Category: News

  • လောလောဆယ် တော်လှန်ရေးမှာ ဆိုက်ဝါးပိုင်း ဆရာ အကျဆုံးက AA ပဲ

    လောလောဆယ် တော်လှန်ရေးမှာ ဆိုက်ဝါးပိုင်း ဆရာ အကျဆုံးက AA ပဲ

    ရက္ခိုင်-ပဲခူးတိုင်းအစပ်နှင့် ရက္ခိုင်-ဧရာဝတီတိုင်းအစပ် စစ်စခန်းသုံးခုကို AA ဆက်တိုက်သိမ်းပိုက်

    ရက္ခိုင်-မကွေးတိုင်းအစပ်တွင်လည်း စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးနေရ

    ရက္ခိုင်ရိုးမပေါ် ရက္ခိုင်ပြည်-ပဲခူးတိုင်းအစပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ရက္ခိုင်ပြည်-မကွေးတိုင်းအစပ်တွင်လည်း စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးလျှက်ရှိကြောင်း အာရက္ခတပ်တော်(AA)က ဇန်နဝါရီ ၂၇ ည သန်းခေါင်းယံတွင် ထုတ်ပြန်အသိပေးသည်။

    AA သည် ရက္ခိုင်ရိုးမတောင်တန်းတလျှောက်ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့စဥ်ဖြစ်ပွားနေကြောင်း ဖော်ပြသည်။

    ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်းတနည်းအားဖြင့် ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ စခန်းတစ်ခုဖြစ်သော မိုးထိတောင်စခန်းအား ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် AA ကစတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ငါးရက်ခန့် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ယင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။ ရန်သူ၏ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။

    AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းတွင် တိုက်ပွဲအတွင်းသိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းများနှင့်အတူ ပဲခူးတိုင်းဒေသကြီးမှကြိုဆိုပါ၏ ဆိုင်းဘုတ်အောက်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ကနဦး ဖော်ပြအသိပေးခဲ့သည်။

    ထို့အပြင် ဧရာဝတီ-ရက္ခိုင်အစပ် ဧရာဝတီတိုင်းအတွင်းရှိ အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသော ပွိုင့် (၂၆၃) စခန်းအား စစ်ကောင်စီက ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း AA က ဖော်ပြသည်။

    မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းမ (ဂုတ်စီးရိုးကျေးရွာအနီး)တွင်လည်း စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် AAတို့ နာရီဝက်ခန့်ကြာ ဇန်နဝါရီ ၂၇ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ AA ၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သော စစ်ကောင်စီတပ်က ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ရကြောင်း သိရသည်။ ဆုတ်ခွာထွက်ပြေးသွားသော ရန်သူများအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း AA က အသိပေးသည်။

    AA သည် ရက္ခိုင်ပြည် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားကာ ပြည်နယ်မြို့တော် စစ်တွေနှင့် ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့နယ် ၃ခုသာ သိမ်းပိုက်ရန် ကျန်ရှိသည်။

    သို့ရာတွင် စစ်တွေမြို့အနီးပတ်ဝန်းကျင်၌ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့ကြောင်း AA က ထုတ်ပြန်သည်။

    (AA နှင့်ပူး​​ပေါင်းတပ်များက စစ်တပ်ထံမှ သိမ်းပိုက်ထား​​သော သံချပ်ကာအပါအဝင်လက်နက်ခဲယမ်းများနှင် စစ်စခန်းများ။ ဓါတ်ပုံ-AA Info Desk)

  • စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် အိမ်ထောင်သည် ကိုယ်ဝန်ဆောင် အမည်များကိုပါ ထည့်သွင်း

    စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် အိမ်ထောင်သည် ကိုယ်ဝန်ဆောင် အမည်များကိုပါ ထည့်သွင်း

    ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်တွင် အမျိုးသမီး စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် အိမ်ထောင်သည် ကိုယ်ဝန်ဆောင် အမည်များကိုပါ ထည့်သွင်း၊ အမျိုးသားလူငယ် ၆၀ ကို စစ်မှုထမ်းရန် ဆင့်ခေါ်

    ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်မှ လူငယ် ၆၀ ဦးကို အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဆင့် ခေါ်စာများ ပေးပို့ခဲ့ပြီး အမျိုးသမီး စစ်မှုထမ်းစာရင်းတွင် ကိုယ်ဝန်ဆောင်သည်များ၏ အမည်စာရင်းပါ ပါဝင်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၇ ရက်နေ့ ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက် အုပ်ချုပ်ရေးမှူး ညီညီထွေးနှင့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်စာများ လိုက်လံပို့ဆောင်ခဲ့ပြီး ၂ ရပ်ကွက်ပေါင်း လူငယ် ၆၀ ဦးကို ဆင့်ခေါ်စာပေးပို့ခဲ့ကြောင်း သိရသည်။

    ထို့ပြင် အမျိုးသမီး စစ်မှုထမ်း စာရင်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ပါရှိသောကြောင့် အုပ်ချုပ်ရေးမှူး ညီညီထွေးကို သွားရောက် ပြောဆိုရာတွင် အထက်အမိန့်အရ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း၊ ထို့ပြင် နေအိမ် တစ်အိမ်ထဲမှ အမျိုးသမီး ၃ ဦးလုံးလည်း စစ်မှုထမ်း စာရင်းတွင် ပါဝင်ခဲ့သောကြောင့် အုပ်ချုပ်ရေးမှူးကို ပြန်လည် ပြောဆိုခဲ့သော်လည်း စစ်မှုမထမ်းလျှင် နေအိမ်နှင့် ဆိုင်များကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ ဆင့်ခေါ်စာ ပို့ခံရသူများနှင့် စစ်မှုထမ်း အမည်စာရင်း ပါဝင်သူများကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း၊ ဆင့်ခေါ်စာ ပေးပို့ခံရသူများနှင့် စစ်မှုထမ်း အမည်စာရင်းတွင် ပါဝင်သူများကို အုပ်ချုပ်ရေးမှူးများက စိတ်ကြိုက် လိုက်လံခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ သား၊ သမီးများနှင့် ဆွေမျိုးများ စစ်မှုထမ်း စာရင်းတွင် မပါဝင်ကြောင်း သိရသည်။

    ” ဒေါပုံမြို့နယ် ဝါဆို ရပ်ကွက်နဲ့ အောင်ချမ်းသာ ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ မတရား ဖမ်းဆီးဆင့်ခေါ်စာတွေ ပို့နေပါတယ်။ ၂ ရပ်ကွက်လုံးပေါင်းလိုက်ရင် ခုအပတ်စဉ်မှာတင် လူငယ်ပေါင်း ၆၀ လောက်ရှိတယ်။ တစ်အိမ်ထဲမှာတင် မိန်းကလေး ၃ ဦးလုံးပါတာပါ။ အငယ်လေးက ၁၈ နှစ်ပြည့်ခါစ ကျောင်းသူပါဆိုတာတောင် မရပါဘူးတဲ့ စစ်မှုမထမ်းရင် အကုန်အိမ်တွေ ဆိုင်တွေသိမ်းမယ်ဆိုလို့ မိဘတွေ ငိုယိုနေရပါတယ်။ တစ်ရပ်ကွက်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြပါတယ်။ သူတို့ သား၊သမီးတွေ ကြတော့မထည့်ဘူး။ သူများ သား၊ သမီးတွေကို လိုက်ဒုက္ခပေးနေတာပါ။ ၂ လပိုင်း ၂၇ ရက်နေ့မှာ အခု အမည်ပါတဲ့ သူတွေ ဆင့်ခေါ်စာပို့ခံရတဲ့သူတွေကို လာခေါ်မယ်လို့ သိရပါတယ်။ စစ်မှုထမ်းထဲမှာ အမျိုး သမီး ဗိုက်ကြီးသည်က အစပါလို့ အုပ်ချုပ်ရေးမှူး ညီညီထွေးကိုပြောတော့ သူလုပ်တာမဟုတ်ဘူး။ အထက်ကလုပ်တာ အထက်အမိန့်ဘာမှ မတက်နိုင်ဘူးဆိုပြီး ပြောလွှတ်တယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    စစ်ကောင်စီ၏ ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ် မှုထမ်းရမည်ဖြစ်သော်လည်း အိမ်ထောင်သည်နှင့် သားသမီးရှိသော မိခင်များ စစ်မှုကင်းလွတ်ခွင့်ပြုကြောင်း သိရှိရသည်။

