Category: News

  • မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူ ထွက်ပြေးသွားဟုဆို

    မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူ ထွက်ပြေးသွားဟုဆို

    ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူထွက်ပြေးသွားကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

    ယနေ့(မတ်လ ၃ ရက်) နံနက် ၃နာရီခန့်က စစ်သုံပန်း ရှစ်ဦးသည် အစောင့်ရဲဘော်များ၏ လက်နက်များ လုယူကာ မင်းတပ်မြို့နှင့် ထိစပ်နေသည့် ယောဒေသသို့ ထွက်ပြေးသွားခြင်းဟု သတင်းရရှိသည်။

    စစ်သုံ့ပန်းရှစ်ဦးသည် ထွက်ပြေးစဥ် လမ်းမှာတွေ့သည့် ပြည်သူ နှစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်းလည်း ယောဒေသရှိ စစ်ရေးသတင်းရင်းမြစ် ကိုမင်းဒဿက အသိပေးသည်။

    “သုံ့ပန်းတွေပြေးတာ ဖြစ်နိုင်တယ်တဲ့ ။သတင်းပို့ချက် မရောက်လာသေးဘူး။မြို့ထဲကအဖွဲ့တော့ မဟုတ်ဘူး ။ဘယ်တပ်ရင်းဖက်ကလည်းဆိုတာ အတည်ပြုခိုင်းထားတယ်”ဟု CDF မင်းတပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဒေသတွင်း ပုံမမှန်သည့်ဖြစ်စဥ်နှင့် ဒေသခံမဟုတ်သူဟု ယူဆရသူများကို တွေ့ပါက နီးစပ်ရာပြည်သူ့တော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်အကြောင်းကြားရန် ကိုမင်းဒဿက တိုက်တွန်းသည်။

    ထို့အပြင် ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မြစ်သာဆည် ကာကင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ခန့်သည် တပ်ဖြန့်၍ မင်းတပ်မြို့မှထွက်ပြေးလာသည့် စစ်သုံ့ပန်းများအား ရှာဖွေနေကြောင်းလည်း ယောဒေသ စစ်ရေး၊လူမှုရေးအခြေအနေများကို ဖော်ပြသည့် ယောအလင်းတန်း တာဝန်ရှိသူက ပြောသည်။

    မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၂၁ ရက်တွင် ချင်းညီနောင်အဖွဲ့နှင့်အတူ ယောကာကွယ်ရေးတပ်၊ယောတတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင်တပ်ရင်း(၃)တို့လည်း ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်အများအပြားရရှိပြီး ရုပ်သံဖိုင်မှတ်တမ်းအရ စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်း အရှင်ဖမ်းမိရရှိခဲ့သည်ကို တွေ့ရသည်။

  • မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ရက် ဆက်တိုက် တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများပြား

    မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ရက် ဆက်တိုက် တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများပြား

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများပြားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    မတ်လ ၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာမြောက်ဘက်၌ PDF တပ်ဖွဲ့ဝင်များက ဘန်ကာတစ်ခုတည်ဆောက်ပြီး စစ်မြှူခဲ့ရာ မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီ တာယုမွန်ပါ အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးရောက်ရှိလာပြီး ယင်းဂိတ်ကို ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ ဂိတ်စခန်းဖျက်ဆီးနေစဉ် နောက်ပိုင်းမှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ စောထီးများ ထိခိုက်သေဆုံးမှုများပြီး စစ်ကူခေါ်ခဲ့ကြောင်း သိရသည်။

