Category: News

  • မော်လမြိုင်မှာ လူသတ်ပြီး ငါးကန်အဟောင်းထဲ စွန်ပစ်ခဲ့သူကို ဖမ်းဆီးရမိ

    မော်လမြိုင်မှာ လူသတ်ပြီး ငါးကန်အဟောင်းထဲ စွန်ပစ်ခဲ့သူကို ဖမ်းဆီးရမိ

    မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်း၊ လှိုင်ရတနာမြို့သစ် စီမံကိန်းဝန်းက ငါးကန်ဟောင်း ရေအိုင်အတွင်းမှာ ဇန်နဝါရီလ ၁၈ ရက် မနက် ၆ နာရီ ၄၅ မိနစ်ခန့်က အမျိုးသား ၁ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ရုပ်အလောင်းတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ သိရပါတယ်။

    သေဆုံးသွားသူဟာ လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်းနေ အသက် (၄၂) နှစ်အရွယ် LGBT တစ်ဦးဖြစ်သူ စိုးမိုးထိုက် ဖြစ်တယ်လို့ သိရပြီး ကျူးလွန်သူဟာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ အသက် (၃၃) နှစ်အရွယ် လင်းစိုးသက် (ခ) အမန်း ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

    လင်းစိုးသက်ရဲ့ ထွက်ဆိုချက်တွေအရ သူဟာ ဇန်နဝါရီလ အတွင်းက ကိုစိုးမိုးထိုက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြောင်း၊ စိုးမိုးထိုက် က ဘီယာတိုက်မယ်လို့ ပြောဆိုကာ သူ့ရဲ့နေအိမ်ကို ခေါ်သွားပြီး လိင်ဆက်ဆံ ခိုင်းခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၇ ရက်နေ့က စိုးမိုးထိုက် က သူ့ထံ ဖုန်းဆက်ခေါ်ပြီး ငါးကန်ဟောင်းဘေးမှာ တွေ့ဆုံကာ လိင်ဆက်ဆံပေးဖို့ ပြောဆိုခဲ့ကြောင်း၊ သူက မလုပ်ချင်ဘူးလို့ ငြင်းဆန်ခဲ့ရာက စကားများပြီး ကိုစိုးမိုးထိုက် ရဲ့ လည်ပင်းကို ပါလာတဲ့ ဓါးနဲ့ လှီးခဲ့ကြောင်း၊ ဘေးမှာရှိတဲ့ ကျောက်တုံးနဲ့ ဦးခေါင်းကို လေး၊ ငါး ချက် ထုခဲ့ကာ ငါးကန်ဟောင်းအတွင်းသို့ ဆွဲချထားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

    ကျူးလွန်သူ လင်းစိုးသက် ဟာ အသတ်ခံရသူ စိုးမိုးထိုက်ဆီက ယူဆောင်လာတဲ့ လက်ဝတ်ရတနာ၊ ငွေကြေးနဲ့ ပစ္စည်းတွေကို မြဝတီမြို့မှာ ရောင်းချပြီး အွန်လိုင်းလောင်းကစားဂိမ်း ဆော့ခဲ့ရာက ငွေတွေအားလုံးကုန်သွားတာကြောင့် မော်လမြိုင်မြို့ကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။

    စိုးမိုးထိုက် ရဲ့ လက်ကိုင်ဖုန်းကို မုဒုံမြို့က ဖုန်းဆိုင်မှာ Lock ဖြည့်ခိုင်းခဲ့ပြီး Telegram အကောင့်ဖွင့်ကာ အသုံးပြုခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ သူရဲ့နေအိမ်မှာ ဖုန်းသုံးနေစဉ် ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

    ပြစ်မှုကျူးလွန်သူ လင်းစိုးသက် (ခ) အမန်း ကို မော်လမြိုင် မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ – ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားပြီး ဆက်လက်စုံ စမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

  • မလေးရှားတွင် မြန်မာအပါအဝင် နိုင်ငံခြားသား ၆,၀၀၀ ကျော် တလခွဲအတွင်းဖမ်းခံရ

    မလေးရှားတွင် မြန်မာအပါအဝင် နိုင်ငံခြားသား ၆,၀၀၀ ကျော် တလခွဲအတွင်းဖမ်းခံရ

    မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ နိုင်ငံခြားသား ၆,၀၀၀ ကျော်ကို တလခွဲအတွင်း ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကို ကိုးကားပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

