Category: News

  • KBZ ဦးအောင်ကိုဝင်းကို ပိတ်ဆို့အရေးယူဖို့ ပိုမိုလှုံ့ဆော်လာ

    KBZ ဦးအောင်ကိုဝင်းကို ပိတ်ဆို့အရေးယူဖို့ ပိုမိုလှုံ့ဆော်လာ

    မြန်မာစစ်အုပ်စုနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးရှိသူ ကမော္ဘဇဘဏ် (KBZ) နာယက ဦးအောင်ကိုဝင်းနှင့် ခရိုနီတချို့ ဗြိတိန် နိုင်ငံတွင် စင်းလုံးငှားရဟတ်ယာဉ်ဖြင့် ဂေါက်ရိုက်ထွက်နေသည့် ဗီဒီယို၊ ဓာတ်ပုံများ အနီးကပ်လူယုံ ဦးမိုးဆန်းအောင်၏ လူမှုကွန်ရက်မှ ထွက်ပေါ်လာပြီးနောက် ပိတ်ဆို့အရေးယူမှုများလုပ်ရန် တိုက်တွန်းလှုံ့ဆော်မှုများ တဖန် ပြန်မြင့်တက်လာ သည်။

    စစ်ခေါင်းဆောင်ဟောင်း ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ လူရင်းတပည့် ဦးအောင်ကိုဝင်းသည် အလွန်လျို့ဝှက်စွာနေထိုင် တတ်သူဖြစ်ရာ ယခုကဲ့သို့ ရွေးကောက်ပွဲပြီးခါနီး စစ်တပ်ပါတီ အစိုးရဖွဲ့နိုင်တော့မည့်အချိန် လူလုံးပြလာခြင်းအပေါ် အများက စိတ်ဝင်စား အာရုံစိုက်မှုဖြစ်ပေါ်ခဲ့ကြသည်။

    သူ၏ ဗြိတိန်အထိ သွားရောက်သည့် ခရီးစဉ်အစ ထိုင်းနိုင်ငံ၌ ဧရာဝတီဘဏ် (AYA) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့သလို ဗြိတိန်ရောက်စဉ် စစ်တပ်အား အထောက်အပံ့ပေးနေသည့် ခရိုနီပေါက်စ ဂျော်နသန်ကျော်သောင်းကိုလည်း ဦးအောင်ကိုဝင်းနှင့် ပူးတွဲ တွေ့မြင်လိုက်ရသည်။

    ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းနဲ့ သမီး နန်းလိုင်ခမ်းကို တွေ့ရစဉ်

    ဦးအောင်ကိုဝင်း၏ လှုပ်ရှားမှု ဓာတ်ပုံ ဗွီဒီယိုများဖြန့်ဝေခဲ့သူ ဦးမိုးဆန်းအောင်မှာ အာဏာရှင် ဦးနေဝင်းမြေးများ၏ နိုင်ငံတော်ပုန်ကန်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဗိုလ်မှူးရာထူးမှပြုတ်ခဲ့သူဖြစ်ပြီး ဦးအောင်ကိုဝင်း နေရာပေးမှုဖြင့် ကမ္ဘောဇ လေကြောင်းလိုင်း၌ မန်နေးဂျင်းဒါရိုက်တာ တာဝန်ယူခဲ့သူဖြစ်သည်။

    လက်ရှိ ဦးမိုးဆန်းအောင်သည် ဦးအောင်ကိုဝင်းခရီးစဉ် မှတ်တမ်းများအား ၎င်း၏ ဖေ့ဘွတ်ခ်မှ ဖြုတ်ချလိုက်ပြီး အကောင့် ကိုပါ ယာယီပိတ်ထား (Deactivate) ထားသလို အခြား ခရိုနီအကောင့်များလည်း ယာယီပိတ်သွားကြကြောင်း စစ်တပ်နှင့် ဆက်နွယ်သူများအား ဖော်ထုတ်ဆန့်ကျင်နေသည့် Fncc Burma Fact Check Community အဖွဲ့က ရေးသားထားသည်။

    Fncc Burma Fact Check Community အဖွဲ့သည် ဦးအောင်ကိုဝင်းနှင့် အပေါင်းအပါများအား ဗြိတိန်နိုင်ငံအနေဖြင့် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ရန်လည်း တိုက်တွန်းလှုံ့ဆော်လျက် ရှိသည်။

    ဦးအောင်ကိုဝင်းသည် လန်ဒန်ခရီးစဉ်တွင် COMO The Halkin Hotel ၌ တည်းခိုခဲ့ကြောင်း၊ ဇန်နဝါရီ ၁၈ ရက်တွင် ရဟတ်ယာဉ်စီး၍ လန်ဒန်မြို့ပေါ် လှည့်ပတ်ခဲ့ကြောင်းလည်း ထိုအဖွဲ့က ဖော်ပြခဲ့သည်။

    UK ရောက် မြန်မာ့အရေးလှုပ်ရှားသူတဦးက ဦးအောင်ကိုဝင်း ခရီးစဉ်သည် အလုပ်သဘောမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး အားလပ် ရက် ခရီးစဉ်ဖြစ်ပုံရကြောင်း၊ ဗြိတိန်တွင် ၁ ရက် သို့မဟုတ် ၂ ရက်သာ နေထိုင်ခဲ့ပြီး ဂေါက်ရိုက်ခြင်းများပြုလုပ်ခဲ့သလို အခြား ဥရောပနိုင်ငံများသို့ သွားရောက်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။

