Category: News

  • တောင်ကြီး ၉ တန်းကျောင်းသား သေဆုံးမှု သံသယတရားခံထွက်ဆိုချက်များ မိသားစု မသိရ

    တောင်ကြီး ၉ တန်းကျောင်းသား သေဆုံးမှု သံသယတရားခံထွက်ဆိုချက်များ မိသားစု မသိရ

    တောင်ကြီး ၉ တန်းကျောင်းသား သေဆုံးမှု သံသယတရားခံထွက်ဆိုချက်များ မိသားစု မသိရသည့်အပြင် သတင်းမပေါက်ကြားစေရန် သတိပေးသည့်အတွက် မိသားစု စိုးရိမ်

    ပျောက်ဆုံးပြီး ၆ ရက်အကြာ၌ အလောင်းသာပြန်လည်တွေ့ရှိခဲ့သည့် တောင်ကြီးမြို့၊ အ.ထ.က(၄) မှ ၉ တန်း ကျောင်းသား စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲများက မိသားစုအား ပွင့်လင်းမြင််သာမှုမရှိသဖြင့် အမှုမှန် မပေါက်မည်ကို မိသားစုက စိုးရိမ်နေရကြောင်း သိရသည်။

    ယင်းအမှုတွင် သံသယတရားခံအဖြစ် စိုင်းအေနှင့် အတူသွားသူ သန့်ဇင်ကို ဖမ်းမိထားသော်လည်း စစ်ဆေးချက်များကို သေဆုံးသူ မိသားစုမှ မသိရကြောင်း၊ ထို့အပြင် အမှုကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာများနှင့် ပြင်ပသို့ မပေါက်ကြားစေရန်နှင့် ပေါက်ကြားပါက တရားခံဖက်က အသာစီးရသွားနိုင်သည်ဟု တောင်ကြီးအမှတ် (၂) စခန်းမှ ရဲများက အတန်တန် သတိပေးသည့်အတွက် စိုင်းအေမိဘဆွေမျိုးများအနေဖြင့် အမှုမှန်မပေါ်ပေါက်မည်ကို စိုးရိမ်သလို ခြိမ်းခြောက်နေသည်ဟုလည်း ခံစားနေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “သန့်ဇင်ကိုဖမ်းထားကြောင်း၊ လည်သာအနွေးထည်လည်း သူ့ဆီမှာရှိကြောင်း သိရတယ်။ဘယ်လိုသတ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာတော့ အတိအကျမသိရပါဘူး။ အဲ့ဒီ ၂၄ ရက်နေ့ညက ကောင်လေးတစ်ယောက်(မောင်သန့်ဇင်) သဲကျင်းထဲမှာကျနေလို့ ရပ်ရွာကလူတွေနဲ့ရဲက ကယ်ဆယ်ပြီး အိမ်အထိပြန်ပို့ပေးခဲ့ရတယ်တဲ့။ အဲဒါနဲ့ဆက်စပ်ပြီး ပြန်ဖမ်းလိုက်တယ်လို့‌ပြောပါတယ်” ဟု ၎င်းကပြောသည်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၆နာရီခန့်တွင် စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေသည် တောင်ကြီးမြို့၊ ဘုရားဖြူရပ် နေအိမ်မှ ဆိုင်ကယ်နှင့် ထွက်သွားပြီး အဆက်သွယ်မရသဖြင့် ၂၆ ရက်နေ့တွင် တောင်ကြီးမြို့နယ် အမှတ် (၂) စခန်းတွင် လူပျောက်တိုင်ကြားခဲ့ရာ ဒီဇင်ဘာ ၃၀ ရက်တွင် မင်္ဂလာဦးရပ်၊ သဲကျင်း ရေကန်ထဲမှ အလောင်း ပြန်တွေ့ရခြင်း ဖြစ်သည်။