    ​၂၀၂၆ ဇန်နဝါရီလကစလို့ တနိုင်ငံလုံးမှာ စစ်ဆေးမှုပေါင်း ၁,၇၀၀ လောက်လုပ်ခဲ့ပြီး နိုင်ငံခြားသား ၂၇,၀၀၀ ကျော်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီ ပူးပေါင်းစစ်ဆေးမှုတွေအတွင်း လူဝင်မှုကြီးကြပ်ရေးဥပဒေအမျိုးမျိုးကို ဖောက်ဖျက်ကျူးလွန်တယ် ဆိုတဲ့ မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံခြားသား ၆,၂၀၀ကို ဖမ်းဆီးရမိခဲ့သလို အလုပ်ရှင် ၂၃၀ ကိုလည်း အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

    ​မလေးရှားပြည်ထဲရေးဝန်ကြီးက “အစိုးရအနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူလူထုရဲ့ သာယာဝပြောရေးအတွက် ပိုဗျူဟာကျပြီး ပစ်မှတ်ထားတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ စမတ်ကျကျ နှိမ်နင်းရေး နည်းလမ်းကိုအသုံးပြုပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို အပြည့်အဝ လိုက်နာစေဖို့ သန္နိဋ္ဌာန်ချထားပါတယ်” လို့ ပြောပါတယ်။

    ဒါ့အပြင် စီးပွားရေးလုပ်ငန်းခွင်တွေ၊ လူစည်ကားရာနေရာတွေမှာသာမက လာမဲ့ ရမ်ဇာန် ဥပုသ်လထဲမှာလည်း အလုပ်ပါမစ်အလွဲသုံးစားလုပ်တာ၊ ဈေးတွေမှာ တရားမဝင် ရောင်းချတာမျိုးတွေ မရှိစေဖို့ ပိုပြီး စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

  • ကုလကြားနာပွဲ CRPH ကိုယ်စားလှယ်များတက်ရောက်၍  မြန်မာ့အရေး ဆွေးနွေး

    ကုလကြားနာပွဲ CRPH ကိုယ်စားလှယ်များတက်ရောက်၍ မြန်မာ့အရေး ဆွေးနွေး

    အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် “ပါလီမန်များနှင့် ကုလသမဂ္ဂ – ပြည်သူ့အတွက် ပိုမိုကောင်းမွန်စွာ အတူတကွ ဆောင်ရွက်ခြင်း”အမည်ရှိ ကမ္ဘာ့ကုလသမဂ္ဂ လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ကိုယ်စားလှယ်များ တက်ရောက်၍ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း CRPHက ထုတ်ပြန်ထားသည်။

    ယမန်နေ့(ဖေဖော်ဝါရီ ၁၄) ညပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါ ကြားနာပွဲသို့ CRPH ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်မြတ်သီတာထွန်း၊ ဒေါ်မြမျိုးအေး၊ ဒေါ်ဖြူဖြူလွင် တို့နှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

    နိုင်ငံတကာ ကတိကဝတ်နှင့် လက်တွေ့ကွာဟချက်နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၂ ရက် ပထမနေ့တွင် CRPH ကိုယ်စားလှယ်ဖြစ်သည့် ဒေါ်မြမျိုးအေးက နိုင်ငံတကာဥပဒေ ချိုးဖောက်သူများကို တာဝန်ခံမှုရှိအောင် မဆောင်ရွက်နိုင်ခြင်းသည် ကုလသမဂ္ဂအပေါ် ယုံကြည်မှု ကျဆင်းစေကြောင်း ထောက်ပြသည်။

    ထို့အပြင် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ငါးနှစ်အကြာ၌ လူဦးရေ ၁၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီလိုအပ်နေပြီး လေးသန်းနီးပါး နေရပ်စွန့်ခွာနေရသည့် အခြေအနေကို တင်ပြခဲ့ကာ အရပ်သားများကို အကာအကွယ်ပေးခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိဘဲ ရေရှည်ငြိမ်းချမ်းရေး မရနိုင်ကြောင်း အလေးထား ပြောကြားသည်။

    ဒီမိုကရေစီကို အတွင်းမှ ကာကွယ်ခြင်းနှင့် တရားဝင်မှုနှင့်လည်းပတ်သက်ပြီး CRPH ကိုယ်စားလှယ်ဖြစ်သည့် ဒေါ်မြတ်သီတာထွန်းက ဒုတိယနေ့တွင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီသည် တဖြည်းဖြည်း ယုတ်လျော့သွားခြင်းမျိုး မဟုတ်ဘဲ တိုက်ရိုက် အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။

