Category: News

  • ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖမ်းဆီးထား

    ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖမ်းဆီးထား

    ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ ယာယီကျောင်းအုပ်ဆရာက ကျောင်းသား ၁၇ ဦးအား အဓမ္မပြု ကျင့်ခဲ့တယ်လို့ ဖြစ်စဉ်ကိုသိထားတဲ့ ဒေသခံထံက သိရပါတယ်။

    ကျောင်းသားတွေကို အဓမ္မပြုကျင့်သူဟာ မုက္ကလကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲက ယာယီကျောင်းအုပ်ဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဦးသက်ဇော်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။

    အဓမ္မပြုကျင်ခံရတဲ့ ကျောင်းသားတွေထဲက ကျောင်းသားတဦးဖြစ်သူ အသက် ၁၁ နှစ်အရွယ် ၄ တန်း ကျောင်သားက နေအိမ်မှာရှိနေချိန် အနေအထိုင်မမှန်တာကြောင့် မိဘဖြစ်သူတွေက ခေါ်မေးမြန်းရာမှ အဓမ္မပြုကျင့်ခံရတာကို သိရပြီးနောက် ဇန်နဝါရီ ၂၃ ရက် မနေ့ မနက်ပိုင်းမှာ ပဲခူးမြို့မရဲစခန်းမှာ အမှုဖွင်ခဲ့တာလို့ ဆိုပါတယ်။

    “၄ တန်းကျောင်းသား မိဘတွေကနေ သိသွားတာ။ ကလေးက ကျန်းမာရေးမကောင်းတဲ့ပုံစံဖြစ်တယ်ဆိုတော့ မိဘတွေက စစ်တော့သိလို့ မိဘတွေကိုယ်တိုင် အမှုဖွင့်တာ။ စုစုပေါင်းဆို ၁၇ ယောက်ရှိတယ်။” လို့ ဖြစ်စဉ်ကို သိထားတဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

    ၄ တန်းကျောင်းသားလေးကိုတော့ ဦးသက်ဇော်အောင်က ဇန်နဝါရီ ၁၅ ရက် နဲ့ ၁၆ ရက်တွေမှာ ကျောင်းလွှတ်ချိန် ကျောင်းအုပ်ရုံးခန်းထဲကို ခေါ်ဆောင်ပြီး ရုံးခန်းအတွင်းမှာပင် ၂ ရက်ဆက် အဓမ္မပြုကျင့်ခံခဲ့ရတာလို့ ကလေးငယ်ရဲ့ ပြောပြချက်ကို ကိုးကားပြီး သူက ထပ်ပြောပါတယ်။

    နစ်နာသူကလေးမိဘတွေရဲ့ တိုင်တန်းချက်အရ ပဲခူးမြို့မရဲစခန်းမှ ရဲအဖွဲ့ဝင်တွေက ကျောင်းဆရာနေထိုင်တဲ့ စိုင်းတီကျေးရွာကနေ အိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

    ဖမ်းဆီးပြီးနောက် ရဲတွေက စစ်ဆေးမေးမြန်းချိန်မှာ ကျောင်းဆရာရဲ့ထွက်ဆိုချက်အရ ကျန်တဲ့ အသက် ၇ နှစ်ကနေ ၁၅ နှစ်အတွင်းရှိ ကျောင်းသား ၁၇ ဦးကိုပါ ၁ နှစ်အတွင်း အဓမ္မပြုကျင့်ခဲ့တယ်ဆိုတာ သိရတယ်လို့ ဆိုပါတယ်။

    ဦးသက်ဇော်အောင်က ကျောင်းသားတွေကို ကျောင်းအုပ်ရုံးခန်း၊ သူနေထိုင်တဲ့နေအိမ်တွေကိုခေါ်ယူပြီး အဓမ္မပြုကျင့်ခဲ့တာလို့ သိရပြီး ကျောင်းဆရာကို ပဲခူးမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်ဖို့လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။

    ပဲခူးတွင် ကျောင်းသား ၁၇ ဦးအား အဓမ္မပြုကျင့်သည့် ကျောင်းအုပ်ကြီး ဖမ်းဆီးခံရ

    အရွယ်မရောက်သေးတဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ပဲခူးမြို့၊ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာကြီးကို ဇန်နဝါရီ ၂၃ ရက် မနက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