    “အလောင်းကိုအတည်ပြုပေးပါဆိုလို့ မိသားစုဝင်တစ်ယောက်က စခန်းကတဆင့် စဝ်စံထွန်းဆေးရုံကိုလိုက်သွားတယ်။ အလောင်းကရေထဲမှာ ၆ ရက်လောက်ရှိနေတော့ အသားတွေပွပြီး ပြာနှမ်းနေတာတဲ့။ ဒါပေမယ့် သူ့ရဲနာရီ၊ လက်စွပ်၊ အဝတ်အစားတွေက မှန်ကန်တယ်။ ခါးမှာပတ်သွားတဲ့ ကင်မရာလေးကလည်း ခါးမှာချိတ်လို့၊ ဖုန်းကတော့မပါလာဘူး။ လည်သာအနွေးထည်လည်း မပါလာတော့ဘူး။ အလောင်းမှာ လက်ကလေးနှစ်ဖက်ကကွေးပြီး မျက်နာနားရောက်နေတယ် ။လက်သီးဆုပ်ထားသလိုမျိုး။ လက်သီးဆုပ်ထဲမှာ ဆိုင်ကယ်သော့ကို ဆုပ်ကိုင်ထားတယ်” ဟု ဆွေးမျိုးနီးစပ်သူတစ်ဦးက ပြောသည်။

    စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ အလောင်းအား မှုခင်းဆရာဝန်က ရင်ခွဲစစ်ဆေးရာ ပြင်ပဒဏ်ရာမတွေ့သဖြင့် ရေနစ်သေဆုံးသည်ဟုသာ ယူဆခဲ့ပြီး အတွင်းကလီစာများက အသေးစိတ်စစ်ဆေးရဦးမည်ဟု ပြောခဲ့သော်လည်း မိသားစုက အလောင်းပြန်ရပြီး နာရေးကိစ္စပြုလုပ်ခွင့် ရသည့်အချိန်မှစ၍ ယခုအထိ မိသားစုများအား အလောင်းစစ်ဆေးသည့် ကိစ္စနှင့် ပတ်သက်ပြီး အသိပေးခြင်း မရှိတော့ကြောင်း နီးစပ်သူများထံမှ သိရသည်။

    ယင်းအမှုကို ဆိုင်ကယ်ပြန်မတွေ့ခင်အထိ ဆိုင်ကယ်လုယက်ခံရရာမှ ရေနစ်သေဆုံးခြင်းဟု ယူဆထားခဲ့ပြီး နောက်ပိုင်းတွင် ဆိုင်ကယ်ကို သဲကျင်းရေကန် အနီး အရက်ဆိုင်မှ ၎င်းတို့ဆိုင်နားတွင် ရပ်ထားတာကြာနေသဖြင့် သိမ်းထားပေးထားသည်ဟု ဆိုကာ လာအပ်ကြောင်း၊ အလောင်းတွင်ပါသည့် သော့နှင့်တိုက်ဖွင့်ခဲ့ပြီး အတည်ပြုခဲ့ရကြောင်း သိရသည်။

    ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် တရားခံဖြစ်သူ စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ သူငယ်ချင်း မောင်သန့်ဇင် အား ဖမ်းမိပြီဖြစ်ကြောင်း မိသားစုကို အကြောင်းကြားခဲ့သော်လည်း ယခုအမှု သတင်းမပေါက်ကြားစေရန် ရဲက တားမြစ်နေခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

    မဲခေါင်သတင်းမှ ရရှိထားသော ရဲကြေးနန်းစာအရ စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ နှင့် မောင်သန့်ဇင်တို့ ၂ ဦး အခင်းဖြစ်ပွါးခဲ့သည့် သဲကျင်းရေကန်ဘေးတွင် ဘီယာတူတူသောက်နေစဉ် မောင်သန့်ဇင်၏ မိခင်မှ အိမ်ပြန်လာရန် ဖုန်းဆက်ခေါ်သဖြင့် မောင်သန့်ဇင်က အိမ်သို့ပြန်ရန်ပြောခဲ့ရာ စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ မှ မပြန်သေးရန် ပြန်ပြောခဲ့ရာမှ အချင်းများကြပြီး မောင်သန့်ဇင်က စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ ၏ ရင်ဘတ်အား တွန်းလိုက်ရာ အမြင့် ၁၅ ပေခန့်မှ သဲကျင်းရေကန်ထဲသို့ ပြုတ်ကျသွားသဖြင့် စိုင်းအေက မောင်သန့်ဇင် အမည်ကိုအော်ခေါ်သော်လည်း မကြားချင်ယောင်ဆောင်ပြီး ကယ်ဆယ်ရေးများရောက်လာချိန်တွင် ရေထဲတွင် မည်သူမှမရှိကြောင်း လိမ်လည်ပြောဆိုကာ ထွက်သွားခဲ့သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

