Category: News

  • အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကြောင့် ရတခ တိုင်းမှူးကို ကော့ကရိတ်ကိုပို့ထား

    အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကြောင့် ရတခ တိုင်းမှူးကို ကော့ကရိတ်ကိုပို့ထား

    မော်လမြိုင်အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်ကို အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကို ကွပ်ကဲကြပ်မတ်ဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ခေါင်းဆောင်က ကော့ကရိတ်အခြေစိုက် စကခ(၁၂)ကို ပို့ထားတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ရက်သတ္တပါတ်မှာ ဘားအံကနေ လုံခြုံရေးကိစ္စတွေ ဦးစီးနေတဲ့ ရတခ ရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကိုလည်း စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ပြဿနာဖြစ်လို့ ဘားအံကနေ ကော့ကရိတ်ကို ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

    နောက်ဆုံးရတဲ့ အချက်အလက်တွေအရ ဘားအံ ဂေါက်ကွင်းမှာ စစ်ကောင်စီပြည်နယ်ဝန်ကြီးနဲ့ ထိုး ကြိတ်မှုကြောင့် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်ကို အရန်အင်အားအဖြစ် အနားပေးလိုက်ပြီလို့ သိရပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး CDM ဗိုလ်မှူးစွယ်တော်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ကျွန်တော်ကြားတာတော့ စစ်ကောင်စီပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြဿနာဖြစ်လို့ ဒုတိုင်းမှူးကို ဘားအံကနေ ကော့ကရိတ်ပို့တယ် ပြောတယ်။ နောက်တော့ သူ့ကို အရန်အင်အားပို့လိုက်တယ်လို့ သိရတယ်။ ကော်ဘရာစစ်ကြောင်းကို အောင်ဇေယျစစ်ကြောင်းက စစ်သည်တွေ အသုတ်လိုက်ခွဲပြီး အလင်းဝင်နေတာကို ကကကြည်းက မကျေနပ်လို့ တိုင်းမှူးကို ကော့ကရိတ်မှာ ၁ ပါတ်နေခိုင်းတယ်လို့ သိရပါတယ် လို့ မြို့တော်ကို ပြောပါတယ်။

    ပြီးခဲ့တဲ့ သုံးလအတွင်း အောင်ဇေယျစစ်ကြောင်းကနေ လက်နက်နဲ့ အတူ အလင်းဝင်လာသူတွေနဲ့ ဖမ်းမိတဲ့အင်အား ၃၀ ခန့်ထိရှိကြောင်း ကော်ဘရာစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

  • မွန်ပြည်နယ် ရေးဒေသမှာ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်

    မွန်ပြည်နယ် ရေးဒေသမှာ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်

    မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသမှာ နှစ်ဖက်တပ်တွေ ဆက်လက်စစ်ဆိုင်ထားတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

    တော်လှန်ရေးအင်အားစုအဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျုံလောင်းဒေသထဲကို ပြီးခဲ့တဲ့ ဇန်န ဝါရီ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

    အဲဒီတိုက်ပွဲတွေ ဇန်နဝါရီ ၁၉ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကလည်း စစ်ကူတပ်တွေ ထပ်မံစေလွှတ်ပြီး ကျုံလောင်းဒေသရှိ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲထားပါတယ်။

    မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီတပ်ဘက်က ဆက်လက်ထိုး စစ်ဆင်လာပါက တိုက်ပွဲတွေဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွေအထိ ကျယ်ပြန့်လာနိုင်တယ်လို့ ပြောပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ ရေးအခြေစိုက် အမှတ် ၅၈၃ ၊ ၅၉၁ ခြေမြန်တပ်ရင်းတွေအ ပြင် တပ်စွဲထားတဲ့ကျေးရွာတွေကနေ နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။

    စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ကျောင်းရွာကျေး ရွာရှိ ဒေသခံနေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

    နှစ်ဖက်တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တို့မှာလည်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ ရေးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၀ ကျော် သေဆုံးပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားသလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော် သုံးဦး ဒဏ်ရာရရှိထားပါတယ်။

    ရေးတိုက်ပွဲကြောင့် ကျုံလောင်းဒေသ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ရွာပေါင်း ၅ ရွာထက်မနည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လို အပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။