    ထို့အပြင် “တရားဝင်မှု ဆိုသည်မှာ အဆောက်အအုံပေါ်တွင် မဟုတ်ဘဲ ပြည်သူ့ဆန္ဒပေါ်တွင်သာ အခြေခံသည်” ဟု ရှင်းလင်းပြောဆိုပြီး လွှတ်တော်သည် ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံများ သိမ်းပိုက်ခံရသော်လည်း ပျက်သုဉ်းမသွားဘဲ ပြည်သူ့ကိုယ်စားပြုမှုကို ဆက်လက်ထိန်းသိမ်းထားကြောင်း ဒေါ်မြတ်သီတာထွန်းက တင်ပြသည်။

    စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စစ်ကော်မရှင်က ၎င်းတို့၏ တရားဝင်မှုကို ရရှိရန် ကြိုးပမ်းနေသည့် “အတုအယောင် ရွေးကောက်ပွဲ” သည် စိန်ခေါ်မှုအသစ်ဖြစ်ပြီး စစ်မှန်သော ကိုယ်စားပြုမှုမရှိသည့် ရွေးကောက်ပွဲများအောက်တွင် ဒီမိုကရေစီ အလုပ်မဖြစ်နိုင်ကြောင်း CRPH ကိုယ်စားလှယ်များက ထောက်ပြထားသည်။

    ထို့အပြင် အာဏာသိမ်းသူများကို ပြည်သူက ရွေးချယ်ထားသူများနှင့် တန်းတူဆက်ဆံခြင်းသည် ကမ္ဘာတဝန်းရှိ ဒီမိုကရေစီစံနှုန်းများကို အားနည်းစေမည်ဖြစ်ကြောင်းလည်း ၎င်းတို့က သတိပေးခဲ့သည်။

    ထိုကြားနာပွဲကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဋ္ဌ Hon. Dr. Tulia Ackson နှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ H.E. Ms. Annalena Baerbock တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နိုင်ငံအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

    ကုလသမဂ္ဂတွင် ပြုလုပ်သည့် လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ CRPH ကိုယ်စားလှယ်များ တက်ရောက်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အာဏာသိမ်းမှု အခြေအနေများ ရှင်းပြ

    ကုလသမဂ္ဂတွင် ပြုလုပ်သည့် လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ CRPH ကိုယ်စားလှယ်များ တက်ရောက်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် စစ်အာဏာသိမ်းမှု အခြေအနေများကို ရှင်းပြကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က သတင်းထုတ်ပြန်သည်။

    ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် ကမ္ဘာ့ကုလသမဂ္ဂ (UN) တို့က “Parliaments and the UN: Better together, delivering for the people” ဆောင်ပုဒ်ဖြင့် ပူးပေါင်းကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ၌ ပြုလုပ်သည့် လွှတ်တော်ဆိုင်ရာ ကြားနာပွဲ – 2026 IPU Parliamentary Hearing at the United Nations | Inter-Parliamentary Union သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်မြတ်သီတာထွန်း၊ ဒေါ်မြမျိုးအေးနှင့် ဒေါ်ဖြူဖြူလွင်တို့ပါဝင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်တက်ရောက်သည်။

    ကြားနာပွဲ ပထမရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဒေါ်မြမျိုးအေးက “Translating global commitments into national realities” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးမှုတွင် “ယနေ့ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများထဲမှ တစ်ခုသည် ကတိကဝတ်များနှင့် ဖြစ်ပေါ်လာသော အကျိုးဆက်များအကြား ပိုမိုကျယ်ပြန့်သည့် ကွာဟချက်ပင် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်မှုများကို တာဝန်ခံမှုမရှိဘဲ ကျူးလွန်နေသည့်အခါ ကုလသမဂ္ဂမှ ကာကွယ်ရန် ရည်ရွယ်ထားသည့် ပြည်သူများအကြားတွင်သာမက အဖွဲ့ဝင်နိုင်ငံများအကြား၌ပါ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှု အားနည်းလာစေပါကြောင်းရှင်းလင်းပြောဆိုသည်။

