Category: News

  • မိတ်လိုက်နေစဉ် အလောတကြီးလုပ်ခိုင်းသဖြင့် ပိုင်ရှင်ကို ဆင်ထီးက တိုက်ခိုက်

    မိတ်လိုက်နေစဉ် အလောတကြီးလုပ်ခိုင်းသဖြင့် ပိုင်ရှင်ကို ဆင်ထီးက တိုက်ခိုက်

    ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင်တွင် မိတ်လိုက်နေသော အိမ်မွေးဆင်ကို ပိုင်ရှင်က အမြန်ပြီးစီးရန် အလောတကြီးခိုင်းစေသဖြင့် အဆိုပါ ဆင်ထီးမှာ ပိုင်ရှင်ကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး အနီးနားတဝိုက်ရှိ မော်တော်ကားများကို ဖျက်စီးခဲ့သည်ဟု သိရသည်။

    ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဘူရီရမ်ခရိုင်အတွင်းရှိ၊ ဆတစ်မြို့နယ်၊ ထာ့မွမ်ကျေးရွာအုပ်စုတွင်နေထိုင်သော အမျိုးသားတစ်ဦးဖြစ်သူ နိုင်စွန်ဖွန်းက ၎င်းမွေးမြူထားသော ဖက်အူထိုင်းအမည်ရှိ ဆင်ထီးကို အခြားဆင်မတစ်ကောင်နှင့် မိတ်လိုက်ရန် အငှားလိုက်ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။

    ယင်းသို့ အငှားလိုက်ပြီး ဆင်မနှင့် မိတ်လိုက်ရာတွင် နဘေးမှနေကာ အမြန်ပြီးစီးရန် ဆင်ထီးအား လောဆော်ခဲ့သည်ဟုဆိုသည်။ အဆိုပါခိုင်းစေမှုကို အသက် ၁၉နှစ်အရွယ်ရှိသော ဆင်ထီးမှ စိတ်ရိုင်းဝင်ပြီးနောက် ပိုင်ရှင်ဖြစ်သူ နိုင်စွန်ဖွန်းအား အစွယ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

    ထိုအပြင် လမ်းဘေးတွင် ရပ်ထားသော Isuzu Mu-X ကားတစ်စီးနှင့် ပစ်ကပ်ကားတစ်စီးအားအစွယ်ဖြင့်ထိုးလှဲခြင်း၊ လမ်းမတစ်လျှောက်ရှိ လမ်းညွှန်ဆိုင်းဘုတ် ၅ ခုကို ဖျက်ဆီးခဲ့ခြင်းများကြောင့် အနီးတဝိုက်ရှိ ဒေသခံများ ထွက်ပြေးခဲ့ကြရသည်။

    ယင်းနောက် အဆိုပါဆင်ထီးအား ဆူရင်ခရိုင်(Surin)၊ ဆင်စီမံကိန်း(Elephant Kingdom Project)မှ တာဝန်ရှိသူများနှင့် ဆင်ဆရာဝန်များ ရောက်ရှိလာပြီး မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းခဲ့ကာ ၂ နှစ်ရီခန့်အကြာတွင် ဆင်ဦးစီးများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

    ဓါတ်ပုံ – โจโฉ

  • ရွှေစာရံ ဒုဋ္ဌဝတီမြစ်အတွင်း ပျောက်ဆုံးသွားခဲ့သည့် ကိုရင်ရုပ်အလောင်းကို ယနေ့ သုံးရက်အကြာ ပြန်လည်တွေ့ရှိ

    ရွှေစာရံ ဒုဋ္ဌဝတီမြစ်အတွင်း ပျောက်ဆုံးသွားခဲ့သည့် ကိုရင်ရုပ်အလောင်းကို ယနေ့ သုံးရက်အကြာ ပြန်လည်တွေ့ရှိ

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရွှေစာရံဘုရားအနီး ဒုဋ္ဌဝတီမြစ်အတွင်းသို့ ရေဆင်းချိုးရာမှ ပျောက်ဆုံးခဲ့သည့် သက်တော် ၁၅ နှစ်အရွယ် ကိုရင်တပါး၏ ရုပ်အလောင်းကို သုံးရက်အကြာတွင် ပြန်လည်တွေ့ရှိရကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ ယနေ့ ဖေဖော်ဝါရီ ၁၆ရက် ည ၇နာရီကျော် မှတ်တမ်းထုတ်ပြန်ချက်အရ သိရသည်။

    ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ Rescue Diver Team Myanmar အဖွဲ့ဝင်များသည်ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းနှင့် ၁၄ ရက်၊ ၁၅ ရက်များတွင် ရေငုပ်ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ရှာဖွေမတွေ့ရှိခဲ့ပေ။

