိုးမပေါ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

    ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းပေါ်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေဆီ ပဒါန်း အခြေစိုက် မစခ-၉၀၅ ကနေ တပ်ကူတွေ ပေးပို့နေတာကြောင့် ဒီဇင်ဘာလဆန်းပိုင်းထဲ ရိုးမပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ စစ်ရေးရင်းမြစ်နဲ့ ဒေသခံက ပြောပါတယ်။

    စစ်တပ်က နိုဝင်ဘာ ၃၀ ရက်မှာ စစ်ကား ၂ စီး၊ ဒီဇင်ဘာ ၄ ရက်နေ့လောက်မှာတော့ လမ်းဟောင်း ဘက်ကို ကား ၃ စီး၊ လမ်းသစ်ဘက်ကို ကား ၅ စီး စုစုပေါင်း ကား ၁၀ စီးထပ်မနည်းသုံးပြီး တပ်ကူ၊ ရိက္ခာနဲ့ ခဲယမ်းတွေ ပေးပို့ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

    ဒါကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် ကြိုကြားဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ရှေ့တန်းနဲ့နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “တပ်တွေက အပေါ်မှာတော့ ဖွဲ့စည်းပုံပျက်တဲ့တပ်တွေက များတယ်။ ခမောက်တောင်ဘက်မှာလည်း၊ ဒီလမ်းသစ်ဘက်မှာလည်း ထိတွေ့မှုဖြစ်တယ်၊ လမ်းဟောင်းဘက်မှာလည်း ထိတွေ့မှုဖြစ်တယ်။ အများအားဖြင့် လမ်းဟောင်းက ပဇီထိပဲ ဒီကောင်တွေ တက်လို့ရတယ်လေ။ လမ်းသစ်လည်း အဲလိုပဲ လမ်းသစ်ကြတော့ မြေလတ်ထိပဲ တက်ရတယ်။ မြေလတ်အထက်ဆို ဂုတ်ကြီးတောင်မရောက်ပါဘူး။ ခမောက်တောင်ထိပဲ တက်လို့ရတာပေါ့။ ခမောက်တောင်မှာ ဒီကောင်တွေ ရှိသေးတာကို။ မနေ့ကလည်း ခမောက်‌တောင်ကို Y 12 နဲ့ အထုပ်တွေ၊ ရိက္ခာလာချသွားသေးတယ်။”

    အလားတူ စစ်တပ်က နတ်ရေကန်ဗျူဟာစီကိုလည်း ရက်ခြားဆိုသလို လေကြောင်းကနေ ရိက္ခာထုပ်တွေ ချပေးနေတယ်လို့ ဆိုပါတယ်။

    အခုလို တိုက်ပွဲတွေပြန်ဖြစ်တာကြောင့် ပဒါန်းအခြေစိုက် အမြောက်တပ်တွေကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရသလို တိုက်လေယာဉ်တွေ ဖြတ်ပျံတာလည်းရှိတယ်လို့ ငဖဲဒေသခံ တယောက်က ပြောပါတယ်။

    “ဒီ အခု ၂ ရက်၊ ၃ ရက်မှာတော့ နည်းနည်းစိပ်တယ်။ ၃ ရက်၊ ၄ ရက်၊ ၁ ပတ် အဲလောက်ရှိသွားပြီ။ တနေ့ကို ၄၊ ၅၊ ၆ ချက် အဲလိုမျိုး၊ အမြောက်သံ အဲလိုမျိုးကြားရတယ်။ ကားတက်တာ‌တော့ တွေ့တယ်။ တခါဆို ၂ စီး၊ ၃ စီးတက်တယ်။ တခါတလေ ၃၊ ၄ စီး။ တခါတလေ ၁ စီး၊ ၂ စီး အဲလိုမျိုး။ တွေ့ပါတယ်။ အဲဒါတော့ တရက်ခြား ၂ ရက်ခြားဆိုသလို တွေ့တယ်။ လမ်းက လမ်းဟောင်းက သွားသွား၊ လမ်းသစ်ကသွားသွား ပဒါန်းဖြတ်ပြီးမှ သွားလို့ရတာဆိုတော့ ပဒါန်းကဖြတ်တာတွေကို တွေ့တယ်လေ။”

