Category: News

  • ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲများ ပိုမိုပြင်းထန်

    ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲများ ပိုမိုပြင်းထန်

    ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲများ ပိုမိုပြင်းထန်နေပြီး စစ်​ကော်မရှင်တပ်က ဒရုန်းဖြင့်တိုက်ခိုက်ခြင်း​ကြောင့် အရပ်သားများ​ သေဆုံး

    ရခိုင်ပြည်နယ်၊​ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ​ရေတပ်ဌာနချုပ်အနီးတွင် တိုက်ပွဲများပိုမိုပြင်းထန်​နေပြီး စစ်​ကော်မရှင်ကအဆိုပါနယ်​မြေများရှိ​ကျေးရွာများကို​လေ​ကြောင်းမှဒရုန်းဖြင့်တိုက်ခိုက်ခြင်း​ကြောင့်အရပ်သားများ​သေဆုံး​နေ​ကြောင်း စစ်​ရေးသတင်းအရင်းအမြစ်နှင့်​ဒေသခံများထံကသိရသည်။

    ရေတပ်ဌာနချုပ်သို့သွားသည့်လမ်းရှိ ဇင်ချောင်း၊ သိုင်းချောင်းနှင့် ဦးကင်း​ကျေးရွာတို့တွင် တိုက်ပွဲအရှိန်အဟုန်မြင့်တက်​နေ​ကြောင်း စစ်​ရေးသတင်းအရင်းအမြစ်က ပြောသည်။

    “ဦးကင်းနဲ့ သိုင်းချောင်း(​ကျေးရွာ)တို့မှာ တိုက်ပွဲပြင်းထန်နေပါတယ်၊​ရေတပ်ဌာနချုပ်နဲ့သိပ်မ​ဝေးဘူး၊​စစ်တပ်ဘက်က ကြည်း၊​ရေ၊​လေ သုံးခုလုံးနဲ့အပြင်းအထန်တိုက်ခိုက်​နေတယ် “ဟု ၎င်းက ပြောသည်။

    အာရက္ခတပ်​​တော်(AA)နှင့်စစ်​ကော်မရှင်တို့နှစ်ဘက်တိုက်ပွဲများပြင်းထန်​နေခြင်း​ကြောင့် ဇင်​ချောင်းနှင့် သိုင်း​ချောင်းရှိ​ကျေးရွာများကို စစ်​ကော်မရှင်က ယ​နေ့ (ဇန်နဝါရီလ ၂၄ ရက်) ​နေ့လည် ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ​​လေ​​ကြောင်းမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း​ကြောင့် အရပ်သားများ​သေဆုံး​ကြောင်း ​ဒေသခံများက ဆိုသည်။

    ထိခိုက်​သေဆုံးသည့်အ​ရေအတွက်ကို မသိရ​သေး​သော်လည်း ​ကျေးရွာနှစ်ရွာ​ပေါင်းတွင် စစ်​ဘေး​ရှောင် အသက် ၈၀ ​ကျော်အရွယ်အဘွားအိုနှင့် သက်ကြီးပိုင်းအမျိုးသားတဦးတို့မှာ​သေဆုံးသွားပြီး ကိုးလသားအရွယ်က​လေးငယ်တဦးအပါအဝင် ​ဒေသခံငါးဦး​မှာ ထိခိုက်ဒဏ်ရာရရှိသွား​ကြောင်း ရခိုင်အ​ခြေစိုက် Arakan Princess Media(APM)က​ဖော်ပြထားသည်။

    ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်အ​နေဖြင့် စစ်ကူအင်အားအ​မြောက်အမြားကို မကြာခဏပို့​ဆောင်​နေ​ပြီး စစ်ကူလမ်း​ကြောင်းများကိုလည်း အာရက္ခတပ်​တော်(AA)ဘက်က လက်နက်ကြီးများဖြင့်အပြင်းအထန်ထိုးစစ်ဆင်​နေ​ခြင်း​ကြောင့် စစ်​ကော်မရှင်တပ်သားများ​သေဆုံးမှုများရှိ​နေသည်။