    စစ်အာဏာရှင်အဆက်ဆက် ရင်းနှီးသည့်ဆက်ဆံရေးဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်ရပြီး ချမ်းသာလာသူ ဦးအောင်ကို ဝင်းသည် စစ်တပ်အာဏာမသိမ်းမီ တလကျော်အလို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများအား တောင်ကြီးမြို့ အေးသာယာဂေါက်ကွင်း၌ ညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့သူ ဖြစ်သည်။

    ၂၀၂၁ အာဏာသိမ်းချိန်မှစ၍၂၀၂၆ ခုနှစ်အထိ ဗြိတိန်နိုင်ငံက မြန်မာစစ်အုပ်စုအား ပိတ်ဆို့အရေးယူမှုပေါင်း ၁၉ ကြိမ် တိုင် တိုင် ချမှတ်ထားသော်လည်း စစ်တပ်နှင့်ရင်းနှီးသော ဆက်ဆံရေးရှိသူ ခရိုနီတဦးအား အာဏာပိုင်များက ဗြိတိန်နိုင်ငံ အတွင်း ဝင်ရောက်ခွင့်ပြုလိုက်ခြင်းသည် မြန်မာပြည်သူများအတွက် အလွန်အမင်း စိတ်ပျက် နာကျည်းဖွယ်ရာဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Myanmar Accountability Project အဖွဲ့မှ Christopher Gunness က သုံးသပ်ပြောဆို သည်။

    “ဦးအောင်ကိုဝင်းက ရိုဟင်ဂျာမျိုးတုံး သတ်ဖြတ်မှုနဲ့ အခြားရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်တွေအတွက် ငွေကြေး ထောက်ပံ့ပေးခဲ့သူ ဖြစ်တယ်။ သူ့လက်မှာ ပြည်သူတွေရဲ့ သွေးတွေ စွန်းပေနေတယ်။ လန်ဒန်မြို့မှာ သူ ဇိမ်ကျကျ နေထိုင် နေတဲ့ပုံတွေကို ကြည့်ရတာ အော့နှလုံးနာစရာ ကောင်းတယ်။ သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီး တရားစီရင်သင့်တယ်လို့ ကျနော် မြင်တယ်။ အနည်းဆုံးတော့ သူ့ကို ဗြိတိန်နိုင်ငံကနေ နှင်ထုတ်သင့်တယ်” ဟု သူက ပြောသည်။

    ၂၀၂၀ ရွေးကောက်ပွဲအပြီး မဲစာရင်းမှားယွင်းမှုအပေါ် အခြေခံကာ စစ်တပ်နှင့် NLD ကြား ပဋိပက္ခပြင်းထန်နေချိန် အရပ်သား NLD အစိုးရအဖွဲ့ဝင်များ မပါဝင်သည့် အေးသာယာဂေါက်ကွင်း ညစာစားပွဲတွင် ဦးအောင်ကိုဝင်းက ၎င်း၏မိတ်ဘက် ခရိုနီ များစွာအား စစ်ခေါင်းဆောင်နှင့် မိတ်ဆက်ပေးခဲ့ကြောင်း အာဏာသိမ်းပါ စစ်အုပ်စုနှင့်အတူ ရပ်တည်မည်ဟု သတင်းစကားပေးသည့် တွေ့ဆုံပွဲအဖြစ် စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်ခဲ့ဖူးသည်။

    စစ်အာဏာသိမ်းပြီးနောက် ဦးအောင်ကိုဝင်း၏ ကမော္ဘဇဘဏ်သည် မြန်မာပြည်သူတို့ အများဆုံးသုံးသည့် Kpay အကောင့်များမှ ခြေရာခံကာ အများအပြား ဖမ်းဆီးထောင်ချခံရသလို ပြည်သူများ ငွေကျပ်သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

    Fncc Burma Fact Check Community အဖွဲ့က ဒီမိုကရေစီစံနှုန်းများကို အလေးထားသည့် ဗြိတိန်နိုင်ငံ၌ စစ်တပ်၏ အရပ် သားများအား အကြမ်းဖက် ဖိနှိပ်ဖမ်းဆီးမှုများတွင် ပတ်သက်ဆက်နွယ်နေသော KBZ နာယက ဦးအောင်ကိုဝင်းအပါ ခရိုနီ အထူးစင်းလုံးငှား လေယာဉ်ဖြင့် ဂေါက်ရိုက်ထွက်နေသည့် ခရီးစဉ်နောက်ကွယ်မှ ပတ်သက်မှုများကို ဖော်ထုတ်ကြရန်လည်း လှုံ့ဆော်ထားသည်။

    ယခင် စစ်အစိုးရလက်ထက် ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ လူရင်းတပည့်ဖြစ်သူ ဦးအောင်ကိုဝင်း အား ဥရောပနှင့် ဗြိတိန်တို့ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တို့တွင် ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့သော်လည်း ဦးသိန်းစိန် အစိုးရ အပြောင်းအလဲ ၂၀၁၁ ခုနှစ်၌ ပိတ်ဆို့ အရေးယူမှုစာရင်းမှ ပြန်လည် လွတ်မြောက်ခဲ့သည်။

