Category: News

  • မုံရွာ နမခကို ရော့ကတ် ဒုံးကျည်နဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်လို့ဆို

    စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ပစ်မှတ်ထားတဲ့ရော့ကတ် ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၃၇ တပ်ရင်းရဲ့ တပ်ရင်းမှူးက ပြောပါတယ်။

    ဖေဖော်ဝါရီ ၁၃ ရက်က နမခ ထဲကို ရော့ကတ် ဒုံးကျည်အလုံး ၇၀ နဲ့ စစ်တပ်ရဲ့ အမှတ် ၅၀၈ အမြောက် တပ်ထဲကို ဒုံးကျည်အလုံး ၃၀ သုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သူက ဆိုပါတယ်။

    “အမတ ၅၀၈ ထဲက အ‌ဆောက်အဦ ၁ လုံး မီးလောင် ပျက်စီးတယ်။ ည ၁၀ နာရီမှ မီးငြိမ်းသွားတာ”လို့ သူက ရှင်းပြပါတယ်။

    နမခ ဌာနချုပ်ကို ပစ်မှတ်ထားတဲ့ဒီပစ်ခတ်မှုက ထိရောက်တဲ့ခြိမ်းခြောက်မှုလို့ သူက မှတ်ချက်ပြုပါတယ်။

    ဒုံးကျည်နဲ့ ပစ်ခတ်တဲ့စစ်ဆင်ရေးကို တခြားတော်လှန်‌ရေးမဟာမိတ် ၉ ဖွဲ့နဲ့အတူ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ၆ လ ဝန်းကျင် အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

    အဲဒီပစ်ခတ်မှုပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ နမခက ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ပစ်ခတ်သလို အမတ ၅၀၈ ကနေလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ခဲ့တယ်လို့ လည်းဆိုပါတယ်။

    ဒါ့အပြင် တိုက်လေယာဉ်နဲ့ နမခ အနီးက နေရာ ၂ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်တပ်လေထီးတွေနဲ့ ကင်းထောက်လှည့်လည်ခဲ့တယ်လို့ သိရပါတယ်။

    နမခနဲ့ အမတ ၅၀၈ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  • နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးလက်နက်များနှင့် ဖမ်းမိ

    နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးလက်နက်များနှင့် ဖမ်းမိ

    AA ထိုးစစ်ဆင်နေသည့်နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးလက်နက်များနှင့် ဖမ်းမိဟု CDF အရှို အသိပေး

    မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ကာကင်းစခန်းများမှ တပ်စခန်စွန့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )က အသိပေးသည်။

    အာရက္ခတပ်တော်(AA)က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား ထိုးစစ်ဆင် တိုက်ခိုက်နေစဉ်အတွင်း ကာကင်းစခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၂၄ရက်မှစတင်၍ နယ်မြေရှင်းလင်း ဖမ်းဆီးလျက်ရှိရာ ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၂၃ဦး ဖမ်းမိခဲ့ဟု အသိပေးသည်။

    ထိုသို့ ဖမ်းမိသည့်ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သားများက ပြန်လည်ခုခံခြင်းမရှိဟုမရှိ CDF အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

    “ကျနော်တို့ကို ကြောက်ပြီးတော့ ထွက်ပြေးသွားတာမျိုးတော့ရှိပါတယ်။ ကျနော်တို့ဘက်က အသံပေးပြီးတော့ အလင်းဝင်ဖို့ ပြောတဲ့အချိန်မှာ ထွက်ပြေးသွားတာမျိုးတော့ရှိပါတယ်။”ဟု ၎င်းက ပြောပြသည်။

    အဆိုပါ စစ်ကောင်စီတပ်သားများကို နတ်ရေကန်ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ( ၂၀၀၀ )ခန့်အကွာ တောတွင်းနေရာအသီးသီး၌ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MA – 1 ( ၁၃ )လက်၊ MA – 2 ( ၁ )လက်၊ MA- 3 ( ၃ )လက်၊ MA-11 ( ၂ )လက်၊ MA – 5 ( ၁ )လက် စုစုပေါင်း လက်နက် ငယ်( ၂၀ )လက် နှင့် မိုင်းများ၊ ကျည်များ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ဟု ထုတ်ပြန်သည်။

    နတ်ရေကန်ဒေသအနီးတစ်ဝိုက်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင် များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်း ကြပါရန် တိုက်တွန်းကြောင်းလည်း ဖော်ပြသည်။

