Category: News

  • တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်လို့ ချင်းလက်နက်ကိုင် အင်အားစုနှစ်ခု ကြေညာ

    တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်လို့ ချင်းလက်နက်ကိုင် အင်အားစုနှစ်ခု ကြေညာ

    ချင်းပြည်နယ် တီးတိန်မြို့ကို တိုက်ခိုက်သိမ်းယူဖို့ ချင်းလက်နက်ကိုင် အင်အားစု နှစ်ခု ကြိုးစားနေပြီး မြို့သိမ်းတိုက်ပွဲမှာ ဝင်မစွက်ဖက်ကြဖို့လည်း အပြန်အလှန်ကြေညာလိုက်ပါတယ်။

    ချင်းပြည်ကြားကာလအတိုင်ပင်ခံကောင်စီ(ICNCC) ရဲ့ ကာကွယ်ရေးတပ်ဖြစ်တဲ့ ချင်းညီနောင် (CB) က တီးတိန်မြို့ကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ဖို့ အစီအစဉ်ချပြီးဖြစ်တာကြောင့် ချင်းအမျိုးသား တပ်ဦး (CNF/CNA) နဲ့ တီးတိန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDA) တို့ ဝင်မနှောင့်ယှက်ဖို့ PDF/Zoland က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။

    ချင်းညီနောင် (CB) အဖွဲ့ဝင် PDF-Zoland ရဲ့ စစ်ဦးစီးချုပ် ဂီးဒွန်က တီးတိန်မြို့ကို ချင်းညီနောင်က သိမ်းမှာဖြစ်တာကြောင့် တခြားအဖွဲ့တွေ စစ်ရေးဖော်မှာကို မလိုလားဘူးလို့ ပြောပါတယ်။

    “မြို့ပတ်လည်မှာ ချင်းညီနောင် (CB) ရဲဘော်တွေ နေရာချထားတယ် တီးတိန်မြို့ကို ချင်းညီနောင် (CB) က သိမ်းဖို့ စစ်ရေးစီမံချက်ဆွဲထားပြီးသား ဖြစ်တယ်၊ ဒါ ကျွန်တော်တို့ CB ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဖြစ်ဖြစ် ချင်းပြည်ကောင်စီ (CC) ဖြစ်ဖြစ် စစ်ရေးဖော်ဆောင်တာကို မလိုလားတာဖြစ်တယ် အဲဒါကြောင့် ဒီကြေညာချက်ထုတ်တာဖြစ်တယ်”

    CNF/CNA နဲ့ တီးတိန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDA) တို့ တီးတိန်မြို့ကို သိမ်းဖို့ကြိုးစားနေတာဟာ ပြည်သူလူထုအကျိုးကို ရှေးရှုတာမရှိဘဲ နိုင်ငံရေးလက်ဦးမှု ရယူလိုတာကြောင့်သာ ဖြစ်တယ်လို့ PDF-Zoland ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တီးတိန်မြေပေါ်ကို ကျူးကျော်ဝင်ရောက်လာရင် ပြတ်ပြတ်သားသားတိုက်ထုတ်သွားမယ်လို့လည်း သတိပေးထားပါတယ်။

    ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ တီးတိန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDA) ကလည်း မဟာမိတ်တွေနဲ့အတူ တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မှာဖြစ်တာကြောင့် ဘယ်အဖွဲ့အစည်းကမှ ကန့်ကွက်ခွင့်မရှိကြောင်းနဲ့ ပါဝင်တိုက်ခိုက်လိုတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့မှာပဲ ကြေညာချက်ထုတ်ပြန်ထားတာပါ။

    တီးတိန်မြို့ခံတွေကတော့ တိုက်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ အိန္ဒိယ-မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်ဘက်ကို ဒီတစ်ပတ်အတွင်း ရွှေ့ပြောင်းနေကြပါတယ်။

    ချင်းပြည်နယ် တီးတိန် မြို့မရပ်ကွက်အား စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo : Citizen Photo)

  • ပြည်သူတွေကို ငွေတောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း PGF ထုတ်ပြန်

    ပြည်သူတွေကို ငွေတောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း PGF ထုတ်ပြန်

    မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ပြည်သူတွေထံကနေ ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Popa Guerilla Force (PGF) က ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးနေတာကြောင့် ပြည်သူတွေ အကြောက်တရားနဲ့ သွားလာနေရတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ Popa Guerilla Force (PGF) တပ်ဖွဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တက ပြောပါတယ်။