    ယနေ့ ဖေဖော်ဝါရီ ၁၆ရက် မွန်းတည့်ချိန်တွင် ဒေသခံ ငါးဖမ်းလှေက တမုတ်ဆိုးကျေးရွာအုပ်စု ရှမ်းရွာကြီးရွာရေဆိပ်အနီး ရေပေါ်တွင် ရုပ်အလောင်းတွေ့ရှိသောကြောင့် ဆယ်ယူပေးပါရန် အကူအညီတောင်းခံမှုကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) အဖွဲ့ဝင်များ သွားရောက် ကူညီပေးခဲ့ပြီး ရေနစ်ခဲ့သည့် ကိုရင်ရုပ်အလောင်းကို ယင်းကျေးရွာတွင်ပင် မီးသင်္ဂြုဟ်ပေးခဲ့ကြသည်။

  • BC မသိတဲ့ လေးဖြူ မလေးမှာ ထိသွားရရှာပြီ

    BC မသိတဲ့ လေးဖြူ မလေးမှာ ထိသွားရရှာပြီ

    ♦️Boycott လှုပ်ရှားမှု အားကောင်းလာတဲ့ မလေးရှားရောက်မြန်မာနိုင်ငံသားများ

    မနေ့ညက မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှာ ပြုလုပ်တဲ့ လေးဖြူ Stage Show ပွဲကတော့ ပွဲစီစဉ်တဲ့ စိုးနိုင်ထွန်းတို့ အုပ်စုကို အရှိုက်ထိုးနှက်နိုင်ခဲ့ပါတယ်။

    ဘာကြောင့်လဲ ဆိုရင် လက်မှတ်တွေ ရောင်းမကုန်ခဲ့တာက ပထမ အောင်မြင်မှု ဖြစ်ပါတယ်။

    ဒုတိယ အောင်မြင်မှုက နေရာဌားရမ်းခ၊ လေးဖြူတို့ကို ဌားရမ်းခ နဲ့ လာရောက်ကြည့်ရှုတဲ့ ပရိတ် သတ် အင်အားကြောင့်ပါ။

    ဒီလို ပွဲမျိုးဟာ ပရိတ်သတ် ၃၀၀၀ လောက်လာမှ အမြတ် ရမှာဖြစ်တဲ့ ပွဲ ဖြစ်ပါတယ်။

    GH Entertainment Page က ပုံရိပ်တွေအရ ပြွတ်သိပ် ကျယ်ပြန့်နေတဲ့ လူပင်လယ်ပုံစံမျိုး မတွေ့ရပဲ ကျိုးတိုးကျဲတဲ လူအင်အားကို သာ တွေ့ရပါတယ်။

    အကျိုးအမြတ် အကျိုးစီးပွားအတွက် စစ်အုပ်စု အလိုကျ လုပ်တဲ့ ဒီပွဲက နေ အတော်ကြီးဆုံးရှုံး သွားစေတာက တော့ အားရစရာ ဖြစ်ခဲ့ပါတယ်။

    လေးဖြူ ရှိုးပွဲ လုပ်မယ်လို့ ကြေညာ စဉ်က တည်းက Page တွေကို ပါ Follow မလုပ်ဖို့ မ၀န်းရံ ဖို့ နှိုးဆော်ခဲ့တာကလည်း အောင်မြင်ခဲ့ပြီး Followers တောင် ၃၀၀ မပြည့်တဲ့ အခြေအနေ မျိုးသာ ရှိခဲ့ပါတယ်။

    မလေးရှားမှာ Boycott Fail မယ်ထင်ခဲ့ပေမဲ့ ဒီတစ်ကြိမ် တော့ နှိုးဆော်ရနပ်ခဲ့ပါတယ်။

    G Fatt ပွဲ မျိုးလို လူမများခဲ့တာကိုလည်း မြန်မာနိုင်ငံသားတွေကို ကျေးဇူးတင်ရပါမယ်။

    Boycott အခြေအနေ အရ အရမ်း အားရ စရာ အခြေအနေ မျိုး မရှိသေးပေမဲ့လဲ လက်မှတ် မ၀ယ်ယူကြတာ အားမပေးကြတာကတော့ တကယ်ကောင်းတဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။

    အခက်အခဲကြားက လာရောက်ပေးကြတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားက တော်တော်ဆုံးရှုံးမှုကြီးတာကို မြင်သာပါတယ်။

    Boycott အတွက် လူတွေကြား ဘယ်လောက်ပွဲဆူသွားသလဲ ဆိုတာ မြင်ရတဲ့အချက်လဲ ဖြစ်ပါတယ်။

    မလေးရှားရောက်မြန်မာနိုင်ငံသားတွေ အနေနဲ့ နောက်နောင်ကို လဲ အခုလို မျိုးပါ၀င်ပေးကြပါ။