    “လက်ထဲမှာဆိုင်ကယ်သော့ ဆုပ်လျက်နဲ့တွေ့တာဆိုတော့ ရေထဲမကျခင်မေ့နေတာလား၊ သေနေပြီးသားလား တခုခုပဲလို့ တွေးမိတာပါ။ အဲဒီညနေက သန့်ဇင်ကို ရေထဲကပြန်ဆယ်တဲ့အချိန် ဘာမှမစစ်မေးဘူးလား၊ ဆိုင်ကယ်ကလည်း မလှမ်းမကမ်းမှာ ရှိနေတာမတွေ့ဘူလား၊ အဲဒီနေရာမှာ ဟနေတာ။ ရဲကဘယ်လိုစစ်ချက်ယူထားလဲ ‌မသိရတော့စိတ်ပူမိတာပါ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ဆိုသည်။

    ထို့အပြင် ရဲဖက်က စိုင်းအေနှင့် မောင်သန့်ဇင် တို့ ၂ ဦး ဆိုင်တစ်ဆိုင်တွင် အအေးဗူးဝင်ဝယ်ကြသည့် CCTV မှတ်တမ်းတစ်ခုရရှိထားပြီး ထိုမှတ်တမ်းအရ သဲကျင်းရေကန်သို့ တူတူသွားခြင်းဖြစ်ပြီး စိုင်းအေ၏ လည်သာအနွေးထည်အား မောင်သန့်ဇင်က ဝတ်ထားကြောင်း တွေ့ရသည်ဟု နီးစပ်သူများက ဆိုသည်။

    စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ သေဆုံးမှုအား လာမည့် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပထမဆုံးရုံးချိန်းတရားရင်ဆိုင်ရမည်ဖြစ်ပြီး အမှတ််(၂) စခန်းမှုး မျိုးကျော်သူက တရားလိုအဖြစ် တာဝန်ယူထားကာ မောင်သန့်ဇင်အား သေဆုံးစေလိုသည့် ဆန္ဒနှင့် အကြံရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သိရသည်။

  • အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့

    မန္တလေးမြို့ နန်းတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လက်နက်ငယ် ပစ်ခတ်သံများလည်း ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

    ယင်းသို့ တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မန္တလေးမြို့ပေါ်တွင် စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း၊ အရပ်ဝတ် ပျူစောထီးများလည်း အိမ်စီးကားများဖြင့် မန္တလေးမြို့ပေါ်တွင် ကင်းလှည့်နေကြောင်း သိရှိရသည်။

    “ဒီနေ့ နံနက်အစောပိုင်း ၄ နာရီလောက်မှာ ပေါက်ကွဲသံတွေကြားရတာ တော်တော်ကျယ်တယ်။ မြေပါတုံသွားတယ်။ ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ ငလျင်လှုပ်တယ်လို့ ပထမ ကထင်တာ ဆက်တိုက် ပေါက်ကွဲသံတွေ ကြားရတော့မှ နန်းတွင်းထဲ ပစ်ခံရမှန်းသိတာ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း မန္တလေးနန်းတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် Brave Warriors for Myanmar (BWM) ၊ No More Dictatorship (NMD-PDF) ၊ Shadow (အညာ) နှင့် Infinity တို့ ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သား ၂ ဦးထက်မနည်းသေဆုံးကာ လူနာတင် ယာဉ်များလည်း အဝင်အထွက်ပြုလုပ်ခဲ့ကြောင်း၊ နန်းတွင်းရှိ စစ်တပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် မြို့နေပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိသည်။

    ဓာတ်ပုံ- မန္တလေးမြို့ ၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြင်တွေ့ရစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • စစ်ကိုင်းနှင့် ကလေးတွင် စစ်တပ်ဂိတ်နှင့် စစ်ကူကားများ တိုက်ခိုက်ခံရ

    စစ်ကိုင်းနှင့် ကလေးတွင် စစ်တပ်ဂိတ်နှင့် စစ်ကူကားများ တိုက်ခိုက်ခံရ

    စစ်ကိုင်းနှင့် ကလေးတွင် စစ်တပ်ဂိတ်နှင့် စစ်ကူကားများ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၈ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ကလေးမြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ်ဂိတ်နဲ့ စစ်ကူကားတွေ တိုက်ခိုက်ခံရပြီး စစ်တပ်ဘက် ၈ ယောက်သေဆုံးကာ အများပြားထိခိုက်သွားတယ်လို့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေ ကသတင်းထုတ်ပြန် ထားပါတယ်။