    မြန်မာနိုင်ငံနှင့်ပတ်သက်၍ လက်တွေ့အခြေအနေကို နက်နက်ရှိုင်းရှိုင်း သိရှိခံစားနေရပါကြောင်း၊ မိမိတို့၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ တားဆီးခံခဲ့ရသည့် ၅ နှစ်အကြာတွင် လူဦးရေ ၁၆ သန်းကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပြီး လူဦးရေ ၄ သန်း နီးပါးသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါကြောင်း၊ အနာဂတ်အတွက် ပဋိညာဉ်ဆိုသည်မှာ စာရွက်ပေါ်မှ စာတန်းတစ်ခုမျှသာ မဟုတ်ဘဲ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု စနစ်သည် ပိုမိုတုံ့ပြန်နိုင်မှု၊ ပိုမိုပါဝင် မှုနှင့် ပိုမိုတာဝန်ခံမှု ရှိလာစေရေးအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေးတို့သည် ခွဲခြား၍ မရကြောင်း၊ အရပ်သားများကို ကာကွယ်ပေးခြင်းနှင့် တရားဥပဒေစိုးမိုးမှုကို လေးစားလိုက်နာခြင်းမရှိဘဲ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိမည်မဟုတ်ကြောင်း” ထည့်သွင်းဆွေးနွေးကြောင်း သိရှိရသည်။

    ကြားနာပွဲ ဒုတိယနေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်းက “Protecting democracy from within: Parliamentary safeguards, responsibilities and renewal in times of democratic erosion” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးမှုတွင် “ကမ္ဘာတစ်ဝှမ်း၌ ဒီမိုကရေစီ နောက်ပြန်ဆွဲမှုသည် သီအိုရီအရ မဟုတ်ဘဲ လက်တွေ့မြင်သာထင်သာရှိလာပြီး ပိုမိုမြန်ဆန်ကာ တစ်ခုနှင့်တစ်ခု ဆက်နွယ်နေပါကြောင်း၊ အချို့နိုင်ငံများတွင် ဒီမိုကရေစီသည် တဖြည်းဖြည်းချင်း ယုတ် လျော့ပျက်စီးလာသည်ကို မြင်တွေ့ရသော်လည်း မြန်မာနိုင်ငံတွင်မူ တိုက်ရိုက်အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရခြင်းပင် ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အဓမ္မအာဏာသိမ်းယူပြီး မိမိတို့၏ ဒီမိုကရေစီကို ဖြိုဖျက်ရန် ကြိုးပမ်းခဲ့သော်လည်း မိမိတို့၏ လွှတ်တော်သည် ပျက်သုဉ်းမသွားဘဲ အခြေအနေနှင့်အညီ ပြောင်းလဲရပ်တည်ခဲ့ပါကြောင်း၊ မိမိတို့၏ အတွေ့အကြုံက တရားဝင်မှုဆိုသည်မှာ အဆောက်အအုံများပေါ်တွင် အခြေခံသည်မဟုတ်ဘဲ ပြည်သူ့ဆန္ဒပေါ်တွင်သာ အခြေခံသည်ဟူသော အချက်ကို သတိပေးနေပါကြောင်း ရှင်းလင်းပြောဆိုသည်။

    မြန်မာနိုင်ငံတွင် စစ်တပ်က ၎င်းတို့ တရားဝင်မှုကို ကြိုးပမ်းမှုအနေဖြင့် နိုင်ငံတစ်ဝန်း ဖိနှိပ်မှုများ လုပ်ဆောင်နေစဉ်အတွင်းမှာပင် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပခဲ့သဖြင့် နောက်ထပ်စိန်ခေါ်မှုကို ရင်ဆိုင်နေရပါကြောင်း၊ ယင်းသည် ပိုမိုကျယ်ပြန့်သော ဘေး အန္တရာယ်တစ်ခုကို‌ ဖော်ပြနေပြီး စစ်မှန်သော ကိုယ်စားပြုမှုကို ဖယ်ထုတ်ထားသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များအောက်တွင် ဒီမိုကရေစီ အဖွဲ့အစည်းများ အလုပ်မဖြစ်နိုင်ကြောင်း CRPH က ရှင်းလင်းပြောဆိုသည်။

    အာဏာကို အတင်းအဓမ္မသိမ်းယူသူများကို ပြည်သူက ရွေးချယ်ထားသူများနှင့် တန်းတူဆက်ဆံနေမည်ဆိုပါက နေရာတိုင်းရှိ ဒီမိုကရေစီစံနှုန်းများသည် အားနည်းသွားမည် ဖြစ်ပါကြောင်း CRPH က သတိပေး ဆွေးနွေးသည်။

