Category: News

  • ဒေါက်တာဆာဆာ NUG က နုတ်ထွက်

    ဒေါက်တာဆာဆာ NUG က နုတ်ထွက်

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး တာဝန်ယူထားသူ ဒေါက်တာဆာဆာသည် အစိုးရအဖွဲ့မှ နုတ်ထွက်ထားကြောင်း ၎င်းနှင့်နီးစပ်သူတဦးက ပြောသည်။

    ဒေါက်တာဆာဆာ နုတ်ထွက်သော အကြောင်းအရင်းနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလကတည်းက နုတ်ထွက်စာတင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ၎င်းနှင့်ဆွေမျိုးတော်စပ်သူတဦးကလည်း ဒေါက်တာဆာဆာအနေဖြင့် NUG က ပြင်ဆင်ပြောင်းလဲဖွဲ့စည်းမည့် အစိုးရ အဖွဲ့ထဲ ပါဝင်တော့မည် မဟုတ်ကြောင်းလည်း ပြောသည်။

    လက်ရှိ NUG အစိုးရတွင် ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီး ၁၆ ဦး၊ ဒုဝန်ကြီး ၁၇ ဦးတို့ဖြင့် ဖွဲ့စည်းထားကာ မကြာမီကာလ၌ ဝန်ကြီးဌာနအချို့အား ဦးစီးဌာနများအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း NUG ဘက်က ထုတ်ဖော်ပြောဆိုထားသည်။

    ဦးစီးဌာနအဖြစ်ပြောင်းလဲကာ ဝန်ကြီးဌာနဖျက်သိမ်းမည့်ထဲ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးထင်လင်းအောင် ဦးဆောင်သည့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးနော်စူစန်နာလှလှစိုး ဦးဆောင်သော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ ပါဝင်ကြောင်း သိရသည်။

    ဒေါက်တာဆာဆာ နုတ်ထွက်စာတင်ထားခြင်းနှင့် ဝန်ကြီးဌာနအချို့ ပြောင်းလဲဖွဲ့စည်းမည့် အခြေအနေနှင့်ပတ်သက်ပြီး NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ထံ ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

  • ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း စစ်တပ်ဆန့်ကျင်ရေး သမိုင်းကြောင်းဖြင့် မဲဆွယ်မှုအပေါ် UEC ထံ မဘသ သတင်းထောက် မေးခွန်းထုတ် တိုင်ကြား..

    ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း စစ်တပ်ဆန့်ကျင်ရေး သမိုင်းကြောင်းဖြင့် မဲဆွယ်မှုအပေါ် UEC ထံ မဘသ သတင်းထောက် မေးခွန်းထုတ် တိုင်ကြား..

    ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း စစ်တပ်ဆန့်ကျင်ရေး သမိုင်းကြောင်းဖြင့် မဲဆွယ်မှုအပေါ် UEC ထံ မဘသ သတင်းထောက် မေးခွန်းထုတ် တိုင်ကြား..

    အဆိုပါ ကိုယ်စားလှယ်လောင်းက မဘသ သတင်းထောက်အား ရွေးကောက်ပွဲဥပ‌ဒေဖြင့် တရားပြန်စွဲ..

    မဲဆွယ်စည်းရုံးရေးပြောဆိုချက်တွေဟာ တော်လှန်ရေးနဲ့ဆက်နွယ်တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင် (UEC) ထံ စွပ်စွဲမေးမြန်းခဲ့တဲ့ မဘသ သတင်းထောက် နောင်တော်လေးကို ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူပေးဖို့ ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးလွင်မြင့်က စစ်အုပ်စုလက်ပါးစေ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။

