Category: News

  • အောင်ဇေယျစစ်ကြောင်းကို KNLA ပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်

    အောင်ဇေယျစစ်ကြောင်းကို KNLA ပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်

    စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေ ဒီဇင်ဘာ ၃၁ ရက်နေ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ သေဆုံးပြီး အမြောက်အများ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ကော့ကရိတ်မြို့နယ် မြဝတီမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းဟာ မြဝတီကို မရောက်နိုင်ဘဲ KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးဘေး တောင်ကြောမှာ ပိတ်မိနေတယ်လို့ KNU က ဆိုပါတယ်။

    လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အောင်ဇေယျစစ်ကြောင်းဟာ လက်နက်ခဲယမ်းလျော့နည်းလာပြီး ရိက္ခာလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် အလံဖြူထောင်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဆီ ပူးပေါင်းလာသူတွေ နေ့စဉ်နဲ့အမျှ ရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    ကေအဲန်ယူ – တပ်မဟာ (၆) အတွင်းရှိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ နေ့စဥ်နှင့်အမျှ ဖြတ်တောက်တိုက်ခိုက်ခြင်း ခံရပြီး အမြောက်အများ သေဆုံး၊ ဒဏ်ရာရကာ ရိက္ခာများလည်း ပြတ်လပ်နေ

    ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းသည် မြဝတီမြို့သို့ မရောက်နိုင်ပဲ (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်သလို နောက်ပြန်ဆုတ်၍လည်း မရနိုင်တော့ပဲ ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးဘေး တောင်ကြောတွင်သာ ပိတ်မိနေကြသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း ကေအဲန်ယူ – တပ်မဟာ (၆) K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ချို့သေဆုံးခဲ့ပြီး အမြောက်အများ ဒဏ်ရာရခဲ့သည်။ ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတစ်ချို့ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

    နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်း၏လက်ရှိအခြေအနေသည် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဥ်နှင့်အမျှ ထိခိုက်သေဆုံး၊ ဒဏ်ရာရခဲ့ကြပြီး ရှေ့ဆက်တိုး၍ မရတော့သလို နောက်ပြန်ဆုတ်၍လည်း မရတော့ပဲ လက်နက်ခဲယမ်းများ လျှော့နည်းလာပြီး ရိက္ခာများလည်း ပြတ်လပ်နေကြသည်။ ထိုစစ်ကြောင်းမှ စစ်သည်တစ်ချို့သည်လည်း အာဏာဖြင့် ညွန်ကြားလာသော အထက်အမိန့်အား မလိုက်နာနိုင်တော့ပဲ အလံဖြူထောင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ အများအပြား အလင်းဝင်လာနေကြပြီး နေ့စဥ်နှင့်အမျှ ထွက်ပြေးလာကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းခဲ့ကြသည်။

    ထို့အတူ K.N.U တပ်မဟာ (၆) ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင်ရှိသော နှစ်ပေါင်းများစွာ ရာဇဝင်တွင်လာခဲ့သည့် စစ်ကောင်စီ၏ အဓိကကျသော အနန်းကွင်းဗျူဟာ စခန်းသည်လည်း (K.N.L.A) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဥ်နှင့်အမျှ ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများရှိနေပြီး စခန်းတွင်းရှိ ၎င်းတို့၏ ရိက္ခာများလည်း လျှော့နည်းလာသည်။ ထိုအနန်းကွင်းဗျူဟာ စခန်းသို့စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီပူးပေါင်းတပ်ရင်းများသည်လည်း အနန်းကွင်းဗျူဟာစခန်းသို့ မရောက်နိုင်ကြပဲ (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်မှုကို ခံနေရပြီး အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရခဲ့ကြသည်။ ထိုစခန်းတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်တစ်ချို့လည်း အထက်အမိန့်အား ဖီဆန်၍ ထွက်ပြေးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ လာရောက်ပူးပေါင်းခဲ့ကြသည်။

    ထိုအနန်းကွင်းဗျူဟာစခန်း၏ လက်ရှိအခြေအနေသည်လည်း (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဥ်နှင့်အမျှ ထိခိုက်သေဆုံး၊ ဒဏ်ရာရခဲ့ကြပြီး ၎င်းတို့စားနပ်ရိက္ခာ အတွက် Y-12 လေယာဥ်ဖြင့်သာ လာရောက်ချပေးနေရသည်။ ထိုလေယာဥ်မှ လာရောက်ချပေးသော ရိက္ခာထုပ်များသည်လည်း ၎င်းတို့၏ စခန်းတွင်းသို့ အားလုံးမကျပဲ စခန်းအပြင်သို့ကျကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ သိမ်းဆည်းရမိခြင်း ခံရသည်။