    လက်ရှိ အမ်း-ပဒါန်း ရိုးလမ်းပေါ်မှာ နတ်ရေကန်ဗျူဟာရဲ့ ကာကင်းစခန်းအားလုံးနီးပါးကို AA နဲ့မဟာမိတ်တွေက ထိန်းချုပ်ထားကြောင်း သတင်းရင်းမြစ်တွေကပြောသလို အခုရက်ပိုင်းထဲ စစ်ကောင်စီ တပ်သား ၄ ယောက် အလင်းဝင်ကာ၊ ထွက်ပြေးလာသူ ၃ ယောက်ကိုလည်း ဖမ်းဆီးရမိကြောင်း PRA -မကွေး က ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

    နတ်ရေကန်တိုက်ပွဲနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) ဘက်ကလည်း အသေးစိတ် ထုတ်ပြန်တာမရှိပေမဲ့ ဝန်းရံပိတ်ဆို့ထားတဲ့အကြောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က အသိပေးခဲ့ပါတယ်။

    ဒါကြောင့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေပါသုံးပြီး စစ်ကူ၊ ရိက္ခာနဲ့ ခဲယမ်းတွေ ပို့ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

    ✍🏻စိုးသူအောင်

  • ကမ္ဘောဒီးယားကို ထိုင်းက လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်

    ကမ္ဘောဒီးယားကို ထိုင်းက လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်

    ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။

    နယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုင်းစစ်သားတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့အပြီးမှာ အခုလို တုံ့ပြန်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြားဝင်ညှိနှိုင်းပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ ၂ နိုင်ငံစလုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။

    “ထိုင်းဘက်က အခုချိန်မှာ လေကြောင်းအင်အားသုံးပြီး နေရာတော်တော်များများက စစ်ရေးပစ်မှတ်တွေကို စတင်တိုက်ခိုက်နေပါပြီ” လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကမ္ဘောဒီးယားဘက်ကတော့ ထိုင်းစစ်တပ်ဟာ မနက်အရုဏ်တက်အချိန်မှာ နေရာ ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိမိတို့ဘက်က လက်တုံ့ပြန်တာမျိုး မရှိသေးကြောင်း ပြောဆိုထားပါတယ်။

    နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်ခရိုင် ၄ ခုက အရပ်သား ၃၈၀,၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးနေရပြီး လူ ၃၅,၀၀၀ ကျော်ကတော့ ယာယီခိုလှုံရေးစခန်းတွေဆီ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    တာမွန်သွမ် ဘုရားကျောင်းနားမှာ တင့်ကားတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကမ္ဘောဒီးယားဘက်က စွပ်စွဲထားပြီး နယ်စပ်ရွာသားတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ၅ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတုန်းက မလေးရှားနဲ့ အမေရိကန်ရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်ထားတာ ဖြစ်ပါတယ်။

    မကြာသေးခင်က မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတယောက် ခြေထောက်ပြတ်သွားခဲ့အပြီးမှာ ထိုင်းဘက်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

    ထိုင်းနှင့် ကမ္ဘောဒီးယား ပစ်ခတ်မှုပြန်ဖြစ်၊ ပြည်သူ ၄ သိန်းခန့် စစ်ဘေးရှောင်

    ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နိုင်ငံတကာအသိသက်သေတွေရှေ့ အပစ်အခတ်ရပ်ရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပေမဲ့ ဒီဇင်ဘာ ၇ ရက် ညနေနဲ့ ဒီဇင်ဘာ ၈ ရက် ဒီနေ့ မနက်မှာ ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့လို့ သိန်းနဲ့ချီတဲ့ နယ်စပ်နေပြည်သူတွေ စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

