Category: News

  • လွှတ်တော်ကိုယ်စားလှယ်လောင်း ပုလောမြို့နယ်ကြံ့ဖွံ့ဥက္ကဋ္ဌ နေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

    လွှတ်တော်ကိုယ်စားလှယ်လောင်း ပုလောမြို့နယ်ကြံ့ဖွံ့ဥက္ကဋ္ဌ နေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံး နေအိမ်အဆောက်အဦ မီးရှို့ ဖျက်ဆီးခံရတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်၊ ည ၁၁ နာရီခန့်မှာ ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးဇာနည်အောင် နေအိမ်နဲ့ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို အမည်မသိလူတစ်စုက သွားရောက်မီးရှို့ခဲ့တာပါ။

    “ညဘက်ကြီး မီးက အချိန် တစ်နာရီလောက်ရှိမယ် လောင်နေတာလေ၊ အစပိုင်းတော့ ဒီအတိုင်း မီးလောင်နေတာပဲ ထင်တာပေါ့၊ ပြီးမှ ရှို့မီးလို့ပြောတယ်” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ပုလောမြို့ခံတစ်ဦးက ပြောပါတယ်။

    မီးလောင်မှုဖြစ်ပွားပြီး တစ်နာရီအကြာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ရောက်ရှိလာခဲ့ပြီး မီးငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။

    စစ်တပ်ထောက်ခံ တယ်လီဂရမ်မှာတော့ မီးရှို့ခံရတဲ့ဖြစ်စဉ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဝါဒဖြန့်ပြောဆိုနေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    ဒေသခံအချို့ရဲ့ ပြောဆိုချက်အရ မီးရှို့ခံရတဲ့နေအိမ်မှာ လူနေထိုင်ခြင်းမရှိသလို အုပ်ချုပ်ရေးမှူးရုံးမှာလည်း လူမရှိတဲ့အတွက် ထိခိုက်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

    ဒါ့အပြင် ဦးဇာနည်အောင်ဟာ စစ်အုပ်စု ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ပုလောမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် (နိုင်သူအကုန်ယူစနစ်)မှ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒီမြို့ပေါ်မှာက ဒီလိုကိစ္စတွေ ဘယ်သူကမှ မမေးမြန်းရဲကြဘူး၊ တခုခုဆို မေးလိုက်မှ စစ်လားဆေးလား ခံနေရမယ်၊ ကြောက်ကြတာလည်း ပါတယ်၊ ဒီလိုဖြစ်တာတောင် မြို့ခံအများစုက မနက်ကျမှ သိတာ၊ စစ်တပ်တွေကတော့ စစ်ဆေးနေတာတော့ ရှိတယ်” လို့ မြို့ခံနောက်ထပ်တစ်ဦးက ပြောပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ ပုလောမြို့နယ်ဟာ မြို့ပေါ်နေရာအများစုကို စစ်တပ်က ထိန်းချုပ်ထားပြီး ကျေးရွာပိုင်းကို တော်လှန်ရေးပူးပေါင်းတပ်က နယ်မြေစိုးမိုးမှု ရယူထားတယ်လို့ သိရပါတယ်။

    စစ်တပ်ထိန်းချုပ်မှု ရှိနေတဲ့ မြို့ပေါ်မှ စစ်အုပ်စုလက်ပါးစေတွေကို တော်လှန်ရေးတပ်က မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ သက်တော်စောင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

    Photo – စစ်တပ်ထောက်ခံတယ်လီရမ်

    ပုံစာ – မီးရှို့ဖျက်ဆီးခံရတဲ့ ကြံ့ခိုင်ရေးဥက္ကဋ္ဌနေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံး

  • ပါတီပိုင်ငွေ သိန်း ၂သောင်းကျော် သားဖြစ်သူကို ဦးခင်ရီ ဘယ်လိုလက်သိပ်ထိုးပေးခဲ့လဲ

    ပါတီပိုင်ငွေ သိန်း ၂သောင်းကျော် သားဖြစ်သူကို ဦးခင်ရီ ဘယ်လိုလက်သိပ်ထိုးပေးခဲ့လဲ

    အခုနှစ်ကုန်ကျင်းပမယ့် အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပြီးမှာ ဒုသမ္မတ ဒါမှမဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာဖို့ ရေပန်းစားနေသူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီဟာ ငွေကျပ်ဘီလျံနဲ့ချီတဲ့ ပါတီပိုင်ငွေကြေးတွေကို မိသားစုပိုင်စီးပွားရေးလုပ်ငန်းထဲ စီးဆင်းစေခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

    စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီရဲ့ အမြင့်ဆုံးရာထူးကို ရရှိထားသူ လက်ရှိ အသက် ၇၃နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီဟာ ပါတီရုံးပြုပြင်၊ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် သားဖြစ်သူပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို လုပ်ပိုင်ခွင့် ချပေးခဲ့တာပါ။

    အခုနှစ် မတ်လကုန်ပိုင်းက လှုတ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ထိခိုက်၊ ပျက်စီးသွားတဲ့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို ‘Empreo’(အမ်ပရီယို) ဆိုတဲ့ ဆောက်လုပ်ရေးကုမ္ပဏီက အခုနှစ် ဩဂုတ်လအတွင်း ပြန်လည်ပြုပြင်ခွင့် ရခဲ့ပါတယ်။

    ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို ပြင်ခွင့်ရတဲ့ အမ်ပရီယိုဆောက်လုပ်ရေးကုမ္ပဏီဟာ ဦးခင်ရီရဲ့သားဖြစ်သူ ဦးထက်ရန်နိုင်စိုး ပိုင်ဆိုင်ကြောင်းကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) အချက်အလက်တွေမှာ တွေ့ရှိရသလို ပါတီထိပ်သီးခေါင်းဆောင်တွေနဲ့နီးစပ်သူတွေကလည်း မှန်ကန်ကြောင်း အတည်ပြုပါတယ်။

    အမ်ပရီယို ဆောက်လုပ်ရေးကုမ္ပဏီဘက်ကလည်း ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို သူတို့ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားကြောင်း အတည်ပြုပါတယ်။

    ရဲချုပ်ဟောင်းနဲ့ လဝကဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဦးခင်ရီမှာ ခင်မျိုးမြတ်စိုး၊ ထက်ရန်နိုင်စိုးနဲ့ မေဖူးပွင့်စိုး ဆိုတဲ့ သား၊ သမီး ၃ ယောက် ရှိပါတယ်။

    ဦးထက်ရန်နိုင်စိုးဟာ အမ်ပရီယို အပြင် ရွှေမဟာခေတ်နဲ့ ဇိမ်း(စ်) ဆိုတဲ့ ကုမ္ပဏီတွေကိုလည်း ပိုင်ဆိုင်ပါတယ်။ ‘ရွှေမဟာခေတ်’ ကုမ္ပဏီမှာတော့ ထက်ရန်နိုင်စိုးအပြင် သူ့ရဲ့အစ်မ ခင်မျိုးမြတ်စိုး၊ ညီမ မေဖူးပွင့်စိုးနဲ့ သူ့ရဲ့ဇနီး ဖူးပွင့်ဝဿန်တို့ကိုလည်း ဒါရိုက်တာစာရင်းထဲမှာ တွေ့ရပါတယ်။

    ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးကိစ္စတွေအပြင် ပါတီအင်္ကျီ၊ ဦးထုပ်နဲ့ ရင်ထိုးဖြန့်ဝေရောင်းချရေးလုပ်ငန်းကိုလည်း ဦးခင်ရီက သူ့ရဲ့ကိုယ်ရေးအရာရှိကို နာမည်ခံပြီး လုပ်ပိုင်ခွင့်ပေးထားသလို မြို့နယ်တိုင်းမှာ သူ့ပုံပါတဲ့ဆိုင်းဘုတ်တွေ စိုက်ထူဖို့ ညွှန်ကြားထားတယ်လို့လည်း ပါတီဗဟိုအလုပ်အမှုဆောင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    အခုနှစ်ကုန်ရွေးကောက်ပွဲအလွန်မှာ ဦးခင်ရီမျှော်မှန်းထားတဲ့ ရာထူးကြီးတစ်ခု ရ၊ မရကတော့ စစ်ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာသာ မူတည်နေတာပါ။

    ✍စထွန်းအောင်

  • MNDAA တပ်များ စရွှေ့

    MNDAA တပ်များ စရွှေ့

    MNDAA တပ်စွဲထားသည့် ရှမ်းပြည်မြောက်ပိုင်း ဟိုယ၊ နမ့်ပေါင်၊ မယ်ဟန်၊ နောင်မွန်၊ နားဆော့ ဒေသများမှ တပ်များကို ယနေ့ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက စတင်၍ လောက်ကိုင်ဘက်သို့ ရွှေ့ပြောင်းနေပြီဟု MNDAA နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က MNDAA စစ်ခေါင်းဆောင်အချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့အနီး တွေ့ရစဉ်

    MNDAA တပ်စွဲထားသည့် နမ့်ပေါင်–မိုင်းရယ်–ဟိုယ လမ်းကြောတစ်လျှောက်ရှိ တပ်စခန်းများကို ယခုနှစ် ရွေးကောက်ပွဲမစမှီ ဆုတ်ပေးရန် စစ်ကောင်စီက တရုတ်မှတဆင့် တောင်းဆိုထားကြောင်း ယင်းနီးစပ်သူထံမှ သိရသည်။