    ကေအဲန်ယူ – ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) မှ ကျန်ရှိနေသေးသော အကြမ်းဖက် စစ်ကောင်စီတပ်၏ ဗျူဟာကုန်း နှင့် တပ်စခန်းများအား (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နေရာအနံ့ နေ့စဥ်နှင့်အမျှ ပိတ်ဆို့တိုက်ခိုက်လျှက်ရှိနေပြီး ရန်သူအား ခြွေစစ်စနစ်ဖြင့် အမြှစ်ပြတ်သည်အထိ ဖော်ဆောင်လျှက်ရှိသည်။

    ခြွေစစ်စနစ်ဖြင့် အထိနာလျှက်ရှိသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လေယာဥ်အပြင် ဒရုန်းများဖြင့် သော်လည်းကောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအား ပြန်လည်ဗုံးကျဲ ပစ်ခတ်လျှက်ရှိသည်။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် တစ်ချို့သော လက်နက်ကြီးကျည်များမှာ ပြည်သူနေကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထိုကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ချို့လည်း ထိမှန် သေဆုံး၊ ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင် ဥယျဥ်ခြံမြေနှင့် အိုးအိမ်ပစ္စည်းများစွာလည်း ထိမှန်ပျက်စီးခဲ့ရသည်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအား ကော့ကရိတ်မြို့နယ် ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။ (Photo: Cobra Column)

  • လာမည့်နှစ်သစ်တွင် စစ်ရေးပိုပြင်းထန်မည်ဟု KNU အသိပေး

    ” စစ်တပ်ကို အပြောင်းအလဲ လုပ်ချင်တဲ့ သူတွေရှိမှာပဲ တပ်မှူး တပ်သားတွေက။ အဲဒီလိုတပ်မှူး တပ်သားတွေကလည်း အချိန်အခါကောင်းပဲဖြစ်တယ်။ ဒီလို အချိန်အခါကောင်းကို လုံး၀ အဆုံးအရှုံးမခံဘဲနဲ့ ၂၀၂၅နှစ်အတွင်းမှာ အမြန် ကျနော်တို့ လက်တွဲဖို့လိုတယ်” – ပဒိုစောတောနီး

    ၂၀၂၅နှစ်သစ်တွင် စစ်ရေးအသုံးပြုမှု ပိုမိုပြင်းထန်မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားခဲ့ပြီး စစ်ကောင်စီတပ်ကို အပြောင်းအလဲ ပြုလုပ်လိုသည့် တပ်မှူးတပ်သားများအတွက်လည်း အခွင့်အခါကျောင်းဖြစ်၍ လက်မလွှတ်ဘဲ တော်လှန်ရေးတပ်များနှင့် ပူးပေါင်းရန် ဖိတ်ခေါ်လိုက်သည်။

    ” ကျနော်တို့က စစ်ရေးနည်းလမ်းအရ မဖြေရှင်းချင်ပေမယ့်လို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့နည်းရော စစ်အာဏာရှင်စနစ်လုံး၀ ချုပ်ငြိမ်းစေဖို့အတွက် စစ်ရေးနည်းလမ်းကတော့ မလွှဲမသွေကို သုံးသွားရမှာဖြစ်တယ်။ အဲဒါအပြင် လာမယ့် ၂၀၂၅မှာလည်းစစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမှုကလည်း ပိုပြီးပြင်းထန်လာမယ့်ဆိုတာ ရှင်းရှင်းလေး မြင်နေရတယ်ဆိုတာ ဘယ်လိုမှပြောစရာမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမှပဲ ဒီလူ(စစ်ကောင်စီ)တွေက နားလည်မယ့်သူတွေဆိုတာ ကျနော်တို့ မြင်နေရတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

    နိုင်ငံရေးပြဿနာကို ဖြေရှင်းရာ၌ အကြမ်းနည်းမသုံးခြင်ကြောင်း၊ ငြိမ်းချမ်းစွာ အဖြေရှာလိုသော်လည်း စစ်ကောင်စီကဲ့သို့သောသူများနှင့်မည်သို့မှ စကားပြော၍ မရကြောင်း ၎င်းကဆိုသည်။

    စစ်တပ်အတွင်း၌လည်း အပြောင်းအလဲ ပြုလုပ် လိုသည့် တပ်မှူးတပ်သားများ ရှိမည်ဟု ယုံကြည်ကြောင်းလည်း ပဒိုစောတောနီးက ပြောသည်။

    ” စစ်တပ်ကို အပြောင်းအလဲ လုပ်ချင်တဲ့ သူတွေရှိမှာပဲ တပ်မှူး တပ်သားတွေက။ အဲဒီလိုတပ်မှူး တပ်သားတွေက လည်း အချိန်အခါကောင်းပဲဖြစ်တယ်။ ဒီလို အချိန်အခါကောင်းကို လုံး၀ အဆုံးအရှုံးမခံဘဲနဲ့ ၂၀၂၅ နှစ်အတွင်းမှာ အမြန် ကျနော်တို့ လက်တွဲဖို့လိုတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

