Category: News

  • တရုတ်၏ဖိအားဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ် အပစ်ရပ်သဘောတူညီချက်ရ၊ ကိုးကန့်တပ်များ လားရှိုးက ပြန်ဆုတ်ရမည်

    တရုတ်၏ဖိအားဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ် အပစ်ရပ်သဘောတူညီချက်ရ၊ ကိုးကန့်တပ်များ လားရှိုးက ပြန်ဆုတ်ရမည်

    တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် မကြာသေးမီက စစ်ကောင်စီကိုယ်စားလှယ်များနှင့် ကိုးကန့်တပ် (MNDAA) တို့ တွေ့ဆုံရာတွင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရှိရသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဟုခေါ်ကြသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ခုနှစ်ကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၁၈ တွင် တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရှိရသည်။

    တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင် အသေးစိတ်အချက်များမပါရှိသော်လည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ သတင်းရင်းမြစ်များအရ ရှမ်းပြည်မြောက်ပိုင်း စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာချုပ် အခြေစိုက်ခဲ့သော လားရှိုးမြို့မှ ကိုးကန့်တပ်များ ယခုနှစ် ဇွန်လတွင် ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

    လားရှိုးမှ ကိုးကန့်တပ်များမဆုတ်ခွာပေးပါက ကိုးကန့်တပ်ခေါင်းဆောင်းပိုင်းအား ချေမှုန်းမည်ဟု တရုတ်အာဏာပိုင်််များက ယမန်နှစ်က ခြိမ်းခြောက်ခဲ့ပြီး၊ ကိုးကန့်တပ် ထိန်းချုပ်ဒေသများအားလည်း လောင်စာ၊ ဆေးဝါးနှင့် အစားအသောက်များ မစီးဆင်းနိုင်ရန် တရုတ်က ထိန်းချုပ်ကန့်သတ်ခဲ့သည်။

    ယခုအခါ အပစ်အခတ်ရပ်ရေး သဘောတူညီချက်နောက်ဆက်တွဲအနေဖြင့် သံလွင်မြစ်အရှေ့ဖက် တရုတ်မြန်မာနယ်စပ်အနီးတွင်တည်ရှိသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် နယ်နမိတ်စပ်နေသည့် ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်အား တရုတ်အာဏာပိုင်များက ယမန့်နေ့က ဖွင့်ပေးလိုက်သည်။

    ထို့ပြင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်၏ ထိန်းချုပ်နယ်မြေနှင့် ကိုးကန့်ဒေသတို့အားဆက်သွယ်ထားသည့် နမ့်တစ်မြို့ရှိ နမ့်တစ်တံတားဂိတ်အားလည်း တရုတ်အာဏာပိုင်များခွင့်ပြုချက်ဖြင့် ဖွင့်ပေးလိုက်ကြောင်း “ဝ” အာဏာပိုင်များကတရုတ်ဘာသာစကားဖြင့် ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

    ကိုးကန့်တပ်များဖိအားပေးရန် နည်းလမ်းတစ်ခုအနေဖြင့် တရုတ်အာဏာပိုင်များက ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံတွင် ထိန်းသိမ်းကန့်သတ်ထားခဲ့ပြီး၊ တရုတ်အာဏာပိုင်များက ၎င်းသည် တရုတ်နိုင်ငံတွင် ဆေးကုသနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ ၎င်းသည် မြန်မာနိုင်ငံဖက်သို့ ပြန်လာခွင့်ရမရ မသိရှိရပေ။

  • အနုပညာရှင်တွေသွားရောက်ဖျော်ဖြေမယ့် ကျားဖြန့်နယ်မြေ

    အနုပညာရှင်တွေသွားရောက်ဖျော်ဖြေမယ့် ကျားဖြန့်နယ်မြေ

    ကရင်ပြည်နယ်က ကရင်နယ်ခြားစောင့်တပ် (BGF) နယ်မြေဖြစ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်မှာ တရုတ် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပမယ့်ပွဲမှာ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း၊ ဟဲလေး၊ သာဒီးလူ၊ Bobby Soxer နဲ့ ယွန်းမြတ်သူ တို့ သွားရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