    “စစ်ကောင်စီတပ်က ပုပွါး-ဝဲလောင် လမ်းပိုင်းမှာ ကင်းပုန်းဝပ်ပြီး ကားတွေ၊ ဆိုင်ကယ်တွေကိုတားဆီး စစ်ဆေးတာ ငွေကြေးတောင်းခံတာတွေလုပ်နေလို့ ပြည်သူတွေက အကြောက်တရားနဲ့ သွားလာနေရတယ်၊ ဒါကြောင့် သူတို့လည်း အမြဲအကြောက်တရားနဲ့နေရအောင် တိုက်ခိုက်ခဲ့တာပါ”

    ပုပ္ပါး-ဝဲလောင် လမ်းပိုင်းမှာ ငွေကြေးတောင်းခံပြီးပြန်လှည့်လာတဲ့ စစ်ကောင်စီတပ် ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကြောင်းနဲ့ အတိအကျကိုတော့ မသိရသေးကြောင်း PGF အဖွဲ့က ပြောပါတယ်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အရပ်သားတွေနဲ့ ဝေးတဲ့နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ ထိခိုက်တာ မရှိခဲ့ဘူးလို့လည်း PGF အဖွဲ့က ပြောပါတယ်။

    ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ပုပ္ပါးတောင်မကြီး ပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို PGF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    စစ်ရေးအရှိန်မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့လည်း Popa Guerilla Force အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

    Popa Guerilla Force (PGF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo : Popa Production & Guerilla Force – PPGF)

  • “တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စုပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်

    “တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စုပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်

    မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေ

    KIA ၊ MNDAA ၊ AA ၊ TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များမှာ ပြည်ပကြိုးကိုင်ထားသော ရုပ်သေးရုပ် အဖွဲ့များဟု ဝါဒမှိုင်းသွင်း

    မြန်မာနိုင်ငံတွင် “တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စု ပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်နေပြီး မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေကြောင်း စစ်မှုထမ်းတပ်သားတချို့က ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက လစဉ်ဖွင့်လှစ် ပို့ချလျက်ရှိသော စစ်မှုထမ်းသင်တန်းများတွင် စစ်ရေးနှင့်ပစ်ခတ်မှု သင်ကြားခြင်းအပြင် စာတွေ့ သင်ခန်းစာအဖြစ် “နိုင်ငံတော်အကြီးအကဲ၏ အမြင်သဘောထားနှင့် နိုင်ငံတော်၏ အနာဂတ်” ဆိုသော သင်ခန်းစာများ လာရောက်ပို့ ချကြောင်း၊ ထိုသို့ ပို့ချရာတွင် တပ်မတော်ပြိုကွဲလျှင် နိုင်ငံတော်ပြိုကွဲပြီး ပြည်ထောင်စုကြီးပြိုကွဲတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ စစ်တပ်က နိုင်ငံတော်ကြီး ဆက်လက် တည်မြဲရေးအတွက် ဆက်လက်တည်ရှိသွားရမည်ဖြစ်ပြီး စစ်မှုထမ်း သင်တန်း သားများမှာ နိုင်ငံတော်အတွက် မရှိမဖြစ် အရေးပါသော သူများဖြစ် သည်ဆိုသော ဝါဒဖြန့် သင်ခန်းစာများကို သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။

    ” တပ်မတော် မရှိရင် နိုင်ငံတော်ကြီး ပြိုကွဲတော့မယ်။ ပြည်ပ ဩဇာခံ ဖြစ်ပြီး ကိုလိုနီဘ၀ ပြန်ရောက်တော့မယ်။ အဲဒါကြောင့် တပ်မတော်က နိုင်ငံတော်ကို ကယ်တင်နေတာ။ တပ်မတော်က မကယ်တင်ရင် နိုင်ငံတော်ကြီး ပျက်သုန်းတော့မယ် အဲဒါကိုတော့ သင်တန်းကျောင်းမှာ လာရောက် သင်ကြားပို့ချပါတယ်” ဟု လက်ရှိ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၇ တက်ရောက်နေသော တပ်သားသစ် သင်တန်းသားတစ်ဦးက ပြောဆိုသည်။