    စစ်တပ်သည် ပရော်ဖက်ရှင်နယ်စစ်တပ် တစ်ခု ဖြစ်လာရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။ တပ်မှူးတပ်သားများအနေဖြင့်လည်း ပြည်သူကိုအကာအကွယ်ပေးရန် တာဝန်ရှိသည့်အပေါ် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရန်လိုအပ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

    ” မဟုတ်ဘူးဆိုရင် ၂၀၂၅က အင်မတန်ဆိုးဝါးတဲ့ စစ်ကောင်စီရဲ့ ကံကြမ္မာတစ်ခုကို ဖန်တီးတော့မယ်ဆိုတာရှင်းရှင်းလင်းလင်း မြင်နေရပြီ။ အနောက်ဘက်မှာရော အရှေ့ဘက်မှာရော မြောက်ပိုင်းဘက်မှာရော တောင်ဘက်ပိုင်းမှာရော ၂၀၂၅က သူတို့အတွက် ရွေးစရာကို မရှိတော့တဲ့ နှစ်တစ်ခုလို ဖြစ်သွားတော့မယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေရတယ်”ဟု ပဒိုစောတောနီးက ပြောကြားသည်။

    စစ်ကောင်စီအနေဖြင့် ၂၀၂၅တွင် ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စိတ်ကူးပါက အိပ်မက်သပ်သက်သာဖြစ်မည်ဟုလည်း ပြောကြားသည်။

    ” ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျနော်တို့ကလည်း ဒီလိုမျိုးဖြစ်မယ့်ဟာကို အဖြစ်ခံမှာ မဟုတ်ဘူး” ဟု ပဒိုစောတောနီးက စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လက်မခံကြောင်း ပြောသည်။

    စစ်ကောင်စီအနေဖြင့် လက်ရှိပုံစံအတိုင်း မိုက်ကမ်းစွာ ဆက်လက် လုပ်ဆောင်ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နိဂုံး ကောင်းမွန်မည်မဟုတ်ဟုလည်း သတိပေးသည်။

    ” အဲဒါကြောင့်မို့လို့ အချိန်ရှိတုန်း ကျနော်တို့ ပြောနေတဲ့အချိန်မှာ သေချာနားထောင်ပြီး သေချာ ဆုံးဖြတ်ကြပါ။ အထူးသဖြင့် ပြုပြင်ပြောင်းလဲရေးလိုချင်တဲ့ စစ်တပ်ထဲမှာ ရှိတဲ့ တပ်မှူးတပ်သားတွေကို ကျနော်တို့ အဲဒါပြောချင်တယ်။” ဟုလည်း ပဒိုစောတောနီးက ပြောသည်။

    KNUဗဟိုအနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သောင်းချီ ပြုန်းတီးအောင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်စခန်း ၁၄၀ ကျော်ကို သိမ်းပိုက်ထားသည်။

    လတ်တလောတွင် KNU တပ်မဟာ(၆) နယ်မြေတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိရာ တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ် အထိနာလျက်ရှိသည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။

    မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းသည် မြဝတီမြို့သို့ မရောက်နိုင်ပဲ KNLAဦးဆောင်သော PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဒေါနတောင်ပေါ် တောနောရေတံခွန်အနီး၌သာ ပိတ်မိနေသည်။

    ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်တွင်လည်း ကေအဲန်ယူ – တပ်မဟာ (၆) KNLAဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ချို့သေဆုံးခဲ့ပြီး အမြောက်အများဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတစ်ချို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

    ပိတ်မိနေသည့် စစ်ကောင်စီတပ်အနေဖြင့် လက်နက်ခဲယမ်းများ လျှော့နည်းလာပြီး ရိက္ခာများလည်း ပြတ်လပ်နေကြရာ ထိုစစ်ကြောင်းမှ စစ်သည်တစ်ချို့သည်လည်း အာဏာဖြင့် ညွန်ကြားလာသော အထက်အမိန့်အား မလိုက်နာနိုင်တော့ဘဲ အလံဖြူထောင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ အများအပြား အလင်းဝင်လာနေကြကြောင်း အသိပေးသည်။

    KNU ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)မှ ကျန်ရှိနေသေးသော စစ်ကောင်စီတပ်၏ဗျူဟာကုန်းနှင့် တပ်စခန်းများအား KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နေရာအနံ့ နေ့စဥ်နှင့်အမျှ ပိတ်ဆို့တိုက်ခိုက်လျှက်ရှိနေပြီး ရန်သူအား ခြွေစစ်စနစ်ဖြင့် အမြှစ်ပြတ်သည်အထိ ဖော်ဆောင်လျှက်ရှိသည်ဟုဆိုသည်။

