Category: News

  • ထိုင်းတွင် စီမံချက်ဖြင့် တရားမဝင် နိုင်ငံခြားသားများအား ဖမ်းဆီးနေ

    ထိုင်းတွင် စီမံချက်ဖြင့် တရားမဝင် နိုင်ငံခြားသားများအား ဖမ်းဆီးနေ

    ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာပြီးနောက် အထောက်အထားမစုံတဲ့ မြန်မာအလုပ်သမားတွေ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။

    ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်လုပ်သူတွေ၊ ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းအမျိုးအစားတွေမှာ နိုင်ငံခြားသား ဝင်ရောက်လုပ်ကိုင်တာတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီနှစ် ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

    အခုလို ဖမ်းဆီးမှု အရှိန်တိုးလာတဲ့ အကြောင်းကတော့ ဇန်နဝါရီ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ ထိုင်းပစ္စည်းပို့သမားတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ရန်ပွဲနဲ့ ဆက်စပ်ပြီး ထိုင်းနိုင်ငံသား အမည်ခံကာ မြန်မာနိုင်ငံသားတွေ ဆိုင်ဖွင့်ပြီး ဈေးရောင်းနေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    MHAC အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “ထိုင်းနိုင်ငံက ဒီ ၁ လပိုင်းနဲ့ ၂ ပိုင်းအတွင်းမှာ ၂၄ ရက်အတွင်း အထူးစီမံကိန်းအနေနဲ့ ပိုက်စိပ်တိုက်ပြီး ရှာဖွေဖမ်းဆီးမှာ။ အဓိကကတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပစ်မှတ်ထားတာပေါ့နော်။ အဲ့တော့ နေရာစုံမှာ ဝင်ဖမ်းလိမ့်မယ်။ အလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေ စသဖြင့် တခြားသော မြန်မာလုပ်သားတွေ အများဆုံးရှိတဲ့ နေရာတွေ ဝင်ဖမ်းဆီးလိမ့်မယ်လို့ ထိုင်းအာဏာပိုင်တွေဆီက အကြီးအကဲတယောက်ဆီက ကြားရတယ်။ အခုလည်း နေရာစုံမှာ စဖမ်းနေပြီ။ ဒီတခေါက် ဖမ်းဆီးမှုက ပိုပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် ဖမ်းဆီးမှာ သေချာတယ်။ အခု ထိုင်းနိုင်ငံသားတွေ သိပ်မနှစ်သက်တဲ့ အခြေအနေမျိုးလည်း ဖြစ်လာတော့ ဖမ်းဆီးမှုတွေက ပိုပြီး ပြင်းထန်လာဖို့ ရှိတယ်” လို့ ပြောပါတယ်။

    ထိုင်းအစိုးရက နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်ကိုင်ခွင့်မပေးတဲ့ အလုပ်ပေါင်း ၄၀ ကျော်ရှိပါတယ်။

    ကန့်သတ်ထားတဲ့ အလုပ်တွေဟာ ဈေးရောင်းတာ၊ ဈေးဆိုင်ဖွင့်တာ၊ စားသောက်ကုန်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလမ်းညွှန်၊ အလှပြင်ဆိုင်၊ ထိုင်းရိုးရာအနှိပ်ပညာနဲ့ ပန်းချီ ပန်းပု စတဲ့ အနုပညာအလုပ်တွေလည်း ပါဝင်ပါတယ်။

    ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံတဝန်းရှိ ခရိုင်အလုပ်သမားရုံးတွေကို နိုင်ငံခြားသား လုပ်သားတွေ ကန့်သတ်အလုပ်တွေမှာ လုပ်ကိုင်တာတွေ့ရင် ထိထိရောက်ရောက် အရေးယူဖို့ ညွှန်ကြားထားပါတယ်။

    မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “လတိုင်းကတော့ ၁,၀၀၀ ကျော် ဖမ်းခံနေရတယ်။ အခု နှစ်သစ်ကူးကာလတွေမှာ‌တော့ စာရင်းတွေအရတော့ ၂၀၀ ကျော် အဖမ်းခံထားရတယ်။ အသေအပျောက်လည်း ရှိသလို ၂၀၀ ကျော် အဖမ်းခံရတယ်။ အဓိကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေထက် ထိုင်းနိုင်ငံထဲမှာ ရောက်နှင့်နေပြီးသားတွေထဲက စာရွက်စာတမ်း မစုံသူနဲ့ စာရွက်စာတမ်း အထောက်အထားနဲ့ အလုပ်အကိုင် လွဲနေတာတွေ များပါတယ်။ မရှိသူရယ်၊ အထောက်အထားလွဲတာရယ်၊ အလုပ်တည်နေရာနဲ့ အလုပ်အကိုင် ပုံစံမတူတာတွေကို အဲဒါတွေ ရှောင်လွှဲလုပ်နေတာပေါ့။ ဒါတွေအားလုံးကလည်း နှုတ်ခမ်းမွေးလို့ လူသိများတဲ့ မျိုးချစ်ခေါင်းဆောင်ရဲ့ သတင်းအချက်အလက်တွေပေါ် မူတည်ပြီး ထိုင်းရဲတွေရယ်၊ လဝကဆိုင်ရာ ပုဂ္ဂိုလ်တွေက လိုက်လုပ်တဲ့ ပုံစံမျိုးလည်း ရှိပါတယ်” လို့ ပြောပါတယ်။

    ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်နေသူတွေ၊ ဒါမှမဟုတ် တားမြစ်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ကျခံရနိုင်ပြီး နေရပ်ပြန်ပို့ခံရနိုင်သလို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်ကို ၂ နှစ်အထိ ပိတ်သိမ်းခံရနိုင်တယ်လို့ သိရပါတယ်။

    လက်ရှိ ထိုင်းနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ပဋိပက္ခတချို့ ဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဥပဒေ စည်းကမ်းတွေကို လိုက်နာပြီး သတိထားနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကလည်း သတိပေးထားပါတယ်။

    ဇွဲသစ်

  • မုဒိမ်းမှုဖြင့် ဖမ်းဆီးထားသည့် ဇမ္ဗူအေးပရဟိတအသင်း ဥက္ကဋ္ဌကို နောက်တိုးပုဒ်မဖြင့် အမှုထပ်ဖွင့်

    မုဒိမ်းမှုဖြင့် ဖမ်းဆီးထားသည့် ဇမ္ဗူအေးပရဟိတအသင်း ဥက္ကဋ္ဌကို နောက်တိုးပုဒ်မဖြင့် အမှုထပ်ဖွင့်

    မုဒိမ်းမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်ကို ဇန်နဝါရီ ၂၁ ရက်က ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ပုဒ်မ ၃၇၆ အပြင် နောက်တိုးပုဒ်မ ၃၆၃ နဲ့ပါ အမှုထပ်မံဖွင့်လှစ်လိုက်တယ်လို့ မြိုခံတွေဆီက သိရပါတယ်။

    ပရဟိတအသင်းဝင် အသက် ၁၆ နှစ်အရွယ် မိန်းမငယ်တယောက်ကို လိမ်လည်ခေါ်ယူပြီး နေအိမ်မှာ အဓမ္မပြုကျင့်ခဲ့တာ ထင်ရှားတာကြောင့် ပုဒ်မ ၃၆၃ နဲ့ပါ ထပ်မံအမှုဖွင့်လှစ်ခဲ့တာလို့ မြိုခံတယောက်က ပြောပါတယ်။

    “ကနဦး အမှုဖွင့်တုန်းက ရဲစခန်းက ပုဒ်မ ၃၇၆ နဲ့ပဲ အမှုဖွင့်တာ။ စစ်ဆေးရင်းနဲ့ မနေ့က ၃၆၃ နဲ့ပါ အမှုထပ်ဖွင့်လိုက်တာ။ ပုဒ်မ ၂ ခု ဖြစ်သွားပြီ၊ တရားရုံးတော့ မတင်သေးဘူး။”

    ဇန်နဝါရီ ၁ ရက်က ပရဟိတအသင်းဝင် အသက် ၁၆ နှစ်အရွယ် မိန်းမငယ်တယောက်ကို ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်းဥက္ကဋ္ဌ စိုင်းမြအောင်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၅ ရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မှာ မုဒိမ်းကျင့်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ပုဒ်မ ၃၆၃ ဆိုတာ အုပ်ထိန်းသူမသိဘဲ ခိုးယူပေါင်းသင်းမှုပါ။ ပြစ်မှုမြောက်ရင်တော့ ထောင်ဒဏ် ၇ နှစ်အထိ ကျနိုင်ပါတယ်။ လတ်တလော ကနဦးဖွင့်တဲ့ ပုဒ်မ ၃၇၆ ရယ်၊ နောက်တိုးပုဒ်မ ၃၆၃ နဲ့ တရားစွဲတင်ထားပါတယ်။”

    မုဒိမ်းမှုဖြစ်စဥ်မှာ ဇန်နဝါရီ ၁ ရက်က ဖြစ်ပေမဲ့ အမျိုးသမီးငယ်ကို ပြစ်မှုကျုးလွန်သူ စိုင်းမြအောင်က ခြိမ်းခြောက်ထားတာကြောင့် မိသားစုဝင်တွေကို ဇန်နဝါရီ ၁၇ ရက်မှာ ပြောပြခဲ့ပြီးနောက် ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်ပြု ပရဟိတအသင်းဥက္ကဋ္ဌ စိုင်းမြအောင်ကို ရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

