Category: News

  • စစ်တပ်က လက်နက်ခဲယမ်းများစုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲ (ရုပ်သံ)

    စစ်တပ်က လက်နက်ခဲယမ်းများစုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲ (ရုပ်သံ)

    ရေဖြူမြို့နယ်၊ နဘုလယ်ဆိပ်ကမ်းတွင် စစ်တပ်က လက်နက်ခဲယမ်းများစုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ၏ ဒရုန်း ၂ စီး အပါအဝင် လက်နက်ခဲယမ်းများ မီးလောင်ပေါက်ကွဲပျက်စီး

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဆိပ်ကမ်း၌ လက်နက်ခဲယမ်းများ စုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒရုန်း ၂ စီးအပါအဝင် လက်နက်ခဲယမ်းများ မီးလောင်ပေါက်ကွဲပျက်စီးခဲ့ကြောင်း ဗထူးတပ်မတော် -BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီက ရေဖြူမြို့နယ် ၊ နဘုလယ်ရေနက်ဆိပ်ကမ်းအနီး ပင်လယ်ပြင်ရှိ စစ်သင်္ဘောမှ နဘုယ်လယ်ရေနက်ဆိပ်ခန်းရှိ အကြမ်းဖက်အခြေစိုက် တပ်စခန်းသို့ လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ရေလမ်းကြောင်း မှတဆင့် Multi – Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ် နှင့် ခဲယမ်းအမြောက်အများ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။

    ထိုသို့သယ်ဆောင်လာပြီးနောက် နဘုလယ်ဆိပ်ကမ်း၌ စုပုံထားကာ အခြေစိုက်စခန်းသို့ သယ်ဆောင် ရန် ကားစောင့်နေစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စုပုံ ထားသည့် လက်နက်ခဲယမ်းပုံအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး Multi – Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ် နှင့် ခဲယမ်းအမြောက်အများ အားလုံး နီးပါး မီးလောင်ပေါက်ကွဲ၍ ပျက်စီးသွားကြောင်း သိရသည်။

    “သေဆုံးထိခိုက်မှုကတော့ မသိရသေးဘူး။ ဒရုန်းဗုံးသီး ကျတဲ့အချိန် အကုန်ထွက်ပြေးသွားတာ၊ ဆိပ်ကမ်းကိုရောက်ပြီး ကမ်းပေါ်မှာ လက်နက်ခဲယမ်းတွေ စုပုံထားတဲ့အချိန် ဗုံးသီးချခဲ့တာပါ၊ ဗုံးသီး ၃ လုံးချခဲ့တယ်၊ လက်ရှိတော့ အဲဒီစခတွေ နဘုလယ်ဆိပ်ကမ်းကနေ သူတို့ အခြေစိုက်တဲ့ စခန်းကို ရောက်သွားကြပြီ” ဟု ဗထူးတပ်မတော် -BHA တပ်ဖွဲ့မှ တာဝန်ရှိသူက ပြော ကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မတော် (BHA) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

    အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုအား နိုင်ငံ၏ နေရာဒေသအသီးသီးတွင် အဓိက ထား အသုံးပြုတိုက်ခိုက်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ် မှ ကာကွယ်နိုင်ရန် အတွက် ကြိုတင်ပြင်မှုများ လုပ် ဆောင် ထားကြရန် အလေးအနက် တိုက်တွန်း ထားသည်။

    အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက် အောက် ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများ စွာဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံဝင်ရောက်ကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

  • AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

    အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။

    ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့အနီးက ဘောမိရွာနဲ့ ကမ်းခြေကို AA တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုထားပါတယ်။

    ဒါ့အပြင် ရခိုင်-ဧရာဝတီအစပ်ဖြစ်တဲ့ နေရာတချို့နဲ့ ပွိုင့် ၃၆၉ ကုန်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ရွှေသောင်ယံကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ယာယီထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရေကြောင်းကနေ အင်အားဖြည့်တင်းပြီး ပြန်လည်တိုက်ခိုက်နိုင်တဲ့ အခြေအနေတွေရှိတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