    ဦးအောင်ကိုဝင်းနှင့် သူ၏ကုမ္ပဏီများသည် ဗြိတိန်သို့မဟုတ် ဥရောပသမဂ္ဂ (EU) တို့၏ ပိတ်ဆို့အရေးယူမှု (Sanction) စာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့်အတွက် ၎င်းအနေဖြင့် လွတ်လပ်စွာသွားလာနေနိုင်ခြင်းဖြစ်သည်ဟု ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ Mark Farmaner က ဧရာဝတီ ကို ပြောသည်။

    “သူ့ကို ပိတ်ဆို့အရေးယူမှုလုပ်နိုင်ဖို့ဆိုရင် သူနဲ့ သူ့ကုမ္ပဏီတွေက မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့တာနဲ့ လက်နက် ခဲယမ်း တပ်ဆင်ပေးတဲ့နေရာမှာ ဘယ်လို ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ လိုပါတယ်။ အဲဒီ သက်သေတွေ ပိုပြနိုင်လေ အောင်ကိုဝင်း ကို အရေးယူနိုင်မယ့် အခွင့်အလမ်း ပိုများလေလေပါပဲ” ဟု ၎င်းက ဆိုသည်။

    ဦးအောင်ကိုဝင်းနှင့် ခရိုနီတချို့ ဗြိတိန်နိုင်ငံတွင် စင်းလုံးငှားရဟတ်ယာဉ်ဖြင့် ဂေါက်ရိုက်ထွက်နေသည့် ဗီဒီယို၊ ဓာတ်ပုံ များအား လူမှုကွန်ရက်တွင်တင်ခဲ့သည့် အနီးကပ်လူယုံ ဦးမိုးဆန်းအောင်
  • ဘုန်းကြီးများ၏ ပြောဆိုရေးသားချက်များက နိုင်ငံနှင့်ချိတ်ဆက်၍ မရနိုင်ဘဲ နိုင်ငံတော်တွင်လည်း တာဝန်မရှိဟု ICJ တရားရုံးတွင် စစ်တပ် ကိုယ်စားပြု ရှေ့နေက တင်ပြ

    ဘုန်းကြီးများ၏ ပြောဆိုရေးသားချက်များက နိုင်ငံနှင့်ချိတ်ဆက်၍ မရနိုင်ဘဲ နိုင်ငံတော်တွင်လည်း တာဝန်မရှိဟု ICJ တရားရုံးတွင် စစ်တပ် ကိုယ်စားပြု ရှေ့နေက တင်ပြ

    သီတဂူနှင့်ဝီရသူတို့ကို ရည်ညွှန်း၍ ဘုန်းကြီးများ၏ ပြောဆိုရေးသားချက်များက နိုင်ငံနှင့်ချိတ်ဆက်၍ မရနိုင်ဘဲ နိုင်ငံတော်တွင်လည်း တာဝန်မရှိဟု ICJ တရားရုံးတွင် စစ်တပ် ကိုယ်စားပြု ရှေ့နေက တင်ပြ

    သီတဂူနှင့်ဝီရသူတို့ကို ရည်ညွှန်း၍ ဘုန်းကြီးများ၏ ပြောဆိုရေးသားချက်များမှာ နိုင်ငံနှင့်ချိတ်ဆက်၍ မရနိုင်ဘဲ နိုင်ငံတော်တွင်လည်း တာဝန်မရှိကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး- ICJ တွင် စစ်တပ်၏ ကိုယ်စားပြု ရှေ့နေ Mr. Stefan Talmonက တင်ပြသည်။

    ယမန်နေ့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ တရားရုံးတွင် မြန်မာအကြမ်းဖက်စစ် တပ်၏ ကိုယ်စားပြု ရှေ့နေ Mr. Stefan Talmon က ယင်းကဲ့သို့ တင်ပြလာခြင်းဖြစ်သည်။

    နိုင်ငံရေးပါတီ၊ အမျိုးသားရေးအတိုက်ခံအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးများ၏ ပြောဆိုရေးသားချက်များကို ဥပဒေကြောင်းအရ နိုင်ငံနှင့် ချိတ်ဆက်၍မရနိုင်ကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်း၏ ပြောဆိုရေးသားချက်များသည် နိုင်ငံနှင့်ချိတ်ဆက်နေသည့်တိုင် နိုင်ငံကလူမျိုးသုဉ်းစေလိုသည့် ဆန္ဒမရှိပါက နိုင်ငံတော်ကို တာဝန်ရှိသည်ဟု ဆို၍မရကြောင်း မြန်မာစစ်တပ်၏ ရှေ့နေ Mr. Stefan Talmon က တင်ပြကြောင်း သိရှိရသည်။

    ပြောဆိုရေးသားချက်များသည် မြန်မာနိုင်ငံပတ်သက်မှုရှိရန် လိုအပ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် အမုန်းစကားအချို့သည် လူမျိုးသုဉ်းစေလိုသော ရည်ရွယ်ချက်ရှိကြောင်း ပြသနိုင်သည့်တိုင် မြန်မာနိုင်ငံနှင့် သက်ဆိုင်ခြင်းရှိ/မရှိ ကိုသက်သေပြနိုင်ရမည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံ၏တပ်မတော်က ဆောင်ရွက်ချက်များသည် နိုင်ငံနှင့်ဆိုင်သည်ဟု ဆိုနိုင်သော်လည်း ယခုကိစ္စရပ်တွင် အမုန်းစကားကို တပ်မတော်နှင့်ချိတ်ဆက်၍ မရနိုင်ကြောင်း၊ မြန်မာကလည်း မဟုတ်ကြောင်းကို ငြင်းဆိုထားပြီးဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ ပတ်သက်ဆက်နွယ်မှု ရှိ/မရှိကို အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ကြောင်း မြန်မာစစ်တပ်၏ ရှေ့နေက ပြောဆိုသည်။