    ဓာတ်ပုံ-MLA

  • ရန်ကုန်နှင့် ဧရာဝတီတွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ

    ရန်ကုန်နှင့် ဧရာဝတီတွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ

    ပြည်မြို့၊ သုံးပန်လှကျောင်းမှ စျေးသည် ကိုဇင်းရဲနောင်နှင့် ရေဦးမြို့နယ်မှ လူငယ် ၁၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး၊ ရန်ကုန်နှင့် ဧရာဝတီတွင်လည်း လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ

    ပဲခူးတိုင်း၊ ပြည်မြို့ သုံးပန်လှကျောင်းတွင် ဈေးရောင်းနေသည့် ကိုဇင်းရဲနောင်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိတ်ဆွေများက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းနယ်မြေရှိ သုံးပန်လှကျောင်းတွင် စျေးရောင်းနေသည့် ကိုဇင်းရဲနောင် သည် ပြည်မြို့မှ ဈေးဝယ်ပြီး ပြန်လာစဉ် သရေခေတ္တရာ၊ မှော်ဇာသံလမ်းကုန်းတွင် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော ကိုဇင်းရဲနောင်သည် ကျန်းမာရေးမကောင်း၍ ဘုန်းကြီးအဖြစ်မှ လူထွက်ပြီး သုံးပန်လှကျောင်းတွင် စျေးဆိုင်ဖွင့်၍ ကောင်းရောင်းကောင်းဝယ် လုပ်စားနေသူဖြစ်ကြောင်း၊ ကိုဇင်းရဲနောင်ကို ပေါ်တာဆွဲ ဖမ်းဆီးစဉ်တွင် အုပ်ချုပ်ရေးမှူး အေးထွန်း ဆိုသူလည်း ပါဝင်ကြောင်း၊ လက်ရှိချိန်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော ကိုဇင်ရဲနောင်ကို အကြမ်းဖက် စစ်တပ်က စစ်သင်တန်းကျောင်းသို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

    အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်လည်း စစ်တပ်က လူငယ် ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။

    ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရေးမြို့ပေါ်၌ စစ်တပ်၏ ရပ်/ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့၊ စစ်သားများနှင့် ရဲများက အဖွဲ့ ၃ ဖွဲ့ထဲခွဲ၍ ကင်းလှည့်ပြီး ရပ်ကွက်များ အတွင်းရှိ လူငယ် ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီး ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ထားသည့် လူငယ်များထားရှိသော အထက ၁ ကျောင်းနှင့် အထက ၂ ကျောင်းကို လူခွဲ၍ ခေါ်ဆောင်သွားကြောင်း သိရသည်။

    လက်ရှိအချိန် ရေဦးမြို့ပေါ်၌ မြို့ပေါ်ကို စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေကြသော လူငယ်များ ထောင်နှင့်ချီရှိလာပြီး အကြမ်းဖက် စစ်တပ်က အလှည့်ကျ စနစ်ဖြင့် စစ်မှုထမ်း ခေါ်ဆောင်ရန် မလုပ်ဆောင်တော့သောကြောင့် လူငယ်များရှိသည့် နေအိမ်များကို ပစ်မှတ်ထား၍ လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ရေဦးမြို့ပေါ်က စစ်ခွေးတပ်အနေနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းဖို့ ထုတ်ပြန်ထားတဲ့ တရားမဝင် ဥပဒေမှာ အသက်အရွယ် အပိုင်းအခြားတွေ ပါရှိနေတယ်။ နောက်ပြီး အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အထဲမှာလည်း မပါဘူးလို့ စစ်ရှုံးကောင်စီကနေ ထုတ်ပြန်တာတွေရှိတယ်။ အခုဖမ်းဆီးနေတာတွေက လက်လုပ်လက်စား ပြည်သူတွေ မြို့မစျေးကြီးထဲမှာ စျေးရောင်းချ စားသောက်နေကြတဲ့ပြည်သူတွေကို အသက်အရွယ် မခွဲခြား ကျား/မ မရွေးဖမ်းဆီးနေတာတွေ ရပ်တန့်က ရပ်ပေးဖို့ သတိပေးပြောကြားချင်တယ်။ လူမဆန်စွာ အောက်တန်းစား စိတ်ဓာတ်မျိုးတွေနဲ့ မြို့ပေါ်နေ အပြစ်မဲ့ပြည်သူတွေကို အမျိုးသမီးတွေကအစ စစ်ကြောင်းထိုးရာနောက် ဓားစာခံထည့်ဖို့ ဖမ်းဆီးလုပ်ဆောင်နေတာတွေ ချက်ချင်းရပ်တန့်ပေးဖို့ သတိပေးချင်တယ်။ ရေဦးမြို့ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် မြို့ကို မစွန့်ခွာနိုင်သေး ကျန်ရှိနေကြသေးတဲ့ ပြည်သူတွေအနေနဲ့ အသွားအလာသတိပြု အထူးဂရုစိုက်နေထိုင်ပေးကြဖို့ ပြောချင်ပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။