    “မြင်းခြံဘက်ကနေ လယ်သစ်ကပျူတွေနဲ့ပေါင်းပြီး ခြေလျင်စစ်ကြောင်းထိုးလာတာ၊ လမ်းမှာ PDF အဖွဲ့တွေ၊ မဟာမိတ်အဖွဲ့တွေနဲ့ချထားတဲ့ဂိတ်ပေါ့၊ သူတို့က အဲဒီဂိတ်ကိုလာပြီးတော့ ပစ်ဖို့ ခြေလျင် စစ်ကြောင်းထိုးလာတာပေါ့၊ အဲဒီဂိတ်က အယောင်ပြထားလိုက်တာ၊ စစ်မြှူတဲ့သဘောပေါ့၊ သူတို့က အဲဒီဂိတ်ကိုပဲ မဲနေတဲ့အချိန်က ကျနော်တို့က နောက်ကနေ နောက်ပိုးဝင်သိပ်တာပေါ့၊ အဲဒီတိုက်ပွဲက လယ်သစ်မြောက်ဘက်နားမှာပေါ့၊ စခတွေအထိနာတယ်၊ လမ်းပေါ်မှာတင် သွေးအိုင်တွေ၊ သွေးကွက် တွေကျန်နေခဲ့တာ။ သူတို့အထိနာတော့ သံချပ်ကာ ကား ၂ စီးကို တပ်ကူလှမ်းခေါ်တာပေါ့၊ သံချပ် ကာ ကားပေါ်ကနေ ငါးကြင်းမြီးနဲ့ ပစ်တာ၊ အဲဒီမှာ ငါကြင်း ပြီးပစ်တဲ့သူ သေသွားပြီးတော့ သံချပ်ကာ ကားလည်း ပြန်ဆုတ်သွားတာ။ ထိခိုက်သေဆုံးမှုကတော့ တော်တော်များတယ်။ ထိခိုက်သေဆုံးမှုက တိတိကျကျတော့ ပြောလို့မရဘူး။ တော်တော်များတယ် လို့တော့ သိရတယ်၊ နောက်ပိုင်းဖောကားနဲ့ ပြန်ကောက်တင်သွားတာ၊ ကျနော်တို့ဘက်က အနားအ ထိကပ်လို့မရတဲ့ ပြန်ဆုတ်ခဲ့ရတာဆိုတော့ အတိအကျမသိရတာ။ လေကြောင်းပစ်ကူကလည်း ၅ ကြိမ် ၆ ကြိမ်ထက်မနည်း ဗုံးသီးတွေနဲ့ လည်း ကျဲတယ်။ ရော့ကတ်တွေနဲ့လည်း ပစ်တယ်။” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

    ထိုနောက် မတ်လ ၂ ရက် မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာရှိ ပျူစောထီးစခန်းအား ဝင်ရောက်တိုက် ခိုက်ရန် ချဉ်းကပ်နေစဉ် မြင်းခြံမြို့မှ ထွက်လာသော စစ်ကား ၃ စီးဖြင့် ရုတ်တရက် ဝင်ရောက်လာသ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကားပေါ်ပါ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး မြင်းခြံမြို့မှ ခြေလျင်စစ်ကြောင်းဖြင့် စစ်ကူအင်အားအများအပြား ရောက်ရှိလာခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

    “လယ်သစ်ပျူအထိုင်စခန်းကို ဝင်တိုက်မယ်ဆိုပြီးတော့ သွားတာ၊ အဲလိုသွားတဲ့အချိန်မှာ မြို့ပေါ်က နေ ရုတ်တရက် ကား ၃ စီးထွက်လာတာ၊ ကျနော်တို့ စောင့်နေတဲ့ နေရာနဲ့ တည့်တည့်ဝင်တိုးတာ၊ တည်တည်ချင်းကား (ပထမဆုံးကား)ကတော့ ဘာမှကို ပြန်မပစ်နိုင်ဘူး။ ကားပေါ်ကနေ ဆင်းပြေး တဲ့သူတွေက ပြေးနဲ့ တော်တော်လေးကို အထိနာတယ်။ အဲလိုတိုက်ခိုက်ခံရတော့ နောက်ကားတွေ လည်း ပြန်ဆုတ်ပြေးတာ၊ ပြီးတော့ လေကြောင်းကနေ ပစ်ကူလာတယ်။ ဗုံးသီး ၂ လုံးကျဲတယ်။ ပြီး တော့ ရော့ကတ်ပစ်တယ်။ အဲဒီနေရာမြင်းခြံမြို့နဲ့လည်း ကပ်နေတော့ ပျူစခန်းနဲ့ကလည်း အရမ်းနီး နေတော့ စစ်ကူလာမယ်ဆိုရင် မြန်တဲ့အတွက် ပြန်ဆုတ်ခဲ့ရတာ။ ထိခိုက်သေဆုံးမှုကတော့ များနိုင် တယ်၊ အရေအတွက်က အတိအကျ မသိရတာ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန် ရှိသူ တစ်ဦးက ရှင်းပြသည်။

    ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လာပြီး မိနစ် ၃၀ ခန့်ကြာ ချိန် တွင် အကြမ်း ဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာအား ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မြေပြင်မှ ဝင်ရောက်လာသော စစ်ကြောင်းကလည်း ကျောက်ပြုတ်ကျေး ရွာကို ဝင်ရောက်မီးရှို့သွားကြောင်း သိရသည်။

    စစ်ဆင်ရေး တိုက်ခိုက်မှုများကို နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံမြို့နယ် မဟာမိတ်တပ်များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

  • ကျောက်ဖြူတိုက်ပွဲဖြစ်ချိန်တွင် အင်အားပြန်ခေါ်၍မရဘဲ စစ်အင်အားလိုအပ်ချက်ကြောင့် ဗျာများနေ

    စစ်ကောင်စီက စစ်တွေတိုက်ပွဲသို့ ထုတ်နုတ်တပ်များပို့ထားရ၍ ကျောက်ဖြူတိုက်ပွဲဖြစ်ချိန်တွင် အင်အားပြန်ခေါ်၍မရဘဲ စစ်အင်အားလိုအပ်ချက်ကြောင့် ဗျာများနေ

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၏ မြို့အစွန်ကျသည့် ဓညဝတီရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်းတို့သည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို ခံနေရပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

    စစ်တွေမြို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေရာ အဆိုပါ တိုက်ပွဲသို့ ကျောက်ဖြူမြို့နယ်မှ ကြည်းတပ်အင်အား ဖြည့်တင်းထားသည့်အတွက် ကျောက်ဖြူတိုက်ပွဲဖြစ်ပွားချိန်တွင် အင်အားလိုအပ်ချက်ကြောင့် စစ်ကောင်စီတပ်များ ဗျာများနေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

    “စစ်တွေကို ကြည်းတပ်အင်အားဖြည့်တယ် ဆိုပေမယ့် ခြေလျင်ခြေမြန်တပ်ရင်းတွေ ထိထိရောက်ရောက် ဖြည့် တင်းထားတာမရှိဘူး။ ကျောက်ဖြူမှာလည်း ရှိတဲ့ သုံးတပ်က အခွံသာသာပဲကျန်တာ။ မြို့တော်နှစ်ခုလုံး တိုက်ပွဲဖြစ်လာတော့ စစ်အင်အားလိုအပ်ချက်တော်တော်များနေတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

    ကျောက်ဖြူတွင် ခြေလျင်၊ ခြေမြန်တပ်ရင်းများဖြစ် သည့် ခလရ-၃၄၊ ခမရ-၅၄၂၊ ခမရ-၅၄၃ တပ်ရင်းသုံး ခုသာရှိပြီး မြေပြင်ထိုးစစ်ဆင်လာချိန်တွင် တပ်စောင့်အဖြစ်သာကျန်နေသည့် တပ်ရင်းများမှာ အင်အားချိနဲ့ပြီး ကာကင်းစခန်းများပြုတ်သည်အထိ တိုက်ခိုက်ခံနေရကြောင်း သိရသည်။

    အင်အားလိုအပ်ချက်ကြောင့် ကျောက်ဖြူမြို့နယ်သို့ ယခု စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈) မှ သင်တန်းဆင်းလာသည့် လူငယ်၊ လူ ရွယ်များကို ဖြည့်တင်းသွားရန် စီစဉ်နေကြောင်း တပ် သတင်းရင်းမြစ်ထံက သိရသည်။