    မုလက္ကအလယ်တန်းကျောင်းခွဲမှာ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသားတယောက်ကို ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်က အလိုမတူဘဲ နှစ်ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တဲ့အပေါ် မိဘဖြစ်သူက တိုင်ကြားတာကြောင့် ဖမ်းဆီးခံရတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ဖြစ်စဥ်က ၁၅ ရက်ကတည်းကဖြစ်တာ၊ ကလေးကို rape လုပ်တာ နှစ်ရက်ဆက်တိုက်၊ မိဘတွေက ကလေးကပြန်ပြောမှသိတာ၊ အဲဒီကျမှ ရဲစခန်းတိုင်တာ၊ အဲဒီလိုတိုင်မှ rape လုပ်ခံရတာ ၁၇ ယောက်တောင် ရှိပြီဆိုတာ သိရတာ။”

    ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်ဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၇ ယောက်ကို ကျောင်းအုပ်ကြီးရုံးခန်းနဲ့ သူနေထိုင်ရာအိမ်မှာ လိင်တူဆက်ဆံခဲ့တာကြောင့် မိဘတွေက အမှုဖွင့်ထားတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ကျောင်းသားမိဘတွေကိုယ်တိုင် အမှုဖွင့်တာ၊ ကလေးတွေကို ကျောင်းအုပ်ကြီးရုံးခန်းနဲ့ ဆိုင်တီရွာက သူ့နေအိမ်မှာလည်း rape လုပ်တာ၊ ရဲစခန်းဘက်ကတော့ စစ်ဆေးနေတုန်း၊ ဒါမျိုးက နောက်လူတွေ မလုပ်ရဲအောင် ဝန်ထမ်းကနေ အရင်နားပစ်လိုက်ရမှာ။”

    ဒီလိုပြစ်မှုမျိုးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိပါက ဆရာနဲ့ ကျောင်းသားမိဘတွေကြား ယုံကြည်မှု ကင်းမဲ့သွားမှာဖြစ်တယ်လို့ မြို့ခံတွေက ဝေဖန်ကြပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်း မုဒိမ်းမှု ၁,၂၆၀ ရှိခဲ့ပြီး အဲဒီထဲမှာ သက်ငယ်မုဒိမ်းမှု ၇၂၂ မှု ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားပါတယ်။

  • ကန့်ဘလူမှာ သုံးရက်အတွင်း တပ်သားသစ်စုဆောင်းခံရသူ ၃၅၀ ခန့်ရှိ

    ကန့်ဘလူမှာ သုံးရက်အတွင်း တပ်သားသစ်စုဆောင်းခံရသူ ၃၅၀ ခန့်ရှိ

    ကန့်ဘလူမြို့မှာ စစ်အုပ်စုက အသက် ၁၈ ကနေ ၅၀ နှစ်ကြား အမျိုးသားတွေကို တပ်သားသစ်အဖြစ် မဲနှိုက်ရွေး ချယ်နေပြီး လက်ရှိမှာ အဲဒီလို ရွေးချယ်စုဆောင်းခံထားရသူ ၃၅၀ ခန့်ရှိနေပြီလို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

    “ပေါ်တာဆွဲ မဲနှိုက်ခိုင်းထားတဲ့ မြို့ပေါ်ကလူထုကို အားလုံး ၃၅၀ ရပြီလို့ပြောတယ်။ မနေ့ကထိအောင်။ ဒီနေ့ နမခ ( အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကို ပို့မယ်လို့ ကြားတယ်”လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်စပြီး ကန့်ဘလူမြို့ပေါ်က အမျိုးသားတွေကို တပ်သားသစ်အဖြစ် မဲနှိုက် စုဆောင်းနေတာဖြစ်ပြီး သုံးရက်အတွင်း အမျိုးသား ၃၅၀ခန့် အဓမ္မစုဆောင်းခံထားရတာလို့ဆိုပါတယ်။