    အဆိုပါ လွှတ်တော်ဆိုင်ရာကြားနာပွဲသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် သံရုံးတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း၊ အဆိုပါကြားနာပွဲ၌ နိုင်ငံတကာပါလီမန်များအဖွဲ့ ဥက္ကဋ္ဌ Hon. Dr. Tulia Ackson၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ H.E. Ms. Annalena Baerbock တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ဝင် လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

  • မရမ်းကုန်းရှိ စတိုးဆိုင်မီးလောင်မှုအတွင်း အသက် ၆၀ ကျော်အရွယ် ညီအစ်မ ၂ ဦး သေဆုံး

    မရမ်းကုန်းရှိ စတိုးဆိုင်မီးလောင်မှုအတွင်း အသက် ၆၀ ကျော်အရွယ် ညီအစ်မ ၂ ဦး သေဆုံး

    ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်နှင့်တွဲဖွင့်ထားသော စတိုးဆိုင်တဆိုင် ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်အတွင်းရှိနေသည့် အသက် ၆၀ ကျော်အရွယ် ညီအစ်မနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံက သိရသည်။

    မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အောက်ဗဟိုလမ်းမပေါ် (သမိုင်းဂုံးတံတားဘေး) ရှိ “မောင်ဝင်း” ကုန်မာနှင့် စတိုးဆိုင်တွင် ယနေ့ နံနက် ၃ နာရီ ၃၇ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

    “အိမ်အပေါ်ထပ်ကနေ စလောင်တယ်လို့ပဲ သိရတယ်။ ဘယ်ကစ ဖြစ်လဲဆိုတာတော့ အတိကျမသိရသေးဘူး” ဟု အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

    မီးစတင်လောင်ပြီးနောက် မိနစ် ၂၀ ခန့်အကြာ နံနက် ၃ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

    ကူညီကယ်ဆယ်မှုကို မရမ်းကုန်းနှင့် လှိုင်မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်များ၊ ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်း၊ အနာဂတ်အလင်းတန်း (စမ်းချောင်း) လူမှုကူညီရေးအသင်းနှင့် မြတ်ကုသိုလ် လူမှုကူညီရေးအသင်းအစရှိသည့် အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    မီးလောင်မှုသည် ဘေးပတ်ဝန်းကျင်သို့ ကူးစက်ခြင်းမရှိသော်လည်း ဆိုင်ခန်းတွဲနေအိမ် မီးလောင်ပျက်စီးခဲ့သည်။ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် မီးလောင်မှုဖြစ်စဉ်ကို ဖော်ပြထားသော်လည်း လူသေဆုံးမှုအသေးစိတ်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

    လက်ရှိတွင် မီးလောင်ရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

    ရန်ကုန်မြို့တွင် ပွင့်လင်းရာသီကာလ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက် နှစ်ရက်အတွင်း မီးလောင်မှုဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်သော မှတ်တမ်းများအရ သိရှိရသည်။

  • ကွတ်ခိုင် MNDAA ရုံးကို TNLA ဝင်ရောက်စီးနင်း၊ နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် ဒေသခံစိုးရိမ်

    ကွတ်ခိုင် MNDAA ရုံးကို TNLA ဝင်ရောက်စီးနင်း၊ နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် ဒေသခံစိုးရိမ်

    သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။

    ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) ည ၉ နာရီကျော်မှ စတင်ပြီး ကွတ်ခိုင်မြို့ပေါ် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆင်ထားသည့် ဆိုလာပြားနှင့် စောင့်ကြည့်ရေးကင်မရာ CCTV များကို TNLA တပ်သားများ ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ထို့နောက် ကွတ်ခိုင်မြို့ပေါ်ရှိ MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ကာ MNDAA အလံနှင့် ညစောင့်တပ်သားများကိုပါ ယူဆောင်ဖမ်းဆီးသွားခဲ့ပြီး ဈေးအနီး ဆောက်လုပ်ရေးဝင်းတွင် တပ်စွဲထားသည့် MNDAA ရုံးနေရာတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်၍ သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