    အခုလို ဆုံးရှုံးမှု ပုံစံ မျိုးနဲ့ သာ ဆက်တိုက်ဆုံးရှုံးနေရရင် နောင်ကို စစ်အုပ်စု အောက်ဆွဲ စီးပွားရေး သမားတွေ ပွဲ လာလုပ်ရဲတော့မှာ မဟုတ်ပါဘူး။

    အခုပွဲကိုတက်ရောက်ကြည့်ရှု့တဲ့ သူတွေထဲ ပြေလည် အဆင်ပြေတဲ့သူတွေနဲ့ ဘောမတွေ ၊ရေပေါ်ဆီ တွေသာ များတာ တွေ့ရပါတယ်။

    အဓိက ကတော့ ကျနော်တို့ မြန်မာနိုင်ငံ သား‌တွေ ဘ၀မမေ့ကြဖို့ ပါ ။ဘ၀ မမေ့ရင် ကျနော်တို့ ဘယ်အရာကို မဆို ရင်ဆိုင်နိုင်ဖို့ သတ္တိ လဲ မွေးနိုင်ပါလိမ့်မယ်။

    မလေးရှားရဲ့ Boycott စံနှုန်းကို Turning Point တစ်ခု ဖြစ်အောင်ကြိုးစားပေးနေကြတဲ့ သူတွေ အားလုံးကိုလဲ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

    Ye Mon Thet

  • ကမ္ဘာ့ရွှေဈေး ပြန်အေး၊ ပြည်တွင်းရွှေဈေး ကျပ် ၁၀၅ သိန်းဝန်းကျင်ကို ပြန်ကျ

    ကမ္ဘာ့ရွှေဈေး ပြန်အေး၊ ပြည်တွင်းရွှေဈေး ကျပ် ၁၀၅ သိန်းဝန်းကျင်ကို ပြန်ကျ

    ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းရွှေဈေးတွေ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မှာတော့ အနည်းငယ် ပြန်အေးသွားပါတယ်။

    ပြီးခဲ့တဲ့ သောကြာနေ့က ကမ္ဘာ့ရွှေဈေးဟာ ၁ အောင်စကို ဒေါ်လာ ၅,၀၄၀ ကျော်အထိ တက်သွားခဲ့ပေမဲ့ ဒီနေ့မှာတော့ ဒေါ်လာ ၅,၀၀၀ ဝန်းကျင်ကို ပြန်ကျလာတာကို တွေ့ရပါတယ်။

    ပြည်တွင်းမှာလည်း မနေ့က အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၁၀၆ သိန်းကျော်အထိ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ ကျပ် ၁၀၅ သိန်းဝန်းကျင်လောက်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။

    ဒါပေမဲ့ ကမ္ဘာ့နိုင်ငံရေး ပဋိပက္ခတွေ၊ နိုင်ငံတချို့ရဲ့ ဗဟိုဘဏ်တွေ ရွှေကို ဆက်ဝယ်နေကြတာတွေကြောင့် ကမ္ဘာ့ရွှေဈေးဟာ ရေရှည်မှာတော့ ခိုင်မာနေနိုင်သေးတယ်လို့ သုံးသပ်ချက်တွေ ထွက်နေပါတယ်။

    မြန်မာ့ရွှေစျေးကွက်ကတော့ စစ်ကောင်စီရဲ့ ဈေးနှုန်းထိန်းချုပ်မှု၊ သတ်မှတ်ရည်ညွှန်းစျေးနဲ့ ပြင်ပစျေး ကွာဟချက် များလွန်းမှုတွေကြောင့် ဈေးကွက်မတည်မငြိမ် ဖြစ်နေပြီး ဆိုင်အများစုက အရောင်းအဝယ်တွေ ရပ်ထားကြတယ်လို့ ရွှေစျေးကွက်အတွင်းက သိရပါတယ်။

    ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီက ဖေဖော်ဝါရီ ၁၆ ရက် အတွက် ထုတ်ပြန်ထားတဲ့ သတ်မှတ်ရွှေစျေးနှုန်းက အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၆၉ သိန်း ဖြစ်ပါတယ်။

    ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်းက အခေါက်ရွှေတကျပ်သားကို ရောင်းဈေး ၁၀,၅၀၀,၀၀၀ ကျပ်၊ ၁၅ ပဲရည် တကျပ်သားကို ရောင်းဈေး ကျပ် ၉,၈၈၀,၀၀၀ ရှိတယ်လို့ သိရပါတယ်။

    အဲဒါကြောင့် သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးနဲ့ ပြင်ပမှာ တကယ်အရောင်းအဝယ်ဖြစ်နေတဲ့ စျေးနှုန်းဟာ ကျပ် ၃၆ သိန်း ဝန်းကျင်အထိ ကွာဟနေပါတယ်။