    ကန့်ဘလူမြို့ပေါ်မှာ အမှတ် (၆၀၀၆) တင့်ကားတပ်ရင်၊ ခရိုင်ထွေအုပ်ရုံး၊ မြို့နယ်ထွေအုပ်ရုံး၊ ရဲစခန်း စတဲ့ စစ်အုပ်စု ယန္တရားတွေ လည်ပတ်နေပြီး မြို့ပေါ်မှာကျန်ရှိနေခဲ့သူ အများစုဟာ စစ်အုပ်စုလက်အောက်မှာ လုံခြုံစိတ်ချပြီး နွေ ဦးတော်လှန်ရေးက သူတို့နဲ့မသက်ဆိုင်ဘူးလို့ ခံယူထားကြသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “သူတို့က လုံခြုံစိတ်ချပြီးတော့မှ ငါတို့နဲ့မဆိုင်ဘူးပေါ့။ နွေဦးတော်လှန်ရေးဟာ သူတို့နဲ့မဆိုင်ဘူး။ အန္တရာယ်ကင်း တယ်ဆိုပြီးတော့မှ အေးအေးဆေးဆေးနေကြတဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ” လို့ လက်ရှိ တပ်သားသစ်စုဆောင်းခံရသူ တွေ နဲ့ပတ်သက်ပြီး ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

    ကန့်ဘလူမြို့မှာ မဲနှိုက်ပြီး တပ်သားသစ်စုဆောင်းခံထားရသူတွေကို မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်ကို ပို့ဆောင်ပြီး စစ်သင်တန်းပေးဆောင်မယ်လို့ သိရကြောင်း ဒေသခံတချို့က ပြောပါတယ်။

    လက်ရှိမှာ ကန့်ဘလူနဲ့ ကျွန်းလှနယ်ထဲ စစ်အုပ်စုနဲ့ ပျူစောထီးတွေက တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းထား တဲ့ ပြည်သူတွေကို ကန့်ဘလူမြို့ အမှတ် (၆၀၀၆)တင့်ကားတပ်ရင်းမှာ စစ်သင်တန်းပေးနေရုံတင်မကတော့ဘဲ က လေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)နဲ့ မုံရွာ-နမခတွေဆီ ပို့ဆောင်ပြီး စစ်သင်တန်းပေးနေတာလို့ ဒေသခံ တချို့က ပြောပါတယ်။

  • အဆိုတော်မာရဇ္ဇ ကွယ်လွန်

    အဆိုတော်မာရဇ္ဇ ကွယ်လွန်

    အဆိုတော် မာရဇ္ဇ ယမန်နေ့ညပိုင်းက ရန်ကုန်မြို့၊ ဗဟိုစည်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ သိရသည်။

    အဆိုတော် ဆုန်သင်းပါရ်က “နှမျောဝမ်းနည်းရပါတယ်။ ငါ့အစ်ကိုကြီး ဖျော်ဖြေပွဲခရီးများစွာ အတူသွားခဲ့ကြတယ်။ စည်းကမ်းရှိပြီး ကိုယ့်ကိုယ်ကိုယ် အမြဲဂရုစိုက်နေတတ်တဲ့သူ ကိုယ်ပိုင်ဟန်၊ အသံ သီချင်းကောင်းများစွာ ချန်ထားခဲ့ပေးလို့ ကျေးဇူးတင်တယ်နော်။ သွားနှင့်တော့ အစ်ကိုရေ” ဟု ဝမ်းနည်းကြောင်း ရေးသားထားသည်။

    အဆိုတော် မာရဇ္ဇ ကွယ်လွန်သည့်အပေါ် ဂီတလောကမှ အနုပညာရှင်များစွာက ဝမ်းနည်းကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောကြားထားသည်ကို တွေ့ရသည်။

    အဆိုတော် မာရဇ္ဇသည် ကိုယ်ပိုင်သံစဉ်သီချင်းများကို သီဆိုတန်ဖိုးထားသည့် အဆိုတော်တဦးဖြစ်ပြီး ၎င်းသီဆိုထားသော ဆွဲအား၊ မျှော်လင့်ခြင်းလမင်း၊ အလွမ်းမိတ်ဆွေ၊ ရွှေရောင်ကောင်းကင် စသည့် သီချင်းများမှာ လူကြိုက်များကျော်ကြားသည်။

  • မင်းလှတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီး ပစ်ခတ်ခံရပြီး သေဆုံး

