Category: News

  • နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်

    နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်

    နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

    မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၃၉ လက် သိမ်းဆည်းရရှိ အမှတ် ၁ စစ်ဒေသက ပြောဆိုသည်။

    ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း ဦးစီးသော တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄ ၊ ၁၅ နှင့် ရဲတပ်ရင်း ပူးပေါင်း အင်အား ၅၀ ခန့် ပါဝင်သော စစ်ကြောင်းကို မြတောင်ရွာနှင့် စိန်ပန်းကန်ရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက ဗိုလ်ကြီး အောင်ဇော်မင်း အလောင်း အပါအဝင် အလောင်း ၂၁ လောင်း သိမ်းဆည်းရရှိခဲ့ပြီး ဗိုလ်မှူးရန်လင်းအောင်လည်း ထိခိုက်‌ဒဏ်ရာရရှိကာ ပြန်လည် ဆုတ်ခွာစဉ် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သား ၈ ဦးလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

    ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထံမှ MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊ G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နှင့် ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀) လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၄ နှင့် တပ်ရင်း ၁၀ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှလည်း တံတားဦးမှ တက်လာသည် Mi-35 ၁ စီးဖြင့် (၃) ကြိမ် လာရောက် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

  • စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန်

    စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန်

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပိတ်မိနေချိန် ကယ်ထုတ်ပေးရန် စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန်

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ပိတ်မိနေသော စစ်သားများက လေယာဉ်ဖြင့် ကယ်ထုတ်ရန် စစ်ကောင်စီထံ အကူအညီ တောင်းခံခဲ့သော်လည်း လေယာဉ် အဆုံးအရှုံး မခံနိုင်၍ ကယ်မထုတ်နိုင်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ချင်းညီနောင် အဖွဲ့က ဖမ်းဆီးရမိသော စစ်သုံ့ပန်းက ဝန်ခံ ပြောဆိုလိုက်သည်။

    အဆိုပါ ပြောကြားချက်သည် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းညီနောင်မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ မေးမြန်းချက် အပိုင်း -၁ အဖြစ် ထုတ်ပြန်သည့် ဗီဒီယိုတွင် စစ်သုံ့ပန်း တပ်သား ကျော်ဇော်လွင် နှင့် တပ်ကြပ် အောင်ဇော်ဦး က ဝန်ခံပြောဆိုခဲ့ခြင်းဖြစ်သည်။

    ဖလမ်းမြို့နယ်သိမ်းတိုက်ပွဲတွင် ပိတ်မိနေသော စစ်သားများနှင့် စစ်မှုထမ်း ၂၄ ဦးသည် ၎င်းတို့ကို လေယာဉ်ဖြင့် ကယ်ထုတ်ပေးရန် စစ်ကောင်စီကို ပြောဆိုခဲ့သော်လည်း လေယာဉ် ၁ စီးနှင့် စစ်သား ၂၄ ဦး မလဲနိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု သိရသည်။

    “လေယာဉ်နဲ့ စစ်ကူက လေယာဉ်ပစ်ကူခေါ်တာ လေယာဉ်က ထပ်မလာတော့ဘူး။ ကျွန်တော်တို့ဆို လေယာဉ်တောင်းတယ်။ ၂၄ ယောက်တည်းက လေယာဉ်တောင်းတာ ကျွန်တော်တို့ကို ၁၀ လုံးညွန့်က ပေးထားပြီး အဲဒီ ၁၀ လုံးညွန့်ကို ရောက်ပြီဆိုရင် လေယာဉ်လာခေါ်မယ်ဆိုပြီး သူတို့ ကိုယ်တိုင်က ကတိပေးထားတာ အဲဒီကတိပေးထားတာတဲ့ဟာကို သူတို့ကိုယ်တိုင်က ကတိဖျက်တာ အဲဒီဟာကို စိတ်နာနေကြတာ ဒီက အဖွဲ့တွေက လေယာဉ် တစ်စီးနဲ့ မင်းတို့ လူ ၂၄ ယောက်နဲ့ မလဲနိုင်ဘူးဆိုတဲ့ စကားကို တအားစိတ်နာသွားတာ ကျွန်တော်တို့တွေ တချို့တွေဆို စစ်မှုထမ်းတွေ ပါတယ်။ ကျွန်တော်တို့ လူဟောင်းတွေတောင် စိတ်နာနေတာဆိုတော့ စစ်မှုထမ်း တွေဆို ပြောမနေနဲ့တော့။ ဒီမှာ လူဟောင်းဆို အများဆုံးပါမှ ၄ ၊ ၅ ယောက်ထဲ ပါတာပါ။ ကျန်တာ စစ်မှုထမ်း တွေချည်းပဲ” ဟု စစ်သုံ့ပန်း တပ်သား ကျော်ဇော်လွင်က ပြောဆိုသည်။

