Category: News

  • မြန်မာက စစ်ရာဇဝတ်မှုတွေအတွက် IIMM နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဥပဒေပြင်သစ်အတည်ပြု

    မြန်မာက စစ်ရာဇဝတ်မှုတွေအတွက် IIMM နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဥပဒေပြင်သစ်အတည်ပြု

    မြန်မာနိုင်ငံတွင်းမှာဖြစ်နေတဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့အတွက် ပြင်သစ်အစိုးရနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM တို့ကြား တရားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဥပဒေတစ်ရပ်ကို ပြင်သစ်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

    ဒီဥပဒေကို ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာပဲ ပြင်သစ်အောက်လွှတ်တော်ကနေ တညီတည်းအတည်ပြုခဲ့ကြတာဖြစ်ပြီး ပြင်သစ်နဲ့ IIMM တို့ကြား ချုပ်ဆိုထားတဲ့ တရားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကနေ အခုလို ဥပဒေတစ်ရပ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ပြင်သစ်နဲ့ IIMM တို့ရဲ့ သဘောတူညီချက်ကို ၂၀၂၄ ခုနှစ် ဇွန်လ ဒုတိယအပတ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲမှာ ကျူးလွန်နေတဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့အထောက်အထားတွေကို စုဆောင်းမျှဝေတဲ့နေရာမှာ အထောက်အပံ့ဖြစ်ဖို့အတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။

    ဒီဇင်ဘာ ၁၀ ရက်တုန်းက အာရက္ခတပ်တော် အေအေထိန်းချုပ်ထားတဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရတာနဲ့ပတ်သက်လို့ အထူးကာကွယ်ထားတဲ့ အရပ်ဘက်ပစ္စည်းတွေဖြစ်ပြီး ဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ IIMM က ထုတ်ပြန်ခဲ့ပါတယ်။

    ဒါ့အပြင် မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ ဒဏ်ရာတွေနဲ့ ဆက်စပ်ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်အချက်အလက်တွေ၊ ဒရုန်းတွေနဲ့ ပျက်စီးမှုကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေ၊ လေကြောင်းတိုက်ခိုက်ရာမှာ သုံးခဲ့တဲ့ လေယာဉ်ဆိုင်ရာ အချက်အလက်တွေ လက်နက်အကြွင်းအကျန်တွေရဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တွေ စတာတွေကို ပေးပို့ဖို့ IIMM က တောင်းဆိုထားပါတယ်။

    ဒီအချက်အလက်တွေ တောင်းဆိုရတာဟာ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာတရားရုံးတွေမှာ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို တရားစွဲဆိုဖို့ အသုံးပြုနိုင်မှာဖြစ်ပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုကို အထောက်အကူပြုဖို့ရည်ရွယ်တယ်လို့ IIMM က အသိပေးထားပါတယ်။

  • ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေးသီးသန့်ဆွေးနွေးပွဲလုပ်မယ်

    ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေးသီးသန့်ဆွေးနွေးပွဲလုပ်မယ်

    ပိုပြီးဆိုးရွားလာနေတဲ့ မြန်မာ့အရေးအတွက် သီးသန့်ဆွေးနွေးပွဲတစ်ရပ်ကို လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာ ကျင်းပမယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ထုတ်ပြန်ပါတယ်။

    အဲဒီသီးသန့်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ တန်ဆီရီ အော့မန်း ဟာရှင် တို့က မြန်မာရဲ့ လက်ရှိအခြေအနေတွေကို ရှင်းလင်းတင်ပြသွားကြမယ်လို့ ဆိုပါတယ်။

    ဒီသီးသန့်ဆွေးနွေးပွဲကို ကျင်းပဖို့ ဗြိတိန်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

    လာမယ့်အစည်းအဝေးမှာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေ တိုးပွားလာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အလေးပေးပြောကြားဖို့ရှိတယ်လို့ ဆိုပါတယ်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကတော့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တဲ့အပြင် မြန်မာ့ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

  • မြန်မာကို ICJ တရားရုံး၌ တရားစွဲထားသည့်အမှု ပြန်လည်ကြားနာမည်

    မြန်မာကို ICJ တရားရုံး၌ တရားစွဲထားသည့်အမှု ပြန်လည်ကြားနာမည်

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့အမှုကို လာမဲ့နှစ် ဇန်နဝါရီမှာ ပြန်လည်ကြားနာမယ်လို့ တရားရုံးက ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

    ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားပြီး ၁၁ နိုင်ငံက ကြားဝင်ဆောင်ရွက်ခွင့်ရထားတဲ့ ဒီအမှုကို လာမဲ့ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ နှုတ်နဲ့ လျှောက်လဲချက်တွေပေးရမှာ ဖြစ်ပါတယ်။