    ခြွေစစ်စနစ်ဖြင့် အထိနာလျှက်ရှိသော စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လေယာဥ်အပြင် ဒရုန်းများဖြင့် သော်လည်းကောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအား ပြန်လည်ဗုံးကြဲ ပစ်ခတ်လျှက်ရှိဟု အသိပေးသည်။

    စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် တစ်ချို့သော လက်နက်ကြီးကျည်များမှာ ပြည်သူနေကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ထိုကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ချို့လည်း ထိမှန် သေဆုံး၊ ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင် ဥယျဥ်ခြံမြေနှင့် အိုးအိမ်ပစ္စည်းများစွာလည်း ထိမှန်ပျက်စီးခဲ့ရကြောင်း အသိပေးထားသည်။

    (KNLAတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – KNLA)

  • မိုးကုတ်မှာ တော်လှန်ရေးအဖွဲ့ နာမည် သုံးပြီး ပြည်သူကို အကြမ်းဖက်၊ ငွေညှစ်နေတဲ့ လူငယ်အဖွဲ့ ဖမ်းမိ၊ မြို့ထဲ လှည့်လည်ပြသ

    မိုးကုတ်မှာ တော်လှန်ရေးအဖွဲ့ နာမည် သုံးပြီး ပြည်သူကို အကြမ်းဖက်၊ ငွေညှစ်နေတဲ့ လူငယ်အဖွဲ့ ဖမ်းမိ၊ မြို့ထဲ လှည့်လည်ပြသ

    တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် – PSLF/TNLA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ အမည်ကို အသုံးပြုပြီး ပြည်သူတွေကို အကြမ်းဖက်မှု၊ ငွေညှစ်မှုတွေ ပြုလုပ်နေတဲ့ လူငယ်အဖွဲ့တစ်ခုကို ဖမ်းဆီးရမိခဲ့ပြီး မြို့ထဲ လှည့်လည် ပြသခဲ့တယ်လို့ သတင်းရရှိပါတယ်။

    အဲ့ဒီ လူငယ်အဖွဲ့ကို ဒီဇင်ဘာလ ၂၅ရက်က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး မြို့တွင်းက ပြည်သူတွေကို လှည့်လည် ပြသကာ TNLA ထံ အပ်နှံခဲ့တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း NSSAA ရဲ့ ဘဏ္ဌာရေးမှူး ကိုပိစိက ပြောပါတယ်။

    “ကျွန်တော်တို့ တပ်ကနေပြီးတော့မှ သူတို့ထဲမှာ သုံးယောက် ပါတယ်၊ ထွက်သွားတာ သူက ဆေး-နား (ကျန်းမာရေး အခြေအနေကြောင့် အနားယူ) အနေနဲ့ ထွက်သွားတယ်၊ အဲ့တော့ ဆေးနား အနေနဲ့ ထွက်သွားပြီးတဲ့ အချိန်ကျတော့ ကျွန်တော်တို့ဆီကို ပြန်မလာတော့ဘဲနဲ့ ဒီမိုးကုတ်မှာ မြို့သိမ်းပြီးပြီလည်း ဆိုတော့ ဒီမှာပဲ နေပြီးတော့ ကိုယ်ရောင် ဖျောက်နေတာပေါ့။ ဖျောက်နေရင်းနဲ့မှ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ကလည်း ဪ ဒါက တော်လှန်ရေး စိတ်ကုန်သွားတာလည်း ဖြစ်နိုင်ပါတယ် ဆိုပြီး ဒီတိုင်း လွှတ်ထားပေးပေမဲ့လည်း ကျွန်တော်တို့ ဆီမှာ (သတင်း) တက်လာတဲ့ အသံကကျတော့ ကျွန်တော်တို့ တပ်ဖွဲ့ရဲ့နာမည်ကို အသုံးပြုပြီးတော့မှ ဓါးပြ ဝင်တိုက်တယ်၊ ဘာညာဆိုပြီးတော့မှ ကျွန်တော်တို့ဆီကိုလည်း တက်လာတယ်၊ တက်လာတဲ့ အချိန်မှာ ကျွန်တော်တို့က ဟုတ်ပြီ ဒါဆိုရင်တော့ ဒီကိစ္စကို ကိုင်တွယ်ဖို့ လိုပြီ ဆိုပြီးတော့မှ သူတို့ကို အရင်ဆုံး သွားဖမ်းတာ၊ ဖမ်းတဲ့ အချိန်မှာမှ သူတို့ကနေပြီးတော့မှ ကွင်းဆက်အနေနဲ့ ဆက်ပြီးတော့မှ နောက်ထပ် ခုနစ်ယောက် ဖမ်းမိရာကနေပြီးတော့မှ စုစုပေါင်း ၁၀ ယောက် ဖြစ်သွားတာပေါ့။ စစ်မေးလိုက်တဲ့အချိန်မှာ သိလာရတာက ဘာလဲဆိုတော့ သူတို့က ဟုတ်တယ်၊ နာမည်သုံးတယ်၊ ဒါပေမဲ့ နာမည်က ဘယ်လိုထွက်လဲဆိုတော့ မဟာမိတ် တပ်ပေါင်းစုတွေက လုပ်တာပါဆိုပြီးတော့မှ အားလုံး အဲ့လိုမျိုး လုပ်တာ၊ ဒီ ကျွန်တော်တို့ မိုးကုတ်မှာကျတော့ မိုးကုတ်ကို သိမ်းတဲ့အချိန်မှာလည်း ကျွန်တော်တို့လည်း ပါခဲ့တာကိုး၊ တခြားအဖွဲ့တွေလည်း ပါတယ်၊ ဆိုတော့ အဲ့အဖွဲ့တွေ အားလုံးရဲ့ မဟာမိတ်တပ်ပေါင်းစုပါ ဆိုပြီးတော့မှ သူတို့က လုပ်တာဖြစ်တဲ့အတွက်ကြောင့် ဒါသည် အဖွဲ့အစည်းတွေ အားလုံးရဲ့ နာမည်ကို ထိခိုက်ရုံသာမက တော်လှန်ရေးရဲ့ပုံ ရိပ်ကိုလည်း ကျဆင်းစေတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဖမ်းဆီးရတာဖြစ်ပါတယ်”