    မြန်မာစစ်တပ်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်တရားစွဲထားသော ဂမ်ဘီယာနိုင်ငံက ဝီရသူ၏ လှုပ်ရှားမှုများနှင့် သီတဂူ၏ ပြောဆိုချက်များကို သက်သေအဖြစ် တင်သွင်းခဲ့သည်။

    စစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ် ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို အပြည်ပြည်ဆိုင်ရာ တရားရုံး -ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံရှေ့နေ Arsalan Suleman က ဇန်နဝါရီလ ၁၂ ရက်နေ့ ICJ တရားရုံးတွင်တပြသည်။

    ၂၀၁၆ ခုနှစ် ရိုဟင်ဂျာများအပေါ် ပထမလှိုင်း သတ်ဖြတ် တိုက်ခိုက်မှုများအပြီး စစ်တပ်က အစွန်း ရောက် မဘသ ဘုန်းကြီး ဝီရသူက ပဋိပက္ခဖြစ်နေသော ရခိုင်ရှေ့တန်း နေရာများအထိ သွားရောက်ရန် ကူညီပေးခဲ့ပြီး စစ်တပ်အရာရှိများနှင့်တွေ့ဆုံခဲ့ကြောင်း၊ ဝီရသူက ရိုဟင်များအပေါ် နှိမ့်ချသော အသုံး အနှုန်းများကို သုံးစွဲလေ့ရှိကြောင်း၊ ၂၀၁၆ ခုနှစ် ဝီရသူက ရခိုင်ဒေသမှ ပြန်လာပြီးနောက် ရခိုင်မှ စေတီပြင်နှင့် ကျပ်ပြင် ကျေးရွာများတွင် စစ်တပ်က နယ်မြေရှင်းလင်းအမည်တပ်၍ သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေ Arsalan Suleman က တရားရုံးတွင် တင်ပြသည်။

    ယင်းအပြင် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နိုင်ငံတော်အတွက် အကျိုးပြုလုပ် ငန်းများ လုပ်ဆောင်သည်ဟုဆိုကာ မဘသ အစွန်း ရောက် ဝီရသူကို သီရိပျံချီ ဘွဲ့ အပ်နှင်းခဲ့ကြောင်း၊ ဝီရသူသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်ရေးအမုန်းစကားများကို တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့ပြီး စစ်တပ်နှင့် စစ်တပ်လက် အောက်ခံအဖွဲ့များက ဝီရသူကို ထောက် ပံ့ကာ ယင်းအမုန်းစကားများကို လူမှုကွန်ရက်များမှတစ်ဆင့် ဖြန့်ဝေခဲ့ကြကာ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ရန် လှုံ့ဆော်ခဲ့ကြောင်း ၎င်းက တင်ပြသည်။

    ယင်းအပြင် သီတဂူ ဘုန်းကြီးဆိုသူကလည်း ဗုဒ္ဓဘာသာမဟုတ်သူများကို သတ် ဖြတ်လျှင် ပြစ်မှု ကျူးလွန်ခြင်းမဟုတ်ကြောင်း ၊ ဗုဒ္ဓဘာသာကို မသိသူများသည် တိရိစ္ဆာန်သာသာဖြစ်ပြီး လူဟုပင် မခေါ်ထိုက်ကြောင်း၊ ဗုဒ္ဓ ဘာ သာမဟုတ်သူများကို သတ်ဖြတ်ခြင်းမှာ အကုသိုလ်မဖြစ်ကြောင်း ဟော ပြောချက်ကိုလည်း ICJ တရားရုံးသို့ တင်သွင်းခဲ့သည်။

    ICJ တရားရုံးသို့ တင်ပြရာတွင် သီတဂူ၏ ဟောပြောချက်ဖြစ်သော ဗုဒ္ဓဘာသာဝင်မဟုတ်သူများကို သတ်ဖြတ်လျှင် အပြစ်မဖြစ်ကြောင်း ဟောပြောချက်ကိုလည်း သက်သေအဖြစ် တင်ပြခဲ့ခြင်းဖြစ်သည်။