    စစ်​ကော်မရှင်တပ်ဘက်ကလည်း ​လေ​ကြောင်းမှ ဂျက်ဖိုက်တာများသာမက ဒရုန်းများဖြင့်လည်း တန်ပြန်ပစ်ခတ်​နေ​ခြင်း​ကြောင့် တိုက်ပွဲအရှိန်ဆက်လက်အား​ကောင်း​နေ​ကြောင်း AA နှင့်နီးစပ်သူကဆိုသည်။

    ​အာရက္ခတပ်​တော်(AA)အ​နေဖြင့် ​ကျောက်ဖြူမြို့နယ်အပြင် ရခိုင်-ပြည်မ အစပ်ရှိ စစ်မျက်နှာသုံးခုတွင်လည်း ​ပူး​ပေါင်းမဟာမိတ်တပ်များနှင့်အတူ စစ်​ကော်မရှင်ကိုထိုးစစ်ဆင်တိုက်ခိုက်​နေခြင်းဖြစ်သည်။

    ချင်းပြည်နယ်ရှိမြို့တမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့​ပေါင်း ၁၄ မြို့တို့ကို အာရက္ခတပ်​တော် (AA)က လက်ရှိအချိန်ထိ သိမ်းပိုက်ထိန်းချုပ်ထားသည်။

  • စစ်တပ်သတိပေးပေမဲ့ မြဝတီမြို့ပေါ်မှာ KNA တပ်တွေဆက်ရှိ

    စစ်တပ်သတိပေးပေမဲ့ မြဝတီမြို့ပေါ်မှာ KNA တပ်တွေဆက်ရှိ

    ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တပ်တွေ ထွက်ခွာကြဖို့ ဇန်နဝါရီတတိယအပတ်ထဲမှာပဲ စစ်ကော်မရှင်က စာထုတ်သတိပေးထားတယ်လို့ KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    မြို့ပေါ်ကနေ ထွက်ပြီး KNA အနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ တပ်နယ် ၂ နေရာတွေမှာပဲ ဇန်နဝါရီ ၂၅ ရက်အပြီး ရွှေ့ပြောင်းပြန်လည်နေထိုင်ကြဖို့ စစ်ကော်မရှင်က ပြောထားတယ်လို့ သူက ဆိုပါတယ်။

    တပ်နယ် ၂ ဟာ KNA ရဲ့ ဗိုလ်မှူးချုပ်စောတင်ဝင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့နယ်မြေတွေဖြစ်ပါတယ်။

    တပ်နယ် ၂ ဟာ မြဝတီမြို့‌မြောက်ဘက်ပိုင်းမှာရှိပြီး နဒီချောင်းဆုံ၊ ဝမ်ခ၊ သဲပုံ၊ သစ်ကတေကျေးရွာတွေနဲ့ ရွှေကုက္ကိုမြို့သစ်တွေ ပါဝင်ပါတယ်။

    KNA ကို ထွက်ခွာဖို့ သတိပေးချက်မတိုင်ခင် ကရင်ပြည်နယ်၊ ဘားအံအခြေစိုက် အမှတ် ၂၂ တပ်မမှူးကလည်း မြဝတီမြို့ပေါ်မှာရှိတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) နဲ့ ကရင် လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့ဖြစ်တဲ့ KNU/KNLA (PC) တပ်ဖွဲ့ဝင်တွေရဲ့ တပ်ဖြန့်မယ့်တည်နေရာတွေကိုလည်း စာရင်းပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “အမည်စာရင်းနဲ့ ဓာတ်ပုံတွေကို ဒီနေ့ (ဇန်နဝါရီ ၂၄) ရက်နောက်ဆုံးထားပို့ခိုင်းထားတာ” လို့ သူက ဆိုပါတယ်။

    ဇန်နဝါရီ ၁၉ ရက်က တပ်မ ၂၂ တပ်မမှူးနဲ့ ဆက်ဆံရေးရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ အခုလို ညွှန်ကြားခဲ့တာလို့ သိရပါတယ်။