    “ အလင်းဝင်သင့်တယ်ဆိုတဲ့နေရာမှာ အာရက္ခတပ်တော်အနေနဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကြီးကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေတဲ့အချိန်မှာ သူတို့အနေနဲ့ ပြန်လည်တိုက်ခိုက်ဖို့ သတ္တိမရှိဘူးလို့ ပဲ ယူဆရပါတယ်။တပ်ဆုတ်ခွာတာတွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လက်နက်ခဲယမ်းတွေ ရွှေ့ပြောင်းပြီးတော့ ဆုတ်ခွာမှုတွေ သူတို့ လုပ်နေကြတာဆိုတော့ ဗိုလ်မှူးအဆင့်တွေ အကြီးပိုင်းတွေက လွတ်ရာလွတ်ကြောင်းပြေးတာမျိုး၊ ကိုယ်လွတ်ရုန်းပြေးတာမျိုး လုပ်နိုင်တာဖြစ်တဲ့အတွက် အောက်လက်ငယ်သား တပ်သားတွေအနေနဲ့ ဖြစ်ပါစေ တော်လှန်ရေးတပ်တွေကို ဆက်သွယ်ပြီးတော့ ကိုယ့်ဘ၀ လွတ်ရာလွတ်ကြောင်း ကိုယ်သည် ပြည်သူရဲ့ ငြိုငြင်မှုကို မခံရဘဲ ကောင်းမွန်စွာ နေထိုင်စားသောက်လို့ရအောင် အလင်းဝင်ပါလို့ တိုက်တွန်းတာဖြစ်ပါတယ်” ဟု ဆလိုင်းရိုးချင်းက ပြောသည်။

    CDF အရှိုသည် AAက တိုက်ခိုက်သိမ်းပိုက်ခဲ့သောရက္ခိုင်ပြည်နယ် အမ်းမြို့နယ် တိုက်ပွဲမှထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဒီဇင်ဘာလ ကုန်ပိုင်းမှစ၍ မကြာခဏ ဖမ်းမိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာလည်းသိမ်းပိုက်ရရှိခဲ့သည်။

    (နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးအား လက်နက်များနှင့် ဖမ်းမိထားစဉ်။ ဓာတ်ပုံ – ချင်းကာကွယ်ရေးတပ် – အရှို)

  • ကျောက်တံခါး စစ်ကောင်စီသံလမ်းကင်းတဲစခန်း ၅ ခု တပြိုင်တည်း တိုက်ခိုက်ခံရ

    ကျောက်တံခါး စစ်ကောင်စီသံလမ်းကင်းတဲစခန်း ၅ ခု တပြိုင်တည်း တိုက်ခိုက်ခံရ

    ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်း တံတားအမှတ် ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈၊ ၁၄၉ ရှိ စစ်ကောင်စီသံလမ်းကင်းတဲ စခန်းတွေကို ဖေဖော်ဝါရီ ၂၅ ရက် ည ၁၀ နာရီလောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း -P2-3702 က ထုတ်ပြန်ပါတယ်။

    အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉၊ P2-3702 တပ်ရင်း၊ Spring Warriors Column တပ်ရင်းတွေက တပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ပြီး MA ကျည်​ဘောက် ၂ ဘောက်နဲ့ ကျည် အတောင့် ၂၀ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

    ဂိတ်ကင်းတဲစခန်းအားလုံးကို မီးရှို့ဖျက်ဆီးရှင်းလင်းခဲ့ပြီး တိုက်ပွဲအတွင်း P2 -3702 တပ်ရင်းမှ ရဲဘော်တဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဲနေ့ည ၁၀း၁၅ မိနစ်လောက်ကလည်း ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းအား KNLA တပ်ရင်း ၉ နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် မနက်အစောပိုင်းကလည်း ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ် ၊ ပဲနွယ်ကုန်း – ကွင်းချောင်းဝ လမ်းပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ အင်အား ၃၀ ခန့် ကာကင်းစခန်းကို ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702၊ ရိုးမ ၂ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 နဲ့ Spring Warriors Column P2-7001 တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဆိုပါတိုက်ပွဲမှာ ကျောက်တံခါးမြို့နယ်၊ ရွှေဝါရွာ အခြေစိုက် ခလရ ၃၀၇ တပ်ရင်းမှ လက်နက်ကြီး ပစ်ကူပေးခဲ့ပေမဲ့ စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာထွက်ပြေးခဲ့ကြပြီး တိုက်ပွဲအတွင်းမှ ရန်သူ့အလောင်း ၅ လောင်း၊ ဘီအေ ၆၃ မောင်းပြန်ရိုင်ဖယ် ၂ လက်၊ MA 1 တလက်၊ ကျည်ကာဦးထုပ် ၃ လုံးနဲ့ ကျည် ၁၀၀ တို့ကို သိမ်းဆည်းရရှိခဲ့​ပါတယ်။

  • စစ်မှုထမ်း အကြောင်းပြ၍ လူငယ်များကို ဖမ်းဆီးငွေညှစ်နေသော ပျူခေါင်းဆောင် နေဝင်း ပစ်ခတ်ခံရပြီး သေဆုံး

