Category: News

  • ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့

    ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့

    ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေ

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဇန်နဝါရီလပိုင်းမှ စ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးရှိ ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်လာပြီး စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ချောင်းသာမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များကလည်း စိုးရိမ်စိတ်ဖြစ်ကာ ဟိုတယ်များကို ပိတ်သိမ်းပြီး ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိချိန်တွင် ချောင်းသာကမ်းခြေကို အလည်အပတ်ဝင်ရောက်မှုများလည်း သိသိသာသာ လျော့နည်းသွားပြီး ရွှေသောင်ယံမြို့အတွင်း တိုက်ပွဲများသည်လည်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မြေပြင်တွင်လည်း ချောင်းသာကမ်းခြေ အနီးအနားရှိ ကျေးရွာများထိ ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရွှေသောင်ယံ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော စစ်သား အများအပြားကို ချောင်းသာကမ်းခြေဘက်မှ သယ်ယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် ချောင်းသာကမ်းခြေသို့ လာရောက်သည့် Express ကားလည်း ဝင်ရောက်ခြင်းမရှိတော့ဘဲ ပုသိမ် -ချောင်းသာလမ်းပိုင်းတွင်လည်း စစ်ဘေးရှောင်ကားများသာ တွေ့ရှိရပြီး ချောင်းသာမြို့မှ ထွက်လာသည့် ဖောကားများပေါ်တွင် အိပ်ယာလိပ်၊ ဘီဒို၊ အဝတ်ပုံး၊ မွေ့ယာစသည့် ပစ္စည်း များတင်ဆောင် ထားသည်ကို တွေ့ရှိရကာ လမ်းပိုင်းတစ်လျှောက်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    “လူကတော့ အရမ်းပါးသွားတယ်။ လူအလာမရှိတော့ဘူး။ ဟိုတယ်တွေလည်း ပိတ်တဲ့ ဟိုတယ်က တော့ ပိတ်နေကြပြီ ဘာသံညာသံတွေတော့ ဘာမှ မကြားသေးဘူး။ အေးတော့ အေးဆေးပဲရှိပါသေးတယ်။ စိတ်ပူလို့သာ ပြောင်းရွှေ့နေကြတာပါ။ ကားကြီး ကားငယ်တွေနဲ့ ပြောင်းကြတာ ပြောင်းတာ ကတော့ Save ဖြစ်အောင်လို့ ပြောင်းကြတာပါ။ အခုလက်ရှိတော့ ဘာသံညာသံတော့ ဘာမှ မကြား ရသေးဘူး။ လမ်းပေါ်မှာတော့ စစ်သားတွေ ဘယ်ကလာလဲ၊ ဘယ်သွားမလို့လဲ စစ်ဆေးတာတွေ လည်းရှိတယ်။” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

  • လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို

    စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိကြောင်း ကိုးကန့် MNDAA ၏ လားရှိုးပြန်လည်ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင်က ပြောဆိုသည်။

    တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် MNDAA နှင့် စစ်ကောင်စီတပ်တို့အကြား လက်ရှိနေရာတွင်ပင် အပစ်အခတ်ရပ်စဲထားရန် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သဘောတူညီခဲ့ကြကြောင်း၊ သို့ရာတွင် လားရှိုးမြို့မှ MNDAA တပ်များ ဆုတ်ခွာမည်ဆိုသော သတင်းများမှာ လုံး၀ မှန်ကန်မှု မရှိကြောင်း ၎င်းက ရှင်းပြသည်။

    “အပစ်ခတ်ရပ်စဲတာ လက်မှတ်ထိုးတာဟုတ်ပါတယ်။ လားရှိုးက ပြန်ဆုတ်မယ်ဆိုတာ ကျနော်တို့ မေးကြည့်သလောက် မဟုတ်ပါဘူး။ အရိပ်အရောင်လည်း မတွေ့ရပါဘူး။ အထူးဒေသ ၁ လားရှိုး မှာ အားလုံး အခြေအနေကောင်းပါတယ်။ အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်နေပါတယ်” ဟု MNDAA ၏ လားရှိုးပြန်လည်ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် က ပြောဆိုသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုး အပါအဝင် မြို့များစွာ သိမ်းပိုက်ထားသော ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီစာချုပ် တရားဝင်လက်မှတ်ထိုးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေညာခဲ့သည်။

    မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့က ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး နှစ်နိုင်ငံနယ်စပ်အနီးတွင် တိုက်ပွဲများ ရပ်တန့်သွားသည်ဟု သိရှိရသည်။

    တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထိုသို့ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး၀န ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Mao Ning က ယမန်နေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ကြေညာအသိပေးခဲ့သည်။

    တရုတ်နိုင်ငံက ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှုများကို တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်း ချမ်း ရေး လုပ်ငန်းစဉ်အတွက် ဆက်လက်ပံ့ပိုသွားမည်ဟု တရုတ်က ဆိုသည်။

    ၁၀၂၇ စစ်ဆင်ရေးအတွက် MNDAA က လားရှိုး၊ လောက်ကိုင် အပါအဝင် ရှမ်း မြောက်ဒေသတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

  • စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် ကျွန်ခံရန် သဘောထားရှိနေဟု NUGကာကွယ်ရေးဝန်ကြီးပြော

    စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် ကျွန်ခံရန် သဘောထားရှိနေဟု NUGကာကွယ်ရေးဝန်ကြီးပြော

    စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် မည်သူ့ကိုမဆိုကျွန်ခံရန် သဘောထားရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

    ဝန်ကြီးဦးရည်မွန်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့ (ဇန်နဝါရီလ၂၁ရက်)တွင် ထိုကဲ့သို့ရေးသား အသိပေးထားခြင်းဖြစ်သည်။

    “ကိုယ်ပြည်​ထောင်စုရဲ့ ပြည်တွင်း​ရေးကို တိုင်းတပါးက ချယ်လှယ် သြဇာ​ပေးတယ်ဆိုတာ ​တွေးကြည့်ရင်အင်မတန် နှလုံးနာဖို့ ​ကောင်းပါတယ်။ ကိုယ့်အုပ်စု အာဏာမြဲ ပြီး​ရောဘယ်သူ့ကျွန်ခံရ ခံရ ခံမယ်ဆိုတာစစ်အုပ်စုရဲ့ သ​ဘောထားပါပဲ။ ကျွန်​တော်တို့ တိုင်းပြည်ကစစ်အုပ်စု မရှိမှ ​အေးမယ်ဆိုတဲ့ တိုင်းပြည်ပါပဲ”ဟု ရေးသားထားသည်။

    စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် အပစ်ရပ်လက်မှတ်ထိုးလိုက်ကြောင်း ယမန်နေ့က တရုတ်ဘက်က ကြေညာခဲ့သည်။ ထိုကြေညာချက်ကို MNDAAရော စစ်ကောင်စီကပါ တရားဝင်ထုတ်ပြန်လာခြင်းမရှိသေးဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားခဲ့ခြင်းဖြစ်သည်။

    စစ်ရှုံးနေသည့်စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကြောက်လန့်နေပြီး တိုက်ပွဲများရပ်တန့်ရေး၊ ရွေးကောက်ပွဲကျင်းပနိုင်တို့အတွက် တရုတ်နိုင်ငံရေးအကူအညီကို အောက်ကျခံတောင်းဆိုနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

    MNDAAပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး‌ ဖော်ဆောင်၍ ရှမ်းပြည်နယ်ပြောင်းပိုင်း၌ တိုက်ပွဲများဖော်ဆောင်နေသည်ကို တရုတ်အစိုးရက ရပ်တန့်ရန် ဖိအားပေးခဲ့သည်။