    ဆိုင်တွေဘက်ကလည်း ရည်ညွှန်းဈေးအတိုင်း ရောင်းရမယ်ဆိုတဲ့ ဖိအားရှိပေမဲ့ တကယ်ရောင်းတဲ့အခါမှာ လက်ခ၊ အလျော့တွက် စတာတွေကို တိုးပြီး တောင်းခံတာတွေ ရှိနေတယ်လို့ ဝယ်ယူသူတွေက ပြောပါတယ်။ ဒါကြောင့် ဝယ်ယူသူတွေဘက်မှာ စျေးကွာဟချက်ဒဏ်ကို ဆက်ခံနေရဆဲ ဖြစ်ပါတယ်။

    ရွှေဝယ်ယူသူတယောက်က “အစိုးရဈေးနဲ့ အရောင်းအဝယ်လုပ်တယ် ပြောပြီး အလျော့တွက် လက်ခမှာ မတရားတင်ရောင်းကြတော့ ဝယ်သူပဲ နစ်နာရတာ” လို့ ပြောပါတယ်။

    နောက်တဖက်မှာတော့ စျေးကစားမှုတွေကို တားဆီးဖို့ဆိုပြီး ရန်ကုန်ရွှေအသင်းထဲက ထိပ်ပိုင်း ခေါင်းဆောင်တချို့ကို ဖမ်းဆီးအရေးယူတာတွေ လုပ်ခဲ့ပြီးနောက် အခေါက်ရွှေ အရောင်းအဝယ်တွေ သိသိသာသာ ငြိမ်သက်သွားတယ်လို့ သိရပါတယ်။ တချို့ဆိုင်တွေမှာဆိုရင် အရောင်းအဝယ်ကို ယာယီရပ်ထားတာတွေလည်း ရှိနေပါတယ်။

  • စစ်တွေတွင် ခံစစ်ပြင်ပြီး တပ်အပြောင်းအလဲလုပ်၊ AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဒေသခံ ၃၀ ကျော်ကို အစုလိုက်ဖမ်းဆီး

    စစ်တွေတွင် ခံစစ်ပြင်ပြီး တပ်အပြောင်းအလဲလုပ်၊ AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဒေသခံ ၃၀ ကျော်ကို အစုလိုက်ဖမ်းဆီး

    ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် စစ်ကော်မရှင်က လုံခြုံရေးအင်အား တိုးချခြင်းနှင့် တပ် အပြောင်းအလဲများ ပြုလုပ်ကာ ခံစစ်ပြင်ဆင်နေသည့်အပြင် အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည် ဟုဆိုကာ ဒေသခံ ၃၀ ကျော်ကို အစုလိုက်ဖမ်းဆီးသွားကြောင်း သိရသည်။

    စစ်တွေမြို့ မင်းချောင်းတံတားနှင့် အမြင့်ကျွန်း ပတ်ဝန်းကျင်တို့တွင် ဖေဖော်ဝါရီ ၇ ရက်မှ စတင်ကာ စစ်အင်အားတိုးချခြင်းများ ပြုလုပ်ထားပြီး မြို့အဝင်အထွက် နေရာများတွင်လည်း မိုင်းထောင်ထား ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    “နောက်ဆုံးရ အခြေအနေကတော့ အင်အားတိုးချ ခံစစ်ပြင်တယ်။ တပ်ချိန်းတယ်၊ တပ်နံပါတ်တွေ ကတော့ စိစစ်နေတုန်းပဲ” ဟု စစ်တွေမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    စစ်ကော်မရှင်သည် မြို့အတွင်း လုံခြုံရေး တိုးမြှင့်ထားသည့်အပြင် AA နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဘုမေ မူဆလင်ကျေးရွာရှိ ကျေးရွာတာဝန်ခံ ဦးရှော်ဘီ အပါအဝင် ဒေသခံ ၃၀ ဦးကို စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဖေဖော်ဝါရီ ၈ ရက်တွင် အင်အားသုံး ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

    ဘုမေကျေးရွာအပြင် သဲချောင်းနှင့် ဒါးပိုင်ကျေးရွာတို့မှ ရွာသားများကိုလည်း စစ်ဆေးစရာရှိသည်ဟု ဆိုကာ ဖမ်းဆီးသွားပြီးနောက် ငွေညှစ်တောင်းခံမှုများ ရှိနေကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပါအဝင် စစ်ကောင်စီစခန်းများကို AA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

    လက်ရှိတွင် စစ်ကော်မရှင်ကလည်း AA သိမ်းပိုက်ထားသည့် စစ်တွေနှင့် ကပ်လျက်ရှိ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

    ဓာတ်ပုံ-စစ်ကော်မရှင်(ပုံဟောင်း)