    ဇန်နဝါရီလ ၂၀ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို မတ္တရာမြို့နယ် ပကဖနဲ့ နယ်မြေခံတပ်‌ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်တပ်ဂိတ်နဲ့ တော်လှန်ရေးတပ်တွေ နာရီဝက်လောက် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ယောက် မျက်မြင်သေဆုံး ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

    “အင်အား ၃၀ နဲ့ ၅၀ ကြားရှိတဲ့အထိုင်ဂိတ်ပါ။ ကျွန်တော်တို့ဝင်ပစ်တော့ နာရီဝက်လောက် ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

    တိုက်ပွဲအတွင်း သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာကိုယ်စီနဲ့ ထွက်ပြေးသွားသူတွေလည်း ရှိခဲ့ကာ တော်လှန်ရေးဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

    ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာလည်း မြို့ပေါ်ကနေ အင်အားဖြည့်ဖို့ ထွက်လာတဲ့ စစ်ကူကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားပေါ်ပါလာတဲ့ စစ်သားတွေထိခိုက် သေဆုံးခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ Kalay UG အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ဇန်နဝါရီလ ၂၁ရက်နေ့ ညနေပိုင်းက ကလေးမြို့တောင်ဘက်ကို စစ်ကူအင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကားကို အဖွဲ့စက် ဂိတ်အကျော် ရွာဆိုးတံတား အရောက်မှာ UG တပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြို မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။

    အသင့်ပြင်ထားတဲ့ မိုင်း ၃ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကားပေါ်ပါလာတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်မျက်မြင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်းရှိခဲ့တယ်လို့ Kalay UG အဖွဲ့က ဆိုပါတယ်။

    ဒါ့အပြင် အဲ့ဒီလို တိုက်ခိုက်ခံရအပြီး မကြာခင်မှာပဲ ကလေးမြို့က စစ်အုပ်စုတွေ အခင်းဖြစ်ရာ ရွာဆိုးတံတားကို ရောက်ရှိလာကြပြီး တံတားအနီးအနား ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို အနီးအနားကျေးရွာက အရပ်သားတွေကိုလည်း ရိုက်နှက်စစ်ဆေး ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    ပုံစာ – မတ္တရာ ပကဖ တပ်ဖွဲ့ဝင် တဦးအား တွေ့ရစဥ်

  • အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅၀၀၀ ခန့် တင်ပို့ခဲ့

    အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅၀၀၀ ခန့် တင်ပို့ခဲ့

    အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီများ လျှို့ဝှက် တရားမဝင်တင်ပို့နေပြီး ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅,၀၀၀ ခန့် သင်္ဘောဖြင့် တင်ပို့ခဲ့

    အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီများ လျှို့ဝှက် တရားမဝင်တင်ပို့နေပြီး ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅,၀၀၀ ခန့် သင်္ဘောဖြင့် တင်ပို့ခဲ့ကြောင်း ရိုက်တာသတင်းဌာနက စုံစမ်းဖော်ထုတ်လိုက်သည်။

    ၂၀၂၄ ခုနှစ် အောက်တိုဘာမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအထိ အီရန်က မြန်မာစစ်တပ်သို့ လေ ယာဉ်ဆီလောင်စာ တန်ချိန် ၁၇၅,၀၀၀ ခန့်ကို သင်္ဘောဖြင့် ၉ ကြိမ် ပို့ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့သည့် သင်္ဘောများမှာ Reef နှင့် Noble ဟု အမည်ရသည့် သင်္ဘောများဖြစ်ပြီး ခရီးလမ်းကြောင်းကို အီလက်ထရောနစ်နည်းဖြင့် လိမ်ညာ(spoofing)ဖော်ပြကာ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲခဲ့ကြောင်း သိရှိရသည်။

    ထိုသင်္ဘောများနှင့် ဆက်နွယ်သည့် ကုမ္ပဏီများ၊ ဆိပ်ကမ်းလုပ်ငန်းများကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဗြိတိန်တို့က အရေးယူပိတ်ဆို့ထားပြီးသားဖြစ်သည်။

    ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ အီရန်နိုင်ငံမှ လေယာဉ်ဆီတန်ချိန် ၁၆,၀၀၀ ကျော် တင်ဆောင်လာသော သင်္ဘောတစ်စီးက အီလက်ထရောနစ် ခြေရာဖျောက်နည်းလမ်းများ အသုံးပြုကာ လျှို့ဝှက်တင်ချပြီး နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက စုံစမ်းဖော်ထုတ်ထားသည်။

    ယင်းနေ့မှာပင် ချင်းပြည်နယ် အနောက်ဘက်ဒေသရှိ ဝေးလံခေါင်သီသော ဗန်ဟာ (Vanha) ရွာ သို့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကျောင်းသားကလေး ၂ ဦး သေဆုံးခဲ့ကာ ရွာသားများအနေဖြင့် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့်အန္တရာယ်ကြောင့် တောထဲတွင် အိပ်စက်နေထိုင်ရသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

    အီရန်နိုင်ငံမှ လေယာဉ်ဆီ လောင်စာပို့မှုက မြန်မာစစ်တပ်၏ အရပ်သားများအပေါ် လေကြောင်း တိုက် ခိုက်မှုများကို အားဖြည့်ပေးနေကြောင်း၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သည့် စစ်ဆင်ရေးကို အားပေးထောက်ပံ့ နေကြောင်း ရိုက်တာသတင်းက ဆိုသည်။

    ထို့အပြင် အီရန်နိုင်ငံက ယူရီးယား (Urea) ကိုလည်း မြန်မာနိုင်ငံသို့ တင် ပို့ပေးနေပြီးယင်း ယူရီးယားကို မြန်မာစစ်တပ်က ဒရုန်းဗုံးများ၊ လေကြောင်းတိုက်ခိုက်ရေး ဗုံးများအပါအဝင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရာတွင် အသုံးပြု နေကြောင်း စစ်တပ်မှ စွန့်ခွာလာသည့် စစ်သားများက အတည်ပြုထားသည်။

    ယခုကဲ့သို့ အီရန်၏ ပံ့ပိုးမှုများကြောင့် လေကြောင်းစွမ်းအား မရှိသည့် တော်လှန်ရေးတပ်ဖွဲ့များ ကို ချေမှုန်းနေသည့် စစ်ကောင်စီ၏ စစ်ရေးအင်အားချိန်ခွင်လျှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

    အီရန်နိုင်ငံက လောင်စာပို့မှု စတင်ပြီးနောက် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့်အရပ်သား ၁,၇၂၈ ဦး အနည်းဆုံး သေဆုံးခဲ့ ပြီဖြစ်ကြောင်း သိရှိရသည်။

    ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က “အီရန်က ပို့နေတဲ့ ဒီလောင်စာတွေဟာ လူထုအပေါ် ကျူးလွန်နေတဲ့ အစုလိုက်အပြုံလိုက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုက်ရိုက် အားဖြည့်နေပါတယ်။ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ ပိုမိုများလာနေတာဟာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး လက်မခံနိုင်ပါဘူး” ဟု ရိုက်တာသတင်းဌာနထံသို့ မှတ်ချက်ပြု ပြောဆိုထားသည်။

    အီရန်အစိုးရမှာ အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် ငွေကြေးအကျပ်အတည်းကြုံနေရပြီး မြန်မာစစ်တပ်က အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လေကြောင်းအင်အားကို အားကိုးနေရသည့်အချိန်တွင် နှစ်နိုင်ငံကြား စစ်ရေးနှင့် စီးပွားရေး ဆက်ဆံရေးများ ပိုမိုနက်ရှိုင်းလာခြင်းဖြစ်ကြောင်း သုံးသပ်ဖော်ပြထားသည်။

  • MNDAA လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း ၅၀၀

    MNDAA လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း ၅၀၀

    မနေ့က MNDAA လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း ၅၀၀ ဆိုတာ အခုခေတ်အကြမ်းဖက်တပ်ရင်း ၃ ရင်းစာရှိတယ်။ လူ ၂၀၀ ပါတဲ့ အကြမ်းဖက်စစ်ကြောင်းတစ်ခုဟာ တစ်နေ့ကို အနည်းဆုံးရွာတစ်ရွာဝင်စီးပြီး ၊ ရွာတစ်ရွာလုံးကိုမီးရှို့ဖျက်စီးနိုင်တယ်၊ မပြေးနိုင်တဲ့အဖိုးအို ၊ အဖွားအိုတွေကို အရှင်လတ်လတ်မီးရှို့သတ်နိုင်တယ်၊ဖမ်းမိတဲ့ရွာသားတွေကို မသေမချင်းနှိပ်စက်သတ်ဖြတ်နိုင်တယ်။ သေချာတာက အဲ့ဒီစစ်ကြောင်းက MNDAA နယ်ကိုမလာဘူး ။