    တပ်မ ၂၂ တပ်မမှူးက KNA ဖွဲ့စည်းတာနဲ့ပတ်သက်လို့ တရားဝင်ခွင့်ပြုထားတာမရှိတာကြောင့် မြို့ပေါ်မှာ နေထိုင်ခွင့်မပြုဖို့ ညွှန်ကြားချက်တွေ ရှိတယ်ဆိုပြီး ထုတ်ပြောခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    လက်ရှိ မြဝတီမြို့ပေါ်မှာတော့ KNA တပ်တွေ ဆက်ရှိနေသေးတယ်လို့ မြဝတီမြို့ခံတချို့က ပြောပါတယ်။ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ကို ကရင်အမျိုးသားတပ်(KNA) ဆိုပြီး ၂၀၂၄ မှာ ပြောင်းလဲဖွဲ့စည်းခဲ့ပြီးမှ ၂၀၂၆ ဇန်နဝါရီမှာ KNA ဘက်တံဆိပ်ပြောင်းလဲတပ်ဆင်ခဲ့တာဖြစ်ပါတယ်။

    KNA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကတော့ တံဆိပ် ပြောင်းလိုက်ပြီဖြစ်ပေမဲ့ တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့ရှိဘူးဆိုပြီး အဲဒီအချိန်တုန်းက ပြောခဲ့ပါတယ်။

  • ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

    ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

    ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

    မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

    ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီကျော်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က အင် ပင် ကျေးရွာတောင်ဘက်မှာ အထိုင်ချတပ်စွဲထားပြီး ဂိတ်ဖွင့်စစ်ဆေးနေတဲ့ စစ်ကောင်စီဂိတ်ကို အောင်မြေပြောက်ကျားတပ်ဖွဲ့နဲ့ ပကဖ- လက်နက်ကြီး- COBRAONE Pakokku တပ်ဖွဲ့တို့က ရှော့တိုက်ဒုံး လေးလုံးနဲ့ ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

    ရှော့တိုက်ဒုံးတွေဟာ ဂိတ်အနီး သုံးလုံးကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

    “အင်အားငါးဆယ်ကျော်လောက်ရှိတယ်။ ဘန်ကာတွေ၊ ဆက်သွယ်ရေးမြောင်းတွေကလည်းတော်တော်ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာ။ပခုက္ကူတပ်မ ၁၀၁ကနေ စစ်ကြောင်းထိုးတာတွေ၊ ရိက္ခာကားတန်းတွေထွက်ချင်ရင် အဲဂိတ်ကိုအင်အားစုနားပြီးမှထွက်တယ်”လို့ COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

    ဒါ့အပြင် ည ၈နာရီလောက်မှာတော့ တိုက်ခိုက်ခံရတဲ့ အဲဒီဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ဘေးဝန်းကျင်ရွာတွေကို ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

    ပခုက္ကူမြို့နယ်က ဝင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကြောင့် ကမ္မမြို့နယ်မှာတော့ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

    (စစ်ကောင်စီဂိတ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Cobra One)

  • မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ

    မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ

    မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ

    ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

    အဲဒီဖြစ်စဉ်ဟာ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသတ်မှုကျူးလွန်သူ အမျိုးသားကိုလည်း ဖမ်းမိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

    “အဲဒီလူက ခေါင်းကို တွဲလောင်းယူပြီး ပေတရာ ပြည်လမ်းအတိုင်း ဆွဲသွားတာ။ ကိုယ်လုံးကတော့ အိမ်မှာကျန်ခဲ့တယ်။ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားပြ မောင်းခိုင်းပြီး ကားပေါ် အဲဒီ ခေါင်းပြတ်ကြီးတင်ပြီး သူပါလိုက်သွားတယ်။ ကားကို တိုးဂိတ်ဘက်ကို မောင်းသွားတာ။ တိုးဂိတ်ရောက်တော့ ခေါင်းကြီးပစ်ချခဲ့တယ်။ သူ့ကို အဲဒီ တိုးဂိတ်မှာပဲ ဖမ်းမိတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

    လူသတ်မှု ကျူးလွန်သူကို လုံခြုံရေးတပ်ဖွဲ့တွေက ရန်ကုန်မြို့ကနေ ထောက်ကြန့်ဘက်ကိုသွားတဲ့ သန္ဓေပင်ရွာအနီးက မှော်ဘီတိုးဂိတ်မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၊ မြို့မ‌ဈေး (အရှေ့ဘက်)၊ သမ၀ါယမရုံးရှေ့မှာ လင်မယားချင်း စကားများ ရန်ဖြစ်ပြီး ဇနီးဖြစ်သူ ဓားနဲ့အထိုးခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။