    ဇန်နဝါရီ ၁၂ ရက်နေ ၁၅ ရက်အထိကို ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်ပေးရမှာဖြစ်ပြီး ၁၆၊ ၁၉ နဲ့ ၂၀ ရက်မှာတော့ မြန်မာဘက်က လျှောက်လဲချက်ပေးရမှာပါ။

    ဇန်နဝါရီ ၂၁၊ ၂၂ နဲ့ ၂၃ ရက်မှာတော့ သက်သေတွေကို စစ်ဆေးတဲ့ တံခါးပိတ်ကြားနာပွဲကို တနေကုန်လုပ်မှာဖြစ်ပြီး ၂၂ ရက်ညနေပိုင်းမှာ ဂမ်ဘီယာဘက်က ကျွမ်းကျင်သူသက်သေတွေက ထွက်ဆိုမှာဖြစ်ပါတယ်။

    ဇန်နဝါရီ ၂၆ ရက် နဲ့ ၂၇ ရက်မှာ ဂမ်ဘီယာဘက်က ဒုတိယအကြော့ နှုတ်နဲ့ လျှောက်လဲချက်ပေးရမှာဖြစ်ပြီး ၂၈ ရက်နဲ့ ၂၉ ရက်မှာ မြန်မာဘက်က လျှောက်လဲချက်ပေးရမယ်လို့ တရားရုံးက ထုတ်ပြန်ထားပါတယ်။

    ဒီအမှုမှာ ဂမ်ဘီယာဘက်ကနေရပ်တည်ပြီး ကြားဝင်ဆောင်ရွက်ခွင့်ရထားတာ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီအပါအဝင် ၁၁ နိုင်ငံရှိပြီး ဒီနိုင်ငံတွေရဲ့ ရပ်တည်ချက်ကို သိရှိနားလည်ပြီးဖြစ်လို့ နှုတ်နဲ့လျှောက်လဲရာမှာတော့ မလိုအပ်ဘူးလို့ တရားရုံးက ဆိုပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ကအကြမ်းဖက်ခဲ့တာနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ ICJ မှာ တရားစွဲခဲ့တာဖြစ်ပါတယ်။

    အဲဒီစွပ်စွဲချက်အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၀၁၉ ခုနှစ်တုန်းက ICJ တရားရုံးကိုသွားရောက်လျှောက်လဲ ငြင်းဆိုခဲ့ပေမဲ့ တရားရုံးကတော့ အဲဒါတွေကို ပယ်ချပြီး သက်သေတွေ မဖျောက်ဖျက်ဖို့အပါအဝင် ကြိုတင်ကာကွယ်မှုဆိုင်ရာ အစီအမံတွေချမှတ်ပေးခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ ဒုတိယအကြိမ် ကြားနာပွဲလုပ်ပြီး အဲဒီတုန်းကတက်ရောက်တဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်ကလည်း ဂမ်ဘီယာက တရားစွဲခွင့်မရှိ စတဲ့အချက်တွေနဲ့ ငြင်းဆိုခဲ့ပေမဲ့ အဲဒါအားလုံးကို တရားရုံးက ပယ်ချခဲ့ပါတယ်။

  • စစ်တွေတွင် စစ်ဆေးရုံ မဆံ့သဖြင့် ဒဏ်ရာရစစ်သားများ ပြည်သူ့ဆေးရုံတွင် ကုသနေရ

    စစ်တွေတွင် စစ်ဆေးရုံ မဆံ့သဖြင့် ဒဏ်ရာရစစ်သားများ ပြည်သူ့ဆေးရုံတွင် ကုသနေရ

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီရဲ့ ဒဏ်ရာရ စစ်သည်တွေကို စစ်ဆေးရုံမှာ ကုသဖို့ မနိုင်တော့တာကြောင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာ ကုသနေကြရတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

    စစ်တွေမြို့ ဒကစ ဌာနချုပ်က ဒဏ်ရာရ စစ်သားတွေကို ခုတင် ၁၀၀ စစ်ဆေးရုံမှာ ကုနေပေမဲ့ လူပြည့်သွားလို့ စစ်တွေမြို့ ခုတင် ၅၀၀ ပြည်သူဆေးရုံကြီး၊ လေးထပ်ဆောင်ကို အထူးကြပ်မတ်ဆောင်အဖြစ်ပြုလုပ်ပြီး ကုသနေကြရတယ်လို့ စစ်တွေမြို့က စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    “စစ်တွေ ဒကစ ဌာနချုပ်မှာ AA ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ဒီရက်ပိုင်းမှာ ဒဏ်ရာရစစ်သည်တွေ အတော်လေးကို များလာတယ်။ တပ်ဆေးရုံ ခုတင် ၁၀၀ မှာလည်း မဆံ့တော့တာကြောင့် စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ကုသနေကြတာတွေလည်းရှိတယ်။ လူကြီးတွေဆိုရင်တော့ ရန်ကုန်ကို လေကြောင်းကနေတဆင့် ယူဆောင်ပေမယ့် အရာရှိမဟုတ်သူတွေကိုတော့ ဒီမှာပဲ ကုသတာများတယ်” လို့ပြောပါတယ်။

