Category: News

  • ကျောက်ဖြူတိုက်ပွဲ AA စစ်ရှိန်ပြန်မြှင့် စစ်တပ်အထိနာ

    အာရက္ခတပ်တော်(AA)ကAAသိမ်းယူထားသည့်စခန်းများကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်ကို AA ကတိုက်ခိုက်ရာ စစ်တပ် စစ်ကြောင်းလိုက်ပြုတ်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရေးမြစ်များကပြောသည်။

    ဇွန်လမတိုင်မီက တိုက်ပွဲများတွင် AA သိမ်းယူခဲ့သည့် လိပ်ခမော်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ သပြုတောင်၊ ပြင်ရှည်ရွာနှင့် စည်မော်ရွာဘက်၌ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများ၌ စစ်တပ်အထိနာပြီ ဖရိုဖရဲဖြစ်ကာတပ်ပျက်နေကြောင်း AA နှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။

    “တိုက်ပွဲတွေက သြဂုတ်လဆန်းမှာ ပိုပြီးပြင်းထန်လာတာပါ။AAရှိတဲ့နေရာတွေကို စစ်တပ်က ထိုးစစ်လုပ်လာတာ။ သူတို့တပ်လန်ကျနေတယ်။ သေဆုံးတာတွေ များတယ်။ သြဂုတ်လ ၁၀ ရက်နောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကသေတာ ၁၀၀ ကျော်ပြီလို့ သတင်းရတယ်”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

    AAသည် ရခိုင်ပြည်နယ်မှမြို့နယ်အများအပြားကိုသိမ်းယူပြီးနောက် ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ အရှိန်မြှင့်ခဲ့သည်။

    ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ ရက်က ငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့သည်။

    ထိုးစစ်အရှိန်လျော့ထားစဉ်ကာလ၌စစ်တပ်က လေကြောင်းမှ အင်အားဖြည့်ခဲ့သည်။ ထို့အပြင် AAရှိသည့်နေရာများကို လေကြောင်းနှင့် လက်နက်ကြီးသုံး ၊ဒရုန်းများသုံး၍ တိုက်ခိုက်ခဲ့ပြီးမြေပြင်မှလည်း စစ်ကြောင်းထိုးခဲ့သည်။

    ထို့အပြင် စစ်တပ်ကစာသင်ကျောင်းများနှင့်ဘာသာရေးအဆောက်အအုံများကိုပစ်မှတ်ထား၍ဗုံးကြဲခဲ့သည်။

    ဇူလိုင်လ ၂၃ ရက်၊ ဇူလိုင်လ ၃၀ရက်နှင့်ဩဂုတ်လ ၈ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာဘုန်းကြီး ကျောင်းနှင့် မင်းရပ်တိုက်နယ်၊သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်း၊မင်းပြင်ရွာမှ အထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းများဗုံးကြဲခံရပြီးအရပ်သားထိခိုက်မှုများရှိခဲ့သည်။

    “စစ်တပ်က ဒရုန်းရယ်၊လေကြောင်းရယ်၊ နေဗီ(ရေတပ်)ကနေရယ် ပစ်ကူပေးပြီး မြေပြင်ထိုးစစ်အရှိန်မြင့်လာတာမှာ AAက စစ်ရှိန်ပြန်မြှင့်တာ။ စစ်ရေအခြေအနေ ပြောဖို့စောပေမယ့် ရှေ့ကာလမှာတိုက်ပွဲပိုပြင်းထန်လာဖို့ရှိတယ်”ဟု AAနှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။

    ပြီးခဲ့သည့်မေလနှင့် ဇွန်လကတိုက်ပွဲများတွင်လည်း စစ်ကောင်စီဘက်တွင်ထိခိုက်သေဆုံးမှုများခဲ့ပြီးတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင်နှင့် ခြေမြန်တပ်ရင်း ခမရ(၂၁၁) ဒုတပ်ရင်းမှူးဗိုလ်မှူးဝင်းသန့်တို့ AA၏ စနိုက်ဘာထိမှန် သေဆုံးခဲ့သည်။

    ကျောက်ဖြူမြို့တွင်လည်း အခြားဒေသများနည်းတူ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စစ်မြေပြင်တွင် AA ထံ အလင်းဝင်လာသူများ ရှိနေသည်။