    အကြမ်းဖက် စစ်ကောင်စီက လေယာဉ် အဆုံးအရှုံးမခံနိုင်ကြောင်း ပြောဆိုချက်ကို စစ်သုံ့ပန်းများက စိတ်နာနေပြီး စစ်ကောင်စီ အမြစ်ပြတ်သည့်အထိ ပြန်လည် တိုက်ခိုက်သွားမည်ဟုဆို စစ်သုံ့ပန်း တပ်ကြပ် အောင်ဇော်ဦး က ထပ်မံ ပြောကြားသည်။

    “ကျွန်တော်တို့ကတော့ ဒီက လွတ်သွားရင်လည်း ကလေးမြို့ကို မပြန်တော့ဘူး ။ ဒီအထဲမှာပဲ ပူးပေါင်းတော့မယ်။ မလုပ်ချင်တော့ဘူး စိတ်နာတယ်။ စားနပ်ရိက္ခာပေးပါဆိုတာ မင်းတို့အတွက်နဲ့ လေယာဉ်အဆုံးရှုံးမခံနိုင်ဘူးတဲ့ ။ ငါ့လေယာဉ်တစ်ခုခုဖြစ်တာနဲ့ မင်းတို့ဖြစ်တာ ဘာမှမဖြစ်ဘူးတဲ့ ငါလေယာဉ် တစ်ခုခုအဖြစ်မခံနိုင်ဘူးတဲ့ ။ ဘာမှ မလုပ်ပေးနိုင်ဘူးတဲ့ အဲဒါဆို ဘာလုပ်တော့မှာလဲ ကျွန်တော်တို့။ ဘာမှလုပ်စရာမရှိတော့ဘူး သူတို့ကို ပြန်တိုက်ဖို့ပဲ ရှိတော့တယ်။ ကျွန်တော်တို့ မကယ်နိုင်ဘူးတဲ့ ။ ငါ့လေယာဉ်တစ်ခုခုဖြစ်မှာ လေယာဉ် အဆုံးရှုံးမခံနိုင်ဘူးတဲ့” ဟု စစ်သုံ့ပန်း တပ်ကြပ် အောင်ဇော်ဦး က ပြောဆိုသည်။

    ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်း ပိတ်မိနေသော စစ်သားများတွင် ထိခိုက် ဒဏ်ရာရရှိသူ ၂၀ ကျော်ပါဝင်ပြီး အကြမ်းဖက် စစ်ကောင်စီက လာရောက် ကယ်တင်ခြင်းမရှိခြင်းကြောင့် ဒဏ်ရာ အခြေအနေ မခံနိုင်၍ တောင်ပေါ်မှ ပြုတ်ကျပြီး သေဆုံးသူများလည်းရှိကြောင်း၊ ထိခိုက်ဒဏ်ရာ မရရှိသော ပိတ်မိနေသော စစ်သားများသည် တောတောင်များအတွင်း ထွက်ပြေးစဉ် အစားရေစား ငတ်ပြတ်ပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် တွေ့ဆုံကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • ပေါက်မြို့နယ်၊ ယာကြီးပြင်ရွာအနီး  မိုင်းခွဲတိုက်ခိုက်

    ပေါက်မြို့နယ်၊ ယာကြီးပြင်ရွာအနီး မိုင်းခွဲတိုက်ခိုက်

    ပေါက်မြို့နယ်၊ ယာကြီးပြင်ရွာအနီး မိုင်းခွဲတိုက်ခိုက်မှု ပျူခေါင်းဆောင် ဆန်းဝင်း၏ ဇနီး သေဆုံးပြီး ပျူစောထီး ၁ ဦး ခြေနှစ်ဖက် ပြတ်ထွက်

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာအနီး မိုင်းခွဲတိုက်ခိုက်မှုတွင် ပျူစော ထီးခေါင်းဆောင် ဆန်းဝင်း၏ ဇနီးဖြစ်သူ သေဆုံးပြီး ပျူစောထီး ၁ ဦးခြေထောက် နှစ်ဖက် ဖြတ်လိုက် ရကြောင်း ဆိပ်ဖြူတကိုယ်တော် ကျားဇိုးက ပြောကြားသည်။

    ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ပေါက်မြို့နယ် ၊ ယာကြီးပြင် ပျူစောထီး ကျေးရွာ အနီးအထိ ချဉ်းကပ်ဝင်ရောက်ကာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများ သွားလာ တတ်နေသည့် လမ်းကြောင်း၌ မိုင်းထောင်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင် ဆန်းဝင်း၏ ဇနီး ဖြစ်သူ တင်တင်စန်းသေဆုံးပြီး ပျူစောထီး ဌေးငြိမ်းမှာ ခြေထောက်နှစ်ဖက်ဖြတ်လိုက်ရကြောင်း သိရှိရသည်။

    “ပျူခေါင်းဆောင် ဆန်းဝင်းရဲ့ မိန်းမ က အလောင်းတောင်ကောက်မရဘူး။ တစ်စစီဖြစ်သွားတာ၊ မိုင်းထိတဲ့ ပျူစောထီး ဌေးငြိမ်းကလည်း ယာကြီးပြင်ကျေးရွာရဲ့ ပျူစောထီး ဒုခေါင်းဆောင် ပေါငြိမ်း ရဲ့ညီ၊ အဲဒီဌေးငြိမ်းက ဒူး အထက်နားကနေခြေထောက် နှစ်ဖက်လုံးပြတ်ထွက်သွားတာ။” ဟု ဆိပ်ဖြူတကိုယ်တော် ကျားဇိုးက ပြောကြားသည်။

    ဇန်နဝါရီလ ၂၉ ရက်နေ့က ခြေထောက်နှစ်ပြတ်သည့် ပျူစောထီး ဌေးငြိမ်းကို လူနာတင်ယာဉ်ဖြင့် ကပစ ၂၄ သို့ သယ်ဆောင်သွားပြီး ယင်းမှတဆင့် Mi 35 ရဟတ်ယာဉ်ဖြင့် နေပြည်တော်သို့ ဆေးကုသရန် သယ်ဆောင်သွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • ဖားကန့်‌ရှိ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျပြီး ကားသမား ၃ ဦး သေဆုံး

    ဖားကန့်‌ရှိ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျပြီး ကားသမား ၃ ဦး သေဆုံး

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ စပေါ့ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်အတွင်း မြေစာပုံပြိုကျရာမှ မြေးတူစက်မောင်းသူ အမျိုးသား သုံးဦး မြေစာပုံပိ၍ သေဆုံးသွားကြောင်း သိရသည်။

    ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့် တွင် ဘဇံချောင်း ကျောက်စိမ်းလုပ်ကွက်အတွင်းရှိ မြေစာပုံပြိုကျပြီး မြေတူးစက်ခြောက်စီး နစ်မြုပ်ပြီး ကားသမား သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

    “ဖြစ်စဉ်က ဟိုတစ်ခါ နွံကန်ပေါက်တဲ့ရွာမှာပဲဖြစ်တာ။ ကားသမားသုံးယောက်အလောင်းတော့ ရှာတွေ့ ထားတယ်။ ဝင်းထဲက ရေးမဆေးကျောက်သမားတွေ ပါမပါတော့ မသိရသေးဘူး” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

    မြေစာပုံပြိုကျစဉ်တွင် ကိုဌေးနိုင် (၃၅) နှစ်၊ ကိုဟန်ဝင်းအောင် (၃၃) နှစ်၊ ကိုဇေယျာဟိန်း (၂၉) နှစ်တို့ သေဆုံးခဲ့ပြီး ကျန်ကားသမားသုံးဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။

    အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း စပေါ့ ကျေးရွာမှ မြေစာပုံစွန့်ပစ်သည့် နွံကန်ပေါက်ကျပြီး အိမ်ခြေ ၅၀ ခန့် နစ်မြုပ်သွားကာ အလောင်း ၃၀ ကျော်ခန့် ရှာဖွေတွေ့ရှိပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။

    ဓာတ်ပုံ- မှော်မင်းသား

    ပုံစာ- ဘဇံချောင်းကျောက်စိမ်းလုပ်ကွက်အတွင်းမြေစာပုံပြိုကျထားစဥ်

  • ဖလမ်းမြို့ လေကြောင်းမှစစ်ကူလာစဉ် ဖမ်းမိသည့် စစ်သုံ့ပန်းများ

    ဖလမ်းမြို့ လေကြောင်းမှစစ်ကူလာစဉ် ဖမ်းမိသည့် စစ်သုံ့ပန်းများ

    ဖလမ်းမြို့ လေကြောင်းမှစစ်ကူလာစဉ် ဖမ်းမိသည့် စစ်သုံ့ပန်းများအား ချင်းညီနောင်အဖွဲ့ဝင် CNDF ထုတ်ပြ