    ပြည်သူ့ဆေးရုံကြီးမှာ စစ်ကောင်စီတပ်သားတွေ ဆေးကုနေကြတာကြောင့် ဆေးရုံဝန်းမှာ စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    အာရက္ခတပ်တော် AA က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဒကစ ဌာနချုပ်၊ ခုတင် ၁၀၀ စစ်ဆေးရုံနဲ့ တပ်ရင်းဌာနချုပ်တွေမှာ ကျရောက်ပေါက်ကွဲတာကြောင့် စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရာနဲ့ချီရှိတယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

    “စစ်ကောင်စီက အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ရင် အာရက္ခတပ်တော်ဘက်လည်း စစ်ကောင်စီရဲ့ ဒကစ ဌာနချုပ်နဲ့ တပ်ရင်းဌာနချုပ်တွေကို ပစ်ခတ်တာတွေရှိတယ်။ စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်တာတွေ များပေမယ့် အာရက္ခတပ်တော်ဘက်က တလုံးပစ်ရင် တလုံးထိတယ်။ အဲဒီလို ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီဘက်က အထိနာပြီးတော့ ရှုံးမဲမဲနေတာ။ အသေအပျောက်တွေ၊ ဒဏ်ရာရရှိသူတွေ ရာနဲ့ချီရှိတယ်လို့ သိထားရတယ်” လို့ပြောပါတယ်။

    AA ဟာ စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီက အဲဒီမြို့နယ်တွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် AA ဘက်လည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေတာဖြစ်ပါတယ်။

    စစ်ကောင်စီဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့က စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

    ရခိုင်ပြည်မှာ AA က မြို့နယ် ၁၄ အထိ သိမ်းပိုက်ထားပြီး စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

  • မကွေး၊ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်

    မကွေး၊ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်

    အမ်း-ပဒါန်းလမ်းမပေါ် ရခိုင်ရိုးမက နတ်ရေကန်ဗျူဟာအနီးမှာရှိတဲ့ ဂုတ်ကြီးရွာမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ‌)ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    ဂုတ်ကြီးရွာဟာ နတ်ရေကန်ဗျူဟာစခန်းရဲ့ ကာကင်းတစ်ခုလည်းဖြစ်ပြီး အမ်း-ပဒါန်းလမ်းကို ထိန်းထားတဲ့နေရာတွေထဲက တစ်ခုလို့ သူက ရှင်းပြပါတယ်။

    စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဂုတ်ကြီးရွာကို စစ်တပ်က ပြန်ထိန်းချုပ်ပြီလို့ ရေးသားနေကြပါတယ်။

    ဂုတ်ကြီးရဲကင်းစခန်း၊ စာသင်ကျောင်းနဲ့ ဘုရားကုန်းစတဲ့ နေရာတွေအပါအဝင် ရွာတစ်ခုလုံးကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ ဓာတ်ပုံတွေနဲ့အတူ ရေးသားဖော်ပြနေကြတာပါ။

    သတင်းရင်းမြစ်ကတော့ “တချို့နေရာတွေ စစ်တပ်ပြန်ရတာမှန်ပေမယ့် အကုန်မထိန်းချုပ်နိုင်သေးဘူး။ နှစ်ဖက်တပ်တွေက တိုးလိုက်၊ ဆုတ်လိုက်ပဲ” လို့ ဒီနေ့ မနက်မှာ ပြောပါတယ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာရှိတဲ့ ဂုတ်ကြီးရွာဟာ ရခိုင်-မကွေးအစပ်မှာရှိပြီး ကမ္ဘာလုံးစခန်းလို့ခေါ်တဲ့ နတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ကျော်ပဲ ဝေးပါတယ်။ ရိုးမပေါက်လမ်းအတိုင်းသွားမယ်ဆိုရင်တော့ ၁၅ မိုင်ဝန်းကျင် ဝေးပါတယ်။

    ဂုတ်ကြီးရွာကို အေအေနဲ့ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလမှာ သိမ်းပိုက်ခဲ့ပြီး အဲဒီအချိန်ကတည်းက စစ်တပ်က လေကြောင်းဗုံးကြဲတဲ့အပြင် စစ်ကားတွေနဲ့ပါ စစ်ကြောင်းထိုးပြီး ထိုးစစ်ပြန်ဆင်နေတာဖြစ်ပါတယ်။