    မင်းလှတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီး ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာမှ ပျူစောထီး ရှမ်းလေး (ခ) မိုးကြီးကို နေအိမ်အတွင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ပျူစောထီး ရှမ်းလေး (ခ) မိုးကြီး သည် အကြမ်းဖက် စစ်တပ် ထံ မမှန်သတင်းပေးကာ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်း၍ အကြမ်းဖက် စစ်တပ်ထံ သတင်း ပေးခြင်းများ လုပ်ဆောင်နေသောကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဒီလူကပြည်သူတွေကို PDF ထောက်ပို့ဆိုပြီး စစ်ခွေးတွေကို သတင်းပေးတယ်။ သူ့ကြောင့် ဖမ်းဆီးခံရတဲ့ သူတွေရှိတယ်။ စစ်ကြောရေး ရောက်နေတဲ့ သူတွေရှိတယ်။ နောက်ပြီးတော့ သူကတော်လှန်ရေး တပ်ဖွဲ့တွေ သွားတာ လှုပ်ရှားတာတွေကို စောင့်ကြည့်ပြီးတော့ စစ်ခွေးတွေကို သတင်းပေးတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေ ဘယ်နေရာမှာ မိုင်းထောင်ထားတယ် အဲလိုမျိုးတွေ သတင်းပေးတယ်။ သူ့ကြောင့် တော်လှန်ရေး ရဲဘော်တွေ အလုပ်လုပ်ကိုင်ရတာတွေလည်း တော်တော်ခက်တယ်။ အဲလိုမျိုးတွေ လုပ်နေတော့ သတိပေးလည်း မရတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အရင်ကလည်း သူ့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ဖူးတယ်။ အဲလိုဝင်ပစ်တုန်းကလည်း အိမ်မှာမနေဘဲ တခြားမှာသွားနေလို့ လွတ်သွားတာ” ဟု သာယာဝတီခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    မင်းလှမြို့နယ်တွင် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီ တပ်သားများနှင့် စစ် ထောက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့ အနီးသွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

  • ငွေစက္ကူထုတ်ဝါဇီစက်ရုံအား တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

    ငွေစက္ကူထုတ်ဝါဇီစက်ရုံအား တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

    စစ်ဆင်ရေးအသေးများပြုလုပ်ပြီး အာရုံလွှဲလုပ်ဆောင်ခဲ့ခြင်းဟု မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ပြော

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဝါဇီဒေသရှိ လုံခြုံရေးနှင့်ဆိုင်‌သော ပုံနှိပ်လုပ်ငန်းများစက်ရုံ(လနစ) ခေါ် မြန်မာငွေစက္ကူထုတ်ဝေရေးအလုပ်ရုံ(ဝါဇီ)အား တော်လှန်ရေးပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ကိုCyrusက ပြောသည်။

    ဇန်နဝါရီ ၁၉ရက်က အဆိုပါ ဝါဇီစက်ရုံ ပင်မအဆောက်အဦးအား အချိန် ၂နာရီကြာပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် အခြားစစ်ဆင်ရေးမစ်ရှင်များပြုလုပ်ကာ အာရုံလွှဲပြောင်းပြီး ပြုလုပ်ခဲ့ခြင်းဟု ကို Cyrus က ပြောသည်။

    “ဒီဟာလုပ်ဖို့အတွက် အခြားမစ်ရှင်ပွဲအသေးတွေကို အာရုံလွှဲပြီး ပွဲကခဲ့တာ။ ဆိပ်ဖြူနယ်မှာ အခြားနေရာတွေ မစ်ရှင်လုပ်အပြီးမှာ သူတို့အဲဘက်အာရုံရောက်အောင်လုပ်ပြီး ပြင်ဆင်ခဲ့တာ။ နှစ်ပတ်လောက်အချိန်ယူ ပြင်ဆင်ခဲ့တယ်”ဟု မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ကို Cyrus က ပြောသည်။

    ဇန်နဝါရီလဆန်း ၅ရက်ကတည်းက ဝါဇီစက်ရုံနှင့် အနီးတွင်ရှိသော ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား စတင်တိုက်ခိုက်အာရုံလွှဲပြောင်းခဲ့ခြင်းဟု ဆိုသည်။

    ဇန်နဝါရီ ၁၉ ရက် နံနက် ၆ နာရီကျော်က ဆိပ်ဖြူမြို့အနီးရှိ ဝါဇီစက်ရုံကို ကိုယ်တိုင်ထုတ်လုပ်ထားသော Short Range Missile (၁၇)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်းပကဖ က ယနေ့ (ဇန်နဝါရီ ၂၃ ရက်)တွင် အသိပေးထုတ်ပြန်သည်။