    MNDAA ဟာ UWSA လိုပဲ ကိုယ့်နယ်အပိုင်ရသွားပြီဖြစ်တယ်။ ဒါကြောင့် UWSA ကိုနမူနာယူပြီး ကိုးကန့်နယ်ကိုဖွံဖြိုးတိုးတက်အောင်လုပ်ချင်တယ်။ ဒါကြောင့် ကိုးကန့်ဒေသကို အထူးဒေသ ၁ အဖြစ် သူ့ဖာသူ သတ်မှတ်ပြီး ကိုးကန့်မြို့တော်အဖြစ် လောက်ကိုင်နဲ့ ကွတ်ခိုင်၊ သိန္နီ၊လောက်ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄)ခုနဲ့ဖွဲ့စည်းလိုက်တယ်။သူ့ရဲ့ကိုးကန့်အထူးဒေသထဲမှာ အကြမ်းဖက်စစ်တပ်က တရုတ်ကတဆင့်ပြန်တောင်းနေတဲ့ သိန္နီနဲ့ ကွတ်ခိုင် ကိုထည့်လိုက်တယ်။ ဒါကြောင့် စစ်တပ်က ညိုညင်သွားမှာစီုးတယ်။အဲ့ဒါကြောင့် ဘယ်သူ့နေရာဘာဖြစ်ဖြစ် ၊ ငါ့နေရာဘာမှမဖြစ်ရင်ပြီးရောဆိုပြီး စစ်သုံ့ပန်းတွေကိုလွတ်ပေးတာလို့ယူဆတယ်။ သုံ့ပန်း ၅၀၀ ကမနေ့ကလွှတ်ပေးတာဖြစ်တယ်။ ဇန်နဝါရီ ၁၄ရက်နေ့ စစ်သုံပန်း ၈၀ကျော်ပြန်လွှတ်ပေးခဲ့တယ်။ ဒါကြောင့် ဒီဇန်နဝါရီလထဲမှာတင်လွှတ်ပေးတာ ၆၀၀ လောက်ရှိပြီဖြစ်တယ်။

    လွန်ခဲ့တဲ့ ၂ နှစ် ၊ ၂၀၂၄ ဇန်နဝါရီ ၅ရက်က ‌လောက်ကိုင်ဒကစကို သိမ်းပိုက်ချိန်က ဖမ်းမိတဲ့ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ်ခြောက်ဦး၊ အရာရှိ ၂၂၈ဦး၊အခြားအဆင့် ၁,၈၉၅ဦးကိုပြန်လွှတ်ပေးခဲ့တယ်။

    ဒါ့အပြင် လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းတဲ့တိုက်ပွဲမှာဖမ်းမိခဲ့တဲ့ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့ကိုလည်း ပြန်လွှတ်ပေးခဲ့တယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ ၁၅ရက်နဲ့ နိုဝင်ဘာ ၁၅ရက်ကလည်း ၁၀၂၇ စစ်ဆင်ရေးကာလက ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၄) လက်အောက်ခံတပ်ရင်း ခလရ(၂၇၇)က ဗိုလ်မှူး ကျော်ဇေယျ၊ စကခ(၁)က ဗိုလ်မှူးအောင်မြင့်ထူးအပါအဝင် သုံးပန့်း ၂၅၀ ကိုပြန်လွှတ်ပေးခဲ့တယ်။ အခုအချိန်ထိ MNDAA ပြန်လွှတ်ပေးခဲ့တဲ့ အကြမ်းဖက် ဗိုလ်ချုပ်တွေအပါအဝင် ၊ အရာရှိ၊ အရာခံ ၊ အကြအ်တပ်သား ၃၀၀၀ လောက်ရှိပြီဖြစ်တယ်။