    ဖမ်းဆီးရမိသူတွေဟာ အသက် ၁၅နှစ်မှ ၂၄နှစ်အတွင်းသာရှိတဲ့ လူငယ်တွေဖြစ်ပြီး အဖွဲ့ဝင်တစ်ယောက်ကတော့ လွတ်မြောက်နေဆဲဖြစ်တာကြောင့် ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဖမ်းဆီးရမိတဲ့ လူငယ် ၁၀ ယောက်ထဲမှာ NSSAA ရဲ့ တပ်သားဟောင်း သုံးယောက်ပါရုံသာမက TNLA တပ်သားလို့ ယူဆနိုင်ချေရှိတဲ့ လူငယ် သုံးယောက်လည်း ပါဝင်တယ်လို့ ကိုပိစိကပြောပါတယ်။

    “TNLA က (တပ်သားသုံးယောက် ဖြစ်ကြောင်း) တကယ်စစ်မှန်ရဲ့လားဆိုတာ လိုက်နေတုန်း၊ သို့သော် သူတို့ဆီမှာ TNLA ဝတ်စုံ တွေ့ရတယ်၊ ကျွန်တော်တို့ မိတဲ့အချိန်မှာလည်း TNLA ရဲ့ ယူနီဖောင်းကို ဝတ်ထားတာ ဖြစ်တယ်၊ ဒါမျိုးဟာ အဖွဲ့အစည်း နှစ်ခုရဲ့ကြား ပဋိပက္ခတွေ ဖြစ်စေနိုင်တယ်ပေါ့။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့က ဒီလူဟာ ဟုတ်ရဲ့လား တကယ်မှန်ရဲ့လား အဖွဲ့အစည်းက စစ်မှန်လား တကယ်လို့ အဖွဲ့အစည်းက စစ်မှန်တယ်ဆိုရင် ဒီလို လုပ်ရပ်မျိုး လုပ်တာသည် မှားတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က ဒါကို TNLA က သက်ဆိုင်ရာ လူကြီးတွေဆီ ရောက်အောင်ကို တင်မှာ၊ ကျွန်တော်တို့ အနေနဲ့လည်း ကျွန်တော်တို့ထဲက လူတွေပါတာ ဖြစ်တယ်၊ အဲ့တော့ ကျွန်တော်တို့ လူကိုလည်း ဒီလိုမျိုး ရအောင်လုပ်သလို တခြားသူတွေကိုလည်း အဲ့လိုမျိုး လုပ်စေချင်တယ်ပေါ့”

    NSSAA က ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းတဲ့အခါမှာ သူတို့ ကျူးလွန်ခဲ့တာတွေကို ဝန်ခံတယ်လို့ ကိုပိစိက ပြောပါတယ်။