    “ရွေးကောက်ပွဲအမှီ clear ဖြစ်မယ်။ ၂၀၀၈ အတိုင်း ယခင်နယ်မြေအတိုင်းပဲ တောင်းဆိုနေတာ” ဟု နီးစပ်သူက ပြောသည်။

    တပ်များ စရွှေ့နေသော်လည်း လုံခြုံရေးဂိတ်များကိုချထားဆဲဖြစ်ကြောင်း သက်ဆိုင်ရာအရင်းအမြစ်က ပြောသည်။

    “ထုံးစံအတိုင်း လားရှိုးလိုပဲ ကျောင်းတက်နေဆဲ ကလေးတွေကို တရုတ်တစိတ် မြန်မာတစိတ် သင်ကြားတဲ့အရာတွေကတော့ ပလုံ ဖြစ်နိုင်တယ်။ သိန္ဓီမြို့နယ်တဝိုက်မှာတော့ ဒေသခံကဒ်တွေ၊ နေထိုင်ခွင့်ကဒ်တွေ၊ ယာဉ်မောင်းလိုင်စင်တွေက တရုတ်စနစ်သုံးထားတာတွေ ပလုံဖြစ်နိုင်တယ်။ ယခင် MNDAA ထိန်းချုပ်စဉ်က တရုတ်လူမျိုး အချို့ထံ ငှားထားတဲ့ ဒေသခံမြေယာတွေကိုလည်း မူလပိုင်ရှင်တွေနဲ့ တရုတ်လုပ်ငန်းရှင်တွေ ဘက်က ညှိနှိုင်းမှုပြေလည်ရင် အဆင်ပြေမယ်။ ဒါပေမဲ့ မြေစာရင်းဌာန၊ စိုက်ပျိုးရေးနှင့် အခွန်ရုံးက ခွင့်မပြုရင်တော့ ပလုံပါမယ်” ဟု MNDAA နီးစပ်သူ လားရှိုးဒေသခံတစ်ဦးက ပြောသည်။

    ၂၀၀၈ အတိုင်း ပြန်ဆုတ်ပါက MNDAA ဆုတ်ရမည့် နယ်မြေထဲတွင် မူဆယ် ၁၀၅ မိုင်ပါဝင်မည်ဖြစ်ပြီး၊ ထိုကဲ့သို့ ဖြစ်လာပါက AA တို့နှင့် စစ်ကောင်စီတို့ ရှမ်းမြောက်တွင် ထိပ်တိုက် ရင်ဆိုင်ရနိုင်ကြောင်း စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်သည်။

    “စစ်ကောင်စီက စစ်မတိုက်တော့ဘူး။ တရုတ်အားကိုးနဲ့ပဲ လားရှိုးလို ပြန်တောင်းမယ်။ ၁၀၅ မိုင်ကို ကိုးကန့်က ပြန်ပေးနိုင်ပေမဲ့ AA က မပေးဘူးဆိုရင် တိုက်လာနိုင်မလား။ အခု မူဆယ်မှာ အင်အားဖွဲ့စည်းနေတာတွေက ၁၀၅ မိုင်အတွက် ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

    MNDAA သည် ၁၀၂၇ စစ်ဆင်ရေး ၂ ခုလုံးတွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်းမြို့များကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လားရှိုးမြို့ကို ပြီးခဲ့သည့် ဧပြီလတွင် တရုတ်ဖိအားကြောင့် ပြန်လွှဲပေးခဲ့ရပြီး ယခုတလောတွင်လည်း တရုတ်ဖိအားကြောင့် တပ်များ စတင် ဆုတ်ခွာနေရခြင်း ဖြစ်ကြောင်း သိရသည်။

  • မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း PLA က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းများ တာဝန်ယူခဲ့

    မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း PLA က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းများ တာဝန်ယူခဲ့

    မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း PLA က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းများ တာဝန်ယူခဲ့ဟု ထုတ်ပြန်

    စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိပြီး အကြမ်းဖက်စစ်တပ်အဖွဲ့ဝင် ၄၀ ကျော်လက်နက်ချ အညံ့ခံခဲ့တဲ့ တနင်္သာရီတိုင်းအတွင်းက မောတောင်မြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းတွေ အဓိက တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ PLA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