    “စစ်ပွဲမှာ မကောင်းဆိုးဝါး စစ်သည် ငါးသိန်းလောက် သေဆုံးခဲ့တယ်။ အဲဒါကြောင့် ဘုရင်ဟာ ညဘက်အိပ်မပျော်ဘူး။ ဗုဒ္ဓဘာသာမှာ လူတွေကို သတ်တာ အဆိုးရွားဆုံး အပြစ်တွေထဲက တစ်ခုပဲ။ ဒီအကြောင်းကို သိတဲ့ ရဟန်းရှစ်ပါးက ဘုရင်ကို “အရှင်မင်းကြီး စိတ်မပူနဲ့။ ခင်ဗျားသတ်တဲ့သူတွေထဲမှာ ဗုဒ္ဓ ဘာသာဝင် တစ်ယောက်မှ မရှိဘူး။ သူတို့က ဗုဒ္ဓဘာသာအဆုံးအမတွေကို မလိုက်နာကြလို့ ဘာကောင်းလဲ၊ ဘာဆိုးလဲမသိကြဘူး။ ဒါကြောင့် တိရိစ္ဆာန်သာသာ လောက်ပဲ ဖြစ်တယ်။ ဘုရင်ကြီးသတ်ခဲ့တဲ့ လူငါးသိန်းကျော်ထဲမှာ တစ်ယောက်ခွဲလောက်ပဲ လူသားဖြစ်ဖို့ ထိုက်တန်တယ်။ ဒါကြောင့် ဒါဟာ သေးငယ်တဲ့အပြစ်ဖြစ်ပြီး ဘုရင်ကြီး စိုးရိမ်စရာမလိုဘူးပါဘူး” ဆိုသော သီတဂူဘုန်း ကြီး ၏ ဟောပြောချက်ကို ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် ၏ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။

    မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့် စစ်တပ်မှာ ယခုအခါ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချသည် အထိရဲတင်းလာခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျဲလိုးက တင်ပြခဲ့သည်။

    မြန်မာနိုင်ငံတွင် စစ်တပ်က ရိုဟင်ဂျာများကို ‘ဖျက်ဆီးရန် ပစ်မှတ်ထားခဲ့သည်’ ဟုလည်း ICJတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက တင်ပြခဲ့သည်။

    “ဒါဟာ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ နက်နဲခက်ခဲတဲ့ အကြောင်းအရာတွေအ ပေါ် ငြင်းခုံနေတာ မဟုတ်ပါဘူး။ ဒါဟာ တကယ့်လူသားတွေ၊ တကယ့်ဖြစ်ရပ်တွေနဲ့ တကယ့်လူသားအုပ်စုတစ်စုအကြောင်း ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာ နိုင်ငံက ရိုဟင်ဂျာတွေပါ။ သူတို့ဟာ ဖျက်ဆီးပစ်ဖို့အတွက် ပစ်မှတ်ထားခံခဲ့ရတာပါ” လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Dawda Jallow က ICJ တရားသို့ တင်ပြသည်။

    ၂၀၁၇ ခုနှစ် နှိမ်နင်းမှုအတွင်း မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ကြောင်း ICJ တရား ရုံးတွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားခြင်းဖြစ်သည်။

    မြန်မာစစ်တပ်နှင့် အစွန်းရောက် မဘသများကြောင့် ရိုဟင်ဂျာများမှာ အိမ်နီး ချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပြီး အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခံရခြင်း၊ အိမ်မီးရှို့ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းများ ကြုံတွေ့ခဲ့ရသည်။

    “သူတို့ဟာ စိတ်ကူးကြည့်လို့ရသမျှ အဆိုးရွားဆုံး အကြမ်းဖက်မှုတွေနဲ့ ဖျက် ဆီးမှုတွေကို ခံခဲ့ကြရတာပါ” ဟု ဂမ်ဘီယာ တရားရေးဝန်ကြီးက ဆိုသည်။

    ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေ ပေါလ် ရိုက်ခ်လာ (Paul Reichler) ကလည်း မြန်မာ စစ်သားများ၏ ရိုဟင်ဂျာများအပေါ် အစု လိုက်အပြုံလိုက် မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါများ ဖြတ်တောက်ခြင်း၊ ကလေးငယ်များကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းများ အပါအဝင် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်တပ်ကျူးလွန်သော စစ်ရာဇဝတ်မှုများကို တရားရုံးသို့ တင်ပြသည်။

    ယနေ့အချိန်အထိ ရိုဟင်ဂျာ ၁ ဒသမ ၁၇ သန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။

  • စစ်သုံ့ပန်းများထားရာစခန်းကို လေယာဉ်ဖြင့် ဗုံးကျဲမှု  စစ်သုံ့ပန်းများနှင့်မိသားစုဝင် ၂၁ ဦးသေဆုံးပြီး

    စစ်သုံ့ပန်းများထားရာစခန်းကို လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်သုံ့ပန်းများနှင့်မိသားစုဝင် ၂၁ ဦးသေဆုံးပြီး

    ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြိုနယ်အစပ်ရှိ စစ်သုံ့ပန်းများထားရာစခန်းကို လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်သုံ့ပန်းများနှင့်မိသားစုဝင် ၂၁ ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရ

    ရခိုင်ပြည်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြိုနယ်အစပ်ရှိ စစ်သုံ့ပန်းများထားရာစခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ စစ်သုံ့ပန်းများနှင့်မိသားစုဝင် ၂၁ ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိသွားကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

    ဇန်နဝါရီလ ၂၀ ရက် ည ၇ နာရီကျော်အချိန် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းအစပ် ချောင်းတူ (ခေါ်) ဆောင်းဒုံ ကျေးရွာ အနောက်ဘက်ရှိ AA ၏ စစ်သုံ့ပန်းများ ထားရှိရာစခန်းနေရာကို စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး ၄ လုံး ကျဲချခဲ့ကြောင်း၊ ဗုံးများမှာ ဆေးခန်းပေါ်သို့ ၁ လုံး၊ ဆေးခန်း ဝန်းကျင်သို့ ၁ လုံး၊ စစ်သုံ့ပန်း အမျိုးသမီးနှင့် ကလေးငယ်များရှိရာ အဆောင် သို့ ၁ လုံး၊ စစ်သုံ့ပန်း အမျိုးသားဆောင်သို့ ၁ လုံး အသီးသီး ကျရောက်ပေါက်ကွဲမှု ခဲ့သည်ဟု သိရှိရသည်။