    “ဧရာဝတီက တိုင်းဒေသကြီး ၇ ခုထဲမှာပါပေမယ့် ရခိုင်မင်းဆက်တွေ ပိုင်ခဲ့တဲ့ နယ်မြေတွေရှိပါတယ်၊ ပြီးတော့ ကရင်လူမျိုးစုတွေကလည်း ဒီမှာနေကြတယ်… အဲ့တော့ နယ်မြေပိုင်းခြားမှုအရဆိုရင် မော်တင်စွန်းနေရာလောက်ထိကို လုပ်သွားဖို့ရှိတယ်၊ ကျန်တဲ့ ပူးပေါင်းအဖွဲ့တွေ ပါဝင်လာပြီ အသင့်ဖြစ်သွားပြီဆိုရင်တော့ ဧရာဝတီက ခဏပါပဲ” လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

    စစ်ကောင်စီကင်းစင်တဲ့ အာရက္ခပြည် တည်ထောင်ဖို့ ဦးတည်တိုက်ခိုက်ရာမှာ အရင်ကထက် ပိုများတဲ့ ဖိအားတွေကိုလည်း AA အနေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

    AA တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၄ မြို့ကို အပြည့်အဝ ထိန်းချုပ်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့၊ မာန်အောင်မြို့တို့သာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

    “ကျန်ရှိနေတဲ့ ၃မြို့နယ်ကလည်း AA အနေနဲ့က ဝိုင်းဖက် ပိတ်ဆို့ထားပြီးသားလို့ ယူဆပါတယ်… သူတို့က ပိုင်မှ ပြောတာ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး၊ သူတို့ အသာစီးရောက်ခါမှ ပြောတာပေါ့နော်.. တချို့နယ်မြေတွေဆိုရင် သိမ်းပြီးသလောက်နီးပါးရှိနေပါပြီ သူတို့ မကြေညာသေးဘူး… သေချာတဲ့ အချိန်ကျရင်တော့ ထုတ်ပြန်လာမှာပါ” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

    ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိတဲ့အနက် ၁၀ ခုကို AA တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်ထားပါတယ်။

    ပုံစာ – ရခိုင်ပြည်နယ် ဂွမြို့ကို အပြီးသတ် သိမ်းပိုက်အပြီး မြင်တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ

  • အွန်လိုင်းရာဇဝတ်မှုနဲ့ လူ ၅ သောင်းကျော် တရုတ်ပြည် ပြန်ပို့ခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်

    အွန်လိုင်းရာဇဝတ်မှုနဲ့ လူ ၅ သောင်းကျော် တရုတ်ပြည် ပြန်ပို့ခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်

    မြန်မာစစ်ကောင်စီက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရာမှာ အိမ်နီးချင်းနိုင်ငံတွေကလည်း ဝိုင်းဝန်း ကူညီကြဖို့ တောင်းဆိုလိုက်တဲ့ တချိန်တည်းမှာပဲ ၂၀၂၃ ခုနှစ်ကစလို့ အဲဒီ ရာဇဝတ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်သူ စုစုပေါင်း ၅၀,၀၀၀ လောက်ကို တရုတ်ပြည်ကို ပြန်ပို့ခဲ့ပြီးဖြစ်တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြောပါတယ်။

    အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုလုပ်ဆောင်တဲ့ အဆောက်အဦတွေ မြန်မာနယ်စပ်ဒေသတလျှောက်မှာ ပေါများလာပြီး နိုင်ငံခြားသား အများအပြားလည်း အဲဒီနေရာတွေမှာ အလုပ်လုပ်ဖို့အတွက် ကိုယ့်နိုင်ငံသားအချင်းချင်း လိမ်လည် ဖျားယောင်း ခေါ်ဆောင်ခံရတာအပြင် အဓမ္မ လူမှောင်ခိုကူးခံရတာတွေ ရှိခဲ့ပြီး အဲဒီလုပ်ငန်းတွေကနေ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ရရှိနေကြတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။​

    မြန်မာနိုင်ငံအတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစားဌာနတွေ အများအပြား ရှိနေတဲ့အကြောင်း စစ်ကောင်စီလက်အောက်ခံ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global New Light of Myanmar သတင်းစာမှာ ဒီကနေ့ ပထမဆုံးအကြိမ် တရားဝင် ဝန်ခံ ရေးသားထားပါတယ်။