    စစ်မှုထမ်း အကြောင်းပြ၍ လူငယ်များကို ဖမ်းဆီးငွေညှစ်နေသော ပျူခေါင်းဆောင် နေဝင်း ပစ်ခတ်ခံရပြီး သေဆုံး

    နတ်တလင်း၊ ညောင်လေးပင်ရွာတွင် စစ်မှုထမ်း အကြောင်းပြ၍ လူငယ်များကို ဖမ်းဆီးငွေညှစ်နေသော ပျူခေါင်းဆောင် နေဝင်း ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ရွာတွင် လူငယ်များကို ဖမ်းဆီးပြီး ငွေတောင်းကာ ပြန်လွှတ်ပေးနေသည့် ပျူစောထီးခေါင်းဆောင် နေဝင်းကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေ ဆုံးသွားကြောင်း Phoenix DF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၆ နာရီ ၄ မိနစ်က နတ်တလင်းမြို့နယ်၊ အရှေ့ဘက် ညောင် လေးပင်ရွာမှ စစ်တပ်ထောက်တိုင် ပျူစောထီးခေါင်းဆောင် နေဝင်း အား ပဲခူးတိုင်းစစ်ဌာန၊ သာယာ ဝတီ ခရိုင်၊အမှတ် ၁ တပ်ရင်း (P23801) ၊ တပ်ခွဲ ၂ – Phoenix DF ရဲဘော်များမှ ၎င်း၏နေအိမ်တွင် သွားရာက် ဖမ်းဆီးခဲ့ရာ အသာတကြည်အဖမ်းခံခြင်းမရှိပဲ ထွက်ပြေးသွားကြောင်း သိရသည်။

    ထိုသို့ ထွက်ပြေးသွားမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပျူခေါင်း ဆောင်နေဝင်း၏ ခြေထောက်ကို ကျည်ဖောက်ဝင်သွားခဲ့ပြီး အနီးအနားတွင် အရက်သောက်နေသူ အရပ်သား ပြည်သူ ညိုမဲကိုလည်း ကျည်ဖောက်ဝင်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

    “သူ့အိမ်ကို ဝင်ပြီး သူ့မိန်းမကို မေးနေတဲ့အချိန်မှာ ပျူခေါင်းဆောင်နေဝင်းက အိမ်ထဲဝင်လာတာ၊ အဲဒီအချိန်မှာ ကျနော်တို့ ရဲဘော်တွေကို မြင်လို့ ထွက်ပြေးသွားတဲ့အချိန်မှာ ပစ်ခတ်ဖမ်းဆီးရင် ခြေထောက်တံကောက်ကွေးကို ကျည်ဖောက်ဝင်သွားတယ်၊ အဲဒီကနေမှ အနီးအနားမှာ အရက် သောက်နေတဲ့ ပြည်သူလည်း ထိမှန်သွားတာ၊ ပျူခေါင်းဆောင်နေဝင်းကတော့ ၅ ချက်လောက် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်။ သူလည်း သေသွားတယ်။ ပျူခေါင်းဆောင်နေဝင်းဆီက ပစ္စည်းတွေ သိမ်း ဆည်းရရှိခဲ့တာမရှိဘူး။ သူ့မိန်းမကိုတော့ ဘာမှ မလုပ်ခဲ့ပါဘူး။ ပျူခေါင်းဆောင်နေဝင်းသားက လည်း ပျူစောထီးပဲ။ သားအမိနှစ်ယောက် ပစ္စည်းတွေယူပြီး ထွက်ပြေးသွားကြပြီ” ဟု Phoenix DF တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

    သေဆုံးသူ ပျူစောထီးခေါင်းဆောင် နေဝင်းသည် စစ်မှုထမ်းရန် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီး ၍ ငွေတောင်းကာ ပြန်လွှတ်ပေးခြင်း၊ ပြည်သူများ သွားလာလုပ်ကိုင်စားသောက်နေ သော ဆိုင်ကယ် များ အား ခြိမ်းခြောက်ဖမ်းဆီး၍ အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ၏ သွားလာလှုပ်ရှားမှုများကို စုံစမ်း၍ စစ်ကောင်စီထံ သတင်းပေးပို့ခြင်းတို့အပြင် ၎င်းကိုယ်လည်း စစ်ကောင်စီ စစ်ကြောင်းများနှင့်အတူလိုက်ပါကာ ပြည်သူများကို ဖမ်းဆီးခြင်း၊ နေအိမ်များမီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများ ခိုးယူခြင်း၊ ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း အသိပေးထားသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်သား၊ ရဲ ၊ ပျူစောထီးများနှင့် စစ်တပ် ထောက်တိုင်များ ကို အခါအခွင့်သင့်လျှင် သင့်သလို တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ထိ ခိုက်မှုမရှိစေရန် ၎င်းတို့အနီးတစ်ဝိုက် သွားလာနေထိုင်ခြင်း မပြုကြပါရန် တိုက်တွန်းမေတ္တာရပ်ခံထားသည်။