    ဇူလိုင် ၃၁ ရက်တွင် AAထံ အလင်းဝင်လာခဲ့သည့် စစ်သားသစ်တပ်သား မောင်မောင်ဝင်းက စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းဆင်းများအား တိုက်ပွဲအတွင်းရှေ့တန်းမှတက်ခိုင်းသလို သေဆုံးသည့်စစ်မှုထမ်းတပ်သားသစ်များကိုလည်းပြီးစလွယ်မြေမြှုပ်ခဲ့သည်ဟုပြောထားသည်။

    AAသည် ရခိုင်ပြည်နယ်၌ ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မှလွဲ၍ ကျန်မြို့များကို သိမ်းယူထားသည်။

    စစ်​ကောင်စီက ​ရွေး​ကောက်ပွဲအပိုင်း (၁)ကို လတ်တ​လော သိမ်းပိုက်မခံရ​သေးသည့်​ကျောက်ဖြူ ၊ စစ်​တွေ ၊ မာန်​အောင် မြို့နယ်တို့တွင်ကျင်းပမည်ဟုဆိုသည်။

    ကျောက်ဖြူတိုက်ပွဲနှင့်ပတ်သက်၍ AAက သီးခြားသီတင်းထုတ်ပြန်ခြင်းမရှိသော်လည်းမျှော်မှန်းထားသောစစ်ရေးရည်မှန်းချက်များအလုံးစုံအောင်
    မြင်စေရန်အတွက် စစ်ကောင်စီနှင့် ရင်ဆိုင်ထားသောနေရာများ၌ တိုက်ပွဲများဆက်ဖြစ်နေသလိုအပြီးသတ်မြို့သိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေကြောင်း ဩဂုတ်လ ၁၆ရက်၌ ထုတ်ပြန်ထားသည်။

    Photo: အာရက္ခတပ်​တော်(AA)တပ်ဖွဲဲ့ဝင်များ

  • သုံးစွဲသူ အချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့တဲ့ တယ်လီနော

    သုံးစွဲသူ အချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့တဲ့ တယ်လီနော

    ၄င်းတို့၏လုပ်ရပ်ကြောင့် သုံးစွဲသူများ အဖမ်းခံရနိုင်သည်ကိုသိလျှက်နှင့် တယ်လီနော သည် သုံးစွဲသူများ၏ ဒေတာအချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနော(Telenor) ကုမ္ပဏီသည် ၄င်းတို့ထံတွင် သိမ်းဆည်းထားသော မြန်မာပြည်သူများ၏ အကဲဆတ်သော ပုဂ္ဂိုလ်ရေးအချက်အလက်များကို အချိန်အတန်ကြာထိ စစ်အုပ်စုထံ လွှဲပြောင်းပေးနေခဲ့သည်။ ထို့အပြင် တယ်လီနောသည် စစ်ကောင်စီ ခိုင်းစေသည့်အတိုင်း တသွေမသိမ်း ဝဘ်ဆိုဒ်များအား ပိတ်ပစ်ခဲ့ခြင်း၊ ဖုန်းလိုင်းများပိတ်ပင်ခဲ့ခြင်း များပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့မှုများကြောင့် ထိခိုက်ခံခဲ့ရသူများတွင် လက်ရှိ စစ်အုပ်စုက အဓမ္မ အကျဥ်းချထားသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦးအပါအဝင်ဖြစ်ခဲ့သည်။

    “နော်ဝေနိုင်ငံက အမေ့ကို အမြဲထောက်ခံခဲ့ပေမဲ့ နော်ဝေကုမ္ပဏီက ဒါမျိုးလုပ်နေတယ် ဆိုတာကတော့ ထိတ်လန့်တုန်လှုပ်စရာပဲ။ တကယ့်ကို ကဲ့ရဲ့ရှုတ်ချစရာပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က နော်ဝေမီဒီယာ NRK ကို ပြောခဲ့သည်။