    “တချို့အိမ်တွေမှာ ဆိုလို့ရှိရင်သူတို့က အိမ်တွေကို ဝင်စီးလိုက်တယ်၊ ဝင်စီးလိုက်ပြီးတော့ ဘယ်လို လုပ်လဲဆိုတော့ ပထမဆုံး အိမ်ထဲကို ဝင်လာပြီးတော့ ဆေး(မူးယစ်ဆေးဝါး) ချလိုက်တယ်၊ ပြီးတဲ့အချိန်ကျမှ မင်းတို့ ဆေးသုံးတယ် ဆိုပြီးတော့ ဒီလိုမျိုးတွေ အိမ်ရှင်တွေကို လုပ်တာ ရှိတယ်၊ အိမ်ရှင်တွေကို ပါးရိုက်တာတွေ ရှိတယ်၊ ကန်တာတွေရှိတယ်၊ နောက် ဘယ်လိုခေါ်မလဲ ခင်များတို့ တစ်ယောက်မှ မလာနဲ့ဆိုပြီးတော့မှ ဒီအိမ် အပေါ်ထပ်တွေကို မွှေတာတွေ ရှိမယ်၊ နောက်တခါ အဲ့တာတင် မဟုတ်ဘူး ဒီအိမ်တွေကို လုပ်တာ မဟုတ်ဘဲနဲ့ သူတို့က လမ်းမှာတင်တောင် စောင့်ဖမ်းပြီးတော့မှ ဒီလို နောက်ဆုံး ဘယ်လောက်ထိလဲ ဆိုတော့ ဝါးရင်းတုတ် တစ်ချောင်းနဲ့တောင်မှ လှုပ်ရှားဖူးတယ်လို့ ပြောတယ်၊ အဲ့လိုမျိုး တုတ်တစ်ချောင်း ကိုင်ပြီးတော့မှ လမ်းမှာ စောင့်ဖမ်းပြီးတော့ လာသမျှလူကို အဲ့လိုမျိုး တောင်းတာတွေ ရှိတယ်၊ နောက် ဆေးသမားတွေဆီကနေပြီးတော့ မှလည်း ပိုက်ဆံ အဲ့တစ်ခေါက်က သိန်း ၃၀ လား ၄၀လားမသိဘူး ရလိုက်တယ်လို့ ပြောတယ်၊ အဲ့လို ရပြီးတော့ကျ သူတို့က တစ်ယောက်ချင်းစီ တစ်ယောက်ကို ဝေပုံကျနဲ့ ဘယ်လောက်ဆိုပြီးတော့မှ ခွဲတာ ရှိတယ် သူတို့ထဲမှာ ခေါင်းဆောင် တစ်ယောက်လည်း ပါတယ်။ အဲ့ခေါင်းဆောင်က တခါတလေကျရင် ခွဲပေးတယ်။ (တခါတလေကျရင်လည်း) ခွဲလည်း ခွဲမပေးဘူးလို့ ပြောတယ်”

    အဆိုပါ လူငယ်တွေဟာ မူးယစ်ဆေးဝါး သုံးစွဲသူတွေဆီကနေ သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ကိုယ်တိုင်လည်း သုံးစွဲကြရုံတင်မက ပြန်လည်ရောင်းချတာတွေလည်း ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

    ဖမ်းဆီးရမိတဲ့လူငယ် ၁၀ ယောက်ကို NSSAA က ဒီဇင်ဘာလ ၂၇ ရက်က မိုးကုတ်မြို့အတွင်း ပြည်သူတွေရှေ့ကို လှည့်လည် ပြသပြီးတဲ့နောက် မိုးကုတ်မြို့ရှိ PSLF/TNLA တရားဥပဒေစိုးမိုးရေး အဖွဲ့ဆီကို လွှဲပြောင်း အပ်နှံခဲ့ကာ အရေးယူမှု အပိုင်းနဲ့ ပြစ်မှုတွေ ဆက်လက်ဖော်ထုတ်ဖို့ကိုတော့ PSLF/TNLA ရဲ့ တရားဥပဒေ စိုးမိုးရေးအဖွဲ့က ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ကိုပိစိက ပြောပါတယ်။

    “နောက်ထပ်များ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့ နာမည်ပဲ ဖြစ်ဖြစ် တခြားအဖွဲ့အစည်းရဲ့ နာမည်ပဲ ဖြစ်ဖြစ် အသုံးပြုပြီးတော့မှ ပြည်သူတွေအိမ်ကို ဝင်လာပြီဆိုလို့ရှိရင် ပထမဆုံး တောင်းရမှာသည် ဘယ်တပ်ရင်းကလဲ သေချာအောင် မေးပါ။ သေချာတဲ့ ID (သက်သေခံကတ်ပြား) တစ်ခုခုကို ပြခိုင်းပါ။ ဒါမှသာလျှင် ဝင်ခိုင်းပါ ပေါ့နော။ နောက်ဆုံး အဲ့လိုမျိုးမှ မပြနိုင်ဘူးဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်တောင် ဝင်ခွင့်မပေးပါနဲ့ဆိုတာပါပဲ” လို့ ကိုပိစိက ပြောပါတယ်။

    ဒါ့အပြင် ယခုကိစ္စကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူတွေဆီကိုလည်း NSSAA အနေနဲ့ သွားရောက် တောင်းပန်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