  • ထီးလင်းမြို့သင်္ချိုင်းအား စစ်ကောင်စီဝင်များ သန့်ရှင်းရေးလုပ်နေ

    ထီးလင်းမြို့သင်္ချိုင်းအား စစ်ကောင်စီဝင်များ သန့်ရှင်းရေးလုပ်နေ

    မကွေးတိုင်း၊ ထီးလင်းမြို့ပေါ် ရှိ သင်္ချိုင်းအား စစ်ကောင်စီဝင်များ သန့်ရှင်းရေးပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

    ယနေ့(ဖေဖော်ဝါရီ ၂၆ရက်)နံနက်ပိုင်းကစ၍ ထီးလင်းမြို့၏ မြို့မစျေးနှင့် မြို့နယ်လျှပ်စစ်ရုံးဝင်း၏အနောက်ဖက်၊ ကွက်သစ်(ခ)စည်ပင် သာယာရပ်ကွက်ရှိ သင်္ချိုင်းကို စစ်ကောင်စီအဖွဲ့ဝင်များက သန့်ရှင်းရေးလုပ်နေခြင်းဟု ဆိုသည်။

    ထီးလင်းမြို့ခံများမှာ မြို့မှစွန့်ခွာသွားကြပြီဖြစ်၍ လက်ရှိ မြို့ပေါ်၌ စစ်ကောင်စီအဖွဲ့ဝင်အချို့သာ ကျန်ရှိနေခြင်းဖြစ်သည်။

    ထီးလင်းမြို့ပေါ်၌ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၂၀၀ခန့်နှင့် ၎င်းတို့မိသားစုဝင်များထည့်သွင်းပါက စုစုပေါင်း ၆၀၀ခန့်သာ ကျန်ရှိတော့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ အသိပေးထားသည်။

    “ဒီသင်္ချိုင်းက စခ ရော၊ ရခ ရော၊ ပျူရော သဂြိုလ်ကျတာ။ထီးလင်းမြို့တစ်မြို့လုံးမှာ ဒီသင်္ချိုင်းတစ်ခုပဲရှိတာပါ။မြို့သူ၊မြို့သားအများစုက မြို့ကစွန့်ခွာသွားပြီလေ။ သန့်ရှင်းရေးလုပ်မယ့်သူမရှိတော့ စခ၊ ရခ၊ ပခတွေ ကိုယ်တိုင်လုပ်နေကြရတာ”ဟု ထီးလင်းမြို့နယ်နေသူ တစ်ဦးက ပြောသည်။

    ယခင်က မြို့သင်္ချိုင်းအား ရပ်ကွက်အလိုက်၊ တစ်လတစ်ကြိမ် သန့်ရှင်းရေးပြုလုပ်ရလေ့ရှိရာ ယခုအခါ မြို့ခံများ မရှိတော့၍ စစ်ကောင်စီအဖွဲ့ဝင်များကိုယ်တိုင် ပြုလုပ်ခြင်း ဖြစ်သည်။

    ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားပြီး အလင်းဝင်ရန် သတိပေးစာထုတ်ပြန်ထားပြီးဖြစ်သည်။

    “ပိတ်ဆို့ထားတယ်။ရိက္ခာဖြတ်ထားတော့ပေါ့။စစ်ရေးကတော့မြို့ထဲက စခစစ်ကြောင်းတွေက နယ်ကျေးရွာတွေဖက် မထွက်ရဲတော့ဘူး။ထွက် ရင်လည်း မြို့နဲ့အနီးဆုံးရွာတွေကိုသာ ထွက်ပါတယ်။အထက်က ဖိအားကြောင့်စစ်ကြောင်းအထွက်ပြရတဲ့သဘောသာသာပါပဲ”ဟု ထီးလင်းမြို့နယ်စစ်ရေးသတင်းရင်းမြစ် ကိုမင်းဒဿ က ပြောသည်။

    ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ထီးလင်းမြို့စွန် နေရာများတွင် စစ်ကောင်စီတပ်က မိုင်းများထောင်ပြီး ဘန်ကာနှင့် ကတုတ်ကျင်းများ ပြန်လည်ပြင်ဆင်ထားကာ လေကြောင်းမှ စားနပ်ရိက္ခာနှင့် ခဲယမ်းများ အားဖြည့်ထားကြောင်း သိရသည်။

    ၂၀၂၃မတ်လကုန်အထိ ထီးလင်းမြို့ရှိလူဦးရေ စာရင်းသည် ၅၁,၆၅၃ ဦးရှိပြီး မြို့ပေါ်တွင် နေထိုင်သူ ၄,၈၃၃ဦးရှိကြောင်း စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်း၌ ဖော်ပြ သည်။