    မြန်မာနိုင်ငံတွင် စစ်အုပ်စုနှင့် နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောတို့ မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိချက်အသစ်များအပေါ် အခြေခံ၍ နော်ဝေမီဒီယာ NRK က လန်ဒန်မြို့တွင် ကင်မ် နှင့် သီးသန့် အင်တာဗျူး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    တယ်လီနောသည် လူညစ်များ (စစ်အုပ်စု)၏ တောင်းဆိုသည့်အတိုင်း မိုဘိုင်းသုံးစွဲသူ ၁,၃၀၀ ဦးခန့်၏ အင်တာနက် အသုံးပြုမှုဒေတာများကို လွှဲပြောင်းပေးခဲ့ခြင်း၊ ၄င်းတို့၏ ဖုန်းများကို ပိတ်ပစ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ချက်များအရ သိရသည်။

    ၄င်းတို့ဝင်ရောက်ကြည့်ရှုခွင့် ရထားသည်များထဲတွင် ယခင်က မသိရှိခဲ့သော အချက်အလက်များ အထူးသဖြင့် တယ်လီနော၏ ကိုယ်ပိုင်စိစစ်သုံးသပ်ချက်များလည်း ပါဝင်နေကြောင်း NRK ကဆိုသည်။

    တယ်လီနောအနေဖြင့် အဆိုပါအကဲဆတ်သော အချက်အလက်တွေကို (စစ်အုပ်စုထံ) ပေးအပ်လိုက်မည်ဆိုလျှင် သုံးစွဲသူ ၅၀၀ နီးပါး အဖမ်းခံရနိုင်ကြောင်း ၄င်းတွေ့ရှိချက်များအတွင်း ဖော်ပြထားသည်။

    ထို့အပြင် တယ်လီနောဆီထံမှ သတင်းအချက်အလက်များအား အသုံးပြုပြီး (အသုံးပြုသူ ပြည်သူများအား) ဖမ်းဆီးကာ ထောင် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်ကြောင်းကို စစ်ကောင်စီဖက်မှ ကိုယ်တိုင်ပြောဆိုထားကြောင်းကိုလည်း ၎င်းစာရွက်စာတမ်းတွေထဲ ဖော်ပြပါရှိနေသည်။

    ထိုသို့ ဖြစ်ပျက်ခဲ့သည်များအပေါ် တယ်လီနောက အတည်ပြုခဲ့သည်။ သို့သော် ကုမ္ပဏီ၏ အုပ်ချုပ်ရေးပိုင်းက ၄င်းတို့အနေဖြင့် ရွေးချယ်စရာ မရှိခဲ့ကြောင်း ပြောဆိုသည်။

    “စစ်တပ် အမိန့်ပေးတာကို ငြင်းဆန်ရင် အကျိုးဆက်က ကျွန်တော်တို့ဝန်ထမ်းတွေ အသက်အန္တရာယ်နဲ့ ကြုံရနိုင်တယ်” ဟု စစ်တပ်အာဏာသိမ်းစဥ်နှင့် နောက်ပိုင်း တယ်လီနောမြန်မာ (TML) ၏ CEO ဖြစ်လာသူ Jon Omund Revhaug က ပြောသည်။

    စစ်တပ်က တောင်းဆိုလာသည့်အခါများတွင် နော်ဝေနိုင်ငံပိုင်ကုမ္ပဏီအနေနှင့် ငြင်းဆန်ခြင်းမျိုး တစ်ခါမှပင်မရှိခဲ့သလို၊ ၄င်းအပေါ်တွင်လည်း တယ်ယ်လီနောက ထပ်မံအတည်ပြုခဲ့သည်။

    “ကျွန်တော်တို့အနေနဲ့ မရဘူး လို့ ငြင်းဆန်နိုင်တဲ့ ဥပမာမျိုး ရှိမယ်မထင်ပါဘူး။ အာဏာပိုင်တွေရဲ့ တောင်းဆိုချက်တွေက အရမ်းကိုပြင်းထန်လွန်းတယ်” ဟု Revhaug က ပြောသည်။

    ထိုသို့ တယ်လီနောမှ သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ပေါက်ကြားစေခဲ့မှုတွင် မြန်မာ့နိုင်ငံရေးခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

    “ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများထဲတွင် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်သည်များ စစ်တပ်က ရှာဖွေစုံစမ်းလိုသည့်အခါမျိုးတွင်လည်း ဖုန်းနံပါတ်များကို တောင်းလေ့ရှိသည်” ဟု ကုမ္ပဏီ၏ ကိုယ်ပိုင်အကဲဖြတ်ချက်ထဲတွင် ဖော်ပြထားသည်။