    ကျားဖြန့်လို့ လူသိများတဲ့ အဲဒီ အွန်လိုင်းရာဇဝတ်မှုလုပ်ငန်းတွေမှာ ပါဝင် ပတ်သက်နေသူ နိုင်ငံခြားသား ၅၅,၀၀၀ လောက်ကို သူတို့ သက်ဆိုင်ရာနိုင်ငံအသီးသီးကို ပြန်ပို့ခဲ့ပြီးဖြစ်တဲ့အပြင် ၂၀၂၃ ခုနှစ်ကစလို့ ၅၃,၀၀၀ ကိုလည်း တရုတ်နိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ အဲဒီ​ သတင်းစာမှာ ရေးသားထားပါတယ်။​

    မကြာသေးခင်ကပဲ ထိုင်း- မြန်မာ နယ်စပ်မှာ တရုတ်သရုပ်ဆောင် ဝမ်ရှင်း ပျောက်ဆုံးမှု ဖြစ်ပွါးခဲ့တာမှာ သူဟာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံရမှုရဲ့ သားကောင် ဖြစ်ခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အနီးဝန်းကျင်မှာရှိတဲ့ အဲဒီ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေအပေါ် နိုင်ငံတကာက အာရုံ ပိုစိုက်လာခဲ့တာပါ။

    မြန်မာနဲ့ ထိုင်း ပါဝင်တဲ့ အာဆီယံ ၁၀ နိုင်ငံအဖွဲ့နဲ့ တရုတ်တို့ ပူးပေါင်းမှု တိုးမြှင့်ပြီး နယ်စပ်ကျော်ဖြတ် ဖြစ်ပွါးတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းရေးကို အရေးတကြီး ကိစ္စရပ်တခုအနေနဲ့ ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ နဲ့ တာဝန်ယူ ဖြေရှင်းဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ ပန်ကြားလိုက်ပါတယ်။

    အွန်လိုင်းရာဇဝတ်မှုတွေမှာ အဓိကကျသူ ၂၀ ဦးကို တရုတ်ထံလွှဲပြောင်းခဲ့ကြောင်းထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (စက်တင်ဘာ ၂၉၊ ၂၀၂၄)

  • ထီးလင်းမြို့ထိန်းချုပ်နိုင်ရေး တော်လှန်ရေး တပ်ဖွဲ့များ ကြိုးစားနေ

    ထီးလင်းမြို့ထိန်းချုပ်နိုင်ရေး တော်လှန်ရေး တပ်ဖွဲ့များ ကြိုးစားနေ

    ထီးလင်းမြို့မ ရဲစခန်း၊ ရုပ်သံကုန်းနှင့် ကင်းပုန်း ဝပ်နေသော စစ်သားများကို တိုက်ခိုက် ထီးလင်းမြို့ထိန်းချုပ်နိုင်ရေး တော်လှန်ရေး တပ်ဖွဲ့များ ကြိုးစားနေ

    မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ရုပ်သံကုန်းနှင့် ကင်းပုန်း ဝပ်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ပြီး ထီးလင်းမြို့ထိန်းချုပ်နိုင်ရေး ကြိုးစားနေကြောင်း ဗျူဟာ အမှတ် ၈၁ – ယောဗျူဟာမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မြို့မရဲစခန်းနှင့် ရုပ်သံကုန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် ထီးလင်းမြို့အောင်တော်မူ ဘုရားဘက်၌ ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

    “အထိအခိုက် အကျဆုံးကတော့ မသိရသေဘူး။ ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံးကျဲချခဲ့တာပါ၊ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိပါဘူး” ဟု ဗျူဟာ အမှတ် ၈၁ – ယောဗျူဟာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

    ထိုသို့ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း အကြမ်းဖက်စစ်တပ်က ထီးလင်းမြို့ဘောလုံးကွင်းထဲသို့ ရဟတ် ယာဉ်ဖြင့် ဆင်းသက်ကာ လူနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့ကြောင်း သိရသည်။