  • အမေရိကန်စစ်သင်္ဘောတွေ အီရန်သို့ ဦးတည်လာနေပြီလို့ ဒေါ်နယ်ထရမ့် သတိပေး

    အမေရိကန်စစ်သင်္ဘောတွေ အီရန်သို့ ဦးတည်လာနေပြီလို့ ဒေါ်နယ်ထရမ့် သတိပေး

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံကို သတိပေးခဲ့ပြီး အီရန်သို့ ကြီးမားသောရေယာဉ်စု သွားရောက်နေပြီလို့ ပြောပါတယ်။

    ဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနေ့က Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

    “အီရန်နိုင်ငံဘက်ကို ကြီးမားတဲ့ရေယာဉ်စု ဉီးတည်သွားနေပါပြီ။ ရေတပ်သင်္ဘောအုပ်စုကို အသုံး ပြုဖို့ မလိုအပ်ပါဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။

    အီရန်နိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့ မည်သည့်တိုင်းပြည်ကိုမဆို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ် ဖို့ အစီအစဉ်နဲ့ပတ်သက်လို့ “ကျွန်တော် မကြာခင် ဒါကို လုပ်ပါမယ်” လို့ သူက ဆိုပါတယ်။

    အီရန်အာဏာပိုင်တွေက ဆန္ဒပြသူတွေကို ဖြိုခွင်းပါက အမေရိကန်နိုင်ငံက အီရန်ကို စစ်ရေးအရ တိုက်ခိုက်ဖွယ်ရှိတယ်လို့ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။

    အီရန်အစိုးရက လူပေါင်း ၈၀၀ အား ကြိုးပေးကွက်မျက်ဖို့ အစီအစဉ် ဖျက်သိမ်းလိုက်မှုကို ကျေး ဇူးတင်ရှိတယ်လို့ ၎င်းက ဇန်နဝါရီလ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

    ကိုးကား – NHK

    Ref; Trump says ‘massive fleet’ heading toward Iran

  • အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့အား ပြင်းထန်စွာသတိပေးလိုက်ကြောင်း ထုတ်ပြန်

    အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့အား ပြင်းထန်စွာသတိပေးလိုက်ကြောင်း ထုတ်ပြန်

    အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့ ဘုရားပွဲတော်မှာ ဇန်နဝါရီ၁၂ရက် ညပိုင်းက နှစ်ပါးသွားအစီအစဉ်ဖျော်ဖြေရာမှာ လူရွှင်တော်ဖြိုးဖြိုးဆိုသူက စင်ပေါ်တက်ပြီး ဆုငွေချီးမြှင့်တဲ့ ကလေးငယ်တစ်ဦးကိုပွေ့ချီကာ အများအမြင်မှာလုံးဝ(လုံးဝ)မသင့်တော်တဲ့ အပြုအမူကို ဟာသပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကို ခံဝန်ရေးထိုးခိုင်းပြီး ပြင်းထန်စွာသတိပေးလိုက်တယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ဇန်နဝါရီ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

    ဒီအကြောင်းအရာဟာ လူမှုကွန်ရက်စာမျက်နှာမှာ ကလေးသူငယ်ရဲ့ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ အပြုအမူအဖြစ် ဝေဖန်မှုတွေ မြင့်တက်နေတဲ့အတွက် ဇန်နဝါရီ၂၁ရက်က အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က တာဝန်ရှိသူတွေဖြစ်တဲ့ တည်ထောင်သူ ခေါင်းဆောင်မင်းသား အောင်ဇမ္ဗူ၊ မန်နေဂျာ ကိုကျော်ဇေယျနဲ့ လူရွှင်တော်ဖြိုးဖြိုးတို့ကို ဗဟိုသဘင်ရုံးကို ဆင့်ခေါ်ပြီး သဘင်နာယကကြီးတွေ၊ ဥက္ကဋ္ဌနဲ့ အမှုဆောင်တွေ ရှေ့မှောက်မှာ စိစစ်မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

    အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကလည်း ရည်ရွယ်ချက်မရှိဘဲ သတိလက်လွတ်ပြုမူမိခဲ့တဲ့အပေါ် ဝန်ချတောင်းပန်ကာ နောင်မှာ အဲဒီလိုအပြုအမူမျိုး မဖြစ်ပေါ်စေဖို့နဲ့ ထပ်မံဖြစ်ပေါ်ရင် ဗဟိုသဘင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အပြစ်ဒဏ်ကို ခံယူပါမယ်လို့ ဝန်ခံကတိပြု ခံဝန်လက်မှတ်ရေးထိုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အဲဒါကြောင့် ဇန်နဝါရီ၂၂ရက်မှာ ပြုလုပ်တဲ့ ဗဟိုသဘင်နာယကကြီးတွေ၊ ဥက္ကဋ္ဌနဲ့ အမှုဆောင်တွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီလိုအပြုအမူမျိုးပြုလုပ်တာဟာ အများပြည်သူနဲ့ လူမှုအသိုင်းအဝိုင်းအတွက် စိတ်မချမ်းမြေ့ဖွယ်ရာအပြုအမူအဖြစ် မြန်မာနိုင်ငံသဘင်အစည်းအရုံးအနေနဲ့ လုံးဝ(လုံးဝ) လက်ခံခြင်းမရှိပါကြောင်းနဲ့ အဲဒီဇာတ်သဘင်အဖွဲ့ကို ပြင်းထန်စွာသတိပေးလိုက်ပါကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

  • မူဆယ်ထဲမှာ လာမယ့်လထဲ လက်လီလက်ကားရနိုင်မယ့် မူးယစ်ဆေးဝါးဆိုင် (၂၃) ဆိုင် ဖွင့်လှစ်မယ်

    မူဆယ်ထဲမှာ လာမယ့်လထဲ လက်လီလက်ကားရနိုင်မယ့် မူးယစ်ဆေးဝါးဆိုင် (၂၃) ဆိုင် ဖွင့်လှစ်မယ်

    စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက်က နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး လက်လီလက်ကားရနိုင်မယ့် မူးယစ်ဆေးဝါးဆိုင် (၂၃) ဆိုင် ဖွင့်လှစ်မယ်လို့ စုံစမ်းသိရှိရပါတယ်။

    မူဆယ်မြို့ပေါ်က ရပ်ကွက် ၉ ခုမှာ လိုင်းကြေးပေးကာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ရာမ၊ ice, K, HappyWater နဲ့ ဆေးခြောက် အစရှိတဲ့ မူးယစ်ဆေးဝါးအမျိုးမျိုးကို ရောင်းချမှာ ဖြစ်ပါတယ်။

    ဂိမ်းရုံပိုင်ရှင်တွေ၊ ပြည်သူ့စစ်တွေနဲ့ တရုတ်လူမျိုးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၉) ရက်မှာ ရောင်းချခွင့် တောင်းဆိုလာတာကြောင့် စခန်းမှူး ဒုရဲမှူး နေယုဆန်းနဲ့ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ရဲနောင်တို့ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်မှာဖြစ်ကြောင်း ရဲသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

    ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး ဂိမ်းရုံ၊ ပြည့်တန်ဆာ၊ အနှိပ်ခန်းတို့မှာ တွဲဖက် ရောင်းချသွားမှာဖြစ်ကြောင်း ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။

    “(ဒန)ကိုအောင်ကျော်ဦးက ခွင့်မပြုဖို့ပြောတယ်။ CID, SB, နယ်ထိန်း, ရဲကင်းမှူးတွေနဲ့ စခန်းမှူးက လုပ်ချင်တယ်။ အဲမှာ နယ်ထိန်းခေါင်းဆောင်ရဲနောင်က ခင်ဗျားတို့ ကျနော်တို့ ဒီနေရာမှာ မြဲမယ်ထင်လို့လား ကျနော်တို့လက်ထဲ အာဏာရှိနေတဲ့အချိန်မှာ ငွေရှာရမှာလို့ ပြောတယ်။ နောက်ဆုံးတော့ ဖွင့်ဖြစ်သွားတယ်။ အထူးမူးယစ်ကို သီးသန့်ပေးရမယ်တဲ့။ အခု(၂၃)ဆိုင်ကို တစ်လသိန်း(၅၀)ကောက်မယ်။ ရာထူးကြီးငယ် ခွဲစားမယ်လို့ ရဲနောင်က ပြောတယ်။ ရဲနောင်လုပ်နေတာ သူက ဆရာကြီး” ဆိုပြီး အမည်မဖော်လိုတဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တစ်ဦးက ပြောပါတယ်။

    ဖော်ပြပါ မူးယစ်ဆေးဝါး လက်လီအရောင်းဆိုင် ဖွင့်လှစ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ရဲချုပ်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးကို တင်ပြသွားမှာဖြစ်ကြောင်းကိုလည်း စခန်းမှူးက အဆိုပါ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

    ဓာတ်ပုံ – CJ