Category: News

  • ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ထောင် ၃ နှစ်ချ

    ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ထောင် ၃ နှစ်ချ

    အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ဇန်နဝါရီလ ပထမ ပတ်အတွင်း ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ မန္တလေးမြို့ တရားရုံးအသိုင်းအဝိုင်းက တဆင့် သိရပါတယ်။

    မန္တလေးအိုးဘို ထောင်တွင်းတရားရုံးက အမိန့်ချတာဖြစ်ပြီး အဲဒီထောင်မှာ ပဲ အကျဉ်းချထားတယ်လို့သိရပါတယ်။

    ” ပုဒ်မတစ်ခုတည်းပဲပါပဲ၊ ထပ်တိုးစွဲထားတာမရှိတော့ဘူး”လို့ တရားရုံး အသိုင်းအဝိုင်းနဲ့ နီးစပ်သူကပြောပါတယ်။

    နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တာကြောင့် ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးလိုက်ပြီလို့ စစ်ကောင်စီကပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။

    ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့ နယ်မှာ နေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေ ၆ နာရီ ခွဲမှာ မန္တလေး၊ ပြည်ကြီးတံခွန် ရဲစခန်းမှာ ဖမ်းဆီး အမှုဖွင့်ခဲ့တာပါ။

    NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်ကနေ အပြန်မှာ ဖမ်းဆီးတာလို့ စစ်တပ်ဝါဒဖြန်ချန်နယ် အချို့က အဲဒီအချိန်က သတင်းဖြန့်ခဲ့ပါတယ်။

    ဒေါက်တာဇော်မြင့်မောင် သေဆုံးမှုအပေါ် “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင်၊ လွတ်လပ်တရားမျှတပြီး လူကိုလူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေ” လို့ ဒေါက်တာ နေစိုးမောင်က သူရဲ့ ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့တာရှိပါတယ်။

    စစ်ကောင်စီဘက်က တော့ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးရတဲ့အကြောင်းရင်းကိုသတင်းထုတ်ပြန်တာမရှိပါဘူး။

    စစ်ကောင်စီကို လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားမှုတွေ ပြုလုပ်တဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ကိုဖမ်းဆီး ချိန်က ဒေါက်တာနေစိုးမောင်ကို လည်း တပါတည်း ဖမ်းဆီးဖို့စစ်တပ်ဝါဒဖြန့်ချန်နယ်တွေက လှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။

    စစ်တပ်ဆန့်ကျင်သူတွေကို ဒေါက်တာနေစိုးမောင်က အားပေးထောက်ခံတာကြောင့် ပြင်ပမှာလွှတ်မထားသင့်တော့ဘဲ ဖမ်းဆီးထောင်ချဖို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်အချို့က လှုံ့ဆော်ခဲ့ဖူးပါတယ်။

    စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီး၊ တပ်မတော်ဆေးတက္ကသိုလ်မှာလည်း ကထိကဖြစ်ခဲ့သူဒေါက်တာနေစိုးမောင်က ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို မဲပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်း ပြီးနောက် စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်သူတွေနဲ့ အတူ လမ်းပေါ်မှာ ဒေါက်တာနေစိုးမောင်ကိုတွေ့ခဲ့ရပါတယ်။

    ဓာတ်ပုံ – Dr.Nay Soe Maung

  • စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ

    စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ

    လွိုင်ကော်တွင် အတင်းအဓမ္မ စစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ

    ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် အတင်းအဓမ္မစစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်ခိုလှုံခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီလ ၂၃ ရက်နေ့ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အပြင်ဘက်ရှိ ထီးစဲခါးကင်းစခန်း တစ်ခု ၌ တာ ဝန်ကျနေသော ခလရ ၂၄၇ တပ်ရင်းမှ တပ်သား ၄ ဦးသည် MA-3 အမျိုးအစား သေ နတ် ၃ လက် ၊ MA-1 အမျိုးအစား သေနတ် ၁ လက်တို့နှင့်အတူ KNDF တပ်ရင်းအသီးသီးထံသို့ ရောက်ရှိ ခိုလှုံခဲ့ကြောင်း သိရသည်။

    အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခု၌ တာဝန်ကျနေ သော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၄၃၀ တပ်ရင်းမှ တပ်းသား ၃ ဦးတို့ လက် နက်မဲ့ ထွက်ပြေးလာကာ KNDF သို့ ဝင်ရောက် ခိုလှုံလာခဲ့ကြောင်း သိရသည်။