    ထို့ပြင် ရန်ကုန်မြို့တွင်လည်း ထောက်ကြန့်မြို့နယ်မှ လှည်းကူး မြို့နယ်ကို သွားရောက်သည့် ကိုရဲဇော်နိုင်သည့် လမ်း၌ ပျောက်ဆုံးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

    ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်း ထောက်ကြန့်မြို့နယ်မှ လှည်းကူးမြို့နယ်ကို သွားရောက်သည့် အသက် ၂၀ အရွယ် ကိုရဲဇော်နိုင်သည် လမ်း၌ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့ထိ အဆက်အသွယ် လုံးဝ ပြတ်တောက်နေကြောင်း သိရှိရသည်။

    အလားတူ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၈ မိုင် ပေါက်စေတီကျောင်းမှ ဥာဏ်ရည်မပြည့်မှီသည့် အသက် ၃၅ နှစ်အရွယ် ဦးဇေယျာထက်သည်လည်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပျောက်ဆုံးသွားကြောင်း ၊ထို့အတူ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ စစ်ကုန်းလေးကျေးရွာတွင် နေထိုင်သော ကိုထိုက်သူရသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မှ ပြန်လာစဉ် လမ်းခရီး၌ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။

  • မကွေး၊ ပဲခူးနှင့် ဧရာဝတီနယ်စပ်များရှိ စစ်ကောင်စီစခန်းများကိုထိုးစစ်ဆင်နေပြီဟု AA ကြေညာ

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နှင့် ချောင်းတစ်ခုသာ ခြားသည့် ဘောမိရွာနှင့် ကမ်းခြေကို ဇန်နဝါရီ ၁၈ ရက်နေ့တွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်သလို ရေကြည်မြို့၊ ချင်းစုကျေးရွာ အနီး တိုက်ပွဲများဖြစ်နေသည်ဟု AA က ယမန်နေ့(ဇန်နဝါရီ ၂၀) ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    ရခိုင်နှင့် ဧရာဝတီတိုင်း အစပ်၊ ရခိုင်ရိုးမ-ဧရာဝတီတိုင်းထိစပ်သည့် နေရာတချို့၊ ပွိင့် (၃၆၉) ကုန်း၊ ရိုးမ တောင်တန်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်ဟု AA က ဆိုသည်။

    AA ထိန်းချုပ်ထားသော ရခိုင်တောင်ဘက်ဆုံး ဂွမြို့နယ်၏ တောင်ဘက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ယခုလအစောပိုင်းမှစတင်၍ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

    ဇန်နဝါရီ ၁၆ ရက်နေ့က ဘောမိရွာတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ရွှေသောင်ယံမြို့အနီး နေထိုင်သည့် ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။

    “၁၈ ရက်နေ့ထိက ဘောမိရွာကို လေကြောင်းကနေ ဗုံးကြဲတယ်၊ လက်နက်ကြီးပစ်ခတ်သံတွေတော့ ကြား နေရတုန်းပဲ” ဟု ယင်းနေ့က အခြေအနေကို ပြောပြသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့တွင် ရွှေသောင်ယံမြို့မှ မိုင်၂၀ ကျော်ခန့် အကွာ မကျီးဇင်ကျေးရွာတွင် တိုက်ပွဲဖြစ်ခဲ့ပြီး ၃ ရက်အကြာတွင် ထိုနေရာကို AA က ထိန်းချုပ်နိုင်ခဲ့ကာ မကျီးဇင်ရွာတောင်ဘက် ၃ မိုင် ခန့်အကွာ ဘောမိ ကျေးရွာတွင်ပါ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

