Category: News

  • အောင်ဇေယျ စစ်ကြောင်းမှ စစ်အရာရှိများက ရဲဘော်များကို  အငတ် ထားပြီး အသေခံ စစ်တိုက်ခိုင်း

    အောင်ဇေယျ စစ်ကြောင်းမှ စစ်အရာရှိများက ရဲဘော်များကို အငတ် ထားပြီး အသေခံ စစ်တိုက်ခိုင်း

    မြ၀တီမြို့သို့ ချီတက် ထိုးစစ်ဆင်နေသော အောင်ဇေယျ စစ်ကြောင်းမှ စစ်အရာရှိများက ရဲဘော်များကို အငတ် ထားပြီး အသေခံ စစ်တိုက်ခိုင်းဟု ခလရ ၉၄ မှ အလင်းဝင် တပ်သား နိုင်လင်းထွန်း ပြောဆို

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်သို့ ထိုးစစ်ဆင်နေသာ စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းတွင် စစ်အရာရှိများက အောက် ခြေရဲဘော်များကို ထမင်းချက်ပြုတ်စားသောက်ခွင့်မပေးဘဲ အငတ်ထားပြီး အသေခံ စစ်တိုက်ခိုင်းနေကြောင်း ခလရ ၉၄ မှ အလင်းဝင်လာသည့် တပ်သား နိုင်လင်းထွန်းက ပြောဆိုသည်။

    ယမန်နေ့ မတ်လ ၁ ရက်နေ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က ထုတ်ပြန်သည့် ရုပ်သံ အင်တာဗျူးတွင် အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသည့် တပ်မ ၅၅ လက်အောက်ခံ ခလရ ၉၄ တပ်ရင်းမှ တပ်သား နိုင်လင်းထွန်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “အလင်းဝင်လာတာက ကျွန်တော်တို့ကလည်း ငတ်ပြတ်နေပြီ ကျွန်တော်တို့ စိတ်ဆန္ဒမပါဘဲနဲ့ ဒါတွေ ခိုင်းတယ်။ ပြီးတော့ အစားအသောက်ပေါ့ သူတို့ကတော့ စားနေသောက်နေပြီးတော့ ကျနော်တို့က ငတ်ပြတ်ပြီးတော့ ရှေ့ကနေတိုက် သူတို့ကတော့ စားသောက်ပြီး မင်းတို့ သေချင်သေပါစေ ပုံစံမျိုးနဲ့။ ရဲဘော်တွေကို ချပြီး ကျွေးတာမျိုး မရှိဘူး။ အဲဒါကြောင့်မို့ မကြိုက်လို့ အလင်းလာဝင်တာ ရဲဘော်က ရဲဘော် တစ်ကဏ္ဍထားပြီးတော့ တပ် ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်က အစ ရဲဘော်ဆိုရင် မင်းက ရဲဘော် မင်းက ငါတို့နဲ့ မတူဘူး။ နေရာတကာ မတိုင်းနဲ့ဆိုပြီးတော့ အလုပ်လုပ်တာ စားတာသောက်တာက အစ ဒုတပ်ကြပ်လောက်ဆိုရင် ရဲဘော်ကို တခြားဟင်းနဲ့ကျွေး တယ်။ သူတို့က ဟင်းကောင်းနဲ့စားတယ်။ ရဲဘော်တွေ ငတ်နေတဲ့ အချိန်ကျရင် သူတို့က သူတို့ဘာသာ ထမင်း ချက် စားတယ်။ ရဲဘော်တွေ ချက်စားရင် ပြောတာဆိုတာ ထိုးတာကျိတ်တာတွေ အဲတာမျိုးတွေရှိတယ်” ဟု ခလရ ၉၄ မှ အလင်း ဝင်လာသည် တပ်သား နိုင်လင်းထွန်းက ပြောဆိုသည်။