    အကြမ်းဖက်စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်က သူ့ကို စစ်တပ်ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်းတွေ ထည့်သွင်းပြောကြား မဲဆွယ်ခဲ့တယ်ဆိုပြီး ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်းရှိမရှိဆိုတာ နောင်တော်လေးက UEC ထံ တိုင်ကြားမေးမြန်းခဲ့တဲ့အပေါ် အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ဦးလွင်မြင့်က သူ့ဖခင်၊ သူနဲ့ သားဖြစ်သူတို့ဟာ တော်လှန်ရေးမျိုးဆက်တွေဖြစ်ကြောင်း၊ နိုင်ငံရေးအကျဥ်းသားတွေဖြစ်ကြောင်းနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လှုပ်ရှားမှုကို “အရေးတော်ပုံ” လို့ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် ပြည်သူ့ပါတီဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်တွေနဲ့ စုစည်းထားတဲ့ ပါတီဖြစ်ကြောင်းနဲ့ ခေတ်အဆက်ဆက်တော်လှန်ရေးကို အစဥ်တစိုက် လုပ်ဆောင်ခဲ့ကြောင်းပြောခဲ့ပါတယ်။

    ဒီအပေါ် မဘသ တဖြစ်လဲ Myanmar National Post ရဲ့ သတင်းထောက်ဖြစ်သူ နောင်တော်လေးက ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ မဲမသမာမှုတွေကြောင့် စစ်တပ်က အာဏာကို ရယူခဲ့ရကြောင်း၊ NLD ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်တို့ ဦးဆောင်လှုံ့ဆော်ခဲ့တဲ့ လှုံ့ဆော်မှုတွေကို စစ်အစိုးရက အကြမ်းဖက်မှုအဖြစ် ကြေညာထားကြောင်း၊ ဒီလို အကြမ်းဖက်မှုအဖြစ် စစ်တပ်က ကြေညာထားတဲ့ လှုပ်ရှားမှုကို “တော်လှန်ရေး” “အရေးတော်အပုံ” အဖြစ် သုံးနှုန်းတာဟာ ဥပ‌ဒေနဲ့မညီသလို ကိုယ်စားလှယ်လောင်းအရည်အချင်းနဲ့ ကိုက်ညီမှုမရှိကြောင်း UEC ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ရက်နေ့မှာ မေးမြန်းတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

    ဦးလွင်မြင့်ကတော့ သူ့အနေနဲ့ မဲဆွယ်စည်းရုံးရေးကာလအတွင်း ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အတိုင်း သူ့ရဲ့မျိုးဆက်အလိုက် နိုင်ငံရေးလှုပ်ရှားမှုဖြစ်စဥ်တွေကို အကြမ်းမဖက်နည်းလမ်းနဲ့ ပြောဆိုစည်းရုံးခဲ့တာဖြစ်ကြောင်း၊ ၂၀၂၁ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးတာမဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး သူ့ကို ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းကြောင်းပြောဆိုခဲ့တဲ့ နောင်တော်လေးကိုလည်း စစ်အုပ်စု ထုတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူနိုင်ဖို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့တာလို့ သိရပါတယ်။

    လက်ရှိအခြေအနေအရ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ စစ်အုပ်စုလက်ပါးစေ မဘသ၊ မျိုးချစ်နဲ့ စစ်တပ်ထောက်ခံသူတွေကြား ဝေဖန်ပြစ်တင်ခံရဆုံး ပါတီ ၁ခု ဖြစ်နေပြီး စစ်အစိုးရဆန့်ကျင်တဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေရှိခဲ့သူတွေဖြစ်တာကြောင့် အပြတ်အသတ် ရှုံးနိမ့်ဖို့ မျှော်လင့်ထားကြတာဖြစ်ပါတယ်။

    ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီးကလည်း သူတို့ပါတီအပေါ် စစ်အုပ်စုထောက်ခံသူ လော်ဘီတွေရဲ့ ပြောဆိုမှုအပေါ် သတိထားနေကြဖို့အထိ ပြင်းပြင်းထန်ထန်ပြောဆိုထားတာ ဖြစ်ပါတယ်။

    ပုံစာ – ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်နှင့် မဘသ သတင်းထောက် နောင်တော်လေး

  • ရခိုင်ရိုးပေါ်၌ တပ်ခွဲမှူးအဆင့်ဦးစီးသည့် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းလိုက် ပျောက်ဆုံးနေ

    ပန်းတောင်းတပ်နယ်အတွင်း ရခိုင်ရိုးပေါ်၌ တပ်ခွဲမှူးအဆင့်ဦးစီးသည့် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းလိုက် ပျောက်ဆုံးနေ

    စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများရှိနေသည့် ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ် အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်သွားသည့် အင်အား ၃၀ ပါ စစ်ကော်မရှင်စစ်ကြောင်းမှာ ပင်မတပ်နှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်မှ တပ်ခွဲမှူးအဆင့်ဦးစီးသည့် အင်အား ၃၀ ပါ စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ တတိယပတ်က ညောင်ကျိုး၊ လေသာတောင်ဝန်းကျင်သို့ စစ်ကြောင်းထိုး ထွက်လာ ပြီးနောက် ဒကစ(ပြည်)နှင့် အဆက် အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။

    “ဒကစ(ပြည်)နဲ့ တက်သွားတဲ့စစ်ကြောင်း အဆက် အသွယ်ပြတ်တောက်နေပါတယ်။ နှစ်ဖက်လုံးက မထုတ်ပြန်သေးတော့ သေတာလား၊ ထွက်ပြေးလား၊ မသိရသေးဘူး။ အဆက်အသွယ်ပြတ်တာ တစ်‌ပတ် ကျော်ပြီ”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်နှင့် AA တပ်ဖွဲ့များမှာ ၆၆၆ ပွိုင့်စခန်းကုန်းအနီးနှင့် လေသာတောင်ကြောတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က စစ်ကူများ ဆက်တိုက်ပို့လျက်ရှိသည်။ ထို့ပြင် AA ဆုတ်ခွာထားသည့် ပွိုင့် ၆၆၆ စခန်းကုန်းကို မွမ်းမံပြင်ဆင်ပြီး လက်နက်ကြီးများအထိုင်ချကာ ခံစစ်ပြင် ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

    တောင်ကုတ်-ညောင်ကျိုး ရိုးလမ်းတစ်လျှောက် နယ် မြေစိုးမိုးမှုရယူနိုင်ရန် စစ်ကော်မရှင်က ဆုံးရှုံးထားသည့် လေသာ တောင်ကြောတစ်ဝိုက်ကိုပါ စစ်ကူပို့လျက်ရှိသည်။

    ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နေ့က လေသာတောင်ကြောအနီးတွင် AA နှင့် စစ်ကော်မရှင်တို့ တိုက်ပွဲပြင်း ထန်ခဲ့ပြီး စစ်ကော်မရှင်ဒရုန်းဗုံးကြောင့် AA တပ်ဖွဲ့ဝင်အများအပြား သေဆုံးမှုရှိသည်ဟု စစ်တပ် ထောက်ခံချန်နယ်များက ဝါဒဖြန့်ရေးသားဖော်ပြထားသည်။

    ယခုတိုက်ပွဲအတွင်း ပျောက်ဆုံးသွားသည့် စစ်ကြောင်းမှာ သေဆုံးနှင့် လက်နက်ချအညံ့ခံမှု တစ်ခုခုဖြစ်နိုင်ကြောင်းကိုမူ နှစ်ဖက်တပ်ဖွဲ့များက ထုတ်ပြန်မှုမရှိသေးပေ။

    ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၆ ၏ ကာကင်းနေရာများနှင့် ညောင်ကျိုးနှင့် ဆငလန်ကြား လေသာ တောင်တစ်တိုက်တွင် တိုက်ပွဲများဆက်လက်ရှိနေရာ တိုက်ပွဲအတွင်း ထွက်ပြေးသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို လက်ရဖမ်းဆီးနိုင်မှုများရှိကြောင်း AA က နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။

    စစ်ကော်မရှင်သည် ကလေးနှင့် ဖောင်းပြင်မှခြေမြန်တပ်ရင်းများကို ပန်းတောင်းတပ်နယ်အတွင်းရှိ တိုက်ပွဲများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    ပုံစာ-စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

  • ကျောင်းထိုင်ဘုန်းကြီး KTV ကေ့စ် ပြဿနာက ခုမှစတာ

    ကျောင်းထိုင်ဘုန်းကြီး KTV ကေ့စ် ပြဿနာက ခုမှစတာ

    ပျော်ဘွယ်က ကျောင်းထိုင်ဘုန်းကြီးတစ်ပါး KTV မှာ သောက်စားမူးယစ်နေတာမိလို့ လူဝတ်လဲခံလိုက်ရတဲ့သတင်းက ပြဿနာမဟုတ်ဘူးဗျ

    ပြဿနာက အခုမှစတာ….