  • ဧရာ၀တီတိုင်းသိုချီတက်ဝင်ရောက်လာသည့်အာရက္ခစစ်သည်တော်များ

    ဧရာ၀တီတိုင်းသိုချီတက်ဝင်ရောက်လာသည့်အာရက္ခစစ်သည်တော်များ

    ရခိုင်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်းရှိ မိုးထိတောင်စခန်း၊ ဧရာ၀တီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့်ပွိုင့် ၃၆၉ စခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရခိုင်-မကွေးအစပ်ရှိ စစ်တပ်စစ်ကြောင်းများကို ချေမှုန်း

    စစ်တွေလည်း AA နှင့် စစ်ကောင်စီတပ်များအကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်နေ

    ရခိုင်ပြည်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်းရှိ မိုးထိတောင်စခန်း၊ ဧရာ၀တီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့်ပွိုင့် ၃၆၉ စခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရခိုင်-မကွေးအစပ်ရှိ စစ်တပ်စစ်ကြောင်းများကို ချေမှုန်းတိုက်ခိုက်နိုင်ကြောင်း AA က ယမန်နေ့ညပိုင်း တရားဝင် သတင်းထုတ်ပြန်သည်။

    AA က ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ပဲခူးတိုင်းဘက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့တိုင်းဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ရက္ခိုင်ပြည်၊ တောင်ကုတ်မြိုနယ်နှင့်အစပ် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်း ရက္ခိုင်ရိုးမတောင်တန်းရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းနှင့် အလောင်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    အလားတူ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အချိန် ဧရာဝတီ-ရက္ခိုင်အစပ် (သို့) ဧရာဝတီတိုင်းအတွင်းရှိ ပွိင့် ၂၆၃ စခန်းကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းကို ဇန်နဝါရီလ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်အချိန် လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

    ထို့အတူ ဇန်နဝါရီလ ၂၁ ရက်နေ့၊ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ဧရာ၀တီ-ရက္ခိုင်အစပ် (သို့မဟုတ်) ဧရာ၀တီတိုင်းအတွင်းရှိ ပွိုင့် (၃၆၉) စခန်းကိုလည်း AA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၂၇ ရက်နေ့ ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ် ငဖဲမြို့ နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်း တွင် စစ်ကောင်စီ၏ တမခ ၉၉ လက်အောက်ခံ ခမရ ၄၁၉ ၊ ၁၄ တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် AA တို့အကြား နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ AA ၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သော စစ်ကောင်စီတပ်များက ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ရကြောင်း၊ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်များကို လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ စစ်သား အလောင်းနှင့် လက်နက်ခဲယမ်းအချို့ ကိုထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

    AA က သိမ်းပိုက်ရန် ကျန်ရှိနေသော စစ်တွေမြို့ အနီးပတ်ဝန်းကျင်တွင်လည်း နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့ကြောင်း သိရှိရသည်။

  • တိုက်ပွဲများတွင် အသုံးပြုရန် ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေ

    တိုက်ပွဲများတွင် အသုံးပြုရန် ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေ

    တိုက်ပွဲများတွင် အသုံးပြုရန် ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေမှုကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး လာကြည့်

    ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များအသုံးပြုရန် ဆိုင်ကယ်များကို ဘေးတွဲများတပ်ဆင်နေကြောင်း သိရှိရသည်။

    ပုသိမ်မြို့နယ် ၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စုတွင် ရှိသော အမှတ် ၁၀ လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ရင်းတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရှိရသည်။

    “ကမ်းခြေဘက်က ကားမရောက်နိုင်တဲ့ရွာတွေမှာ တိုက်ပွဲတွေအတွက်သုံးဖို့လို့ပြောတယ်။ ရိက္ခာ၊ ခဲယမ်းနဲ့ ဒဏ်ရာရသူတွေကို အမြန်သယ်ဖို့ ခုလိုလုပ်နေတာလို့သိရတယ်”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။

    လက်ရှိတွင် ဆိုင်ကယ်ဘေးတွဲ အစီး ၃၀ နီးပါး ပြင်ဆင်ထားပြီး ဇန်နဝါရီ ၂၀ ရက်နေ့က အဆိုပါလုပ်ငန်းခွင်သို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးကျော်ထက် လာရောက်ကြည့်ရှု့သွားကြောင်း သိရှိရသည်။