    NSSAA ဟာ မိုးကုတ်မြို့အရှေ့ပိုင်းကို သိမ်းပိုက်တဲ့အချိန်မှာ ပါဝင်ခဲ့တဲ့ ပူးပေါင်းတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

    NSSAA ဟာ ယခင် LCDF (လားရှိုးမြို့ လူထုကာကွယ်ရေး တပ်ဖွဲ့) ၊ People’s Defense Force – Kyaukme နဲ့ PSDA Lashio (ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့-လားရှိုး) သုံးဖွဲ့ ပေါင်းစည်းပြီး ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

    လက်ရှိ မိုးကုတ်မြို့မှာ လျှပ်စစ်မီး၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

    ဒါ့အပြင် မိုးကုတ်မြို့ကို စစ်အုပ်စုက လေကြောင်းဗုံးကျဲ သတ်ဖြတ်ပြီးနောက် နိုဝင်ဘာလ ၁၂ရက်ကစလို့ CDMA ဖုန်းနဲ့ Starlink ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း PSLF/TNLA ဦးဆောင်တဲ့ မြို့စီမံအုပ်ချုပ်ရေး ကော်မတီက ပိတ်ထားဆဲ ဖြစ်ပါတယ်။

    စစ်အုပ်စုကလည်း မိုးကုတ်မြို့ကို ကုန်စည်စီးဆင်းမှု မရှိစေဖို့ ရနိုင်သလောက် ပိတ်ဆို့ ဖြတ်တောက်ထားလို့ မြို့ခံတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

  • ရခိုင်စစ်ဘေးရှောင်များကို လက်မခံရန် ရေကြည်မြို့နယ်အတွင်းမှ အုပ်ချုပ်ရေးမှူးများက သတိပေး

    ရခိုင်စစ်ဘေးရှောင်များကို လက်မခံရန် ရေကြည်မြို့နယ်အတွင်းမှ အုပ်ချုပ်ရေးမှူးများက သတိပေး

    ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက ရခိုင်စစ်ဘေးရှောင်များကို နေအိမ်ငှါးရမ်းခြင်းနှင့် ခေါ်ယူထားခြင်းများမပြုလုပ်ရန် လိုက်လံသတိပေးနေကြောင်း သတင်းရရှိသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရေကြည်မြို့နယ်၊ ကမ်းနီကျေးရွာတွင် အုပ်ချုပ်ရေးမှူး တင်ကိုဦး ဆိုသူမှ ကျေးရွာအတွင်းအစည်းအဝေးခေါ်ကာ နေအိမ်များတွင် ရခိုင်စစ်ဘေးရှောင်များရှိပါက နှင်ထုတ်ရန်ပြောခဲ့ကြောင်း သိရှိရသည်။

    “မြို့နယ်က ညွှန်ကြားတာလို့ပြောတယ်။ စစ်ဘေးရှောင်တွေထဲမှာ AAအဖွဲ့တွေပါလာနိုင်တယ် ပြသနာဖြစ်ရင် အိမ်ပိုင်ရှင်အရေးယူခံရမယ် လို့ပြောတယ်။ ဒေသခံနဲ့ ရခိုင်စစ်ဘေးရှောင်တွေကိုရန်တိုက်ပေးတဲ့သဘောပဲ”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

    ရေကြည်မြို့နယ်တွင် ရခိုင်ပြည်နယ်မှ ရောက်ရှိလာသည့်စစ်ဘေးရှောင်များကို စစ်ကောင်စီနှင့်အုပ်ချုပ်ရေးအဖွဲ့များမှ ဖမ်းဆီးခြင်းနှင့်နှင်ထုတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေပြီးဒီဇင်ဘာလ ၂၂ရက်နေ့က ရေကြည်မြို့နယ်မြောက်စမ်းရွာအတွင်းမှ ရခိုင်စစ်ဘေးရှောင်များကို စစ်ဆေးပြီး ရခိုင်တပ်တော် AAနှင့်ပတ်သတ်သည်ဟု ဆိုကာ ၁၆ ဦးကိုဖမ်းဆီးခဲ့သည်။

    လက်ရှိတွင် ငါးသိုင်းချောင်း၊ရေကြည်နှင့် ရွှေသောင်ယံ၊ မကျီးစင်စသည့် ဒေသများတွင် စစ်ကောင်စီမှ ခံစစ်ပြင်ဆင်ခြင်း၊ လက်နက်ကြီးများ နေရာချခြင်း၊ရဟတ်ယာဉ်ကွင်းများဆောက်လုပ်ခြင်းများပြုလုပ်ပြီးနောက် အဆိုပါ နေရာများတွင်ရောက်ရှိနေ့သည့် ရခိုင်စစ်ဘေးရှောင်များကို ပစ်မှတ်ထား ဖမ်းဆီး၊ နှင်ထုတ်ခြင်းများ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှ သုံးသပ်သည်။