    စစ်ကောင်စီတပ် နှင့် AA တို့သည် မြို့တော်စစ်တွေနှင့်ကျောက်ဖြူတို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်အပြင် ရေတပ်မှလက်နက် ကြီးများ၊ ပင်လယ်ပြင် Navy မှ အမြောက်များ၊ ဒရုန်းများအပြင် လေကြောင်းမှပါ အပြင်းအထန်တိုက်ခိုက်နေ ကြောင်း AA က ဒေသတွင်းသတင်းဌာနဖြစ်သည့် APM သတင်းဌာနကို ပြောဆိုထားသည်။

    စစ်ကောင်စီက စစ်တွေမြို့ကို AA တပ်ဖွဲ့များ လက် နက်ကြီးများဖြင့် ပစ်ခတ်ထိုးစစ်ဆင်လာချိန်တွင် စစ်တွေပွိုင့်ကမ်း ခြေသို့ ကျောက်ဖြူမြို့မှ တိုက်ရေ ယာဉ်များ၊ ရန်ကုန်မှ ရေ ယာဉ်များကိုပါ ပို့ဆောင်ထားသည့်အတွက် ကျောက် ဖြူဓညဝတီရေတပ် တိုက်ခိုက်ခံနေရချိန်တွင် စစ်သင်္ဘောများကို အင်အားဖြည့်ရန် အခက်ကြုံနေကြောင်း သိရသည်။

    သို့သော်လည်း စစ်ကောင်စီက တိုက်သင်္ဘောနှင့် ဖရီးဂိတ်များအပါအဝင် ရေယာဉ် ၁၅ စီးခန့်ကို ကျောက် ဖြူပင်လယ်ပြင်၌ ကင်းလှည့်ရန်လွှတ်ထားပြီး တိုက်ပွဲဖြစ်ပွားရာ ရှောက်ချောင်းနှင့် ဦးကင်းကျေးရွာများသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်နေ့တို့ တွင် ရှောက်ချောင်းရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် AA တို့ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

    ထို့အပြင် AA ထိုးစစ်ကြောင့် ဓညဝတီရေတပ်ဌာန ချုပ်၏ ကာကင်းစခန်းငယ်နှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်ပြီး ရေနပ်ဌာနချုပ်အတွင်းသို့ ဝင်ပြေးရကြောင်း သိရသည်။

    ကျောက်ဖြူတွင် ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃ တို့အပြင် ရဲတပ်ရင်း ၃၂ တို့ရှိပြီး သစ်ပုတ်တောင်တွင် ဓညဝတီရေတပ်ဌာနချုပ် အထိုင်ချထားပြီး ဌာနချုပ်ထဲတွင် ရေတပ်စက်မှုလက်မှု အင်ဂျင်နီယာတပ်၊ ရေတပ်လေ့ကျင့်ရေးတပ်နှင့် လက်ရုံးတပ်များအပါအဝင် တပ်ပေါင်း ၁၇ တပ်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

  • ဧရာဝတီတိုင်းတွင် စစ်မှုထမ်းရန်အမည်စာရင်းပါသည်ဟုဆိုကာ လူငယ်အချို့ကို ခရီးသွားလာခွင့်ပိတ်ပင်

    ဧရာဝတီတိုင်းတွင် စစ်မှုထမ်းရန်အမည်စာရင်းပါသည်ဟုဆိုကာ လူငယ်အချို့ကို ခရီးသွားလာခွင့်ပိတ်ပင်

    ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်မှုထမ်းရန်အကျုံး၀င်သည့် လူငယ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားစာအိတ်များပေးပိုပြီး ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။

    မြို့နယ် စစ်မှုထမ်းခေါ်ယူရေးအဖွဲ့မှ စစ်မှုထမ်းစာရင်းသွင်းရန် အကြောင်းကြားစာအိတ်များကို ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့်ပေးခိုင်းပြီး စာရင်းပါသူများကို လေးလအတွင်း ခရီးသွားခွင့်မပြု​ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