    ထိုသို့ အလင်းဝင်ရောက်လာသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ဝင်ရောက်ရန် လုံးဝ ဆန္ဒမရှိကြပဲ စစ်တပ်က‌ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ စစ်တပ်အတွင်း ဆွဲသွင်းခြင်း ခံရကာ ကရင်နီ ပြည်နယ်တွင်းရှိ ရှေ့တန်းစစ်ဆင်ရေးများသို့ ပို့ဆောင်ခြင်းခံရသူများဖြစ်ကြောင်း၊ အကြမ်းဖက်စစ် တပ်ကို စွန့်ခွာပြီး ခိုလှုံဝင်ရောက်လာသူများကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KNDF က ပြောဆိုသည်။

    စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသောတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်လူတစ်စု ၏ အကျိုးစီးပွားအတွက် ရပ်တည်နေမည့်အစား ယခုကဲ့သို့ စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြရန် KNDF ဗဟိုသတင်းနှင့် ပြန် ကြားရေးဌာနက တိုက်တွန်းထားသည်။

  • ကာကွယ်ရေးနှင့် ပတ်သက်လာပါက စစ်ကောင်စီတပ်သားများ လုပ်ရဲကိုင်ရဲသည့်စိတ်ရှိရန် စစ်ခေါင်းဆောင်မှာကြား

    ကာကွယ်ရေးနှင့် ပတ်သက်လာပါက စစ်ကောင်စီတပ်သားများ လုပ်ရဲကိုင်ရဲသည့်စိတ်ရှိရန် စစ်ခေါင်းဆောင်မှာကြား

    နိုင်ငံကာကွယ်ရေးနှင့် ပတ်သက်လာပါက စစ်ကောင်စီတပ်သားများအနေဖြင့် လုပ်ရဲကိုင်ရဲသည့် စိတ်များနှင့် လုပ်ချင်ကိုင်ချင်စိတ်များရှိရန်လိုကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဇန်နဝါရီလ ၂၅) ရက်နေ့က သန်လျင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာတွင် ပြောသည်။

    စစ်ကောင်စီတပ်သားများအနေဖြင့် တဦးတယောက်ချင်း ကိုင်တွယ်အသုံးပြုရသည့် လက်နက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရန်လိုကြောင်းလည်း သူက ဆက်ပြောသည်။

    “သင်တန်းကျောင်းများမှ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို လက်တွေ့နယ်ပယ်၌ အကျိုးရှိ ထိရောက်အောင် အသုံးချနိုင်ရမည်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။

    ထို့ပြင် စစ်သားဘဝကို ခုံမင်မြတ်နိုးတန်ဖိုးထားရန်၊ စစ်ကောင်စီတပ်သားများ၏ ဘဝကို ဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လည်း ၎င်းက မှာကြားသည်။

    လက်ရှိ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့်ရှိကာ ၎င်းအနက် လူဦးရေအနည်းငယ်သာ တပ်မတော်သားဘဝကို ခံယူပြီး ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်ကြသဖြင့် အဆိုပါ ဘဝကို ဂုဏ်ယူရန် စစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း တောင်ညိုတပ်နယ်တွင် ထိုသို့ဂုဏ်ယူရန် ပြောဆိုခဲ့ဖူးသည်။

    အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့အကြား တိုက်ပွဲများ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိသည်။

    အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသများတွင် စစ်ကောင်စီတပ်သားများက အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ၊ စစ်ကြောင်းထိုးရင်း အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများနှင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများကို လေကြောင်းဖြင့် ဗုံးကြဲခြင်းအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိချိန်များတွင်ပါ စစ်ဘေးရှောင်နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ထုတ်ပြန်ချက်များအရ သိရသည်။

    နိုင်ငံရေးအကျဉ်းသားများကူညီ‌စောင့်ရှောက်ရေးအသင်း (AAPP)၏ ဇန်နဝါရီလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် ၁၁ ဦးအပါအဝင် စုစုပေါင်း ၅၂ ဦးသေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

    ပုံအညွှန်း – စစ်​ကောင်စီ​ခေါင်း​ဆောင်အား သန်လျင်တပ်နယ်တွင် ဇန်နဝါရီလ ၂၅ ရက်​နေ့က ​တွေ့ရစဥ် (ဓါတ်ပုံ – MOI)

  • မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တရုတ်ဝင်ကူရန် စစ်ခေါင်းဆောင် ပန်ကြား

    မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တရုတ်ဝင်ကူရန် စစ်ခေါင်းဆောင် ပန်ကြား

    တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအပေါ် ထောက်ခံနေသလို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း ကူညီဆောင်ရွက်ပေးရန် ပန်းကြားကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနား၌ ပြောသည်။

    အဆိုပါ တရုတ်နှစ်သစ်ကူးပွဲတော်ကို ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ မာကျားနှင့်တရုတ်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့သည်။

    စစ်ခေါင်းဆောင်က တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံတခုတည်းဖွံ့ဖြိုးတိုးတက်ရေးထက် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသောကမ္ဘာ့နိုင်ငံများကိုပါ တပါတည်းဖွံ့ဖြိုးတိုးတက်စေရန် BRI စီမံကိန်းများကို အကောင်အထည်ဖော်နေကြောင်း၊ မြန်မာ- တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား ကျေးဇူးတင်ကြောင်းလည်း ဆိုသည်။

    ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံရေးအရ၊ ယုံကြည်မှုအရ ပိုမိုတိုးတက်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။

    ထို့ပြင် မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟုလည်း ထည့်သွင်း ပြောဆိုသည်။

    လက်ရှိတွင် တရုတ်၏ဖိအားကြောင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်လျက်ရှိသည့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဝင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် စစ်တပ်တို့ ဇန်နဝါရီ ၂၀ ရက်က အပစ်ရပ်ခဲ့သည်။

    တည်ငြိမ်အေးချမ်းရေးကူညီပေး၍ တရုတ်ကို ကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင်ပြော၊

    တရုတ်စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခင်းအကျင်း ဖော်ဆောင်မည်ဟုဆို

    တရုတ်အနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအပေါ် ထောက်ခံပြီး တည်ငြိမ်အေးချမ်းရေးကို အလေးထား ကူညီပေးနေသည့်အတွက် တရုတ်အစိုးရနှင့် တရုတ်နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ကျေးဇူးတင်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဇန်နဝါရီလ ၂၅) တက်ရောက်သည့် တရုတ်နှစ်သစ် ကူးပွဲတော် အခမ်းအနားတွင် ပြောသည်။

    စစ်ကောင်စီအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေရာ အောင်မြင်သည့်အရွေ့များ ဖြစ်ပေါ်လာပြီး ယင်းမှာ အိမ်နီးချင်းဖြစ်သည့် တရုတ်နိုင်ငံ၏ အားပေးကူညီမှုကြောင့်ဟုလည်း သူကဆိုသည်။

    “ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ ကူညီဆောင်ရွက်ပေးရန် ပန်ကြားလိုကြောင်း” စစ်ခေါင်းဆောင်က ပြောသည်။

    ထို့ပြင် တရုတ်၏ BRI စီမံကိန်းများ၊ စီးပွားရေးစင်္ကြံစီမံကိန်းများကိုလည်း ထည့်သွင်းပြောဆိုပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခင်းအကျင်းကို ဖော်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။

    စစ်​ကောင်စီအ​နေဖြင့် တရုတ် – မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးရေး ပိုမိုတိုးတက်ခိုင်မာအောင် အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်၏ ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်းလည်း ပြောသည်။

    အာဏာသိမ်းပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဖယ်ကျဉ်ခံထားရသည့် စစ်ကောင်စီနှင့် တရုတ်နိုင်ငံအကြား နီးကပ်သည့်ဆက်ဆံရေးဆက်လက်ရှိနေပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီခေါင်းဆောင်အနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

    တရုတ်နှစ်သစ်ကူးနေ့ကိုလည်း စစ်ကောင်စီက မြန်မာနိုင်ငံ၏ ရုံးပိတ်ရက်အဖြစ်၂၀၂၄ ခုနှစ် ဇူလိုင်လတွင် သတ်မှတ်ခဲ့သည်။ ထိုသတ်မှတ်မှုသည် တရုတ်၏ မြန်မာအပေါ် ထားသည့်ရပ်တည်ချက်ကို အသိအမှတ်ပြုကြောင်း ဖော်ပြခြင်းဖြစ်ပြီး တရုတ်၏ ဆောင်ရွက်ချက်များကို အလေးအနက်ထောက်ခံခြင်းဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင်က ယခု အခမ်းအနားတွင် ပြောဆိုခဲ့သည်။

    ထို့ပြင် လက်ရှိတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့များက သွေးခွဲနေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံတာဝန်ရှိသူများနှင့် နိုင်ငံသူ၊ နိုင်ငံသားများက အထူးဂရုစိုက်ရန်လိုသည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ဓာတ်ပုံ- CINCDS