    ပြန်ခေါ်မည်ဟု စစ်ကောင်စီကတိပေးသော်လည်း လေယာဉ်အဆုံးအရှုံးမခံနိုင်ဟုဆိုကာ ကယ်ထုတ်ခြင်း၊ ရိက္ခာချပေးခြင်းမရှိဟု စစ်သုံ့ပန်း ပြော

    ချင်းညီနောင်စစ်ဆင်ရေး ဖော်ဆောင်နေသည့် ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်အား ဖမ်းဆီးရမိပြီး၎င်းတို့အား ကောင်းမွန်စွာထားရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ယနေ့(ဇန်နဝါရီ ၃၁ ရက်) ထုတ်ပြန်ပြသခဲ့သည်။

    ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄နိုဝင်ဘာ ကစတင်ခဲ့ရာ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကူပို့ဆောင်ခဲ့သည်။ ထိုသို့ စစ်ကူပို့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို ချင်းညီနောင်က ဒီဇင်ဘာအတွင်း ဖမ်းမိခဲ့သည်။

    ဖမ်းမိစစ်သုံ့ပန်းများ၏ ပြောပြချက်အရ စစ်ကူလာသည့် တပ်ဖွဲ့ဝင်များအနေဖြင့် ဖလမ်းမြို့ကို စစ်ကူလာရမည်ကို မသိဘဲ ရဟတ်ယာဉ်ပေါ် တက်ခိုင်း၍ တက်လာရခြင်းဖြစ်ကာ ဖလမ်းမြို့ရှိ တောင်ကုန်းတနေရာသို့ ချပေးသွားသည်ဟုဆိုသည်။ ဖလမ်းသို့ ရောက်ရောက်ချင်း တိုက်ပွဲ၌ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ပြီး တောအတွင်း ဒဏ်ရာရသူများ၊ ဒဏ်ရာဖြင့်သေဆုံးသူများ၊ အစာရေစာငတ် ပြတ်မှုများ ဖြစ်ခဲ့ရကြောင်း စစ်သုံ့ပန်းတစ်ဦးက ပြောသည်။

    စစ်ကောင်စီက သတ်မှတ်နေရာသို့ ရောက်ရှိပါက လေကြောင်းမှ လာခေါ်မည်ဟု ကတိပေးသော်လည်း ပျက်ကွက်ခဲ့သည်ဟုလည်း စစ်သုံ့ပန်းတစ်ဦးက ပြောပြသည်။

    ” အဲဒီ ကတိပေးထားတဲ့ဟာကို သူတို့ကိုယ်တိုင် ကတိဖျက်တာ။ အဲဒါကို စိတ်နာနေကြတာ ဒီကအဖွဲ့တွေက။ လေယာဉ်တစီးနဲ့ မင်းတို့ လူ ၂၄ယောက်နဲ့ မလဲနိုင်ဘူးဆိုတဲ့စကားကိုတအားစိတ်နာသွားတာ”ဟု အဆိုပါ စစ်သုံ့ပန်းက ပြောသည်။

    ၎င်းတပ်ဖွဲ့ဝင်သည် စစ်ကောင်စီတပ်တွင် သင်တန်းသားအသစ်များအား နည်းပြအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်ဟု ဆိုသည်။

    ထိုသို့ ကတိမတည်သည့် တပ်ဖွဲ့ဝင်များ၏ အသက်ကို အလေးမထားသည့် စစ်ကောင်စီကို ပြည်သူ့စစ်မှုထမ်းအဖြစ်စုဆောင်းထားသူများသာမက စစ်ကောင်စီတပ်ဖွဲ့ဟောင်းများကပါ စိတ်နာကြကြောင်း ပြောပြသည်။

    အခြား စစ်သုံ့ပန်းတစ်ဦးကလည်း ” ဒီကလွတ်သွားလည်း ကလေးမြို့ကို မပြန်တော့ဘူး ကျနော်တို့က ။ ဒီအထဲမှာပဲ ပူးပေါင်းတော့မယ်။ မလုပ်ချင်တော့ဘူး။ စိတ်နာတယ်။ စားနပ်ရိက္ခာ လာချပေးပါဆို မင်းတို့အတွက်နဲ့ ငါ့လေယာဉ် အဆုံးရှုံးမခံနိုင်ဘူးတဲ့။ အဲဒါဆို ဘာလုပ်တော့မှာလည်း ကျနော်တို့မှာ ။ဘာမှ လုပ်စရာမရှိတော့ဘူး သူတို့ကို ပြန်တိုက်ဖို့ပဲရှိတော့တယ်”ဟု စစ်ကောင်စီတပ်မှ အသက်အရွယ် ကြီးပြီဖြစ်သော တပ်ဖွဲ့ဝင် စစ်သုံ့ပန်းတစ်ဦးက ပြောပြသည်။