    တာဝန်ရှိပျော်ဘွယ်ရဲတွေကို လာဘ်ငွေ သိန်းတစ်ရာပေးရတဲ့အတွက် ဘုန်းကြီးခမျာ ပိုက်ဆံမလောက်တာနဲ့ကျောင်းကပစ္စည်းလေးတွေရောင်းချပြီးပေးရတော့တာပေါ့…….

    ဒါယိကာဒါယိကာမတွေကလဲ လှူထားတဲ့ပစ္စည်းတွေ ဘုန်းကြီးယူသွားလို့ မကျေနပ်တော့ တိုင်ကြ တောကြပေါ့…..

    လက်ခံမိတဲ့ KTV ကလဲ နာမည်မထွက်အောင် ပျော်ဘွယ်ရဲတွေကို နှုတ်ပိတ်ခပူဇော်လိုက်ရလို့ ကတုံးနဲ့ဆိုရင် အဝင်မခံဖို့ ဝိတ်တာတွေကိုမှာနေရရော…..

    ကျောင်းထိုင်တင်ပေးမိတဲ့ မ/နသံဃနာယကအသင်းကြီးကလဲ ဘယ်ဘုန်းကြီးကို ဘယ်လောက်ပေးပြီးကျောင်းထိုင်ဖြစ်ခဲ့တာပါလို့ အသံထွက်မှာကြောက်ပြီး ဆွမ်းတောင်ဖြောင့်ဖြောင့်ဘုန်းမပေးနိုင်….

    သတင်းပေးတဲ့ ဒါယိကာလဲ KTV ကိုသူသွားတာလူသိမှာကြောက်လို့ဖုံးရဖိရနဲ့……

    အချီကြီးမိလိုက်တဲ့ ပျော်ဘွယ်ရဲတွေလဲ သိန်းတစ်ရာယူလိုက်တဲ့သတင်းပြန့်သွားလို့ အဆင့်ဆင့်ဝေစားမျှစားတွေကို ခွဲပေးလိုက်ရလို့ တွက်ချေမကိုက်ဖြစ်သွားရကြောင်း….

    မြို့နယ်အတွင်းက တစ်ခြား KTV ကိုယ်တော်တွေလဲ အသွားအလာဆင်ခြင်လိုက်ရလို့ လမင်းတို့ ကြယ်စင်တို့ကို လွမ်းနာကျပြီး ကျိန်းလို့ပင်မပျော်တော့ဘဲ ဒုက္ခရောက်နေရကြောင်း….

    ပျော်ဘွယ်မြို့နယ်ထဲက ရဲတွေမှန်သမျှ လောင်းကစား မူးယစ်ဆေး ခိုးဆိုးလုယက်တွေနဲ့ဆက်နွယ်ကြောင်းကို ဘုန်းကြီးအမှုကိုဖော်ရင်း ပေါ်မှာစိုးရိမ်နေရကြောင်း……

    အဲ့ဒါပဲဗျ …..

    ကတုံး ရှုပ်ရင်ရှင်းမရဘူးဆိုတာ

  • တိုင်းပြည်မငြိမ်သက်အောင်လုပ်ရင် အကုန်သတ်ဟု သရုပ်ဆောင်နေအောင် ခြိမ်းခြောက်ပြောဆို

    တိုင်းပြည်မငြိမ်သက်အောင်လုပ်ရင် အကုန်သတ်ဟု သရုပ်ဆောင်နေအောင် ခြိမ်းခြောက်ပြောဆို

    စစ်ကော်မရှင် ရွေးကောက်ပွဲအတွက် အမုန်းစကားများဖြင့် မဲဆွယ်

    စစ်ကော်မရှင်က ၂၀၂၅ ခုနှစ်တွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ထောက်ခံပြောဆိုသည့် အင်တာဗျူးတစ်ခုတွင် ဝါရင့်သရုပ်ဆောင် နေအောင်က နိုင်ငံရေးဆန့်ကျင်သူများကို သတ်ဖြတ်ပစ်ရန် လူသိရှင်ကြား လှုံ့ဆော်လိုက်ပြီး လူနည်းစုဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံသည့် အမုန်းစကားများကိုပါ ထည့်သွင်းပြောဆိုသွားသည်။

    လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းအရ သရုပ်ဆောင် နေအောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထောက်ခံမဲပေးရန် စည်းရုံးပြောဆိုရာ၌ လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုများအတွက် အတိုက်အခံများကို အပြစ်တင်ခဲ့ပြီး အကြမ်းဖက်မှုကို လှုံ့ဆော်သည့် စကားလုံးများကို သုံးစွဲခဲ့သည်။

    “တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့သူ အကုန်သတ်။ ရှင်းတယ်နော်။ အေးအဲဒါပဲဗျာ” ဟု ၎င်းက ဒေါသတကြီး ပြောဆိုခဲ့သည်။ ထို့အပြင် တပ်မတော်ကသာ နိုင်ငံကို ကာကွယ်ပေးနေခြင်းဖြစ်ပြီး တပ်မတော်မရှိပါက ပြည်သူများ ဘဝပျက်မည်ဟုလည်း ၎င်းက ဆိုသည်။

    သရုပ်ဆောင်နေအောင်သည် ၎င်း၏ ဟောပြောမှုတွင် ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားဆက်ဆံမှုများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ မွတ်စလင်ဘာသာဝင်များကို ရည်ညွှန်း၍ “ကျွန်တော်တို့က အိမ်ရှင်၊ သူတို့က ဧည့်သည်၊ တည့်အောင်နေရမယ်” ဟု ပြောဆိုခဲ့ခြင်းမှာ နိုင်ငံသားအခွင့်အရေးဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ပြီး အစွန်းရောက်အမျိုးသားရေးဝါဒကို မြှင့်တင်ရာ ရောက်နေသည်။

    အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။

    “အနုပညာရှင်တစ်ယောက်အနေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ငြိမ်းအောင် ကူညီရမယ့်အစား မငြိမ်အောင်လုပ်တဲ့သူ အကုန်သတ်ဆိုပြီး လူသတ်ဖို့ လှုံ့ဆော်တာက အရမ်းရုပ်ဆိုးပါတယ်။ အောက်တန်းလည်းကျပါတယ်။ သူပြောတဲ့ အိမ်ရှင်ဧည့်သည် စကားကလည်း ခေတ်နောက်ပြန်ဆွဲတဲ့ စကားလုံးတွေပါ။ စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲဆိုတာ ဘယ်လိုပုံစံလဲဆိုတာ သူတို့ရဲ့ မဲဆွယ်နည်းကို ကြည့်တာနဲ့ သိသာပါတယ်။ ပြည်သူတွေက အကြောက်တရားနဲ့ မဲသွားပေးရရင်တောင် စစ်မှန်တာတွေ ရမှာမဟုတ်ဘူး”ဟု ပြောသည်။

    လက်ရှိ နိုင်ငံရေးအခြေအနေများကို လေ့လာစောင့်ကြည့်နေသူ နိုင်ငံရေးသုံးသပ်သူတစ်ဦးကလည်း သရုပ်ဆောင်နေအောင်၏ ပြောစကားများကို ထောက်ပြပြောဆိုထားသည်။

    “ဒါက ရိုးရိုးသားသား မဲဆွယ်တာ မဟုတ်ဘူး။ စစ်တပ်အနေနဲ့ သူတို့ကိုယ်တိုင် ပြောဖို့ခက်တဲ့ အမုန်းစကားတွေ၊ ခြိမ်းခြောက်စကားတွေကို နာမည်ကြီး အနုပညာရှင်တွေကို အသုံးချပြီး ပြောခိုင်းနေတာပါ။ ဒါဟာ ပြည်သူလူထုကြားမှာ ကြောက်ရွံ့မှုဖန်တီးပြီး နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြိုးစားတဲ့ စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုသာ ဖြစ်ပါတယ်”ဟု သုံးသပ်ထားသည်။

    လက်ရှိအချိန်တွင် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသော်လည်း နိုင်ငံတဝန်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ဒေသအများအပြားတွင် နယ်မြေစိုးမိုးမှုများ ဆုံးရှုံးနေရသည်။