    ဒီဇင်ဘာ ၇ ရက် မနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ ထိုင်းနိုင်ငံ၊ ဆီစကစ်ခရိုင်၊ ကန်ထရာရတ်မြို့နယ်၊ ဖူးဖာလိတ်တောင် ဖလန်းဟင်ပက်ကွန့်ဒေသမှာ ကမ္ဘောဒီးယားဘက်က လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်လာတာကြောင့် နှစ်ဘက်ပစ်ခတ်မှုတွေရှိခဲ့တယ်၊ ထိုင်းစစ်သား တယောက်က ပေါင်မှာ၊ နောက်ထပ်တယောက်က ရင်ဘတ်မှာထိမှန်တယ်၊ ရင်ဘတ်မှာ ထိမှန်သူဟာ ကျည်ကာအင်္ကျီ ဝတ်ထားတာကြောင့် အသက်ဘေးမှ လွတ်ကင်းခဲ့တယ်လို့ ထိုင်းစစ်တပ် တိုင်းဒေသ ၂ က ထုတ်ပြန်ပါတယ်။

    နှစ်ဘက်တပ်ဖွဲ့ဝင်တွေဟာ တညလုံး အင်အားဖြည့်တင်းကာ စစ်ရေးပြင်ဆင်နေကြတယ်၊ ဒီနေ့ မနက် ၃ နာရီလောက်မှာ ကမ္ဘောဒီးယားဘက်က ဘူရီရမ်ခရိုင် ဘူရီရမ်လေဆိပ်နဲ့ ဆူရင်းခရိုင် ပရဆတ်ဆေးရုံကြီးတွေဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီနောက် မနက် ၅ နာရီတကြိမ်၊ ၆ နာရီတကြိမ် ဥဘွန်းရာ့ချ်ဌာနီခရိုင်၊ နမ့်ယင်းမြိုနယ် အန်မာ့တောင်ကြား၊ မနက် ၇ နာရီက ချောင့်ဘုတ်တောင်ကြားနဲ့ ပွိုင့် ၆၇၇ တာမာ‌ရေးတောင်တို့မှာ ပစ်ခတ်မှုတွေဖြစ်ပြီး ထိုင်းစစ်တပ်ဘက်က စစ်သည် ၂ ယောက် ကျဆုံး၊ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထိုင်းစစ်တပ် ထုတ်ပြန်ချက်ကို ကိုးကားပြီး ဝေါ့ခ်ပွိုင့်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

    မနက် ၇ နာရီ မိနစ် ၂၀ မှာ ထိုင်းစစ်တပ်က F-16 တိုက်လေယာဉ်နဲ့ အန်မာ့တောင်ကြား တဘက်ကမ်းရှိ ကမ္ဘောဒီးယားတပ်စခန်းတွေရှိရာဘက်ကို ဗုံးကြဲခဲ့တယ်။ မနက် ၈ နာရီခွဲလောက်မှာ ကမ္ဘောဒီးယားဘက်က BM21 လက်နက်ကြီးနဲ့ ဘူရီရမ်ခရိုင်၊ ဘန့်ကလောက်မြို့နယ်၊ ဆိုင်းထိုးနယ်မြေထဲကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

    နယ်စပ်အခြေအနေ မတည်ငြိမ်မှုကြောင့် ဘူရီရမ်၊ ဆီစကစ်၊ စူရင်း၊ ဥဘွန်းရာ့ချ်ဌာနီ ခရိုင် ၄ ခုက ပြည်သူ ၄ သိန်းခန့် ထွက်ပြေးတိမ်းရှောင်နေပြီး လူပေါင်း ၃၅,၆၂၃ ယောက်ကတော့ အစိုးရက စီစဉ်ပေးတဲ့ ယာယီစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    ဒါ့အပြင် ခရိုင်ဆေးရုံကြီးတွေလည်း ပြင်ပလူနာလက်ခံမှုကို ယာယီပိတ်ပင်ထားသလို စာသင်ကျောင်းတွလည်း ပိတ်ထားပါတယ်။