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာရက္ခတပ်တော် (AA)ကိုလည်း ဖိအားပေးခဲ့သော်လည်း KIAနှင့် AAသည် မြို့သိမ်းတိုက်ပွဲများ ဆက်လက်တိုက်ခိုက်နေသည်။

    (ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အား ဒေါက်တာတေဇာဆန်း၊ MDY PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနှင့်အတူ ၂၀၂၄ နိုဝင်ဘာအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-Tay Zar San)

  • စစ်ရေးအရ စုစည်းညီညွတ်မှု တည်ဆောက်ရန်  NUG ယာယီသမ္မတ ထပ်မံ သတိပေး

    စစ်ရေးအရ စုစည်းညီညွတ်မှု တည်ဆောက်ရန် NUG ယာယီသမ္မတ ထပ်မံ သတိပေး

    လက်နက်ကိုင် တော်လှန်ရေးတွင် တစ်ယောက် တစ်ပေါက် ဖြစ်၍မရဘဲ စစ်ရေးအရ စုစည်းညီညွတ်မှု တည်ဆောက်ရန် NUG ယာယီသမ္မတ ထပ်မံ သတိပေး

    အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် လက်နက်ကိုင် တော်လှန်ရေးတွင် တစ်ယောက် တစ်ပေါက်ဖြစ်၍မရဘဲ စစ်ရေးအရ စုစည်းညီညွတ်မှု တည်ဆောက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ထပ်မံ သတိပေးလိုက်သည်။

    ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ၃/၂၀၂၅ အစည်း အဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

    NUG အစိုးရ၏ အမိန့်ပေး ကွပ်ကဲမှုထီးရိပ်အောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တော်လှန်ရေးတပ်များ တစ်ညီတစ်ညွတ်တည်း ဖြစ်စေရန် ဆက် လက် တည်ဆောက်ရန် လိုအပ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စုစည်းညီညွတ်မှုကို နိုင်ငံရေးအရ တည်ဆောက်ရမည့်အပြင် စစ်ရေးအရပါ လက်တွေ့ကျကျ တည်ဆောက်နိုင်ရေး ကြိုးစားကြရန် ယာယီသမ္မတက တိုက်တွန်းသည်။

    “ကျနော်တို့ရဲ့ အမိန့်ပေးကွပ်ကဲမှုထီးရိပ်အောက်မှာ ရှိတဲ့ PDF တွေနဲ့ တော်လှန် ရေးတပ်ဖွဲ့ တွေကို တစ်ညီတစ်ညွတ်တည်းဖြစ်အောင် ဆက်လက် တည် ဆောက် နေဖို့ လိုပါတယ်။ လက်နက်ကိုင် တော်လှန် ရေးဟာ တစ်ယောက် တစ် ပေါက်ဖြစ်နေလို့ မရဘူးလို့ ပြောချင်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့လည်း စုစည်းညီညွတ်မှုဆိုတာကို နိုင်ငံရေးအရ တည်ဆောက်မှုအပြင် စစ်ရေးအရ လက်တွေ့ကျကျ တည်ဆောက်နိုင်အောင် ဆက်လက်ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

    စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရာတွင် ဒေသစွဲဖြင့် ကိုယ့်နေရာ ကွက်ကွက်လေးကိုသာ ကြည့်၍ ကျေနပ်တင်းတိမ်ရမည့် အခြေအနေ မဟုတ်ကြောင်း၊ တစ် နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ဒေသစွဲစိတ်များကို ဖျောက်ကြရန် လည်း သမ္မတက ဆက်လက် ညွှန်ကြားသည်။