  • ဧရာဝတီတိုင်းရှိ ပင်စင်စားဝန်ထမ်းများကိုဆေးဝါးနှင့် ကြက်ဥ ထောက်ပံ့ပေး၍ စည်းရုံးရေးဆင်းနေ

    ဧရာဝတီတိုင်းရှိ ပင်စင်စားဝန်ထမ်းများကိုဆေးဝါးနှင့် ကြက်ဥ ထောက်ပံ့ပေး၍ စည်းရုံးရေးဆင်းနေ

    ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အငြိမ်းစားပင်စင်စားဝန်ထမ်းများကို ပင်စင်လစာထုတ်ယူစဉ် ဆေးဝါးနှင့် ကြက်ဥများပေး၍ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက စည်းရုံးရေးဆင်းနေကြောင်း သိရသည်။

    ယခုနှစ် သြဂုတ်လမှ စတင်ကာ မြန်မာ့စီးပွါးရေးဘဏ်တွင် ပင်စင်လစာထုတ်ယူချိန် ပင်စင်စားဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆီချိုတိုင်းပေးခြင်းနှင့် လစဥ်သောက်သုံးနေရသည့် ဆေးဝါးအချို့ကိုလည်း ထောက်ပံ့မှုများလုပ်ဆောင်နေသည်ဟု မြို့ခံအချို့က ပြောသည်။

    “ပင်စင်သွားထုတ်တိုင်း သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေဆိုရင် တစ်လစာအတွက် တစ်ကဒ်၊ နှစ်ကဒ် အဲ့လိုမျိုးပေးတယ်။ ပင်စင်စထုတ်ထုတ်ခြင်းရက်တွေပဲပေးတာများတယ်။ ပြီးခဲ့တဲ့လက အရင်ဦးတဲ့သူတွေဆို နှစ်ကဒ်ဆီရကြတယ်။ တချို့လည်း ခွဲတမ်းမရတော့ တစ်ကဒ်ပဲရကြတယ်။ တချို့လည်း မရဘူး။ အပြင်မှာ တစ်ကဒ် ကို ၂၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ဝန်းကျင်လောက်ဆိုတော့ တစ်ကဒ်ဖိုးသက်သာလည်း ဟင်းစားအတွက်ရတာပေါ့”ဟု ပုသိမ်မြို့ခံ ပင်စင်စားဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

    ယခုလ ပင်စင်လစာထုတ်ယူချိန်မှာလည်း တစ်ဦးလျှင် ကြက်ဥ ၁၀ လုံးနှုန်း ပေးခဲ့ပြီး အစောပိုင်းရောက်ရှိသူအများစုသာ ရရှိပြီး နောက်ကျသူများမရရှိကြကြောင်း ၎င်းက ဆိုသည်။

    စစ်ကောင်စီက ပြည်သူ့လုံခြုံရေးဥပဒေဖြင့် အသက် ၃၅ နှစ်မှ ၆၅ နစ်အရွယ်ရှိ အမျိုးသားများကို စစ်သင်တန်းပေး၍ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအတွက်သာမက တပ်သားသစ်အဖြစ်စုဆောင်းပြီး ရှေ့တန်းသို့စေလွှတ်လျှက်ရှိရာ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုမှာလည်း အဆိုပါဥပဒေအရ စစ်သင်တန်းတက်ရောက်နေရသူများရှိနေကြောင်း ဒေသခံများက ဆိုသည်။

    အဆိုပါဥပဒေမှာ အကြုံးဝင်သည့် အသက်အရွယ်အပိုင်းအခြားအရ ပင်စင်စားသက်ကြီးရွယ်အိုများ ပါဝင်နေကြောင်း သိရသည်။

    “စစ်မှုထမ်းဥပဒေနဲ့ အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ပါ ဧရာဝတီတိုင်းမှာက တပ်သားသစ်ရဖို့ စုနေတာ။ နောက်ပြီးတော့ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိလည်း စစ်သင်တန်းတက်ရမယ်ဆိုပြီး တက်နေကြရသူတွေရှိတယ်။ ခုပင်စင်စားတွေကို လုပ်ပေးနေတာတွေက အရင်အစိုးရအဆက်ဆက်ကြားဖူးတာမျိုးမရှိဘူး။ Non-CDM ဝန်ထမ်းတွေနဲ့ ပင်စင်စားဝန်ထမ်းတွေကို နှစ်သိမ့်ပေးချင်လို့ လုပ်နေတာလို့ပဲမြင်တယ်”ဟု ပုသိမ်မြို့ခံ အမျိူးသမီးတစ်ဦးက ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် ဧရာဝတီတိုင်းအတွင်းမှ လူငယ် ၇၀၀၀ ဝန်းကျင်ကို တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းသို့အများဆုံးပို့ဆောင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ထုတ်ဖော်ပြောဆိုထားသည်။