    ထို့ပြင် စစ်မှုထမ်းသင်တန်းများတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုသော စကားများကိုလည်း သင်ကြားရပြီး ယင်းသင်ကြားပို့ချမှုအတွင်း KIA ၊ MNDAA ၊ AA၊ TNLA အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမှာ ပြည်ပ ဩဇာခံ အဖွဲ့များဖြစ်ကြောင်း၊ ယင်းအဖွဲ့များကြောင့် မြန်မာနိုင်ငံသည် ကိုလိုနီနိုင်ငံအဖြစ်သို့ ကျရောက် မည်ဖြစ်ကြောင်း ၊ တိုင်းတစ်ပါး ကျွန်မဖြစ်ရေးအတွက် ယင်းသို့သော ပြည်ပဩဇာခံ အဖွဲ့များကို တိုက်ထုတ်ရမည်ဟု ဝါဒဖြန့် သင်ကြားပို့ချနေကြောင်း သိရှိရသည်။

    အလားတူ ယနေ့ နိုင်ငံတော်ကို စစ်တပ်က အာဏာထိန်းထားခြင်းဖြစ်ပြီး မဲမသမာမှုဖြင့် အာဏာရယူရန် ကြိုးစားခြင်းကြောင့် အာဏာရယူထားခြင်းဖြစ်ကြောင်း၊ NLD ပါတီက NUG ၊ NUCC နှင့် CRPH ၊ PDF များအဖြစ် လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်ထောင်စုကို ဖြိုခွဲနေသူများဖြစ်ကြောင်း၊ စစ်မှုထမ်း သင် တန်း သား များအနေဖြင့် နိုင်ငံတော်ကို ကာကွယ်ရန် အသက်စွန့်၍ ကြိုးပမ်းရမည်ဟု သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။

    “သူတို့ ပြောနေတာတွေက မဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် အဲဒါကို နေ့တိုင်း၊ အပတ်စဉ်တိုင်း ပို့ချတယ်။ သင်တန်းကာလအတွင်းမှာ အဲဒါတွေကိုပဲ ထပ်ခါ ထပ်ခါ ပို့ချတယ်။ အမြဲတမ်း နားထောင်နေရတာပါ” ဟု စစ်မှုထမ်း သင်တန်းအပတ်စဉ် ၅ ဆင်း တပ်သားတစ်ဦးက ရှင်းပြသည်။

    စစ်ကောင်စီက စစ်မှုထမ်းသင်တန်းများတွင် စစ်ရေး၊ စာတွေ့နှင့် ပစ်ခတ်မှု သင်တန်းများ ပို့ချသည့်အပြင် အပတ်စဉ် ပျော်ပွဲ ရွှင်ပွဲများ၊ အားကစားပွဲများ၊ ကာရာအိုကေများကိုလည်း ပြုလုပ်ကြောင်း၊ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်ခြင်းနှင့်အတူ အပျော်များကိုပါ လုပ်ဆောင်ပေးခြင်းဖြင့် စစ်မှုထမ်း သင်တန်းသားများကို ၎င်းတို့ဘက်သို့ ပါလာစေရန် နည်းလမ်းမျိုးစုံဖြင့် ဆွဲဆောင်နေကြောင်း၊ စစ်မှုထမ်း သင်တန်းများတွင် လက်ရှိ စစ်တပ်က မြန်မာနိုင်ငံအတွက် မရှိမဖြစ် ရှိရမည်ဆိုသော အယူအဆ သဘော ထားများကို အဓိက ဦးတည် ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။

  • မံစီမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် ပစ်ခတ်သတ်ဖြတ်

    မံစီမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် ပစ်ခတ်သတ်ဖြတ်

    မံစီမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် ပစ်ခတ်သတ်ဖြတ်ထား၍ အလောင်း ၁၀၀ နီးပါး တွေ့ရ

    ကချင်လွတ်လပ်ရေးတပ်တော် (KIA) သိမ်းပိုက်လိုက်သည့် မံစီမြို့မှ ထွက်ပြေးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ထားခဲ့ရာ အလောင်း ၁၀၀ နီးပါး တွေ့ရှိခဲ့ရကြောင်း သိရသည်။

    KIA သည် ပြီးခဲ့သည့် ဇန်နဝါရီ ၈ရက်က မံစီမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့တွင်းနှင့် တပ်ရင်း သုံးခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ကြပြီး KIA က လိုက်လံတိုက်ခိုက်ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်းများကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

    “၉ ရက်နေ့ကနေ ၁၄ ရက် နေ့အထိ အနောက်က လိုက်တိုက်တာမှာ သူတို့အချင်းချင်း ပစ်သတ် ထားခဲ့ကြတဲ့ အလောင်းတွေတွေ့ရတယ်။ စစ်တပ်မိသားစုဝင်တွေလည်းပါတယ်တွေ့တဲ့ အလောင်း တွေထဲမှာ” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