    “မနေ့ည အခြေအနေကတော့ TNLA တပ်ဖွဲ့တွေက ဝတ်စုံအပြည့်နဲ့ CCTV တွေ ဆိုလာတွေကို ဖြုတ်နေကြတယ်။ သူတို့ အထဲမှာ ဘာဖြစ်ကြလဲ ဆိုတာတော့ မသိဘူးပေါ့နော်။ ပြီးရင် ကိုးကန့်ရဲ့ အုပ်ချုပ်ရေးရုံးတွေကို အရင်တုန်းက KIO ရုံးတွေကို စီးနင်းသလိုမျိုးပဲ လိုက်စီးနင်းတယ်။ ပြီးရင် အဲ့မှာရှိနေတဲ့ စောင့်နေတဲ့ တပ်သားတွေကို TNLA က ခေါ်သွားကြတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်တယ်ပေါ့နော်၊ ကိုးကန့်တွေရဲ့ အလံတွေကိုလည်း ယူသွားကြတယ်”ဟု ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    အဆိုပါ TNLA နှင့် MNDAA နှစ်ဘက်တပ်သားများ သွေးထွက်ဒဏ်ရာရသည်အထိ ရိုက်နှက်ခဲ့ကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် သေနတ်သံ ထွက်ပေါ်လာခဲ့ခြင်းကြောင့် ဒေသခံများမှာ ညီနောင်မဟာမိတ် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။

    “ဈေးရှေ့နားမှာ ဆောက်လုပ်ရေး ဝင်းနားမှာရှိတဲ့ ကိုးကန့်ရုံးမှာ သူတို့ (TNLA) စီးနင်းတယ်။ စီးနင်းပြီးမှ သေနတ်သံတွေ ကြားတယ်ပေါ့နော်။ သေနတ်သံကြားတော့ စိုးရိမ်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ သေနတ်သံကြားတော့ တိုက်များ တိုက်ကြပြီလား ဆိုတဲ့ဟာမျိုး စိုးရိမ်တယ်။ နှစ်ဘက်အသံ ဟုတ် မဟုတ်တော့ မသိဘူး၊ သေနတ်သံတော့ မိုးပေါ်ထောင်ပစ်တာလား မသိဘူး ကြားတယ်။ တချို့ တင်ထားတဲ့ ဗီဒီယိုတွေ ကြည့်ရတာတော့ တပ်သားတွေ ရိုက်နှက်ခံရတယ်” ဟု ကွတ်ခိုင်ဒေသခံ အဆိုပါ အမျိုးသားက ပြောသည်။

    ယမန်နေ့ညတွင် TNLA ဘက်မှ ကွတ်ခိုင်မြို့ပေါ် စစ်အင်အား ရာနှင့်ချီ ကင်းလှည့်ခဲ့ပြီး MNDAA ဘက်မှလည်း တာမိုးညဲဘက်မှ ကွတ်ခိုင်ဘက် စစ်အင်အား ဖြည့်တင်းခဲ့ခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်ခဲ့ရပြီး ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့ပေါ်၌ ပုံမှန်အခြေအနေ သွားလာလှုပ်ရှားနေကြောင်း သိရသည်။

    “TNLA ဘက်က ကင်းလှည့်သလိုမျိုး လှည့်သွားတာလေ၊ ပြီးရင် အင်အားက ရာကြီးပိုင်းဆိုတော့ စစ်ဆင်ရေးတစ်ခု သွားသလိုမျိုး သွားနေတော့ စိုးရိမ်တာပေါ့။ ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ မပြောတတ်ဘူးလေ။ တရုတ်နှစ်သစ်ကူး အချိန်အခါ သမယမှာ MNDAA ရုံး စီးနင်းခံရတာတော့ အခုချက်ချင်းတော့ သူတို့လည်း ဘယ်လိုလုပ်ကြမလဲ ဆိုတာတော့ မသိဘူး၊ သူတို့အချင်းချင်းက မဟာမိတ်တွေဆိုတော့” ဟု ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

    ညီနောင်မဟာမိတ်တပ်များ ဖြစ်ကြသည့် TNLA နှင့် MNDAA တို့သည် “၁၀၂၇ စစ်ဆင်ရေး”နောက်ပိုင်း ကွတ်ခိုင်မြို့ကို ပြည်ထောင်စုလမ်းမကြီး တစ်ဘက်တစ်ခြမ်းစီ ပူးတွဲအုပ်ချုပ်နေပြီး အချင်းချင်းကြား နယ်မြေခွဲဝေမှု ပြဿနာများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။