    ပညာရေးဝန်ကြီး နိုင်းနရီဖင်းယိုးဆင်ဝပ်က နယ်စပ်မတည်ငြိမ်မှုကြောင့် ပညာရေးပါ ထိခိုက်မှုရှိကြောင်း၊ လောလောဆယ် ဘူရီရမ်၊ ဆီစကစ်၊ စူရင်း၊ ဥဘွန်းရာ့ချ်ဌာနီနဲ့ ဆာကယောက်ရှိ စာသင်ကျောင်းပေါင်း ၆၅၀ နီးပါးကို အခြေအနေတည်ငြိမ်သွားသည်အထိ ယာယီ ပိတ်ထားဖို့ ညွှန်ကြားထားတယ်။ အဆိုပါစာသင်ကျောင်းတွေမှာ လိုအပ်ပါက စစ်ရှောင်စခန်းတွေဖွင့်လှစ်ဖို့ ခွင့်ပြုထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

    ဒီတခေါက် ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ဘယ်သူက အရင်စပစ်သလဲဆိုတာကို အပြန်အလှန်စွပ်စွဲနေကြပါတယ်။

    ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းဟာ အစက အခင်းဖြစ်ပွားနေတဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ၄ ခရိုင်ကို ကွင်းဆင်းစစ်ဆေးဖို့ ရှိပေမဲ့ ဒီနေ့မနက်မှာ ခရီးစဉ်ပြောင်းပြီး အစိုးရအိမ်တော်မှာ အမျိုးသားလုံခြုံရေးကောင်စီ၊ ကြည်း‌၊ ရေ၊ လေ တပ်ဦးစီးချုပ်၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။

    အဲဒီနောက် ထိုင်းနိုင်ငံဟာ အကြမ်းဖက်မှုတွေကို မလိုလားပေမဲ့ မိမိ အချုပ်အခြာ အာဏာပိုင်နဲ့ အမျိုးသားလုံခြုံရေးကို ထိပါးလာရင်တော့ ခံမှာမဟုတ်ဘူး၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ သတိကြီးစွာထားပြီး တုံ့ပြန်ရမှာဖြစ်တယ်။ အစိုးရအနေနဲ့ မိမိတပ်မတော်ရဲ့ အရည်အချင်းကို လုံးဝယုံကြည်တယ်၊ ပြည်သူတွေအနေနဲ့လည်း အမျိုးသားလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသူတွေကို ခွန်အားပေးစေလိုတယ်လို့ဆိုပါတယ်။

    သတင်းတွေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်နဲ့ အစိုးရထုတ်ပြန်ချက်တွေသာ စောင့်ကြည့်ဖို့၊ လက်ရှိ စစ်ဘေးရှောင်ပြည်သူတွေကို စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုံခြုံရေးအပြည့်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ညွှန်ကြားထားတယ်။ အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် စိတ်ချယုံကြည်ပါလို့ ထိုင်းဝန်ကြီးချုပ်က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

    ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အရေးအခင်းဟာ ဒီနှစ် ဇူလိုင်လကုန်ပိုင်းမှာ ပြန်လည်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်မှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က အာဆီယံထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်ကို သက်သေထားပြီး အပစ်ခတ်ရပ်ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့က ပြီးခဲ့တဲ့အပတ်က ကမ္ဘောဒီးယား အစိုးရနဲ့ နီးစပ်သူတွေရဲ့ ထိုင်းနိုင်ငံရှိ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၁၀,၀၀၀ ကျော်ကို ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ပတ်သက် တယ်ဆိုပြီး ဖမ်းဆီးသိမ်းဆည်းခဲ့ပြီးနောက် မနေ့က တိုက်ပွဲ စတင်ခဲ့တာပါ။

    Source: Thairath / ThaiPBS / Workpoint News / CH3 News

  • ဘုန်းကြီးတစ်ပါးက ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်၊ ကိုယ်ဝန် ၅ လကျော်ချိန် အတင်းဖြတ်ချခိုင်းလို့ ဆေးရုံရောက်