    ၄င်းအချက်အလက်များကို ပေးအပ်ခဲ့ခြင်းအားဖြင့် တယ်လီနောသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ထားသော ခေါင်းဆောင်ကို စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ရာတွင် ပါဝင်ကူညီခဲ့ကြောင်းကို ထင်ရှားစေခဲ့သည်။ အဆိုပါကိစ္စသည် ကုလသမဂ္ဂနှင့် ကမ္ဘာတဝှမ်းက ရှုတ်ချနေဆဲ ကိစ္စလည်းဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ (စစ်အုပ်စုက) ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ထောင်လေးနှစ် အဓမ္မ ချမှတ်ခဲ့သည်။ ထို့နောက်တွင်လည်း စွဲချက်အမျိုးမျိုးဖြင့် သူမအား စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ထပ်မံချမှတ်ထားသည်။

    သူမ၏သားဖြစ်သူ ကင်မ်အဲရစ်နှင့် လန်ဒန်တွင် တွေ့ဆုံချိန်တွင်တော့ ၄င်းကိစ္စအပေါ် ကင်မ်က အတော်လေး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။

    “တယ်လီနောအနေနဲ့ ဒီအချက်အလက်တွေကို မထုတ်ပေးခဲ့သင့်တာပါ။ ဒါပေမဲ့ အဲဒီအစား သူတို့ဟာ စစ်အုပ်စုကို အတော်အားကောင်းတဲ့ လက်နက်တခု ပေးခဲ့တယ်။ ဒါကြောင့်မို့ပဲ စစ်အုပ်စုအနေနဲ့ လူတွေကို အမြဲတစေ စောင့်ကြည့်ထောက်လှမ်းနိုင်ခဲ့တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

    ၁၉၉၁ ခုနှစ်က အော်စလိုတွင် သူ့မိခင်ကိုယ်စား ငြိမ်းချမ်းရေးဆုကို လက်ခံပေးခဲ့စဉ်က ကင်မ်သည် အသက် ၁၄ နှစ်သာ ရှိသေးပြီး၊ အခမ်းအနားအတွင်း နာမည်ကျော် နော်ဝေဂီတပညာရှင် Edvard Grieg တီးခတ်သော ဂီတသံစဥ်နှင့်အတူ ဆုလက်ခံယူခဲ့ခြင်းလည်း ဖြစ်သည်။

    ကင်မ် က “တယ်လီနောအနေနဲ့ အချက်အလက်တွေကို ဖျက်ဆီးပြီး နိုင်ငံကနေ ထွက်သွားခဲ့သင့်တယ်” ဟု ဆိုသည်။

    Jon Omund Revhaug က ဒါဟာ မဖြစ်နိုင်ကြောင်း၊ အားလုံးထက် ဝန်ထမ်းများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားဖို့က ပိုအရေးကြီးကြောင်း ပြောသည်။

    “သားဖြစ်သူက အခုလို ပြင်းပြင်းထန်ထန် တုံ့ပြန်တာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့က တကယ့်ကို ကြောက်စရာကောင်းလွန်းလှတဲ့ အာဏာယန္တရားနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒီအချက်အလက်တွေကို အာဏာပိုင်တွေက ဘာအတွက် သုံးသလဲ ဆိုတဲ့ကိစ္စအတွက်တော့ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး” ဟု ၄င်းကဆက်ပြောသည်။

    တယ်လီနောထံမှ ရရှိထားသော ခွဲခြမ်းစိတ်ဖြာထားသည့် စာရွက်စာတမ်းများအရ စစ်အုပ်စု၏ ပြတ်သားသော ဗျူဟာတခုကိုလည်း မြင်တွေ့နိုင်သည်။

    ၄င်းမှာ နာမည်ကြီးများ၏ အချက်အလက်များ ရှာဖွေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီအရေးတော်ပုံကို ထောက်ခံအားပေးသော နာမည်ကျော်များ၊ ဟစ်ဟော့အနုပညာရှင်များ၊ စာရေးဆရာများ၊ ရုပ်ရှင်ဒါရိုက်တာများနှင့် နာမည်ကြီးအနုပညာရှင်များ စသူတို့၏ အချက်အလက်များကို ရှာဖွေခြင်းဖြစ်သည်။

