Category: News

  • မင်းတုန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံး

    မင်းတုန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံး

    မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၅ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ပြီး မင်းတုန်းမြို့နယ် ၊ မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက် တပ်စွဲထားသော အင်အား ၅၆ ဦးခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပြန်လည် ထွက်ခွာလာပြီး တဇိုတုံကျေးရွာ်နှင့် ဒေါင်းတိုက်ကျေးရွာ အကြား အရောက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ၊ သရက်ခရိုင် အမှတ်-၄ တပ်ရင်း တပ်ခွဲ ၂ မှ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ အပြင်းအထန်ခုခံပြီး ဆုတ်ခွာသွားပြီး ငခူအိုးကျေးရွာနှင့် ရွာပုလဲကျေးရွာ အကြား အရောက် နံနက် ၁၀ နာရီခန့်တွင် အသင့်စောင့်ကြိုနေရာယူထားသော သရက်ခရိုင် အမှတ်-၄ တပ်ရင်း တပ်ခွဲ ၁ မှ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

    ယင်းထိတွေ့ တိုက်ပွဲသည် ၁ နာရီ ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲချိန်အတွင်း ရန်သူစစ်ကောင်စီ စစ်ကြောင်းမှ အထိနာကာ ၂၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ စစ်ကြောင်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်နိုင်ရန် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်နေချိန် အင်အား ၈၀ ခန့်ဖြင့် အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ထိုတိုက်ပွဲတွင် တော်လှန်ရေး ရဲဘော် ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “သူတို့ ဝင်လာတည်းက ကျနော်တို့ ဖြတ်တောက် ကြိုးစားတာက အဆင်မပြေလိုက်ဘူး။ အဲတာကြောင့် သူတို့ တပ်စွဲပြီးပြန် အထွက်မှာ ကျနော်တို့ ဖြတ်တောက်နိုင်ခဲ့တယ်။ အဲမှာ ၂ ကြိမ် ဖြတ်တောက်ခဲ့တယ်ပေါ့။ ၂ ကြိမ်မှာဆိုရင် ကျနော်တို့ လက်နက်ခဲယမ်းတွေ ရရှိနိုင်အောင်အထိ ဝင်လုံးဖို့ ကြိုးစားတဲ့ အခါမှာ မင်းတုန်း ၅ မိုင်ဂိတ်နဲ့ကော နောက်ပြီး ပုသိမ်-မုံရွာ လမ်းပိုင်းနဲ့ကော နီးတာနဲ့ သူတို့ စစ်ကူတွေက အမြန်ဆုံး ရောက်လာတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ ဆုတ်ခွာခဲ့ရတယ်ပေါ့။ ကျနော်တို့ အနေနဲ့ တဖြေးဖြးနဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းထိ တိုးကပ်ပြီးတော့ တိုက်ပွဲကို ဖော်ဆောင်လာနိုင်တယ်။ ကျနော်တို့ ဒီစစ်ကြောင်းကို အမြစ်ပြတ် မချေမှုန်း လိုက်နိုင်ပေမယ့် စစ်ကြောင်းတစ်ခုလုံးလန်သွားအောင် လုပ်နိုင်ခဲ့ပါတယ်” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

  • မြင်းခြံ ဗုံးကြဲ သတ်ဖြတ်ခံရမှု သေဆုံးသူ ဒါဇင်ချီပြီး အရေအတွက် စာရင်းမကောက်နိုင်သေး

    မြင်းခြံ ဗုံးကြဲ သတ်ဖြတ်ခံရမှု သေဆုံးသူ ဒါဇင်ချီပြီး အရေအတွက် စာရင်းမကောက်နိုင်သေး

    ဖုန်း၊ အင်တာနက် သုံးတဲ့နေရာကို လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်ကြာ ပစ်သတ်ဟုဆို

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ – ဆီးမီးခုံ ကားလမ်းပေါ်က ဆင်းဂွတ်ကျေးရွာကို ဒီမနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်နီးပါးကြာ ပစ်ခတ် သတ်ဖြတ်ခဲ့ရာ လူ ဒါဇင်နဲ့ချီ သေဆုံးပြီး သေဆုံးသူ၊ ဒဏ်ရာရသူနဲ့ ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေတွေ စာရင်းမကောက်နိုင်သေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဇန်နဝါရီလ ၂၆ရက် ဒီကနေ့ မနက် ၈နာရီကျော်အချိန် မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ၊ အနောက်ပိုင်းက စာသင်ကျောင်း၊ နေအိမ်တွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်အုပ်စုက တိုက်လေယာဉ် တစ်စီးနဲ့ ဗုံးလာကြဲ ပြီးနောက် ရဟတ်ယာဉ် တစ်စီးနဲ့ နာရီဝက်ခန့်ကြာ ပစ်ခတ် သတ်ဖြတ်တာလို့ ဆိုပါတယ်။

    ထပ်မံ ရရှိတဲ့ သတင်းအရ လမ်းသွားလမ်းလာ ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေနဲ့ ရွာခံတွေ အပါအဝင် သေဆုံးသူ ၄၀ ဝန်းကျင် ရှိပြီး ဒဏ်ရာရသူ များတယ်လို့ ဆိုပါတယ်။