    လက်ရှိ ဖမ်းမိစစ်သုံပန်းများအနေဖြင့် ချင်းညီနောင်တွင် အဖမ်းခံရစဉ်ကတည်းက ကောင်းမွန်စွာ နေထိုင်စားသောက်ရပြီး အကျယ်ချုပ်သဘောသာနေကြရ၍ အဆင်ပြေကြောင်း စစ်သုံ့ပမ်းများက ပြောသည်။

    ယင်းနှင့်ပတ်သက်၍ CNO/CNDF တပ်မှူးတစ်ဦးကလည်း “CNO/CNDF တွေက ဒီလိုထားတဲ့အတွက် ကျနော်တို့ဘက်မှာ ကောင်းကောင်းမွန်မွန်နေဖို့တော့အရေးကြီးတယ် ။ နောက်ပြီးတော့ ပြည်သူ့ရင်ခွင် ပြန်ပူးပေါင်းဖို့ ကျနော်နှိုးဆော်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်ကိုလည်း ရုပ်သံ၌ တွေ့ရသည်။

    ထို့ပြင် စစ်ကောင်စီတပ်၌ နည်းပြအဖြစ်လုပ်ခဲ့သည့် စစ်သုံ့ပန်းတစ်ဦးကလည်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထူးသဖြင့် ယခုနောက်ပိုင်း၌ စုဆောင်းခြင်းခံရသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များအနေဖြင့် စစ်ကောင်စီတပ်အရာရှိများ၏ ပြောစကားများကို နားမယောင်ဘဲ ပြည်သူ့ တော်လှန်ရေးဘက်သို့ ကူးပြောင်းကြရန် တိုက်တွန်းခဲ့သည်။

    “တပ်ကလူကြီးတွေ ပြောတဲ့စကားကို နားမယောင်ပါနဲ့ တော့လို့ပဲ ပြောချင်တယ်။ ကျနော်ကိုယ်တိုင်ကလည်း နည်းပြလုပ်ခဲ့ဖူးတယ် ။ နည်းပြလုပ်ခဲ့ဖူးတော့ ဘယ်လိုနားထဲကို ရိုက်သွင်းလဲဆိုတော့ မင်းတို့တွေ လက်နက်ချ အဖမ်းခံရရင်လည်း အသတ်ခံရမှာပဲ။ ဒီတိုက်ပွဲဖြစ်လို့ သေတာက မြတ်တယ်။ မင်းတို့ လက်နက်ချအဖမ်းခံပြီးတော့ သေနတ်တွေ ကျည်ဆန်တွေသွားပေးရင်လည်း မင်းတို့ အသတ်ခံရမှာပဲ သေလမ်းပဲရှိတယ် ရှင်လမ်းမရှိဘူးဆိုတဲ့ စကားကို နားမယောင်ပါနဲ့လို့ ပြောချင်တယ်”ဟု အဆိုပါ စစ်သုံ့ပန်း က ပြောသည်။

    CNO/CNDF ပါဝင်သည့် ချင်းညီနောင် မဟာမိတ်များသည်ဖမ်းမြို့သိမ်း စစ်ဆင်ရေးကို ရက်ပေါင်း ၈၀ ခန့်ကြာသည်အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။ စစ်ဆင်ရေး အတွင်း ဖလမ်းမြို့ရှိ စစ်ကောင်စီ ရဲစခန်း၊ ဌာနဆိုင်ရာများနှင့် စစ်ကောင်စီတပ်စွဲရာ များကို ချင်းညီနောင်က သိမ်းပိုက်ထားပြီး ဖလမ်းအခြေစိုက် ခလရ(၂၆၈) တပ်ရင်းတစ်ခုသာ ကျန်တော့သည်။

    အဆိုပါ စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များလည်း အသက်မသေဆုံးလိုပါက စစ်ကောင်စီခေါင်းဆောင်များအား အကာအကွယ်ပေးမှု ဆက်လက်မပြုလုပ်ဘဲလက်နက်ချရန် CNDF တာဝန်ရှိသူတို့က တိုက်တွန်းထားသည်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာသည့် စစ် ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းမိထားစဉ်။