    အောင်ဇေယျ စစ်ကြောင်းတွင် ကျန်ရှိနေသော လူအများစုသည် စိတ်ဓာတ်ပျက်နေပြီး စစ်တိုက်ချင်စိတ် မရှိတော့ ဘဲ လက်နက်ချပြီး အလင်းဝင်ရန် စိတ်ပြင်းပြနေကြောင်း၊ သို့သော် အထက်အရာရှိများက အလင်းရန် ပြုလုပ်ခြင်းနှင့် ထွက်ပြေးခြင်များ ပြုလုပ်ပါက ပတ်ခတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ တိုက်ပွဲအတွင်းတွင်လည်း အောက်ခြေရဲဘော်များကို နောက်ပြန်မလှည့်ခိုင်းဘဲ အသေခံ တိုက်ခိုက်ခိုင်းကြောင်း၊ အောက်ခြေရဲဘော်များကိုလည်း လက်နက်ချ အလင်းဝင်ပါက တော်လှန်ရေး တပ်ဖွဲ့များက သတ်ဖြတ်မည်ဟု ဝါဒဖြန့်ထားမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    အလင်းဝင်လာသော တပ်သား နိုင်လင်းထွန်းသည် အကြမ်းဖက် စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ် ပြီး အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းတွင် အသေခံ တိုက်ခိုင်းသော စစ်မှုထမ်း တပ်သားသစ် အဖြစ် စု ဆောင်း ခြင်းမခံဘဲ တော်လှန်ရေး တပ်ဖွဲ့များထံ အမြန်ဆုံး ပူးပေါင်းကြရန် တိုက်တွန်းပြောဆိုထားသည်။

    “ကျနော်စစ်ကောင်စီကို ပြန်ပြီး တော်လှန်မယ်ဆိုတာ ကျွန်တော် တော်တော်ကြီး စိတ်နာခဲ့လို့ပါ။ တချို့ ကျွန်တော့် ညီအစ်ကိုတွေ သူတို့ဘာသာ နေကြတယ် မရဘူး သူတို့ခိုင်းတဲ့အတိုင်း မလုပ်ရင် ထိုးကျိတ်တယ်။ ဘာမှမဆိုင်တဲ့ ပြည်သူလူထုကိုလည်း ညဘက်ထွက်ရင် ပေါ်တာဆွဲ သင်တန်းလေး ၄ ၊ ၅ ‌လလောက်နဲ့ ရှေ့တန်းကို အတင်းပို့ ဘာ မှ အ‌တွေ့အကြုံမရှိတဲ့ကလေးတွေ ရှေ့တန်းပို့ သူတို့က နောက်မှာ အထိုင်က နေတယ်။ အဲဒါတွေ မကြိုက်လို့။ ဖြစ်နိုင်ရင်တော့ စစ်မှုထမ်း မဝင်စေချင်ဘူး။ ဒီထဲဝင်မယ့် စစ်ကောင်စီကို တော်လှန်မယ့် ကိုယ့်ညီအစ်ကို အဖွဲ့အစည်းတွေထဲ ပြန်ပြီးဝင်စေချင်တယ်။ ဒီကို ဝင်လာလည်း ငတ်ငတ်ပြတ်ပြတ်ထားမယ်။ ပြီး ရှေ့တန်းပို့မယ် သေရင် သေပါစေ ပုံစံမျိုးနဲ့ သူတို့ကတော့ နောက်ကနေ ခုံပေါ်မှာထိုင်ပြီး ခိုင်းနေမှာ အဲဒါကြောင့် ဝင်လာမယ်ဆိုရင်တောင် မဝင်ကြပါနဲ့လို့ တိုက်တွန်းချင်တယ်” ဟု အလင်းဝင်လာသည် တပ်သား နိုင်လင်းထွန်းက ဆက်လက် ပြောဆိုသည်။

  • ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က သွားရောက် ပြောဆိုစဉ် တိုက်ပွဲဖြစ်ပွား

    ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က သွားရောက် ပြောဆိုစဉ် တိုက်ပွဲဖြစ်ပွား

    ပွင့်ဖြူ၊ ရေပုတ်ကြီးရွာမှ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က သွားရောက် ပြောဆိုစဉ် တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၃ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာမှ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က သွားရောက် ပြောဆိုစဉ် တိုက်ပွဲ ဖြစ်ပွားပြီး ပျူစောထီး ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် -၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့က လက်နက်ချ အလင်းဝင်ရန် သွားရောက်ပြောဆိုရာမှ ပျုစောထီးများက စတင်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    တိုက်ပွဲ ဖြစ်ပွားနေစဥ်အတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ MI-35 ရဟတ်ယာဉ်ဖြင့် ၅ ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ မြေပြင်တွင် စစ်ရေးအသာစီးရသော်လည်း လေကြောင်းပစ်ကူများ၊ မြေပြင် စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှုတွင် ရေပုတ်ကြီးရွာမှ ပျူစောထီးအဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ တော်လှန်ရေးတပ်ဖွဲ့ဝင်မျး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်း ပျူစောထီးမျာထံမှ ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၁၄၉ တောင့်၊ ကျည်ဘောက် ၂ ဘောက် ၊ G3 ကျည် ၁၁ တောင့်၊ ကျည်ဘောက်စပရိန် ၁ ခု ၊ ဓားမြှောင် ၁ ချောင်း ၊ ဖုန်း ၅ လုံး၊ Power Bank ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်း၊ မဟာမိတ် တပ်ပေါင်းစုများဖြစ်သော ပေါက် ၊ မြိုင်စုဖွဲ့မှု ပကဖ၊ Young Force PKU ၊ Earthquake Defence Force PKU နှင့် Joker ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • မိုင်းရှင်းရန် လာသည့် စစ်သားများ၊ ကြေးနီ ယာဉ်တန်းနှင့် စစ်ယာဉ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်