    ဒါအပြင် ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ကလည်း ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာမှာ လင်မယားချင်း စကားများရာမှ ယောင်္ကျားဖြစ်သူက မိန်းမဖြစ်သူကို ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

    အဲဒီ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ မတ်လ ၁၁ ရက်နေ့ကလည်း ပဲခူးမြို့၊ စိန်ထွန်းရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းရှိ နေအိမ်တအိမ်မှာ လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

    ဓာတ်ပုံ – ဒေသခံ

  • အင်အား ၁၁၈ ဦးပါ စစ်ကြောင်းတွင် စစ်မှုထမ်းတပ်သား ၆၀ ကျော်သေဆုံး

    အင်အား ၁၁၈ ဦးပါ စစ်ကြောင်းတွင် စစ်မှုထမ်းတပ်သား ၆၀ ကျော်သေဆုံး

    AA နှင့်တိုက်ပွဲများတွင် စစ်တပ်က စစ်မှုထမ်းတပ်သားများကို ရှေ့တန်းတွင် အဓိကအသုံး ပြုပြီး အင်အား ၁၁၈ ဦးပါ စစ်ကြောင်းတွင် စစ်မှုထမ်းတပ်သား ၆၀ ကျော်သေဆုံး

    စစ်မှုထမ်းတပ်သားများကို WY မူးယစ်ဆေးဝါးနှင့်အရက်များကို စစ်တပ်က ပြန်ရောင်းပေး

    AA နှင့်တိုက်ပွဲများတွင် စစ်တပ်က စစ်မှုထမ်းတပ်သားများကို ရှေ့တန်းတွင် အဓိကအသုံး ပြုပြီး အင် အား ၁၁၈ ဦးပါ စစ် ကြောင်းတွင် စစ်မှုထမ်းတပ်သား ၆၀ ကျော်သေဆုံးသွားခဲ့ကြောင်း AA ထံတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်း စစ်မှုထမ်းတပ်သား ချစ်ကိုဇင်က ပြောဆိုသည်။

    စစ်မှုထမ်းတပ်သား ချစ်ကိုဇင်သည် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံရမှုကြောင့် စစ်ထဲသို့ ရောက်ရှိလာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ ကို တက်ရောက်ခဲ့ရကြောင်း၊ယင်းနောက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၇ တပ်ရင်းတွင် တာဝန်ချခဲ့ရကာ အမ်း-ပဒါန်း လမ်းပိုင်းသို့ ပို့ဆောင်ခံခဲ့ရကာ AA ၏ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။

    ဇန်နဝါရီလ ၁၇ ရက်နေ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား ချစ်ကိုဇင် အပါအဝင် စစ်မှုထမ်းတပ်သားများကို အာရက္ခတပ်တော် AA နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့် မကွေးတိုင်း၊ အမ်း-ပဒါန်း သို့ လိမ်လည် ပို့ဆောင်ခံရပြီး ပဇီကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် ကျဆုံးခဲ့ကြောင်း၊ စစ်မှုထမ်းတပ်သား ချစ်ကိုဇင်မှာ AA ၏ ဖမ်းဆီးမှုကို ခံခဲ့ရကြောင်း သိရှိရသည်။