    ဘုန်းကြီးတစ်ပါးက ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်၊ ကိုယ်ဝန် ၅ လကျော်ချိန် အတင်းဖြတ်ချခိုင်းလို့ ဆေးရုံရောက်

    ဘုန်းကြီးတစ်ပါးက ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်၊ ကိုယ်ဝန် ၅ လကျော်ချိန် အတင်းဖြတ်ချခိုင်းလို့ ဆေးရုံရောက်

    ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အသက် (၅၆) ရှိနေပြီဖြစ်တဲ့ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်အတွင်း လာရောက်မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူ ကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန် ၅ လကျော်ချိန်မှ အတင်းဖြတ်ချခိုင်းလို့ ကလေးငယ်ဟာ ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    မြောင်းမြမြို့၊ ဘုရားငုတ်တိုရှမ်းစုကျေးရွာရှိ ငွေဟင်္သာတောရကျောင်းမှ အသက် (၅၆) နှစ်၊ ဝါတော် (၁၅) ဝါရှိ ရဟန်းဘွဲ့ ဦးဥတ္တမ၊ လူအမည် ဦးအေးလွင်ဆိုသူ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်တွင် မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    “ကလေးမိသားစုက နာဂစ်ဒေသဘက်က၊ သူတို့မိသားစုက ဆင်းရဲလွန်းလို့ သမီးလေးနဲ့ သားကြီးကို ဘုန်းကြီးဆီမှာ အပ်ထားရတာ၊ ကလေးက ၅ တန်းဆိုပေမယ့် ကျောင်းထားတာ နောက်ကျခဲ့တာမို့ ၁၄ နှစ်ကျော်နေပြီ” လို့ အဲဒီအကြောင်း သိထားသူ ဒေသခံတစ်ဦးက ပြောပါတယ်။

    ကလေးငယ်ကို အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံရသူ ဘုန်းကြီးဟာ ကလေးငယ် ကိုယ်ဝန်ရှိလာချိန်တွင် တရားစခန်းပွဲများ သွားရောက်မည်ဟုဆိုကာ ကျေးရွာကနေ ကလေးငယ်နဲ့ မိသားစုကိုပါ ခေါ်ဆောင်သွားပြီး ချင်းကုန်းကျေးရွာရှိ အရပ်လက်သည်ကို ခေါ်ယူကာ ကိုယ်ဝန်ဖျက်ချစေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီဖြစ်စဉ်ကို ကလေးငယ် တက်ရောက်ပညာသင်ကြားနေတဲ့ စာသင်ကျောင်းမှ တာဝန်ရှိသူတွေနဲ့ ဒေသတွင်း ကလေးငယ်အခွင့်အရေးကာကွယ်ရေးအဖွဲ့တွေက သိရှိသွားချိန်မှာ မြောင်းမြရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ပြီး ကလေးငယ်နဲ့ မိသားစုကို ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ချိန်မှ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံရသူ ဘုန်းကြီးဟာ ကလေးငယ်မိသားစုကို ပြန်ခေါ်လာပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

    “စနေနေ့က အမှုဖွင့်လိုက်တယ်၊ ဘုန်းကြီးက သူ့ကားကို ထားခဲ့ပြီး ထွက်ပြေးသွားတယ်၊ ဒီကနေ့ (တနင်္လာ) မနက်ပိုင်းမှာတော့ ဖားအံမှာ သူ့ကို ဖမ်းမိပြီလို့ ကြားတယ်” လို့ အဲဒီအကြောင်း သိရှိထားသူက ပြောပါတယ်။

    စွပ်စွဲခံရသူ ဦးဥတ္တမ ခေါ် ဦးအေးလွင်ဟာ ကလေးငယ်နဲ့ မိသားစုကို တရားစခန်းအကြောင်းပြကာ ခေါ်ဆောင်သွားချိန်မှာ ကလေးငယ်ရဲ့ ကိုယ်ဝန်ကို ဖျက်ချခဲ့တာကြောင့် လက်ရှိမှာ ကလေးငယ်ဟာ မြောင်းမြဆေးရုံမှာ တက်ရောက်ဆေးကုသနေရတယ်လို့ သိရပါတယ်။

    စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ စွပ်စွဲခံရသူ ဦးဥတ္တမ ခေါ် ဦးအေးလွင်ဟာ အခု ၂၀၂၅ ခုနှစ် ဇွန်လခန့်မှ စတင်ကာ ဘုန်းကြီးကျောင်းအတွင်း အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်ကို မိဘတွေကို ပြန်မပြောရန်နှင့် အခြားသူများကို ပြန်မပြောရန် ခြိမ်းခြောက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိမှာ စွပ်စွဲခံရသူ ဦးဥတ္တမ ခေါ် ဦးအေးလွင်ကို မြောင်းမြမြို့မရဲစခန်းက ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    Photo: ကျူးလွန်သူလို့ စွပ်စွဲခံရသူ ဦးဥတ္တမ (ခေါ်) ဦးအေးလွင်ကို မြင်ရပုံ

  • သတိကြီးကြီးသာထားနေကြပါ၊ ဘယ်သူ့ကို အားကိုးလို့  အားကိုးရမှန်းမသိတော့ဘူး

    သတိကြီးကြီးသာထားနေကြပါ၊ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိတော့ဘူး

    သာကေတ Capital လမ်းမ ပေါ်မှာ လုပ်ရဲတာ နော်

    ဒီနေ့ မနက် ၁၁ :၀၀ ခန့်က ညီမတယောက် ဖုန်းဆက်တယ်

    သူ့ အမျိုးသား မူး-ယ-စ်ဆေး နဲ့ ဖမ်းမိလို့ သာကေတ ဝက်စု မှာ လာညှိဘို့ ခေါ်တယ် တဲ့

    ဖုန်းက အဖမ်းခံရတဲ့ကောင်လေး ဖုန်းနဲ့ဘဲ ဆက်တာ

    လာတွေ့မယ်ပြောတော့ သဘော်ကျင်း ကိုလာပါ တဲ့

    နောက်တခါ ဖုန်းထပ်ဆက်တော့ သာကေတ Capital နားလာပါတဲ့

    Capital နားရောက်တော့ ဘယ်နှစ်ရောက်လာတာလည်း

    အကျီ ဘာဝတ်ထားလည်း မေးတယ်

    မေးနေချိန် လူတယောက်က တဖက် ကားလမ်းမ က ကြည့်နေတာ တွေ့ရတယ်

    အဲ့လိုမေးနေကတည်းက ရဲ မဟုတ်မှန်းသိတယ်

    ဒါပေမဲ့ ကိုယ့်လူက သူတို့လက်ထဲမှာ ဖြစ်နေတော့

    လူချင်းအတွေ့ခံလိုက်တယ် ။

    လူချင်းတွေ့တော့ ဆယ်သိန်းတောင်းတယ်

    စ-စ်မှူထမ်း ထည့်ရမလား မေးတယ်

    ငါးသိန်း နဲ့ စစ်တော့ ဗိုလ်လေးကို ဖုန်းဆက်လိုက်အုံးမယ် ပြောပြီး

    ခပ်လှမ်းလှမ်းနား ထထွက်သွားပြီး ပြန်လာတယ်

    ခုနှစ်သိန်း ပေးပါ တဲ့ အမှုမဖွင့်ဘို့ မနည်း ပြောထားရပါတယ်တဲ့

    ပိုက်ဆံ ရှာလိုက်အုံးမယ် ပြောပြီး ကိုယ့်ဘက် က လူတွေ အကြောင်းကြားလိုက်တယ်

    ကိုယ့်လူ ခေါ်လာပြီး သူတို့ရောက်တာ နဲ့ တိုင်ဘို့ ပြင်ဆင်ထားတာ