    မိုင်းရှင်းရန် လာသည့် စစ်သားများ၊ ကြေးနီ ယာဉ်တန်းနှင့် စစ်ယာဉ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်

    ချောင်းဦး၊ မုံရွာနှင့် ယင်းမာပင် မြို့နယ်တို့တွင် မိုင်းရှင်းရန် လာသည့် စစ်သားများ၊ ကြေးနီ ယာဉ်တန်းနှင့် စစ်ယာဉ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား

    စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေ လမ်းပိုင်းတွင် မိုင်းရှင်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းမှ ရဲဘော်စမာက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာ-မန္တလေး လမ်းပိုင်း၌ မိုင်းရှင်းရန် နတ်ရေကန် စစ်တပ် အထိုင်စခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက နတ်ရေကုန်နှင့် ချောင်းဦးဘက် သွားသည့် လမ်းဆုံတွင် မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်လွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဘုန်းကြီးကား ၁ စီးကို ချောဆွဲ၍ ရေပိုးသား ကျောင်းထဲကို ခေါ်ဆောင်သွားပြီး ဆေးကုသမှု ပြုလုပ်နေကြောင်း သိရှိရသည်။

    “နတ်ရေကန်နဲ့ ချောင်းဦးဘက်ကို သွားတဲ့ လမ်းခွမှာ မိုင်းပွိုင့် ၃ ခုနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ ဗိုလ် ၁ ကောင် အပါအဝင် ၄ ကောင် ပြင်းထန် ဒဏ်ရာရတယ်။ ဘုန်းကြီးကားကို ချောဆွဲပြီး ဒဏ်ရာရတဲ့ ကောင်တွေကို ရေပိုးသားကျောင်းထဲ ခေါ်ဆောင်သွားပြီး ဆေးကုနေတယ်။ ဝမ်းပေါင်က ထွက်လာတဲ့ ကားတွေ ဖြတ်မှာမို့လို့ မိုင်းလာရှင်းတာလို့ သိရတယ်။ သူတို့ ရောက်လာတာနဲ့ ချက်ခြင်း မိုင်းဆွဲ လိုက်တာ ပြည်သူတွေအနေနဲ့ စစ်ခွေးတွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းမှ ရဲဘော်စမာက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာ-မန္တလေး လမ်းတစ်နေရာ၌ နမခ မှ ထွက်လာသော Jammer ကား ၅ စီးကို ရှေ့ထွက်မိုင်း ၅ လုံး၊ ပဒေသာမိုင်း ၃ လုံးတို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ စီးမြောက်ကို ထိမှန်ခဲ့ပြီး ဘတ်စုံလမ်း တစ်နေရာတွင် ထိုးရပ်သွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနေဆဲဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို North Western People Defence Force – N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်)၊ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း၏ Idiots Columnနှင့် မုံရွာခရိုင်တပ်ရင်း ၁၁ ( South monywa ) ၏ တပ်ခွဲ (၂) – Youth Vigor Revlution Force၊ မုံရွာမြို့နယ် (ပကဖ) တိုက်နယ် ၄ တိုက်ခိုက်ရေးအဖွဲ့ (Royal God People Defence Force)၊ Black tiger Attackes force ( LPDF) တို့ ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် ယင်းမာပင်မြို့နယ်တွင်လည်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်ကလည်း ဝမ်ပေါင်ကုမ္ပဏီ နှင့် ယမ်စီကုမ္ပဏီမှ ကြေးနီ တင်ဆောင်လာသော ကားအစီး ၃၀ ကျော်ခန့်ကို ရဲတပ်ရင်း ၂၈ နှင့် မြောက်ယမားတံတား အကြားရှိ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် မိုင်းဆွဲ တိုကခိုက်ခဲ့ရာ ကား ၁ စီး ထိမှန်ပြီး ယာဉ်မောင်း ၁ ဦး မိုင်းစ ထိမှန်ခဲ့ကြောင်း သိရှိရသည်။