    ” ကျနော်တို့ လူအင်အား ၁၁၈ ယောက်၊ ပုဏ္ဏားကျွန်းမြို့ မြောက်ဘက်ကို စစချင်း ရောက် လာပါတယ်၊၊ အဲ့ဒီကိုရောက်သောအခါ ကျနော်တို့ ၁၁၈ ယောက် တစ်ညအိပ်ပါတယ်၊၊ တစ်ညအိပ်ပြီးတော့ မိုးလင်းတာနဲ့ ကျနော်တို့ လူအင်အား ၁၁၈ ယောက်နဲ့ စစ်ကြောင်းထိုးခဲ့ပါတယ်၊၊ လူအင်အား ၁၁၈ ယောက်မှာ ပစ(စစ်မှုထမ်း) တွေကအယောက် ၈၀ လောက်ပါပါတယ်၊၊ အယောက် ၂၀ ကျော်လောက်က သူတို့ဘက်က သန္တေစစ်သားတွေပါ၊၊ ကျနော်တို့ ၁ လခွဲလောက် ဖြတ်ကျော်လာခဲ့ပြီးနောက်မှာတော့ လူအင်အားက ၅၀ ကျော်လောက်ပဲ ကျန်ပါတော့တယ်၊၊ အင်အား ၁၁၈ ယောက်မှာ ကျနော်တို့ ၅၀ ကျော်လောက်ပဲကျန်ပါတော့တယ်၊၊ ကျသွားတဲ့လူတွေ၊ ထိခိုက်ဒဏ်ရာရရှိတဲ့ လူတွေကတော့ ပစ တွေပဲဖြစ်ပါတယ်၊၊ ပစ တော်တော်များများဟာ စနိုက်ပါကြောင့်မှန်တဲ့သူနဲ့ မိုင်းနင်းမိလို့၊ မိုင်းစမှန်လို့ကျဆုံးတဲ့သူတွေ တော်တော်များပါတယ်” ဟု စစ်သုံ့ပန်း စစ်မှုထမ်းတပ်သား ချစ်ကိုဇင်က ထုတ်ဖော်ပြောဆိုသည်။

    စစ်တပ်က စစ်မှုထမ်းတပ်သားများကို ရှေ့တန်းတိုက်ပွဲများတွင် အဓိက အသုံးပြုပြီး နောက်ကြောင်းပြန်လှည့် ဆုတ်ခွာလာပါက ပစ်ခတ်သမည်ဟု ခြိမ်းခြောက်ကြောင်း သိရှိရသည်။

    “တိုက်ပွဲဖြစ်ပြီဆိုရင်လည်း ရှေ့ကိုလည်းမတိုးရဲ၊ နောက်ကိုလည်းမဆုတ်ရဲပါ၊၊ ကျနော်တို့တွေ ရှေ့ကို တိုးမယ်ဆိုရင်လည်း ရှေ့ကရန်သူက ကျနော်တို့ကို ပစ်သတ်လို့ ကျနော်တို့ သေရမယ်၊၊ နောက်ကိုပြန်ဆုတ်ပြေးမယ်ဆိုရင်လည်း ကျနော်တို့ရဲ့အဘ၊ ကျနော်တို့ တပ်ရင်းမှူးက “မင်းတို့နောက်ဆုတ်တာနဲ့ မင်းတို့ကိုပစ်သတ်မယ်” လို့ ခြိမ်းခြောက်ပါတယ်၊” ဟု စစ်မှုထမ်းတပ်သား ချစ်ကိုဇင်က ရှင်းပြသည်။

    စစ်တပ်အတွင်း စစ်အရာရှိများကိုယ်တိုင် စစ်မှုထမ်းတပ်သားများထံသို့ မူးယစ်ဆေးဝါးနှင့် အရက်များ ရောင်းချပေးကြောင်း၊ စစ်အရာရှိများကိုယ်တိုင် မူးယစ်ဆေးဝါးများကို မှောင်ခို သယ်ဆောင်ပြီး ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသည်။

    “စစ်မှုထမ်းသင်တန်းစဝင်တက်တဲ့နေ့ကနေစပြီးတော့ ဒီလိုစရိုက်ဆန်တဲ့လူတွေ မျိုးစုံ ပါလာတဲ့အတွက်ကြောင့် ကျနော်တို့ ဒီသင်တန်းမှာဖြတ်ကျော်ခဲ့ရတာ တော်တော်လေး ခက်ခဲများစွာရှိပါတယ်၊၊ တချို့ဆိုလို့ရှိရင် အရက်သောက်၊ တချို့ဆိုလို့ရှိရင် WY စိတ်ကြွ ဆေးပြားသုံး၊ တချို့ဆိုလို့ရှိရင် ရန်ဖြစ်စကားများ နေ့တိုင်းတောက်လျှောက်လိုပါပဲ၊၊