    မြန်မာ- ထိုင်းနယ်စပ် ကုန်သွယ်ရေးဇုန်ရှိရာ မောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( KNLA) ၊ ကော်သူလေးတပ်မတော် (KTLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ တနင်္သာရီတိုင်း(ပကဖ)၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က နိုဝင်ဘာ ၁၀ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    မောတောင်မြို့သိမ်းတိုက်ပွဲ လေးရက်ကြာမြင့်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုတွေက မြို့ကိုသိမ်းတိုက်ခိုက်နိုင်ခဲ့ကာ အကြမ်းဖက်စစ်တပ် သုံ့ပန်း ၁၅ ဦး လက်ရဖမ်းမိခဲ့သလို ပြည်သူ့စစ်နဲ့ ရန်သူ့တပ်ဖွဲ့ဝင် ၄၀ ခန့်လက်နက်ချအညံ့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် စစ်အုပ်စု တပ်သားအချို့ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတာလည်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

    အဆိုပါ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ဗုံးသီး၊ ကျည်နဲ့ လက်နက်မျိုးစုံ အများအပြားကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

    မောတောင်မြို့စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF ) အဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    မောတောင်နယ်စပ်ဒေသ မောတောင်ကုန်သွယ်ရေးစခန်းရှိရာ မောတောင်မြို့ဟာ မြန်မာ-ထိုင်းနယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းပေါ်မှာရှိတဲ့ အရေးကြီးတဲ့ မြို့တစ်မြို့ဖြစ်ပြီး ယင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်း ပွင့်သွားနိုင်တယ်လို့ ဒေသခံတွေက မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

    အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့တားမြစ်ခံထားရတဲ့အတွက် မောတောင်ကုန်သွယ်ရေးဇုန်ကတဆင့် စီးဆင်းနေတဲ့ ပို့ကုန်သွင်းကုန်တင်ပို့မှုလည်း ပမာဏများစွာ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

    ဓာတ်ပုံ – PLA

  • BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်

    BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်

    BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်လို့ သတင်းထွက်ပေါ်

    ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ရဲ့ အစိမ်းရောင် စစ်ယူနီဖောင်းကိုသာ ဝတ်ရတော့မယ်လို့ အမိန့်ထုတ်ထားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။

    “သူတို့ စစ်တပ်ယူနီဖောင်း အစိမ်းဝတ်မှ စစ်တပ်က လက်ခံမှာလို့ ပြောတယ်။ BGF ပျောက်ကြားတွေ၊ ကွန်ပျူတာကွက်တွေ၊ အဝါကွက်တွေ ဝတ်လို့ မရတော့ဘူးတဲ့။ စစ်တပ်လို အစိမ်းဝတ်မှတဲ့။ ဒီနေ့ပဲ သတင်းထုတ်ပြန်တာ” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စောချစ်သူ ဦးစီးတဲ့ BGF နဲ့၊ DKBA တပ်ဖွဲ့တွေဟာ ကျားဖြန့်လုပ်ငန်းကြောင့် နိုင်ငံတကာက စောင့်ကြည့်ခံနေရတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ရာ မြဝတီ ရွှေကုက္ကိုလ်နဲ့ KK park တို့ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမယ့် ပြည်သူတွေကတော့ ဒါဟာ နိုင်ငံတကာဖိအားတွေကြောင့် ဟန်ပြနှိမ်နင်းပြတာဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

    BGF နဲ့ DKBA တို့ဟာ ၎င်းတို့နယ်မြေတွေထဲမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတာကို တရားဝင် ခွင့်ပြုထားသူတွေဖြစ်ပေမယ့် အခုလို နိုင်ငံတကာကနေ စောင့်ကြည့်လာတဲ့အခါ်မှာတော့ သူတို့ဟာ မြေငှားရမ်းထားတာသာရှိကြောင်း၊ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတာကို သူတို့ မသိကြောင်း စသဖြင့် အင်တာဗျူးတွေမှာ လှည့်ပတ်ဖြေဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

    အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်နေတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်မှုတွေအတွက် DKBA တပ်ဖွဲ့ခေါင်းဆောင် ၄ ဦးဖြစ်တဲ့ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နဲ့ စိုင်းကျော်လှတို့ကို ဒဏ်ခတ်အရေးယူကြောင်း ကြေညာခဲ့ပါတယ်။

    စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ် တို့ဟာ အမေရိကန်နိုင်ငံသားတွေကို ထိခိုက်စေတဲ့ လူကုန်ကူးမှုတွေမှာ အဓိက ပါဝင်တဲ့အတွက်၊ ၄င်းတို့ဦးဆောင်တဲ့ BGF အဖွဲ့ကိုလည်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်တဲ့ အဖွဲ့အစည်း (TCO) အဖြစ် အမေရိကန်အစိုးရက ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှာ သတ်မှတ်အရေးယူထားပါတယ်။