    ဗျူဟာ ၈၁ – ယောဗျူဟာအနေဖြင့် ဂန့်ဂေါခရိုင်အမှတ် ၂ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း ၊ အမှတ် ၁၀ တပ်ရင်းများနှင့်အတူ ထီးလင်းမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

  • တိုင်းရင်းသားတပ်များနှင့် ယုံကြည်မှု တည်ဆောက်နိုင်ပြီဟု NUG ထုတ်ပြန်

    တိုင်းရင်းသားတပ်များနှင့် ယုံကြည်မှု တည်ဆောက်နိုင်ပြီဟု NUG ထုတ်ပြန်

    တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများနှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်၊ တော်လှန်ရေးသမားများ ဒေသစွဲစိတ် စွန့်လွှတ်ပြီး နိုင်ငံ့အရေး ကြိုးပမ်း ကြရမည်ဟု NUG ယာယီ သမ္မတက ပြောသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) NUG ယာယီ သမ္မတ ဒူဝါးလရှီးလက ၎င်းတို့နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများအကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီး ဒေသစွဲစိတ်ကို စွန့်လွှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းသွားရန် လိုအပ်သည်ဟု ယနေ့ (ဇန်နဝါရီ ၂၁) တွင် ပြောကြားသည်။

    NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “အခုဆိုရင် ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြည့်စုံ လုံလောက်ပြီလို့ မပြောနိုင်သေးဘူးလို့ ထင်ပါတယ်။ မဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ‘ကြိုးစားပြီးရင် ရပ်ပစ်လိုက်လို့ ရတဲ့ သဘောမျိုး မဟုတ်ဘူး’ ဆိုတာ နားလည်ဖို့ လိုပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

    ထို့ပြင် တိုင်းရင်းသားမဟာမိတ်များနှင့် ယုံကြည်မှုတည်ဆောက်ရေးမှာ ခရီးလမ်းကြောင်းပေါ်တွင်သာ ရှိနေသေးပြီး ပိုမိုအားကောင်းသည့် မဟာမိတ်နိုင်ငံရေး ပဋိညာဉ်များကို ခိုင်မာကျစ်လစ်စေရန် တည်ဆောက်ရမည်၊ ဒေသစွဲစိတ်ကိုဖျောက်ပြီး တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းရန် ၎င်းက ဆက်ပြောသည်။

    တော်လှန်ရေးရဲဘော်များလည်း နိုင်ငံ၏ မည်သည့်နေရာတွင်မဆို တာဝန်ထမ်းရန် ကြိုးစားစေလိုသည်ဟု ၎င်းက ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများတွေ့ဆုံသည့် ထိုအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။​

    “ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံး၊ တစ်ပြည်လုံး စစ်အာဏာ ရှင်လက်အောက်က လွတ်မြောက်ရေးအတွက် မိမိတို့ ဒေသစွဲစိတ်ကို ဖျောက်ပြီး၊ တစ်နိုင်ငံလုံးအရေး အတွက် ဘယ်နေရာ ဒေသမှာ မဆို တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အမြဲ အသင့်ရှိနေစေ ချင်ပါတယ်” ဟု ယာယီသမ္မတက ဆက်ပြောသည်။

    ယမန်နေ့က နိုင်ငံအရှေ့မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့် ကိုးကန့်တပ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီတပ်တို့အကြား တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် နှစ်ဖက် အပစ်အခတ် ရပ်စဲရေးသဘောတူခဲ့ကြသည့်သတင်း ထွက်လာသည်။

    ထို့သတင်းထွက်လာပြီး နောက်တစ်ရက်တွင် NUG ယာယီသမ္မတက ထိုကဲ့သို့ ထုတ်ဖော် ပြောဆိုလာ ခြင်း ဖြစ်သည်။

    နိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ချင်းတော်လှန်ရေးတပ်များကို ဇန်နဝါရီ ၁၈ ရက်နေ့က တော်လှန်ရေးရန်ပုံငွေများ ပေးအပ်ထားသည်။