    ပိုက်ဆံရပြီ ခေါ်လာပေးတော့ ပြောလိုက်ရော ချိန်းထားတဲ့နေရာ မလာတော့ဘူး

    လမ်းမ ကို ထွက်လာခိုင်းတယ် လူ မပါလို့ မေးတော့

    ဟိုဘက်ခြမ်းမှာ လွှတ်ပေးမယ် တယောက်ထဲ လိုက်ခေါ်ပါ ခေါ်တယ်

    ပိုက်ဆံ တသိန်းလိုသေးတယ် ပြောလို့ Kpay ဆိုင်ရှာမယ် ပြောရင်း

    အချိန် ဆွဲနေတာ Kpay နံပါတ်တခုပေးပြီး တသိန်း လွှဲခိုင်းတယ်

    ငွေလည်းရရော ကိုယ့်လူကို လမ်းမ မှာ ကျောခိုင်း ရပ်ခိုင်းထားတယ်

    ဘယ်စခန်းက လည်း မေးတော့ တယောက်က

    ကျုပ်တို့က ဖမ်းတာ စခန်း ပြောစရာ လားတဲ့

    တယောက်က မူး-ယ-စ် ၄၂ က တဲ့ လက်ထိပ်ပြတယ်

    ကျုပ်လည်း ရှေ့နေဘဲ ရဲ က အဲ့လိုမလုပ်ဘူး ပြောတော့

    လက်ထဲက ငွေ ယူပြီး နောက်လှည့်မကြည့် ခပ်တည်တည်ဘဲ

    ရွှေဖူးမျှော်လမ်း ထဲ လျှောက်သွားတာ

    အဖမ်းခံရပုံက ၄၂ ကား ပေါ် မှာပါ

    သုဝဏ စျေး မီးပွိုင့် က လိုင်းကား ၄၂ ပေါ် တက်လာပြီး

    လက်ထိပ်ခတ် ကားပေါ်က ဆွဲချသွားတာ

    Taxi ကားပေါ်တင်ပြီး ဖုန်းစစ် ကျောပိုးအိတ်စစ်တယ်

    နိုင်ငံရေး လုပ်လား ဝန်ထမ်းရှိလား

    ဘာမှ မရှိလည်း ရှိအောင်လုပ်လို့ရတယ် ပြောတယ်

    လက်ထိပ်ခတ်ပြီး ဓါ:-နဲ့ထောက် ကားပတ်မောင်းတယ်

    Taxi 3 စီးပေါ် ပြောင်းပြီး ပတ်မောင်းနေတာ တဲ့

    အိမ်ကိုအကြောင်းကြား တော့ ဆေ:မိလို့ ဖမ်းထားကြောင်းပြောခိုင်းတယ်၊

    လာတွေ့တဲ့ သူတွေ ဘာတော်လည်း မေးတယ်

    ငါ့တို့ကားတွေ လူတွေ ပတ်ပတ်လည် ရှိတယ် ကားနဲ့ တို-က်သ-တ် လို့ရတယ်

    ဓါ:-ထောက် မျိုးစုံခြိ-မ်းခြော-က်တော့ ဘာမှ ပြန်မပြောနိုင်

    ငွေငါးသိန်း ရမှ လူကို လမ်းမ မှာ ကျောခိုင်းရပ်ခိုင်းပြီးလွှတ်ပေးတယ်

    ရန်ကုန်မြို့လယ်ခေါင်တောင် လူ အချင်းချင်း ဓါ:-ပြ တိုက်စားနေပါလား

    Taxi တွေနဲ့ အုပ်စု ဖွဲ့လုပ်စားနေတာ

    ပြည်သူများ သတိထားလို့ရအောင် တင်ခြင်း ဖြစ်ပါတယ်😭

    သတိကြီးကြီးသာထားနေကြပါ၊ ဘယ်သူ့ကို အားကိုးလို့

    အားကိုးရမှန်းမသိတော့ဘူး 🥺

  • ဒီဇင်ဘာ ၁၀ ရက်နေ့ မည်သည့်ဝန်ထမ်းကိုမှ ခွင့်မပေးရန်၊ လူစုံတက်စုံ ရုံးတက်ခိုင်းရန် ဝန်ကြီးဌာနများအတွင်း ရုံးတွင်း အမိန့်များထုတ်