    ဇန်နဝါရီ ၁၉ နှင့် ၂၀ ရက်များတွင် တိုက်ပွဲဖြစ်သံ မကြားရတော့ဘဲ ငြိမ်သက်နေသဖြင့် ဘောမိကျေးရွာကို အာရက္ခတပ်တော်က ထိန်းချုပ်နိုင်ပြီဟု ယူဆရကြောင်း အထက်ပါအမျိုးသားက ဆက်ပြော သည်။

    AA ထိန်းချုပ်ခိုက်သော ဘောမိကျေးရွာသည် ရွှေသောင်ယံကမ်းခြေနှင့် ၁၆ မိုင်ကျော်ခန့်အကွာတွင်ရှိပြီး အမည်ကျော် ကမ်းခြေများ ဖြစ်သော ချောင်းသာကမ်းခြေနှင့် ၂၇ မိုင်ကျော်၊ ငွေဆောင်နှင့် ၃၈ မိုင်ကျော် ခန့် သာ ကွာဝေးသည်။

    ထိုနေရာများသည် ကမ်းခြေတစ်ဆက်တည်းဖြစ်ပြီး ကားဖြင့်သွားပါက ၃ ၊ ၄ နာရီ ခရီးဖြစ်ကာ ရေလမ်း ဖြင့် သွားပါက ပိုမိုခရီးတိုသည်။

    ဘောမိရွာသည် ရွာငယ်လေးသာ ဖြစ်ပြီး စစ်တပ်အင်အား အများအပြား မရှိကြောင်း၊ စစ်တပ်ကို ထောက် ခံသည့် အွန်လိုင်းမီဒီယာများတွင် ရေးသားထားသည်။

    စစ်ပွဲများနှင့် မဝေးတော့သည့် ရွှေသောင်ယံ ဒေသခံတချို့သည်လည်း ပုသိမ်မြို့နှင့် သာပေါင်းမြို့ဘက် သို့ အများဆုံး တိမ်းရှောင်ကြပြီး အိမ်စောင့်တချို့သာ ကျန်ရစ်ခဲ့ကြောင်း အထက်ပါ ဒေသခံ အမျိုးသား က ဆိုသည်။

    ထိုသို့ စစ်ရှောင်များ များပြားလာသည့် ပုသိမ်နှင့် သာပေါင်းမြို့နယ်ဘက်ရှိ ကျေးရွာများတွင် အုပ်ချုပ် ရေးပိုင်းမှ မြို့အဝင်အထွက်များနှင့် ဧည့်စာရင်း စစ်ဆေးမှုများကိုလည်း တင်းတင်းကျပ်ကျပ် ဆောင်ရွက် နေပြီး ရခိုင် ဒေသခံများ ပိုအစစ်ဆေးခံရကြောင်း ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

    ပုသိမ်မြို့ထဲတွင် အရပ်ဝတ်လက်နက်ကိုင်တချို့နှင့် ယူနီဖောင်းအပြည့် ဝတ်ဆင်ထားသည့် စစ်သားများ သွားလာလှုပ်ရှားမှုများကို တွေ့မြင်ရကြောင်း ၎င်းက ဆိုသည်။

    AA သည် ရခိုင်တစ်ပြည်နယ်လုံး သိမ်းမည်ဟု ကြွေးကြော်ထားရာ ရခိုင် ၁၇ မြို့နယ်အနက် ၁၄ မြို့ကို သိမ်း ပိုက်ထားပြီး နယ်မြေထိစပ်နေသော ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။

    AA က သိမ်းပိုက်ရန် ကျန်ရှိနေသည့် အဓိက မြို့ကြီး ၃ မြို့မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ ဖြစ်ကြ ပြီး ထိုအထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် စစ်ကောင်စီက တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသည်ဟု AA က ဆိုသည်။

    လေကြောင်း၊ ရေကြောင်းများမှ ပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်ရှိနေခဲ့ပြီး အထူးသဖြင့် ဒရုန်းတိုက်ခိုက် မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားခဲ့သည်ဟု သိရသည်။

    ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်တွင် စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမှ စစ်ကောင်စီတပ်သည် တစ်ဖက်ကမ်း ဝါဘိုကျေးရွာအတွင်း ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခဲ့သောကြောင့် ဝါဘိုကျေးရွာအတွင်းရှိ အရပ်သားလူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်။