  • စစ်ဘေးရှောင်များ ရောက်ရှိလာပြီးနောက် ပုသိမ်တွင် အိမ်ငှားခဈေးတက်

    ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့သို့ ဇန်နဝါရီလအတွင်း ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသများမှ စစ်ဘေးရှောင်များရောက်ရှိလာပြီးနောက် အိမ်ငှါးခများ ဈေးမြင့်တက်သွားကြောင်း သတင်းရရှိသည်။

    “ကျွန်တော်တို့ မနေခင်က တစ်လကို ကျပ်ရှစ်သောင်းနဲ့ငှါးတဲ့အိမ်က နှစ်သိန်းပေးနေရတယ်။ နောက်ပြီးဘယ်သူမှ တစ်လခြင်းမရှိဘူး၊ ခြောက်လ အနည်းဆုံးစာချုပ်နဲ့ ငွေပုံရတယ်။ စစ်ရှောင်လာရတော့ အပြီး၀ယ်နေဖို့လဲ အဆင်မပြေ၊ ခုလို အိမ်ဌားခတွေတက်တော့ရေရှည်မှာအဆင်မပြေဘူး”ဟု ရွှေသောင်ယံမြို့မှပြောင်းရွှေ့လာပြီး အိမ်ငှါးနေထိုင်သူ တစ်ဦးမှ ပြောသည်။

    ပုသိမ်မြို့နယ်အတွင်းသို့ ၂၀၂၄ ခုနှစ်အတွင်းရခိုင်ပြည်နယ်၊ လားရှိုးနှင့်မိုးကုတ်စသည့်ဒေသများမှ စစ်ဘေးရှောင်များရောက်ရှိနေရာမှ ယခု ဇန်နဝါရီလအတွင်း ကမ်းခြေဒေသမှဒေသခံများပါ ဝင်ရောက်လာကြသောကြောင့် ယခင် အိမ်ငှါးခ တစ်လလျှင် ကျပ် ၅၀,၀၀၀ မှ ၆၀,၀၀၀ ပေးရသည့် အိမ်များမှာ လက်ရှိတွင် ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ အထိစျေးတက်သွားကြောင်း သိရသည်။ ထို့အပြင် တိုက်လုံးခြင်းများ၏ ငှါးရမ်းခမှာ တစ်လ လျှင် လေးသိန်းခန့်ပေးရကြောင်း ဒေသခံများကပြောသည်။

    “ပုသိမ်မှာ အချို့ပွဲစားတွေကတော့ အိမ်ရှင်နဲ့ပေါင်းပြီး ဈေးတင်တာတွေတော့ရှိပါတယ်။ အချို့တွေကြတော့လည်း စစ်ရှောင်ဆို ပွဲခမယူပဲလိုက်ကူညီတာတွေနဲ့ အိမ်ပိုင်ရှင်တွေကဈေးလျှော့ယူတာမျိုးလဲရှိတယ်။ လူတိုင်းတော့မဟုတ်ပါဘူး”ဟု ပုသိမ်မြို့မှ အိမ်၊ ခြံ၊ မြေ ပွဲစားလုပ်ကိုင်သူတစ်ဦးမှ ပြောသည်။

    အိမ်ငှားရန်အဆင်မပြေသူအချို့သည် ရင်းနှီးသောဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြသော်လည်း မြို့ပေါ်ဘုန်းကြီးကျောင်းအများစုမှာ လက်ခံပေးခြင်းမရှိသောကြောင့် ကျေးရွာများအထိဆင်းပြီးအိမ်ငှါးနေထိုင်နေကြကြောင်း သိရသည်။

    စစ်ဘေးရှောင်သူများအများ ဆုံး၀င်ရောက်သည့် မြို့များမှာ ပုသိမ်၊အသုတ်၊ ရေကြည်၊ ငါးသိုင်းချောင်း နှင့် လေးမျက်နှာမြို့နယ်တို့တွင်အများဆုံးဖြစ်ပြီ ရုံးကိုစွန့်ခွာကာပြေးလာသောNon CDM ထမ်းများကိုလည်း ဧရာ၀တီတိုင်းအတွင်း မြို့နယ်များတွင် ပြန်လည် တာ၀န်ချပေးခြင်းကြောင့် ယခုကဲ့သို့ အိမ်ခန်းနှင့် တိုက်ခန်းများ ငှါးရမ်းမှုမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။