    တိုက်ခိုက်မှု အတွင်း မိုင်းစ ထိမှန်ခဲ့သော ယာဉ်မောင်း ၁ ဦးကို ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် ကား ၁ စီးကို ချောဆွဲ၍ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း၊ မိုင်းပေါက်ကွဲပြီး အကြမ်းဖင် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် ၊ တိုက်နယ် ၂ ပကဖ မှ တော်လှန်ရေး ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

  • ရွှေဘိုမှာ ပျူစောထီးအဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

    ရွှေဘိုမှာ ပျူစောထီးအဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဥသျှစ်ကန်ကျေးရွာသုသာန်အနီး ရွှေဘို-ရေဦးလမ်းပိုင်းပေါ်မှာ ရိက္ခာထုတ်ပြီးပြန်လာတဲ့ပျူစောထီးအဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရလို့ ၃ ဦးသေတယ်လို့ ရွှေဘို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

    ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီကျော်ခန့်မှာ ရွှေဘိုမြို့တွင်းကနေ ရေဦးလမ်းအတိုင်း ပန်းရံကျေးရွာ ပျူစောထီးခေါင်းဆောင် အောင်ကျော် ဦးဆောင်ပြီး ကား ၆ စီးနဲ့ ရိက္ခာထုတ်ပြီးပြန်လာတဲ့ ပန်းရံ၊ မြင်းချင်း၊ ခွန်တောင်းကြီးကျေးရွာတွေက ပျူစောထီးအင်အား ၆၀ ကျော်ခန့်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

    “သူတို့က ဆန်ကားက ၄ စီး၊ အိမ်စီးကား ၂ စီးနဲ့ ပထမအရှေ့ကဆန်ကားတွေကို လွှတ်ပေးလိုက်ပြီးတော့ အိမ်စီးကားနဲ့ အခြားရိက္ခာတွေတင်လာတဲ့ကားတွေကို ဖြတ်တိုက်တာ။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာတော့ရှိတယ်။”လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

    တိုက်ပွဲ ၄၅ မိနစ်ခန့်အပြန်အလှန်ပစ်ခတ်ပြီးနောက်မှာ ပျူစောထီးအဖွဲ့တွေက ထိခိုက်သေဆုံးသူတွေကို ကောက်ယူပြီး ပန်းရံကျေးရွာကိုပြန်ဝင်သွားကြတယ်လို့ဆိုပါတယ်။

    အဆိုပါတိုက်ခိုက်မှုအတွင်းမှာ ပန်းရံကျေးရွာက ပျူစောထီး ၁ ဦး၊ မြင်းချင်းကျေးရွာက ပျူစောထီး ၁ ဦး၊ ဇီးကုန်းလေးကျေးရွာက ပျူစောထီး ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

    ဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖ၊ ရပ်ကျေးပကဖအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    တိုက်ခိုက်နေချိန်အတွင်း ပျူစောထီးတွေနဲ့ ဇီးကုန်းလေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေဘက်က လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်လို့ ခရိုင်ငါးလုပ်ငန်းဦးစီးငါးမွေးကန် အနီးက အဆောက်အဦအချို့ ပျက်စီးကာ ရုံးအနီးက မြက်ပင်တွေမီးလောင်သွားတာတွေရှိတယ်လို့ သိရပါတယ်။

    ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ခွန်တောင်ကြီးကျေးရွာက ပျူအဖွဲ့ဝင်တွေရဲ့ ကင်းစခန်းတွေနဲ့ ခွန်တောင်ကြီး-ညောင်ကန်ကျေးရွာလမ်းပေါ်ရှိ ကင်းစခန်းတွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးအဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

  • ⁨ကော့ကရိတ်တွင် ဖေဖော်ဝါရီလအတွင်း   နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွား

    ⁨ကော့ကရိတ်တွင် ဖေဖော်ဝါရီလအတွင်း နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွား

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း နေစဥ်နီးပါးတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုတာဝန်ရှိသူများက ပြောသည်။