    ဇန်နဝါရီလအတွင်း အာရက္ခတပ်တော်AAနှင့်ပူးပေါင်းတပ်မှ ငသိုင်းချောင်းမြို့နယ်ရှိစစ်ကောင်စီ၏ ဗေဒါစစ်ဆေးရေးဂိတ်၊ ရွှေသောင်ယံမြို့မှ မကျီးဇင်နှင့်ဘောမိကျေးရွာများကို၀င်ရောက်တိုက်ခိုက်ခဲ့သည့်နောက်ပိုင်းရဟတ်ယာဥ်ကွင်းများတည်ဆောက်ခြင်း၊ လက်နက်ကြီးများစမ်းသပ်ပစ်ခတ်ခြင်း၊ဒရုန်းများဖြင့်ကင်းလှည့်ခြင်းနှင့် ကျေးရွာများတွင် တပ်စွဲခြင်းဖြင့် ခံစစ်ကိုပိုမိုပြင်ဆင်လာကြောင်းသိရှိရသည်။

    ဓာတ်ပုံ- ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေသောအမှတ်(၁၀) လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ရင်း ဂိတ်၀င်ပေါက်

  • စစ်ကောင်စီတပ်သားများ  ထွက်ပြေးသွားသည့် BGF စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

    စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် BGF စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

    ဖာပွန်ရှိ စစ်ကောင်စီ၏ ကတိုင်တိစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် BGF စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

    ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကတိုင်တိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စခန်းသို့ ထွက်ပြေးသွား၍ အဆိုပါစခန်း၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

    ဖာပွန်- ကမမောင်း လမ်းပေါ်ရှိ ကတိုင်တိ ဗျူဟာစခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် ကတိုင်တိရွာအနီးရှိ အမှတ်(၁၀၁၃) BGF တပ်ရင်းသို့ ဆုတ်ခွာသွား၍ အဆိုပါစခန်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယခုအချိန်အထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

    “ကတိုင်တိ စကစတပ်စခန်းကို ဒီလ ၂၃ ရက်နေ့မှာပူးပေါင်းတပ်ဘက်က ရှင်းနိုင်ခဲ့တယ်။ ဒါပေမည့် စကစ(စစ်ကောင်စီ) တပ်တွေက ရွာအနောက်ခြမ်းမှာရှိတဲ့ BGF(1013) တပ်ရင်းစခန်းမှာပြစုပြီးခုခံနေလို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတုန်းဖြစ်တယ်။ အဲဒီ BGF စခန်းမှာတိုက်ပွဲပြန်ဖြစ်နေတယ်” ဟု တပ်မဟာ-၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

    လက်ရှိတွင် ကတိုင်တိစခန်းမှ ဆုတ်ခွာလာပြီး BGF ၁၀၁၃ တပ်ရင်းဌာနချုပ်အတွင်း ဝင်ရောက်ကာ ခုခံနေသည့် ကောင်စီတပ်ဖွဲ့များမှာ အင်အား ၁၀၀ ဝန်းကျင်ရှိနေကြောင်းလည်း သိရသည်။

    စစ်ကောင်စီတပ်များ ဝင်ရောက် ခုခံနေသည့် အဆိုပါ BGF စခန်းတွင် BGFတပ်ဖွဲ့ဝင်များမရှိတော့ဘဲ တပ်ရင်းမှူး စောလှကြိုင် ဦးဆောင်သည့် BGF (၁၀၁၃) တပ်ရင်းမှာ KNLA တပ်မဟာ-၅ နှင့် လာရောက် ပူးပေါင်းထားပြီး တော်လှန်ရေးတပ်ဖွဲ့များ နှင့်အတူ တိုက်ပွဲ‌ဝင်မှုများရှိလာကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

    ကတိုင်တိစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဒီဇင်ဘာ နှင့် နိုဝင်ဘာ အတွင်းက ဖာပွန်ဒေသရှိ တောင်သုံးလုံး၊ ဆင်စွယ်၊ ကူးဆိပ်၊ မထော၊ ငှက်ပျောတော စသည့် စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ – လူမှုကွန်ရက်