    ထိုသို့ စစ်သုံ့ပန်းနှင့် မိသားစုများထားရှိရာ နေရာသို့ ဗုံးကျဲချသဖြင့် ကလေးငယ်များ အပါ အဝင် လူ ၂၁ ဦးသေဆုံးခဲ့ကြောင်း၊ လူ ၃၀ ဦးမှာလည်း ဒဏ်ရာရရှိသွားကြောင်း ၊အဆိုပါ စစ်သုံ့ပန်းများနှင့် မိသားစုဝင်များမှာ မကြာမီအချိန်တွင် ပြန်လွှတ်ပေးရန် စီစဉ်ထားသူများဖြစ်ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့ရခြင်းဖြစ်သည်ဟု သိရှိရသည်။

    စစ်သုံ့ပန်းနှင့်မိသားစုများ ဒဏ်ရာရရှိသူ ၃၀ ဦးအနက်မှ အသက်အန္တရာယ်စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာရထားသူ ၅ ဦးပါဝင်ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်က စစ်သုံ့ပန်းထားရှိသော နေရာများကို မကြာခဏဆိုသလို လေ ကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး စစ်သုံ့ပန်းနှင့်မိသားစုဝင်များ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားလျက်ရှိကြောင်း AA ၏ ထုတ်ပြန်ချက်များကဆိုသည်။

    ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်တွင် AA မှ စစ်သုံ့ပန်းများ ထားရှိရာနေရာကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၈ ဦးသေဆုံးပြီး ၂၇ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

    ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်စခန်း (နခခ-၂) ကို AA သိမ်းပိုက်ထားချိန် လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ စစ်သုံ့ပန်း ၆၀ ကျော် သေဆုံးပြီး အများအပြားမှာ ဒဏ်ရာရရှိခဲ့သည်။

    ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာအနီးက စစ်သုံးပန်းများထားရှိသည့်နေရာကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် စစ်သုံ့ပန်း ၁၇ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

    ဓာတ်ပုံ- One Nation Newsနှင့် APM။

  • ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေး

    ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေး

    ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှု တရားဝင်အလုပ်လုပ်ခွင့် ပါမစ်ရှိသည့် မြန်မာနိုင်ငံသားများပါ ကြောက်လန့်ထွက်ပြေး

    ထိုင်းနိုင်ငံ ချွန်ဘူရီ၊ ဖန်သောင်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးရာတွင် တရားဝင်အလုပ်လုပ်ခွင့် ပါမစ်ရှိသည့် မြန်မာနိုင်ငံသားများ ကြောက်ရွံ့စွာ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်အလုပ်သမားများကို ကူညီပေးနေသူများက ပြောကြားသည်။

    ဇန်နဝါရီလ ၂၀ ရက်နေ့ ချွန်ဘူရီခရိုင်အတွင်း ထိုင်းရဲများ ဝင်ရောက် စစ်ဆေးစဉ်တွင် အလုပ်သမားအချို့သည် ရဲအရာရှိများကို မြင်သည်နှင့် ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

    “မျိုးချစ်အဖွဲ့တွေက ဘာမှ မဆိုင်တဲ့ လူတွေကို ထိုးကြိတ်သွားတာတွေ ဝင်ဖမ်းနေတာတွေ ရှိတာမို့ အထောက်အထားရှိသူတွေပါ စိတ်မလုံခြုံမှုတွေ ကြောက်လန့်မှုတွေ ဖြစ်နေရတယ်” ဟု အေအေစီ ကိုရဲမင်းက ပြောကြားသည်။

    ထိုင်းရဲအရာရှိများ စစ်ဆေးသည့် အလုပ်ခွင့်တွင် တရုတ်နိုင်ငံသားများကိုသာ တရားမဝင်အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ကို ဖမ်းဆီး၍ ဥပဒေအရ အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

    လက်ရှိတွင် မြန်မာနိုင်ငံသားများအနေနှင့်သတိဝိရိယနှင့် နေထိုင်ရန်နှင့် လူမျိုးရေးအမုန်းတရားများ ဖန်တီးနေမှုများ ရှိနေသည့်အတွက် သတိဝိရိယနှင့် နေထိုင်ရန် လိုအပ်ကြောင်းလည်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သများကို ကူညီပေးနေသူများက သတိပေးစကားပြောဆိုသည်။

    “နေချင်သလို နေလို့ မရတော့ပါဘူး။ အခုအချိန်မှာ သတိကြီးကြီးထားဖို့ လိုပါတယ်။ အမှား သေးသေးကို အကြီးကြီးဖြစ်အောင် လုပ်မယ့် လူတွေရှိနေပါတယ်။ လူမျိုးရေးအမုန်းတရားဖန်တီးလာနိုင်တာတွေ ရှိတာမို့ သတိထားဖို့ လိုပါတယ်” ဟု အေအေစီ ကိုရဲမင်းက ပြောဆိုသည်။

    ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားတချို့နှင့် မြန်မာနိုင်ငံသားတချို့ ခိုက်ရန်ဖြစ်ပွားခြင်း၊ မဲဆောက်တွင် ထိုင်းရဲကို မြန်မာနိုင်ငံသားက ပစ်ခတ်ခြင်း၊ မြန်မာအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းများကြောင့် ထိုင်းမျိုးချစ်အဖွဲ့က မြန်မာနိုင်ငံသားများအပေါ် ပစ်မှတ်ထား စစ်ဆေးညှဉ်းပန်းမှုများ ဖြစ်ပေါ်လာနေကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ သိရှိရသည်။

  • ရန်ကုန်-မန္တလေး အမြန် လမ်းမ ဟောင်း အား တော်လှန်ရေး တပ်များ အပြည့်အဝ ထိန်းချုပ်

    ရန်ကုန်-မန္တလေး အမြန် လမ်းမ ဟောင်း အား တော်လှန်ရေး တပ်များ အပြည့်အဝ ထိန်းချုပ်

    ရန်ကုန်-မန္တလေး လမ်းမ ဟောင်း အား စစ်အုပ်စု မှ အသုံးပြု၍ မရလောက်သည့် အနေအထား သို့ ရောက်ရှိလာနေ၍ မရမက ထိုးဖေါက် နိုင်ရန် အကျအဆုံး များစွာ နှင့် ကြိုးပမ်းလာနေ၍ တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိသည်။

    ပဲခူးတိုင်း အရှေ့ဖက် ခြမ်း ပဲနွယ်ကုန်း မှ လေးမိုင် ကွာ မအူပင် အနီးရှိ ကေအင်ယူ နှင့် ပြည်သူ့ကာကွယ်‌ ရေး တပ်များ ပူးတွဲ ထိန်းချုပ်ထား‌ သော စခန်းအား တနင်္လာနေ့ နံနက်ပိုင်း တွင် စစ်အုပ်စု တပ်များက စတင် တိုက်ခိုက်လာခဲ့သည်။

    တော်လှန်ရေး တပ်များသည် စစ်အုပ်စု၏ အလိမ်အညာ ရွေးကောက်ပွဲ လုပ်၍ မရ အောင် “အောင်မြင်း” စစ်ဆင်ရေးဖြင့် ထိုးစစ်များ ဆင်နွှဲလာခဲ့သည်။ ကျောက်တခါး နှင့် ဖြူး မြို့ တဝိုက် တိုက်ပွဲ များ တွင် စစ်အုပ်စု ဖက်မှ ဗိုလ်မှုး အဆင့် ရှိသူ တဦး အပါအဝင် အကျအဆုံးများ စွာ နှင့် အထိနာသွားခဲ့၍ တပ်အင်အား ထပ်မံ ဖြည့်တင်းပြီး ရှေ့ဆက်တိုးရန် ကြိုးပမ်းလာခဲ့သည်။

    အမျိုးသား ညီညွတ်ရေး တပ်များသည် ကျောက်တခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူး၊ ဇေယျဝတီ၊ အုတ်တွင်း မြို့များကို ဖြတ်သန်း သွားသည့် ရန်ကုန်-မန္တလေး လမ်းဟောင်း ကို စစ်အုပ်စု တပ်များ ဖြတ်သန်းသွား၍ မရလောက်အောင် ထိန်းချုပ်နိုင်ယုံမက အဆိုပါ ဒေသများ တွင် “အောင်မြင်း” စစ်ဆင်ရေး ဖြင့် ထိုးစစ်များ ဆင်နွှဲနေပြီ ဖြစ်သည်။

    ကျေးရွာအများအပြား မှ ပြည်သူများက တောင်ငူ မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေ၍ ဇန်နဝါရီ ၂၅ အဆင့် (၃) တွင် ပါဝင်နေသည့် အဆိုပါ ဒေသတွင်းရှိ မြို့နယ် အများအပြား တွင် ပြုလုပ်နိုင်ဖို့ မရေရာ တော့ပေ။

    အောင်မြင်း စစ်ဆင်ရေး အား အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ပဲခူး ဒေသကြီး စစ်ဌာနချုပ် မှ ဦးစီး၍ ဇန်နဝါရီ ၇ ရက်တွင် နတ္တလင်း၊ ဇီးကုန်း၊ မင်းလှ ၉ ရက်နေ့ တွင် ဖြူး
    နှင့် ကျောက်တခါး မြို့နယ် အတွင်းရှိ စစ်စခန်း ၁၄ ခုအား တပြိုင်တည်း ထိုးစစ် ဆင် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

    စစ်တောင်းမြစ် နှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းကြား ဒေသ အများစု ကို ပြည်သူ့ ကာကွယ်ရေး တပ်များက၎င်း၊ စစ်တောင်းမြစ် အရှေ့ဖက်ခြမ်းကို ကေအင်ယူ တပ်မဟာ (၃) က ၎င်း ထိန်းချုပ်ထားပြီး ဖြစ်သည်ဟု မြန်မာ နောင်း တွင် ရေးသားထားသည်။

    လက်ရှိတွင် စစ်တပ်ရင်း များ အခိုင်အခံ ရှိနေသည့် မြို့များကို သိမ်းယူခြင်းထက် ပတ်ဝန်းကျင် ဒေသများကို ထိန်းချုပ်ထားနိုင်ရေး အား ဦးစားပေး စစ်ဆင်နေခြင်း ဖြစ်သည်။ ထိုနည်းဖြင့် စစ်အုပ်စု တပ်များသည် မြို့တွင်း တွင် ထီးထီးကြီး ကျန်နေ‌မည် ဖြစ်သည် ဗျူဟာ ပင် ဖြစ်သည်။