    ဒါ ကျနော်တို့ သင်တန်းသားတွေအနေနဲ့ ဒီမူးယစ်ဆေးတွေသုံးရအောင်လည်း ကျနော်တို့ ကိုယ်တိုင်လည်း ဝယ်လို့မရ၊ အပြင်လည်းထွက်လို့မရပါ၊၊ အဲ့ဒီ ကျနော်တို့ သင်တန်း သားတွေသုံးနေတဲ့ မူးယစ်ဆေးတွေကတော့ ကျွန်တော်တို့ အဲ့ထဲမှာရှိတဲ့အရာရှိတွေ၊ နည်းပြတွေ၊ သူတို့ကိုယ်တိုင်ကပဲ မှောင်ခိုနဲ့သယ်ဆောင်ပေးတယ်၊၊ သယ်ဆောင်ပေးပြီးတော့ သူတို့ကိုယ်တိုင်ကပဲ ပြန်ပြီးတော့ရောင်းပေးပါတယ်၊၊ အဲ့ဒါကတော့ ကျွန်တော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်၊” ဟု စစ်မှုထမ်းတပ်သား ချစ်ကိုဇင်က ရှင်းပြသည်။

    စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားများကိုထွက်မပြေးရန် ထွက်ပြေးလျှင် တပ်အရာရှိများက ပစ်ခတ်သတ်ဖြတ်မည်ဖြစ်ကြောင်း၊ အကယ်၍ AA ဘက်အခြမ်းသို့ ရောက်သွားပါက ရက်ပိုင်းသာထားပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရှိရသည်။

    ” တပ်ရင်းမှူးအဘက ကျနော်တို့ကိုပြောပါတယ်၊၊ မင်းတို့သွားမယ့်ရှေ့တန်းစစ်မြေပြင်ကို မင်းတို့ရောက်ပြီ၊ မင်းတို့ထွက်ပြေးဖို့မစဉ်းစားနဲ့၊ ထွက်ပြေးလို့ ငါကိုယ်တိုင်ပြန်မိရင် မင်းတို့ကို သတ်မယ်၊ အေး၊ ငါ့လက်ကလွတ်သွားပြီးတော့ အမြှောက်တပ်မှာသွားမိရင်လည်း အမြှောက်တပ်က မင်းတို့ကိုသတ်ပစ်မှာပဲ၊၊ နောက်ပြီးတော့ မင်းတို့ AA ဘက်ခြမ်းကို သွားဝင်ရင်လည်း AA က မင်းတို့ကို ၂ ရက်ပဲထားမယ်၊ ၂ ရက်၊ ၃ ရက်ထက်ပိုမထားဘူး၊ ပြီးရင်မင်းတို့ကိုသတ်ပစ်မှာပဲ ဆိုပြီးတော့ ကျွန်တော်တို့ကိုခြိမ်းခြောက်ပါတယ်” ဟု ၎င်းက ဆိုသည်။

    ထို့ပြင် စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားနှင့်အမြဲတမ်းတပ်သားများအပေါ် ခွဲခြားဆက်ဆံမှုများရှိပြီး တိုက်ပွဲရှေ့တန်းသို့ ထွက်ခိုင်းခြင်း၊ ပင်ပန်းသော အလုပ်များအားလုံးကို စစ်မှုထမ်းတပ်သားများကို ဦးစားပေး ခိုင်းစေကြောင်း သိရှိရသည်။

    ” ပစ တွေနဲ့ သန္ဓေတွေဆိုလို့ရှိရင် သူတို့တွေကဆက်ဆံတာက ခွဲခြားခွဲခြားနဲ့ပါ၊၊ ဥပမာ- ပင်ပန်းမယ့်အလုပ်တွေဆိုလို့ရှိရင် ကျနော်တို့ ပစ တွေပဲကိုင်ပါတယ်၊၊ ရန်သူနဲ့တိုက်ပွဲဝင်ရမယ်၊ ရှေ့ကို တက်ရမယ်ဆိုရင်တောင် ကျနော်တို့ ပစ တွေကိုပဲ သူတို့ကရှေ့ကနေတက်ခိုင်းပါတယ်၊၊ သူတို့တွေက နောက်မှာနေပါတယ်၊၊ အဲ့ဒါကြောင့် ကျနော်တို့ ထိခိုက်တာ၊ ကျဆုံးမှုတွေ များတာကတော့ ကျနော်တို့ ပစ တွေကပဲများပြားပါတယ်၊” ဟု စစ်သုံ့ပန်း စစ်မှု ထမ်းတပ်သား ချစ်ကိုဇင်က တပ်တွင်း အခြေအနေများကို ရှင်းလင်းပြောဆိုသည်။