    အဆိုပါပွဲဟာ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း ကျားဖြန့်တွေ လည်ပတ်နေတယ်လို့ နာမည်ကြီးနေတဲ့ ရွေကုက္ကိုလ်မြို့က ရထိုက်ဟော်တယ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ကျင်းပမှာဖြစ်ပြီး ပွဲအစီအစဉ်ကို တရုတ်လိုပဲ ကြေညာထားတာ တွေ့ရပါတယ်။

  • မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်း

    မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်း

    မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်ကို ဆန့် ကျင် တိုက်ထုတ်သော စစ်ဆင်ရေးများ မကြာမီ စတင်မည်

    မွန်ပြည်နယ်တွင် တပ်ဖွဲ့ ၄ ဖွဲ့ စုပေါင်း၍ ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းပြီးဖြစ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ရာမညစစ်ကြောင်းပြောဆိုခွင့်ရှိသူများ ဒေါက်တာသီရိမွန်ချမ်း က ပြောကြားသည်။

    ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် တပ်ဖွဲ့ ၄ ဖွဲ့၏ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းများအတွက် “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    ” ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် စစ်ဆင်ရေးတွေ မကြာခင် စနိုင်မှာပါ”ဟု ရာမညစစ်ကြောင်းပြောဆိုခွင့်ရှိသူများ ဒေါက်တာသီရိမွန်ချမ်း က ပြောကြားသည်။

  • အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့  တက်ရောက်ခွင့်မပြု

    အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြု

    အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြု၊ ပဋိပက္ခများအတွင်း ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဟု စစ်ကောင်စီကို သတိပေး

    “ရွေးကောက်ပွဲက အားလုံးပါဝင်ရမယ်။ ရွေးကောက်ပွဲဟာ ကွက်ပြီး သီးခြား လုပ်လို့မရပါဘူး။ သက်ဆိုင်သူအားလုံး ပါဝင်ရမယ်။ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူး။ ကျနော်တို့ ဦးစားပေးက အပစ်အခတ်ရပ်စဲဖို့ပါပဲ ”

    အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုရန် ဆက်လက် ဆုံးဖြတ်လိုက်ကြောင်း အဆိုပါအစည်းအဝေးက တရားဝင် သတင်းထုတ်ပြန်သည်။

    အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့ မလေးရှားနိုင်ငံ၊ လန်ကာဝီတွင် ကျင်းပ ပြုလုပ်ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်မှာ စစ်အာဏာ သိမ်း စကတည်းက စစ်ကောင်စီကို အာဆီယံက အရေးယူထားသည့် မူဝါဒကို ဆက်လက် သက်တမ်းတိုး ကျင့်သုံးခြင်းလည်းဖြစ်သည်။

    ထို့ပြင် မြန်မာနိုင်ငံမှ စစ်ကောင်စီကိုယ်စား နိုင်ငံရေးရာထူး ရယူထားခြင်းမဟုတ်သော အဆင့်နှိမ့်ချထားသော စစ်ကောင်စီ နိုင်ငံခြားရေး အရာရှိတစ်ဦးက အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး တက်ရောက်ခဲ့ပြီး ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီားများသို့ ရှင်းပြခဲ့ကြောင်း၊ သို့ရာတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြည်တွင်းစစ် ပြင်းထန်နေချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန်မှာ ဦးစားပေး မဖြစ်သင့်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများ စတင်ရန်နှင့် ပစ်ခတ်မှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းပြောဆိုသည်။

    “ရွေးကောက်ပွဲက အားလုံးပါဝင်ရမယ်။ ရွေးကောက်ပွဲဟာ ကွက်ပြီး သီးခြား လုပ်လို့မရပါဘူး။ သက်ဆိုင်သူအားလုံး ပါဝင်ရမယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲက ကျနော်တို့ရဲ့ ဦးစားပေးမဟုတ်ဘူး။ ကျနော်တို့ရဲ့ ဦးစားပေးက အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ပါပဲ။ မလေးရှားအနေနဲ့ မြန်မာက ဘာတွေ စိတ်ထဲရှိနေလဲ သိချင်ပါတယ်။ ကျနော်တို့ သူတို့ကို ပြောတာက ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူး။ ကျနော်တို့ ဦးစားပေးက အပစ်အခတ်ရပ်စဲဖို့ပါပဲ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

    မြန်မာနိုင်ငံအနေဖြင့် တိုက်ပွဲများ ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့်ကို ခွင့်ပြုပေးရန် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို အသိပေး ပြောကြားခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုသည်။

  • စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်

    စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်

    မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်ဟု AA က သတိပေး

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရမည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက သတိပေး ပြောဆိုသည်။

    ဇန်နဝါရီလ ၁၈ ရက်နေ့ မြောက်ဦးမြို့ရှိ စစ်သုံ့ပန်းများ ထားရှိနေရာနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချမှုကြောင့် အမျိုးသမီးများ၊ ကလေးများ အပါအဝင် ၂၈ ဦး သေဆုံးပြီး သေဆုံးသူများတွင် စစ်သုံ့ပန်းများလည်းပါဝင်ခဲ့ရာ ယင်းလုပ်ရပ်မှာ စစ်ရာဇဝတ်မှု မြောက်ကြောင်း၊ ဂျနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်ရာရောက်ကြောင်း၊ ထို့ကြောင့် စစ်ခေါင်းဆောင်များအနေဖြင့် ယင်းလုပ်ရပ်အတွက် တာဝန်ယူ တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။

    “လူနေထူထပ်တဲ့မြို့တွေ ရွာတွေ အဲဒီနေရာတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လာတာတွေတွေ့ ရပါတယ်။ ဒီဟာကတော့ ပြောမယ်ဆိုလို့ရှိရင် စစ်ကောင်စီအနေနဲ့ စစ်ပွဲအတွင်းမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေအားလုံး ကို ချိုးဖောက်ပြီးတော့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ စစ်ရာဇဝတ်မှုဖြစ်ပါတယ်။ စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်” ဟု ခိုင်သုခက ဆိုသည်။

    မြောက်ဦးရှိ စစ်သုံ့ပန်းများ ထားရှိနေရာကို ရည်ရွယ်ချက်ရှိရှိ စစ်လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုမှာလည်း စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်သဖြင့် မှတ်တမ်းတင်ထားရှိကြောင်း၊ ယခုအခါ စစ်တပ်က ပြည်သူများကို ပိုမို၍ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာကြောင်း၊ ပြည်သူလူထုအနေဖြင့် လေကြောင်းအန္တရာယ်ကို ယခင်ထက် ပိုမို၍ သတိထားရမည့် အချိန်ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

    “ဒီအကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဘက်က စစ်သုံ့ပန်းတွေ ယာယီထိန်းသိမ်းထားတဲ့နေရာတွေ၊ စစ်သုံ့ပန်း မိသားစုတွေကို ယာယီ ထားထားတဲ့နေရာတွေကို ပစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီတိုက်ခိုက်တယ်ဆိုတာကတော့ ဒါဟာ ဂျနီဗာကွန်းဗန်းရှင်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက် တာဖြစ်သလို စစ်ရာဇဝတ်မှုကို ကျူးလွန်တာလည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ဒီလပိုင်းတွေမှာ စာသင်ကျောင်းတွေ ဆေးရုံဆေးခန်းတွေ စျေးတွေ ဘာသာရေးအဆောက်အအုံတွေလမ်းတံတားတွေ၊ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထားလာတာရှိတယ်။ ပြည်သူလူထုတွေကို ကျနော်တို့ ပြောလိုတာကတော့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက ပြည်သူတွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီးတော့ တရားလက်လွတ် လူမဆန်တဲ့ တိုက်ခိုက်မှုတွေကို တောက်လျှောက်ကြီး လုပ်လာတဲ့အတွက်ကြောင့်မို့လို့ လေကြောင်းရန်နဲ့ လေကြောင်းအန္တရာယ်ကို အရင်ကထက်ပိုပြီးတော့ သတိထားကြဖို့။ ပြီးလို့ရှိရင် အင်တာနက်သုံးစွဲတာ ဖုန်းသုံးစွဲတာတွေကို သတိထားသုံးစွဲကြဖို့ တိုက်တွန်းချင်တာရှိပါတယ်။ ဒါက အများပြည်သူ လုံခြုံရေးအတွက် အားလုံးက လိုက်နာလုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်” ဟု ခိုင်သုခက ရှင်းလင်းပြောဆိုသည်။

    ဓာတ်ပုံ- စစ်တပ်၏ သတ်မှတ်စံချိန်စံညွှန်း အရပ်မမီခဲ့ဘဲ တပ်ချုပ်ဖြစ်လာခဲ့သော မင်းအောင်လှိုင်။