    ရွေးကောက်ပွဲ လမ်းကြောင်းသည် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ကို ဦးတည်ဖို့ မရှိဘဲ တရုတ် လက်အောက်ခံ Client-state နိုင်ငံ အဖြစ် ဦးတည်နေ၍လည်း အပြင်းအထန် ဆန့်ကျင် တွန်းလှန်နေကြခြင်းလည်း ဖြစ်သည်။

    တရုတ် မှ ရွေးကောက်ပွဲ လုပ်ခိုင်းလာခြင်းသည် အဖက်ဖက် မှ ဝိုင်းပယ်ခံနေရသော စစ်အုပ်စု အား နိုင်ငံတကာ မှ ပြန်လည် ဆက်ဆံလာ‌စေရန် နှင့် ၎င်းတို့ ရင်းနှီး မြုပ်နှံမှု များ အတွက် ဥပဒေကြောင်းအရ တရားဝင် မှု ရှိလာသယောင် အကာအကွယ် ရလာစေရန် ဖြစ်သည်၊ ထို့အပြင် သမ္မတသစ်နှင့် စစ်တပ်အကြီးအကဲတို့အကြား အာဏာခွဲဝေကျင့်သုံးမှုကိုလည်း ဖြစ်ပေါ်စေပါသည်။ ဤကဲ့သို့ အာဏာ ဗဟိုချက်များစွာ ထွက်ပေါ်လာခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် အာဏာရှိသူအသီးသီးနှင့် ဆက်ဆံရေးထူထောင်ကာ ၎င်းတို့၏ဩဇာကို ချဲ့ထွင်နိုင်မည်ဖြစ်ပြီး၊ တရုတ်နိုင်ငံက ‘အရည်အချင်းမရှိသူ’ နှင့် ‘တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ရှိသူ’ ဟု ရှုမြင်ထားသည့် မင်းအောင်လှိုင်၏ ရပ်တည်ချက်ကိုလည်း အားပျော့သွားစေနိုင်ကြောင်း International Crisis Group ၏ အစီရင်ခံစာ တွင် ဖေါ်ပြထားသည်။

    သို့သော် တရုတ် တို့ မျှော်မှန်းသလို ဖြစ်မလာစေရန် မင်းအောင်လှိုင်ကလည်း အကာအကွယ် များ လုပ်လာသည်။ ၎င်း၏ အကြွင်းမဲ့အာဏာကို ဆက်လက်ဆုပ်ကိုင်ထားရန် သို့မဟုတ် အသစ်ထွက်ပေါ်လာမည့် ပြိုင်ဘက်အုပ်စုများကို နှိမ်နင်းရန်အတွက် ၎င်းအပေါ် သစ္စာရှိသူအမြောက်အမြားကို အချက်အချာကျသော ရာထူးနေရာများတွင် ခန့်အပ်ထားပြီး ကျယ်ပြန့်သော အကျိုးစီးပွားကွန်ရက်များကို တည်ဆောက်လာသည်။ ထို့ကြောင့် စစ်အုပ်စုက အရပ်သားအစိုးရအဖြစ် အမည်ခံအသွင်ကူးပြောင်းရန် ကြိုးပမ်းနေခြင်းမှာ တရုတ်နိုင်ငံ၏ ထောက်ပံ့မှုကို မလွှဲမရှောင်သာဘဲ ပိုမိုမှီခိုလာရခြင်းကြောင့်ဖြစ်ပြီး၊ တစ်ဖက်တွင်မူ နိုင်ငံအတွင်း အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် ဖိနှိပ်ခံနေရသော ပြည်သူများအတွက် မည်သည့်ဖြေရှင်းချက်မျှ ပေးနိုင်ခြင်းရှိမည် မဟုတ်ဟုလည်း World Politics Review စာစောင်က သုံးသပ်ထားသည်။

    ထို့အတွက် ကြောင့်လည်း လူကြား ကောင်းအောင် အဖြစ်သဘော ဖန်တီးလာသော ရွေးကောက်ပွဲ အား အာဆီယံမှ အသိအမှတ် ပြုရန် ငြင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

    တစ်ပါတီစနစ် ကျင့်သုံးသည့် တရုတ်နိုင်ငံက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဟု ဆိုသောအရာကို ထောက်ခံနေခြင်းသည် ရှေ့‌ နောက် မညီ ကြားရသူ အဖို့ လှောင်ပြောင်စရာ ဖြစ်နေသည်။

    တရုတ်တို့ နောက်ထပ် စိုးရိမ်စရာ ဖြစ်လာရသည်က ၎င်းတို့ ဖန်တီးပေးသော ရွေးကောက်ပွဲ ကို အသုံးချ၍ အမေရိကန် မှ စစ်အုပ်စု နှင့် ပြန်လည် ဆက်ဆံလာနိုင်သည့် အရေးပင် ဖြစ်သည်။ သို့သော် ထရမ့်ကို မည်သို့မျှ ယုံစား၍ မရ ဆိုသည့် အချက် ရှိနေ၍ တရုတ်တို့ ခံသာနေရခြင်း ဖြစ်သည်။

    ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

    ✍Hla Soe Wai