    “ရွာမှာဆိုစာအိတ် ငါးအိတ် ရောက်တယ်။ အဲ့မှာပါတဲ့လူငယ်တွေကို မြို့နယ်ရုံးကို ခေါ်တယ်၊ ခေါ်တဲ့အချိန် စစ်မှုထမ်းမယ်ဆိုပြီးခံ၀န်ထိုးရတယ်။ ခရီးထွက်ခွင့်လည်းမပေးတော့ဘူး။ ထွက်ပြေးရင်လည်း မိဘတွေကို ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်”ဟု စစ်မှုထမ်းရန် အကြောင်းကြားခြင်းခံရသော မိသားစု၀င်တစ်ဦးမှ ပြောသည်။

    ယခင်က စစ်မှုထမ်းခေါ်ရန် သတ်မှတ်ခံထားရသည့် ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှ လူစားထိုးရန်ငွေကြေးကေက်ခံပြီး ဖြေရှင်းခဲ့သော်လည်း ယခု ဖေဖော်ဝါရီလမှစတင်ပြီး မြို့နယ်မှ စာအိတ်ဖြင့်တိုက်ရိုက်စာရင်းသွင်းသည့်စနစ်ကို ပြောင်းလဲလာကြောင်းသိရသည်။

    စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင် အားလုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းမြို့နယ်အချို့တွင် လူငယ်များကို အကြောင်းမကြားပဲ အဓမ္မဝင်ရောက် ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

  • တံတားဦးနှင့် နွားထိုးကြီး မြို့နယ် တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး

    တံတားဦးနှင့် နွားထိုးကြီး မြို့နယ် တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး

    တံတားဦးနှင့် နွားထိုးကြီး မြို့နယ် တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး အထိနာသော စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး

    မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး အထိနာသော စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်မှ ညနေ ၆ နာရီ ၁၅ မိနစ်ထိ တံတားဦးမြို့နယ် ၊ မြိုင်သာကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း ၊ တံတားဦး ပကဖ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီ ၄၅ မိနစ်ထိ နွားထိုးကြီးမြို့နယ် ၊ သာစည်လေးကျေးရွာ နှင့် မျက်ရှုကျေးရွာ အနီးတဝိုက် တို့တွင် အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း ၊ တံတားဦး (ပကဖ) တို့ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် Mi – 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၁၅ မိနစ်ထိ နွားထိုးကြီးမြို့နယ် ၊ မျက်ရှုကျေးရွာ အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်း၊ တံတားဦး (ပကဖ) တို့ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    တိုက်ပွဲအတွင်း အထိနာနေသော အကြမ်းဖက် စစ်တပ်က နွားထိုးကြီးမြို့နယ် ၊ သာစည်လေးကျေးရွာ နှင့် မျက်ရှုကျေးရွာတို့ရှိ ပြည်ပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    မတ်လ ၁ ရက်နေ့ နံနက် ၈ နာရီ မှ ညနေ ၄ နာရီထိ မြင်းခြံမြို့နယ် ၊ ကျောက်ကန်ကျေးရွာအနီးကို ရောက်ရှိလာသော အကြမ်းဖက် စစ်သားများနှင့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်း ၊ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့တို့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် Jet Fighter ဖြင့် ၂ ကြိမ် ၊ Mi – 35 ဖြင့် ၄ ကြိမ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ ၄ ရက်တာ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    “အဲဒီစစ်ကြောင်းကလည်း တံတားဦးမြို့နယ် အမြန်လမ်း မိုင်တိုင် ၃၃၅ ဘက်ကနေ အင်အား ၂၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးလာတာပေါ့။ အခုဆိုရင် နွားထိုးကြီးမြို့နယ် ရုန်းရင်းတောရွာထိကို တောက်လျှောက်ထိုးလာတာ” ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။

    ယင်းတိုက်ပွဲများသည် နေ့စဥ်ဖြစ်ပွားနိုင်သောကြောင့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း နှင့် မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်းတို့ကို ခဲယမ်းကျည်ဖိုးများ ထောက်ပံ့ပေးကြရန် မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းက အကူအညီ တောင်းခံထားသည်။