    ပစ်ခတ်တိုက်ခိုက်ခဲ့သည့် SRM (၁၇)လုံးတွင် ၁၃လုံး အောင်မြင်ခဲ့ပြီး စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ရန်သူ့ဘက်မှ ၆၀ မမများဖြင့် တရစပ်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု မကွေးတိုင်း ပကဖက အသိပေးသည်။

    “အဆောက်အဦး‌တွေ ထိခိုက်ပျက်စီးမှုရှိကြောင်းကလွဲပြီး ကျန်တာအတည်မပြုနိုင်သေးပါဘူးခင်ဗျ။ အရင်ကတော့ အခုလိုမျိုး ကျနော်တို့ဘက်က တိုက်ခိုက်ရင် ရန်သူ့ဘက်က စစ်ကြောင်းထိုးပြီး နယ်မြေရှင်းဖို့ ကြိုးစားခဲ့တာ‌မျိုးတွေ ရှိခဲ့ပါတယ်။ အခုတော့ စစ်ကြောင်းထိုးလာတာမျိုး ‌မတွေ့ရသေးဘူးခင်ဗျ”ဟု တိုက်ခိုက်မှုနှင့်စပ်လျဉ်းပြီး မကွေးတိုင်း ပကဖမှ ရဲဘော်တစ်ဦးက ပြောသည်။

    ထို့အပြင် ဝါဇီစက်ရုံ၏ ပထမခံစစ်စည်းများဖြစ်သော ပခုက္ကူမြို့နယ်ရှိ လယ်ကျင်းကျေးရွာအနီးရှိ ဇီးပင်ဂိတ်၊ တောခေါင်းဂိတ်နှင်း ချိုက်ကျေးရွာရှိ စခန်း၊ မြင်းစကောကျေးရွာရှိ စခန်း၊ ဆိပ်ဖြူမြို့နယ်ရှိ ချောင်းမကြီးကျေးရွာရှိ စခန်းများအား တစ်ပြိုင်နက် တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။

    အထက်ပါ စစ်ရေးတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ကနဦးသိရပြီး ထိခိုက်သေဆုံးစာရင်းအတိအကျအား အတည်မပြုနိုင်သေးကြောင်း မကွေးတိုင်း ပကဖက အသိပေးသည်။

    ဇန်ဝါရီ ၅ရက်ကစ၍ ဆိပ်ဖြူမြို့နယ် ထန်းပင်ချောင်းကျေးရွာအနီးတွင် တပ်စွဲထားသော ဆယ်မိုင်လမ်းဆုံနေရာနှင့် ထိုနေ့တွင်ပင် ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာအတွင်းရှိသော လက်ဆည်ရဲစခန်းအား ဒရှော့ဗုံးသီး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    တိုက်ခိုက်မှုများအတွင်း Fixedwingsတစ်စီး ပျက်ကျ ဆုံးရှုံးခဲ့ရပြီး အခြားမစ်ဇိုင်းများ ပျက်စီးမှုများအတွက် ပြည်သူများအနေဖြင့် တက်နိုင်သ၍ ကူညီပေးကြရန်လည်း ကို Cyrus က မေတ္တာရပ်ခံသည်။

    တိုက်ခိုက်မှုများကို မကွေးတိုင်း ပကဖ၏ ဒရုန်းလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F)၊ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (N.S.P)၊ ပခုက္ကူခရိုင် အမှတ် (၄)တပ်ရင်းမှ တပ်ခွဲ (၃)နှင့် ပခုက္ကူခရိုင် အမှတ် (၈)တပ်ရင်းမှ တပ်ခွဲ (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    ဝါဇီစက်ရုံ ကားကင်းစခန်းများတိုက်ခိုက်ခံရမှုတွင် အာရက္ခတပ်တော်(AA)တပ်ဖွဲ့လည်းပါဝင်ကြောင်းနှင့် တိုက်ခိုက်သူများမှာ အဆိုပါစက်ရုံအနီးတွင် ပြန်လည်အင်အားစုနေကြသည်ဟု စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ရေးသားနေကြသည်။

    ၂၀၂၃ ဧပြီ၁၆ ရက်ကလည်း အဆိုပါ ဝါဇီစက်ရုံအား တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။

    ဝါဇီစက်ရုံအား တိုက်ခိုက်ရန် တော်လှန်ရေးရဲဘော်များ ပြင်ဆင်နေစဉ်။(ဓာတ်ပုံ − ပေးပို့)