    ကြားကာလ ချင်းအမျိုးသားများ အတိုင်ပင်ခံ ကောင်စီ (ICNCC) နှင့် ချင်းပြည်ကောင်စီ (CC) တို့ကို NUG အစိုးရက တော်လှန်ရေးရန်ပုံငွေများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

    အလားတူ ဇန်နဝါရီ ၁၅ ရက်နေ့က ပြုလုပ်သော NUG အစည်းအဝေးတွင်လည်း NUG ယာယီသမ္မတက မဟာမိတ်အင်အားစုများထဲမှ ဦးဆောင်နိုင်မည့်သူတို့ကို အစိုးရအဖွဲ့အတွင်း ထည့်သွင်းလိုကြောင်း ပြောကြားခဲ့သေးသည်။

    “တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစု ဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

    “မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အစိုးရ အဖွဲ့အတွင်းမှာ အားသစ်လောင်း ဖြည့်ဆည်းခြင်း အားဖြင့် တည်ဆဲ အခြေအနေထက် ပိုမိုကျယ်ပြန့် တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေ ကို ဆက်လက် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

    NUG အစိုးရကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရအမတ်များ ပါဝင်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။

    ‘ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရအဖွဲ့’ ဟုကြေညာ ထားသည့် NUG သည် စစ်တပ်ကဖမ်းဆီးထောင်ချထားသည့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မူလရာထူးများ ပြန်လည်ခန့်အပ်သည်ဟု ကြေညာထားသည်။

    NUG သည် ကချင်လူမျိုး ဥပဒေပညာရှင် ဒူးဝါးလရှီးလကို ယာယီသမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ကရင်လူမျိုး မန်းဝင်းခိုင်သန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားသည်။

    ထိုလေးဦးကို နိုင်ငံတော်အကြီးအကဲများအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့၏အောက်တွင်ဝန်ကြီး ၁၇ ဦး၊ ဒုဝန်ကြီး ၁၇ ဦးတို့ပါဝင်သည့် အစိုးရဝန်ကြီးဌာန ၁၇ ခုနှင့် လည်ပတ်နေသည်။

    ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ၂၀၂၅ ခုနှစ်တွင် NUG အစိုးရကို ပိုမို၍ ကျစ်ကျစ်လစ် လစ် ဖြစ်စေရန် စီစဉ်ပြီး အုပ်ချုပ်ရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲမည်၊ မဟာမိတ် ဆက်ဆံရေး ကဏ္ဍ ကို တိုးမြှင့်သွားမည်ဟု နှစ်သစ်ကူး မိန့်ခွန်းတွင် ထုတ်ဖော်ပြောဆိုထားသည်။

    စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်နီးပါး ကြာမြင့်လာချိန်တွင် NUG သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့အရေအတွက် ၈ မြို့ ရှိလာပြီဖြစ်သည်။
    ထို ၈ မြို့မှာ စစ်ကိုင်းတိုင်းတွင် ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ မော်လူးမြို့၊ ပင်လည်ဘူးမြို့တို့ ဖြစ်ကြပြီး မန္တလေးတိုင်းတွင် စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်းတို့ဖြစ်ကြသည်။

    NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် တိုင်းရင်းသားလက်နက်ကိုင်များပါဝင်သော တော်လှန်ရေးအဖွဲ့များ၏ နယ်မြေထိန်းချုပ်မှုအောက် တွင် ၁၄၄ မြို့နယ်ရှိကြောင်း၊ ယင်းအနက် ၉၅ မြို့ ကို အပြီးသတ်သိမ်းပိုက်ထားပြီး ၇၉ မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

    အလားတူ NUG နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး( CNF)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့သည် မဟာမိတ်များဖြစ်ကြပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) သည်လည်း အဓိကကျသော မဟာမိတ်ဖြစ်သည်။

    အလားတူ မြောက်ပိုင်းအဖွဲ့ဝင်များဖြစ်သော AA, TNLA, MNDAA တို့နှင့် ပူးပေါင်ဆောင်ရွက်မှုများရှိ ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော လက်နက်ကိုင်အဖွဲ့များကို စစ်ပညာ သင်ကြားပေးခဲ့ကြသည်။