    ကော့ကရိတ်မြို့နယ်အတွင်း ကော့နွဲ့၊ ရန်ကုတ်၊ နောင်နိုင်း စသည့်ရွာများနှင့် ကော့ကရိတ်မြို့နယ် တောင်ဘက် ဒေသများတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။​

    တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိပြီး စစ်ကောင်စီဘက်ကလည်း ဒရုန်းများ ပိုမိုအသုံးပြုလာနေကြောင်း သိရသည်။

    “လေယာဉ်နဲ့လာကြဲတာမရှိပေမယ့် အရင်ကနဲ့မတူတာကတော့ Drone တွေသုံးလာပါတယ်။ ၂၇ ရက်နေ့ပွဲမှာလည်း လေကြောင်း Drone ကြဲတာတွေနဲ့ မြေပြင်မှာ လက်နက်ကြီးလက်နက်ငယ် အစုံနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျွန်တော်တို့ မြေပြင်ရဲဘော်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်” ဟု SOG စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

    တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တိုက်ခိုက်ရေးသုံး လေယာဉ်များအစား ဒရုန်းဖြင့် ဗုံးကြဲခြင်းကို အဓိကအသုံးပြု ခုခံနေပြီး အနီးအနားနှင့် ကော့ကရိတ််မြို့နယ်အတွင်းရှိ တပ်စခန်းများမှလည်း လက်နက်ကြီး၊ အမြှောက်များဖြင့် ပစ်ကူပေးနေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကာလများတွင်လည်း ပြည်သူများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။​

    “တိုက်ပွဲအကြီးမဟုတ်ဘဲ သူလစ်ရင်ချောင်းပစ်၊ ကိုယ်လစ်ရင်လည်း သူချောင်းပစ်နဲ့ မိုင်းထောင်၊ မိုင်းခွဲလုပ်တာမျိုးတွေကတော့ မကြာခဏပါပဲ။ အတိအကျဆိုရင်တော့ပြောရခက်ပါတယ် ကျွန်တော်တို့ SOG စစ်ကြောင်းကမဟုတ်ဘဲ တခြားတော်လှန်ရေးအဖွဲတွေနဲ့ ထိတွေ့တာမျိုးတွေလည်းရှိပါတယ်” ဟု SOG စစ်ကြောင်းမှ ရဲဘော်က ဆက်ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ကော့နွဲ့ရွာတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ခြောက်နာရီကြာ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးသကဲ့သို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွင် ပါဝင်သည့် Special Operation Group-SOG စစ်ကြောင်းမှ ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း SOG က ယမန်နေ့ (ဖေဖော်ဝါရီ ၂၈ ရက်နေ့)က သတင်းထုတ်ပြန်သည်။

    အလားတူ ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ခုနစ်ဦးထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Southern Eagle PDF က ဖေဖော်ဝါရီ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ အဆိုပါတိုက်ပွဲအတွင်း၌လည်း Southern Eagle PDF မှ ရဲဘော်တစ်ဦး ကျဆုံးခြင်း ရှိခဲ့သည်ဟု ဆိုသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခု၊ မတ်လအတွင်း KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များ​၏ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံလိုက်ရသည့် သင်္ဃန်းညီနောင် ဗျူဟာအပါအဝင် ခြေမြန်တပ်ရင်းများနှင့် ထိုင်း- မြန်မာနယ်စပ် ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်ကို ဆက်သွယ်ထားသော အာရှလမ်းမကြီးအား နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် အောင်ဇေယျအမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတခုကို ၂၀၂၄ ခု၊ ဧပြီလ ဒုတိယအပတ်မှစ၍ စစ်ကောင်စီက စတင်ခဲ့သည်။

    လက်ရှိတွင် အောင်ဇေယျစစ်ဆင်ရေးသည် အချိန်တနှစ်နီးပါး ရှိလာပြီဖြစ်သော်လည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် အထိအခိုက် အကျအဆုံးများနေပြီး ရှေ့တန်းစခန်းများလည်း ဆုံးရှုံးနေရကာ အဆိုပါ စစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်ရောက်မှု တဖြည်းဖြည်း များလာနေပြီး တိုက်ပွဲများသည်လည်း နေ့စဉ်နီးပါး ဖြစ်ပွားမှုများ ရှိနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။⁩

    ပုံအညွှန်း – စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းအား ပါဝင်တိုက်ခိုက်နေသည့် Special Operation Group- SOG စစ်ကြောင်းမှ ရဲဘော်အချို့။