    “ကျနော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့လည်း နိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာမဆို ကာကွယ်ရေး တာဝန်တွေကို အသင့် ထမ်းဆောင်နိုင်စေဖို့ ကြိုးစားစေချင်ပါတယ်။ ကျနော်တို့ လက်ရှိ ဆင်နွှဲနေတဲ့ တော် လှန်ရေးဟာ ခုခံတော်လှန်စစ်ဖြစ်သလို၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဖြစ်တယ်။ ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံး၊ တစ်ပြည်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် မိမိတို့ ဒေသစွဲစိတ်ကို ဖျောက်ပြီး၊ တစ်နိုင်ငံလုံးအရေးအတွက် ဘယ်နေရာ ဒေသမှာ မဆို တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အမြဲ အသင့်ရှိနေစေချင်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက်ပြောဆိုသည်။

    လက်ရှိ စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်ရှာသည့်အနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်နေကြောင်း၊ အဆိုပါ အခြေအနေကို အာဆီယံနိုင်ငံခေါင်းဆောင်များက ကောင်းစွာနားလည် သိရှိပြီးဟု ယူဆကြောင်း၊ အာဆီယံအနေဖြင့် စစ်အုပ်စုကို တိုက်တွန်းသည့် အဓိကအချက်မှာ နိုင်ငံ့၏ ငြိမ်းချမ်းရေးက အခရာဖြစ်ကြောင်း၊အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက် ပွဲသည် အဖြေကောင်းမဟုတ်ဟုဆိုသော ပြောဆို တိုက်တွန်းချက်ကို လည်း ကြိုဆိုပါကြောင်း၊ ပြည်သူတစ်ရပ်လုံး တောင်းဆိုနေသည့် “မြန်မာစစ်တပ် နိုင်ငံရေးထဲမှ ပါဝင်မှု အဆုံးသတ်စေရန်” နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် လူထုအစိုးရသစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် လိုလားထက်သန်ကြောင်း သမ္မတက တိုက်တွန်းပြောဆိုသွားသည်။

  • အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး  အလင်းဝင်

    အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး အလင်းဝင်

    မြ၀တီမြို့ကို ပြန်သိမ်းရန် ထိုးစစ်ဆင်နေသော စစ်ကောင်စီ၏ အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး အလင်းဝင်

    ကရင်ပြည်နယ်၊ မြ၀တီမြို့ကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသော အောင်ဇေယျာ စစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂ ဦး လက်နက်မပါဘဲ အလင်းဝင်လာသဖြင့် ဂုဏ်ပြုဆုငွေ၁၀သိန်း ချီးမြှင့်ခဲ့ကြောင်း People Defense Force မှ ဗျူဟာ ၃၁ လုံခြုံရေးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၈ရက်နေ့ ညပိုင်း တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ ၃၁ ထံသို့ အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းမှ စစ်သား ၂ ဦးက အလင်းဝင်လာကြောင်း၊ ထိုအလင်းဝင်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂ ဦးကို ဗျူဟာ ၃၁ က တစ်ဦးလျှင် ဂုဏ်ပြုဆုငွေ ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

    “ဇန်နဝါရီလ ၁၈ရက်နေ့ ညကအလင်းဝင်ရောက်လာခဲ့တာပါ။ လက်နက်တော့မပါလာခဲ့ပါဘူး။ လက်ရှိအလင်းဝင်ရောက်သူတွေကိုကောင်းမွန်စွာနဲ့စောင့် ရှောက်ထားပါတယ်။ ဂုဏ်ပြုဆုငွေကတော့ တစ်ဦးလျှင် ငါးသိန်းကျပ်စီပေးခဲ့တာပါ။ ဆက်လက် အလင်းဝင်ရောက်လာသူတွေကိုကျနော်တို့ကနွေးထွေးစွာကြိုဆိုသွားမှာပါ”ဟု People Defense Force မှ ဗျူဟာ ၃၁ လုံခြုံရေးတပ်ခွဲမှ တာဝန်ရှိသူ က ရှင်းပြသည်။

    စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်သားများက ဆက်တိုက်ဆိုသလို အလင်းဝင်လျက်ရှိရာ လက်ရှိအချိန်အထိ အလင်းဝင်လာသူ ရာချီရှိနေပြီဖြစ်ကြောင်း သိရှိရသည်။