Category: News
-

မှော်ဘီလေတပ်စခန်းဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်
ရန်ကုန် မှော်ဘီလေတပ်စခန်းဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်မှု ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ
-

ညောင်ဦးမှာ ရာအိမ်မှူး ၁ ဦး နဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာမှာ ကျေးရွာရာအိမ်မှူး ၁ ဦးနဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ပစ်ခတ်ခံရသူတွေက ဒဟတ်ကန်ကျေးရွာ ရာအိမ်မှူး အသက် ၅၈ နှစ်အရွယ် ဦးတင်စိုး၊ အဆိုပါကျေးရွာနေ ရပ်ကျေးကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တဲ့ ၅၂ နှစ်အရွယ် ဦးဝင်းနိုင်၊ ၃၃ နှစ်အရွယ် ဦးချမ်းသာတို့ဖြစ်ပြီး ဇွန် ၉ ရက် ယမန်နေ့မနက် ၉ နာရီကျော်မှာ နေအိမ်တွေမှာရှိနေချိန် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
” အဲ့ဘက်ခြမ်းမှာ စခန်းတွေဝင်စီးခံရတာကော သေနတ်တွေ ဆုံးရှုံးခံရတာတွေအရင်ကရှိခဲ့တယ်။ ခုဟာ အရင်ကတိုင်တဲ့ ဒလန်တွေ၊ ပျုတွေကို ရှင်းတာလို့တော့ သိရတယ်”လို့ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရတာတွေကြောင့် ရာအိမ်မှူးနဲ့ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးတို့မှာ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့နေရာမှာပဲ သေဆုံးသွားကြတယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ညောင်ဦးမြို့နယ်ပကဖတာဝန်ခံထံ ဆက်သွယ်ခဲ့ရာ ၎င်းမှာ ခရီးထွက်နေတာကြောင့် အခြေအနေကို မသိရှိသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ရာအိမ်မှူးနဲ့ကြံ့ခိုင်ရေးပါတီဝင်တွေကို PDF ၈ ဦးက လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရပြီး ဦးဝင်းနိုင်ပိုင်ဆိုင်တဲ့ ကား ၂ စီးကိုလည်း ယူဆောင်သွားကြတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
ဇွန် ၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက် ဇရပ်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ကို ထနောင်းမြေစစ်ကြောင်းအဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ အုပ်ချုပ်ရေးမှူးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ညောင်ဦးမြို့နယ် ကြံ့ခိုင်ရေးပါတီဝင်တွေ ၂၀၂၂ နိုဝင်ဘာလအတွင်း ပါတီအစည်းအဝေးပြုလုပ်နေစဥ်