    MNDAA က လွှတ်ပေးလိုက်တဲ့ ဗိုလ်မှူးချုပ် မျိုးမင်းထွေး ကအနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သွားတယ်။ အခု စစ်ကိုင်းတိုင်းထဲမှာနေ့စဉ်ကျုးလွန်နေတဲ့ ရွာတွေကို စစ်ကြောင်းထိုး ၊ မီးရှို့ ၊ လူသတ်စတာတွေက ဒီကောင်လုပ်နေတာဖြစ်တယ်။ စစ်သုံ့ပန်းအဖြစ်ကနေလွတ်လာတဲ့သူတွေက သခင်အားရအောင်၊ ပိုပြီးကျွန်ပါးဝပြကြရတယ်။ နေ့စဉ်တက်လာတဲ့သတင်းတွေကိုကြည့်လိုက် စစ်ကိုင်း ၊ မန္တလေး နှင့် မကွေးတိုင်းတွေမှာ ရွာတွေမီးရှို့တာ၊ ရွာသားတွေကိုဖမ်းဆီး၊ သတ်ဖြတ်တာ အနည်းဆုံး ၃ နေရာ နေ့စဉ်ဖြစ်နေတယ်။

    တကယ်တော့ MNDAA အခုလိုအောင်ပွဲတွေရဖို့ ပြည်မကအညာသားတွေရဲ့အသက်တွေအများကြီးစွန့်လွတ်ခဲ့ကြရတယ်။ ဘယ်လောက်ပဲကျဆုံးပါစေ အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်ဖို့အတွက်ပဲဆိုတဲ့စိတ်နဲ့ ကိုဆောင်းခဆို တင့်ကားပေါ်တက်မောင်းပြတဲ့ အထိပျော်ရွင်ဂုဏ်ံယူခဲ့တယ်။ လားရှိုးတိုက်ပွဲတစ်ခုထဲမှာတင် ကျဆုံးသူ ၅၀၀ ကျော်ရှိတယ်။ အဲ့ဒီကျဆုံးသွားတဲ့အထဲမှာ အညာကလူငယ်လေးတွေ အနည်းဆုံး ၃ ပုံ ၁ ပုံရှိတယ်။ အဲ့ဒီလို စွန့်လွတ်ထားခဲ့တဲ့ ၊ တိုက်ဖော်တိုက်ဖက်တွေအပေါ်လေးစားသမှုရှိသင့်တယ် ။ အခုလို အညာမှာနေ့တိုင်းစစ်ကြောင်းထိုး ရွာလုံးပေါက်မီးရှို့နေချိန် စစ်သုံ့ပန်းတွေကို လွတ်ပေးတာဟာ အညာက ကျဆုံးသွားတဲ့လူငယ်တွေကိုစော်ကားတာဖြစ်တယ်။ မကြာခင်မှာ ဒီလထဲလွတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း ၆၀၀ လုံးဟာ အညာကိုရောက်သွားမှာဖြစ်တယ်။ အရင်ကထက်ပိုပြီး သတ်ပြ၊ ကြမ်းပြကြလိမ့်မယ်။

    ကျွန်တော်ကတော့ MNDAA ရဲ့လုပ်ရပ်ကိုလုံးဝလက်မခံဘူးဆိုတာပြတ်ပြတ်သားပြောမယ်။ ကိုဆောင်းခအပါအဝင် MNDAA အတွက် သွားတိုက်ပေးခဲ့သူတွေလည်း MNDAA ရဲ့ တာဝန်ံယူမှု ၊ တာဝန်ခံမှုကိုတောင်းဆိုသင့်တယ်။ ကိုယ်တိုင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ MNDAA ရဲ့လုပ်ရပ်ကို ကန့်ကွတ်သင့်တယ်။ ကန့်ကွတ်သင့်တယ်မဟုတ်ဘူး၊ ကန့်ကွတ်ရမှာဖြစ်တယ်။ ကျွန်တော်တို့ပြည်မဖက်ကခေါင်းဆောင်တွေက ပြတ်ပြတ်သားသားပြောဖို့လိုတဲ့အခါ ပြတ်သားဖို့လိုမယ်၊ အိညှောင့် အိညှောင့်တွေဖြစ်မနေဖို့လိုတယ်။ အနည်းဆုံးကန့်ကွတ်တာလောက်တော့လုပ်သင့်တယ်။ ဒါကို ကျွန်တော်တောင်းဆိုတယ်။

    ဦးမျိုးရန်နောင်သိန်း