    ထွက်ပြေးသည့် လမ်းပိုင်းအတွင်း နေရာအနှံ့တွင် အလောင်းများ စုပြုံ‌သေဆုံးနေသည်ကို တွေ့ရပြီး အမျိုးသမီးနှင့် ကလေးအလောင်းများပါ ပါဝင်ကြောင်း သိရသည်။

    “ထွက်ပြေးတဲ့အင်အားက ၂၀၀နီးပါးရှိတယ်။ သူတို့အချင်းချင်း လက်နက်ချချင်တဲ့သူတွေကို ပစ်သတ် ထားခဲ့တာလို့ ပြန်သိထားရပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဆိုသည်။

    မံစီမှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဗန်းမော်ရှိ ခလရ ၄၇နှင့် အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အတွင်းသို့ သွားရောက်ပူးပေါင်းရန် ထွက်ပြေးသွားကြခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် ၇၀ ခန့်သာ စစ်ကောင်စီတပ်ရင်းများထံ သွားရောက်ပူးပေါင်းနိုင်ကြောင်း သိရသည်။

    ကျန်သည့်တပ်ဖွဲ့ဝင် ရာချီမှာ KIA၏လိုက်လံတိုက်ခိုက်မှုနှင့် ၎င်းတို့အချင်းချင်း ပစ်ခတ်သတ်ဖြတ် ထားခဲ့မှုကြောင့် သေဆုံးကုန်ကြောင်း သိရသည်။

    မံစီရှိ စစ်ကောင်စီ၏ ခမရ ၆၀၁၊ ခမရ ၃၁၉နှင့် အမြောက်တပ် အမတ ၃၅၂ တို့ကို KIAက သိမ်းပိုက် ထားပြီး အဆိုပါ တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် စစ်တပ်မိသားစုများ မြို့နှင့် တပ်ရင်းများကို စွန့်ခွာ၍ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ရင်းများရှိရာသို့ ထွက်ပြေးရာမှ ယခုကဲ့သို့ သေဆုံးကုန် ကြခြင်းဖြစ်ကြောင်း သိရသည်။

    စစ်ကောင်စီသည် ဗန်းမော်ရှိ အရေးကြီးနေရာအချို့ကိုလည်း လက်လွှတ်ထားရပြီး စကခ ၂၁အတွင်း စစ်ကောင်စီတပ်ဖွဲ့များ ပူးပေါင်းခံစစ်ဆင်နေရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

    ပုံစာ- မံစီမြို့သိမ်းတိုက်ပွဲတွင်တွေ့ရသော ABSDFတပ်ဖွဲ့ဝင်များ

  • ကျုံပျော်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

    ကျုံပျော်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

    ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ် ၊ ​ညောင်ပင်ဆိပ်ကျေးရွာတွင် ဇန်နဝါရီ ၁၅ ရက်နေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

    ညောင်ပင်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥဦးမြင့်သောင်းသည် ကျေးရွာအတွင်းသွားလာနေစဥ် ပစ်ခတ်ခံရပြီး ဆေးရုံသို့အရောက်တွင် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

    “သူက ခုစစ်မှုထမ်းတွေခေါ်တဲ့ အချိန်မှာ ငွေတောင်းအကြမ်းဆုံးပဲ။ ခုတော့ ဘယ်အဖွဲ့ကပစ်သွားမှန်းမသိဘူး ၊ သူမှာလဲ စစ်တပ်ကပေးထားတဲ့ သေနတ်ကိုင်တာတွေ့တယ်။ အပစ်ခံရတော့ပါလာလား ပစ်တဲ့သူတွေပဲယူသွားလားမသိဘူး “ဟု ဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါပစ်ခတ်မှုနှင့်ပတ်သတ်ပြီးကျုံပျော်မြို့နယ်အတွင်း လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

    အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရသည့်နေရာသို့ မြို့နယ်စစ်ကောင်စီမှ လာရောက်စစ်ဆေးခဲ့ပြီးစစ်တပ်နှင့် ရဲများက လမ်းများပိတ်ဆို့စစ်ဆေးစောင့်ကြည့်မှုများ ပြုလုပ်နေသည့်အတွက် ပြည်သူများအနေဖြင့် မှားယွင်းစွပ်စွဲဖမ်းဆီး ခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလအတွင်းကလည်း ကျုံပျော်မြို့နယ်၊မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်းကို မဲဂရက် – ရှားခဲ လမ်းမပေါ်တွင် ပုသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဟင်္သာတမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီးပစ်ခတ်ရှင်းလင်းသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။