    (စစ်အုပ်စုကို) ဆန့်ကျင်တော်လှန်သူများ၏ ထိရှလွယ်သော အင်တာနက်အသုံးပြုမှု အချက်အလက်တွေကို တယ်လီနောမှ မည်သို့မည်ပုံ ပေါက်ကြားစေခဲ့သည် ဆိုသည့် အကြောင်းအရာများကိုလည်း အဆိုပါစာရွက်စာတမ်း အတော်များများတွင် တွေ့မြင်နိုင်သည်။

    တနည်းအားဖြင့် တယ်လီနောသည် (စစ်အုပ်စုကို ဆန့်ကျင်တော်လှန်သူများ၏) နာမည်များ၊ လိပ်စာများ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ စာတိုအချက်အလက်များနှင့် နောက်ဆုံးသိရှိထားသော နေရာအချက်အလက်များအား စစ်အုပ်စုထံ ပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။ ပါဝင်ပတ်သက်မှုများ ပေါက်ကြားခြင်းကြောင့် လူငယ်များ မကြာခဏဆိုသလို အသက်အန္တရာယ်နှင့် ကြုံခဲ့ရသည်များလည်းရှိသည်။

    “ကုမ္ပဏီကြီးတွေဟာ သူတို့အနေနဲ့ ဝေးဝေးရှောင်သင့်တဲ့သူတွေနဲ့ မကြာခဏဆိုသလို နောက်ကွယ်မှာ (မသမာ) အပေးအယူတွေ လုပ်လေ့ရှိတာ ကျွန်တော်တို့တွေ သိပါတယ်” လို့ အင်တာဗျူးအတွင်း ကင်မ်အဲရစ်က ပြောခဲ့သည်။

  • ဗုံးဆက်တိုက်ကြဲခံနေရသည့် မိုးကုတ်မြို့ခံများ လေကြောင်းရန် တိမ်းရှောင်ရန် ခက်ခဲနေ

    ဗုံးဆက်တိုက်ကြဲခံနေရသည့် မိုးကုတ်မြို့ခံများ လေကြောင်းရန် တိမ်းရှောင်ရန် ခက်ခဲနေ

    စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတဲ့ မိုးကုတ်မြို့က ဒေသခံတွေဟာ တိမ်းရှောင်ဖို့ခက်ခဲနေပြီး လေကြောင်းကနေ ထပ်မံတိုက်ခိုက်မှာကို စိုးရိမ်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မိုးကုတ်မြို့ကို စစ်တပ်က ဇူလိုင်လ ၈ ရက်မှ ၁၈ ရက်အတွင်း လေကြောင်းကနေ ဗုံး ၈ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာပါ။

    လူနေရပ်ကွက်နဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို ဗုံးကြဲတဲ့အတွက် မြို့ပေါ် လေယာဥ်ဝဲတာနဲ့ ပြည်သူတွေအပေါ် ဗုံးကျမှာကို စိုးရိမ်နေပြီး ငွေကြေးတတ်နိုင်သူအချို့ ထွက်ပြေးတိမ်းရှောင်ကြပေမဲ့ ငွေကြေးအဆင်မပြေသူတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲနေတယ်လို့ဆိုပါတယ်။

    မိုးကုတ်မြို့ အရှေ့ပိုင်းနေထိုင်သူတယောက်က “လေကြောင်းရန်ကာကွယ်ရေးက ဘယ်လို လုပ်ထားလဲဆို ဗုံးခိုကျင်းတခုပဲ ခံနိုင်တယ်။ တကယ်လို့ ကိုယ့်အပေါ် တည့်တည့်ကျမယ်ဆို ဘယ်လိုမှမခံနိုင်ဘူး။ လေယာဥ်ပျံရုတ်တရက်လာ ဗုံးကြဲတဲ့နေ့တွေဆို ကိုယ်တွေကဘယ်မှ ပြေးချိန်လည်းမရှိဘူး။ လူကလည်း ကြောင်တောင်တောင်ဖြစ်သွားတဲ့အချိန်တွေရှိတယ်။ အခုက မြေပြင်စစ်ကြောင်း ရောက်လာမှာလည်း ကြောက်ရတယ်။ လေယာဥ်ကိုလည်း ကြောက်ရတယ်” လို့ ပြောပါတယ်။