    ဒီဇင်ဘာ ၁၀ ရက်နေ့ မည်သည့်ဝန်ထမ်းကိုမှ ခွင့်မပေးရန်၊ လူစုံတက်စုံ ရုံးတက်ခိုင်းရန် ဝန်ကြီးဌာနများအတွင်း ရုံးတွင်း အမိန့်များထုတ်

    ဒီဇင်ဘာလ ၁၀ ရက် အသံတိတ်သပိတ်နေ့တွင် ပိတ်ထားမည့် ဆိုင်များ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများကို အရေးယူရန်၊ ပြည်သူများ ပါဝင်နိုင်သော စျေးရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့် လူထုလှုပ်ရှားမှုများ ဆောင်ရွက်ကြရန် စစ်တပ်က ညွှန်ကြား

    ဒီဇင်ဘာ ၁၀ ရက်နေ့ မည်သည့်ဝန်ထမ်းကိုမှ ခွင့်မပေးရန်၊ လူစုံတက်စုံ ရုံးတက်ခိုင်းရန် ဝန်ကြီးဌာနများအတွင်း ရုံးတွင်း အမိန့်များထုတ်

    အသံတိတ်သပိတ် ပြုလုပ်မည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပိတ်ထားမည့် ဆိုင်များ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများကို ဖမ်းဆီးချိတ်ပိတ်အရေးယူရန်၊ ပြည်သူများ ပါဝင်နိုင်သော စျေးရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့် လူထုလှုပ်ရှားမှုများ သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်များက ဆောင်ရွက်ကြရန် စစ်တပ်က ညွှန်ကြားထားကြောင်း နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်တပ်၏ ရွေးကောက်ပွဲကို ကန့်ကွက်မည့် အသံတိတ်သပိတ်နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန် လာပြီး ယင်းညွှန်ကြားချက်တွင် အသံတိတ်သပိတ်ပြုလုပ်မည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ ပိတ်ထားမည့် စျေးဆိုင်များ၊ စားသောက်ဆိုင်များ ၊ အလုပ်ရုံစက်ရုံများ၊ ကုမ္ပဏီများကို ဖော်ထုတ် အရေးယူရန်နှင့် ချိတ်ပိတ်ရန်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ပြည်သူအများစု ပါဝင်နိုင်သော စျေးရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့်မြို့နယ်/ရပ်ကွက်ဆိုင်ရာ လူထုလှုပ်ရှားမှုများ ဆောင်ရွက်ရန်ပါ ညွှန်ကြားလာကြောင်း သိရှိရသည်။

    အသံတိတ် သပိတ်တွင် ပါဝင်သော ဆိုင်များ၊ အလုပ်ရုံစက်ရုံများ၊ ကုမ္ပဏီများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုအပြင် ရွေးကောက်ပွဲကို နှောင့်ယှက်သည့် ဥပဒေဖြင့်ပါ အမှုဖွင့်ရန် ညွှန်ကြားထားသည်။

    ယင်းအပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံတိတ်သပိတ်နေ့တွင် နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးရှိ ဝန်ကြီးဌာနများတွင် မည်သည့် ဝန်ထမ်းကိုမှ ခွင့်ရက်မပေးရန် ဝန်ကြီးဌာနများအတွင်း ရုံးတွင်းညွှန်ကြားချက်များ ထုတ်ပြန်လာကြောင်း၊ အကယ်၍ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးမကောင်းမွန်မှုနှင့် နာရေးကိစ္စများကြောင့် ခွင့်ယူလိုပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအကြီးအကဲများ၏ ခွင့်ပြုချက်ရယူပြီးမှ ခွင့်ပေးကြရန် ညွှန်ကြားထားသည်။

    ဓာတ်ပုံ- ယခင် အသံတိတ်သပိတ်နေ့တွင် လူသူကင်းမဲ့နေမှုများ