    အလားတူ ရခိုင်နှင့် နယ်မြေထိစပ်နေသော မကွေး၊ ပဲခူးတိုင်းတို့တွင်ပါ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်နေသည်ဟု AA က ဆိုသည်။

    မကွေးဒေသတိုက်ပွဲများ

    အမ်းမြို့နယ်၊ ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်း အနီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု AA က ဆို သည်။

    တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကောင်စီ တပ်ရင်းများနှင့် ဇန်နဝါရီ ၁၁ ရက်နေ့ ကတည်းကပင် စတင်ထိတွေ့ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

    တစ်ပတ်ကျော်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီရုပ်အလောင်း အမြောက်အမြား ရှိခဲ့ပြီး လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားနှင့် သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

    အမ်းမြို့နယ်၊ ကမြင်းကန် (ကံမြင်ကန်)၊ အနီး ဗုံးကြဲရန် စစ်တပ်ထောက်ခံသည့် အွန်လိုင်းမီဒီယာများက ရေးသားဖော်ပြနေကြသည်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း တစ်နေရာတွင် စခန်းစွန့်ခွာ ထွက်ပြေးလာသည့် တပ်မ (၉၉) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ဇန်နဝါရီ ၁၉ ရက်နေ့၊ ညနေ ၄ နာရီတွင် ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

    အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး MA 1 သေနတ် ၃ လက်၊ ကျည်ဆန်နှင့် ကျည် အိမ်များ သိမ်းဆည်ရမိကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားသည်။

    အမ်း – ပဒါန်းလမ်းပိုင်း တွင် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်သားများကို ကျောင်းသားတပ်များ၊ ချင်းအဖွဲ့များနှင့် ဒေသအခြေစိုက်ကာကွယ်ရေး အဖွဲ့များက ဖြတ်တောက်တိုက်ခိုက်နေကြသည်။

  • “ဝ” ပြည်မှ ကိုးကန့်ဒေသသို့ လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့် တရုတ်ခွင့်ပြု

    “ဝ” ပြည်မှ ကိုးကန့်ဒေသသို့ လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့် တရုတ်ခွင့်ပြု

    တရုတ်အစိုးရညွှန်ကြားချက်အရ ကိုးကန့်ဒေသဘက်ကို ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြု လိုက်ကြောင်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံးမှ ယနေ့ (ဇန်နဝါရီလ ၂၀ ) ရက်စွဲဖြင့် ထုတ်ပြန်သည်။

    မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတို့ တရားဝင် အပစ်ရပ် ပြီဟုသတင်းထွက်လာပြီးနောက် “ဝ”ပြည်မှ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့် ကို တရုတ်က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

    အဆိုပါထုတ်ပြန်ချက်တွင် ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ဒေသအတွင်း တည်ငြိမ်လာခြင်းကြောင့် လူနှင့်ယာဉ် ဖြတ်သန်းခွင့်အပြင် ဖောင်ဆိပ်တံတားမှ ကုန်စည်ပို့ဆောင်ခွင့်ထိန်းချုပ်ထားခြင်းကို ဖြေလျော့ပေးပြီး ပုံမှန်အတိုင်းခွင့်ပြုလိုက်ကြောင်း ဆိုသည်။

    ငါးလနီးပါးအကြာ ကုန်စည်ဖြတ်သန်းခွင့် ပိတ်ပင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ညွှန်ကြားချက်ကြောင့် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

    လားရှိုးမှ ကိုးကန့်တပ်များမဆုတ်ခွာပေးပါက ကိုးကန့်တပ်ခေါင်းဆောင်းပိုင်းအား ချေမှုန်းမည်ဟု တရုတ် အာဏာပိုင်များက ယမန်နှစ်က ခြိမ်းခြောက်ခဲ့ပြီး၊ ကိုးကန့်တပ် ထိန်းချုပ်ဒေသများအားလည်း လောင်စာ၊ ဆေးဝါးနှင့် အစားအသောက်များ မစီးဆင်းနိုင်ရန် တရုတ်က ထိန်းချုပ်ကန့်သတ်ခဲ့သည်။

    စစ်ကောင်စီနှင့် MNDAA တို့ တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။

    ပုံညွှန်း – MNDAA တပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ- The Kokang)