    မိုးကုတ်မြို့ကနေ မန္တလေးဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့အတွက် ကားခအနေနဲ့ တယောက်ကို ကျပ် ၄ သိန်းခွဲအထိ မြင့်တက်နေတဲ့အပြင် လမ်းခရီးအဆင်မပြေတာတွေရှိနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲနေတာလို့ ဆိုပါတယ်။

    စစ်တပ်က မိုးကုတ်မြို့ပေါ်က လူနေရပ်ကွက်နဲ့ လူစည်ကားရာနေရာတွေကို လေကြောင်းကနေ ဗုံး ၈ ကြိမ်ကြဲချခဲ့တဲ့အတွက် ဇူလိုင် ၈ ရက်ကစတင်ပြီး သြဂုတ် ၁၈ ရက်အတွင်း ပြည်သူ ၆၀ ဝန်းကျင်သေဆုံးခဲ့ရပါတယ်။

    မိုးကုတ်မြို့ခံက “ပြည်သူတွေကို ပညာပေးတဲ့နေရာမှာ ဘန်ကာကျင်း တမျိုးတည်းကို ဆောက်ဖို့ တိုက်တွန်းတာမျိုးမဟုတ်ဘဲနဲ့ ဘယ်လိုအကာကွယ်မျိုး ယူလို့ရတယ်ဆိုတာ တိုက်တွန်းဖို့ လိုအပ်တယ်။ ကမ္ဘာစစ်မှာ ဗုံးတွေကြားမှာ အသက်ရှင်ကျန်ရစ်ပြီးနေခဲ့တယ်ဆိုတာ ဘယ်လိုနေခဲ့လဲဆိုတာ လေ့လာလို့ရတယ်။ ပြီးတဲ့ခါ ဘန်ကာဆောက်ဖို့မြေနေရာ ငွေကြေး လိုအပ်တယ်။ ဘယ်လိုလုပ်ထားရင် အသက်အန္တရာယ်ကာကွယ်နိုင်တယ်ဆိုတာ တနည်းနည်းနဲ့ လူတိုင်းလုပ်နိုင်တဲ့ indoor outdoor တွေကို ပညာပေးနိုင်ဖို့မျှော်လင့်တယ်” လို့ ပြောပါတယ်။

    ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်ဖို့အတွက် စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ တအာင်းတပ် TNLA အသိပေးထားပါတယ်။

    မိုးကုတ်မြို့ကို ၂၀၂၄ ဇူလိုင်ကစတင်ပြီး TNLA တပ်နဲ့ ပူးပေါင်းတပ်တွေထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှာတော့ စစ်တပ်က မိုးကုတ်မြို့ကို ပြန်ရဖို့ မြေပြင်စစ်ကြောင်းထိုးနေ တဲ့အပြင် လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

    လင်းအိမ်

  • ဒေးဒရဲတွင် ဖုန်းအတွင်း VPN တွေ့သဖြင့် ဖမ်းခံရသူအချို့အား ၁ ဦးကို ၅ သိန်းတောင်းပြန်လွှတ်

    ဒေးဒရဲတွင် ဖုန်းအတွင်း VPN တွေ့သဖြင့် ဖမ်းခံရသူအချို့အား ၁ ဦးကို ၅ သိန်းတောင်းပြန်လွှတ်

    ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီတပ်က လက်ကိုင်ဖုန်းအတွင်း VPN တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၄ ယောက်ကို တယောက်ငွေ ၅ သိန်းအထိ တောင်း ယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    စစ်ကောင်စီတပ် နဲ့ ရဲတွေက သြဂုတ် ၁၄ ရက်က ဒေသခံတွေရဲ့ လက် ကိုင်ဖုန်းတွေကို လုယူစစ်ဆေးပြီး ဖုန်းထဲမှာ VPN တွေ့ရှိတာကြောင့် အရပ်သားဒေသခံ ၄ ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သြဂုတ် ၂၀ ရက်မှာ အဖမ်ခံရတဲ့သူ တယောက်ကို ကျပ် ၅ သိန်း တောင်းပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

    အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က “ပိုက်ဆံ ၅ သိန်းက ရဲနဲ့ စစ်သားတွေကိုပေးရတာ။ VPN မသုံးဖို့ ပြောပြီး ပြန်လွှတ်ပေးတာ။ နောက်တခါဆို လူကိုဖမ်း ထောင်ချမယ်လို့ ပြောသေးတယ်” လို့ ပြောပါတယ်။

    အဲဒီ ဖမ်းဆီးထားသူတွေကို စစ်ကောင်စီတပ်က ဒေးဒရဲမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ပြန်လွှတ်ပေးဖို့အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် စစ်ကောင်စီတပ်နဲ့ရဲကို ငွေပေးဖို့ ပြောဆိုတောင်းယူတာလို့ ဆိုပါတယ်။

    စစ်ကောင်စီတပ် နဲ့ နီးစပ်သူတယောက်က “ဆိုင်ကယ်တွေ စစ်ဆေးနေရင်း ဒေးဒရဲမြို့အဝင်မှာ အဖမ်းခံရတာ။ VPN ကို ဦးတည်မစစ်ပေမဲ့လည်း ငွေလိုရင်လိုသလို ခေါင်းစဉ်တပ် ငွေညစ်နေတာ” လို့ ပြောပါတယ်။

    ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက သြဂုတ် ၁ ရက်ကနေစတင်ပြီး မြို့အဝင်အထွက် နေရာတွေမှာ ဆိုင်ကယ်တွေ၊ ကားတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး လက်ကိုင်ဖုန်းတွေထဲမှာ VPN တွေ့ရှိရင် ဖမ်းဆီးနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

  • သပိတ်ကျင်း၊ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်းရှော့တိုက်ဒုံးနဲ့ပစ်ခံရ

    သပိတ်ကျင်း၊ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်းရှော့တိုက်ဒုံးနဲ့ပစ်ခံရ

    သပိတ်ကျင်း၊ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်းရှော့တိုက်ဒုံးနဲ့ပစ်ခံရတဲ့ဖြစ်စဥ်အတွင်း အရာရှိ(၃)ဦးအပါ စကစ (၂၀)ခန့်သေဆုံး

    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ အမှတ်(၁၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခံရတဲ့ ဖြစ်စဥ်အတွင်း နည်းပြအရာရှိအပါ စကစ တပ်သား(၂၀)ခန့် သေဆုံးခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်အချို့အရ သိရပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့ နေ့လယ်၁၂ ခန့်မှာ သပိတ်ကျင်းမြို့ ၇ မိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းကို Brave Warriors For Myanmar (BWM) တပ်ဖွဲ့မှရှော့တိုက်ဒုံး(၁၀)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

    ယင်းတိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး၉လုံးကို BWM အဖွဲ့မှ အောင်မြင်စွာ ပစ်နိုင်ခဲ့ပြီး အဆိုပါပစ်ခတ်မှုကြောင့် နည်းပြအရာရှိတွေအပါ စကစ သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။

    ” မနေ့က နေ့ခင်းက ပစ်ခံရတာ၊ ဖြစ်စဥ်ပြီးပြီးချင်းမှာပဲ အရာရှိ၃ယောက်သေတယ်၊ နည်းပြတွေ၊ နောက်ထပ်အခြားအဆင့်ကလည်း အယောက်(၂၀)လောက် သေတယ်၊ သန္ဓေကော၊ သင်တန်းသားကောပါတာပေါ့”ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဒါ့အပြင် အဆိုပါပစ်ခတ်မှုအတွင်း သင်တန်းကျောင်းအတွင်းရှိ အိပ်ဆောင်များအပါအဝင် အဆောက်အအုံ(၄)ခု ထိမှန်ခဲ့သလို ပရိဘောဂပစ္စည်းအမြောက်အများလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

    အဲ့ဒီ အမှတ်(၁၃)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းဟာ သပိတ်ကျဥ်းမြို့နဲ့မိုးကုတ်မြို့တို့အသိမ်းခံရစဥ်က ထွက်ပြေးလာတဲ့စစ်သားတွေကိုစုစည်းစေပြီး ထပ်မံအင်အားဖြည့်တင်းရာ အရေးကြီးတပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။