    “ဆင်းဂွတ်ရွာ၊ ရွာအနောက်ခြမ်းက စာသင်ကျောင်းနဲ့ အနီးတဝိုက်ကို စိတ်ကြိုက်ပစ်သွားတာ။ ဂျက်ဖိုက်တာ (တိုက်လေယာဉ်) တစ်စီး၊ ရဟတ်ယဉ်က တစ်စီး။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး ရဟတ်ယဉ်နဲ့ စိတ်ကြိုက် ပတ်ပစ်တာ။ မနက်၈နာရီလောက်မှာ ဂျက်ဖိုက်တာက တစ်ခေါက်ပဲ၊ ရဟတ်ယဉ်က မိနစ်၂၀လောက် ပတ်ပစ်တာ။ ကလေးတွေရော၊ လယ်ခင်းသွားတဲ့ လှည်းတွေနွားတွေ၊ လူတွေရော သေတယ်။ ရဟတ်ယဉ်နဲ့ပစ်တာက ပိုသေကုန်တာ။ လောလောဆယ် လမ်းပေါ်တင် တောသွားတောလာ ၁၄ ယောက် သေတယ်။ ကျောင်းထဲနေတဲ့ ဆရာမတစ်ဦးလည်း သေတယ်။ စာသင်ကျောင်းထဲက အလောင်းက မီးလောင်ပျက်စီး၊ အရေအတွက် အတိအကျ မသိရ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

    ကနဦး ရရှိထားတဲ့ အချက်အလက်တွေအရ ဆင်းဂွတ်ရွာကနေ ယာတောကို လှည်းနဲ့သွားတဲ့ မိသားစု သုံးယောက် ကို ရဟတ်ယာဉ်နဲ့ ပစ်သတ်လို့ နွားတွေရော၊ မိသားစု သုံးယောက်လုံး သေဆုံးသလို ကလေးသူငယ်တွေ ဖြစ်တဲ့ မောင်တိုးတိုး ၁၁ နှစ်၊ မောင်ကျော်ဆောင်၊ မောင်ညိုသန်းနဲ့ မောင်ညိုသန်းရဲ့ ညီ ကိုးနှစ်အရွယ် ကလေးတစ်ဦး တို့လည်း သေဆုံးတယ်လို့ ဆိုပါတယ်။

    “ကျောင်းဘေးက အိမ်တွေက တချို့ ဆေးရုံ အရေးပေါ်ဖြစ်နေတယ်။ အတိအကျက အဆက်အသွယ် ပြတ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ကနဦး သတင်းအရ စာသင်ကျောင်းနဲ့ စာသင်ကျောင်းဘေးက နေအိမ်နှစ်လုံး ပျက်စီးတယ်လို့ ဆိုပါတယ်။

    ဆင်းရွတ်ကျေးရွာဟာ မြင်းခြံမြို့ရဲ့ မြောက်ဘက် ၁၂ မိုင်အကွာ၊ မြင်းခြံနဲ့ ဆီမီးခုံ ကားလမ်းပေါ်မှာ တည်ရှိပြီး သိမ်ရွာ၊ ကျားတိုင်း၊ ဆင်းဂွတ်ဆိုတဲ့ သုံးရွာအပူးလိုက် ကျေးရွာအုပ်စုကြီးဖြစ်တယ်လို့ ဆိုပါတယ်။

    အဲ့ဒီနေရာဟာ ဖုန်းနဲ့ အင်တာနက် ဝန်ဆောင်မှု ပေးတာထက်၊ စစ်အုပ်စုက ဖုန်းလိုင်းတွေ ဖြတ်တောက်ထားချိန် ဖုန်းလိုင်း အနည်းငယ် မိတဲ့အတွက် လာရောက် စုဝေး အသုံးပြုကြတာလို့လည်း ဒေသခံတချို့က ဆိုပါတယ်။

    စစ်အုပ်စုရဲ့ ဗုံးကြဲ၊ ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်အုပ်စု လက်သပ်မွေးထားတဲ့ မြင်းခြံနယ်က ပျူစောထီးတချို့ကို တော်လှန်ရေး တပ်တွေက သုတ်သင်ရှင်းလင်းခဲ့ပြီးနောက် စစ်အုပ်စုက အငြိုးထားကာ မြင်းခြံနယ်ထဲ လေကြောင်း ဗုံးကြဲ သတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

    ပြုစုထားတဲ့ စာရင်းအရ ၂၀၂၄ ဩဂုတ်လ ၁၀ရက်ကနေ အခု ၂၀၂၅ ဇန်နဝါရီလ ၁၁ ရက်အထိ ငါးလ အတွင်း မြင်းခြံခရိုင် လေးမြို့နယ်ဖြစ်တဲ့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်နယ်ထဲ စစ်အုပ်စုက လေယာဉ်၊ ရဟတ်ယာဉ်နဲ့ စက်တပ်လေထီးတွေ အသုံးပြုကာ ဗုံးကြဲသတ်ဖြတ်မှု အကြိမ် ၁၁၀ ကျော် ကျူးလွန်ခဲ့ပြီး ကလေးသူငယ် နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၅၇ ဦး သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။

    မြင်းခြံနယ် ဆင်းဂွတ်ရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ ပစ်ခတ် သတ်ဖြတ်လို့ သေဆုံးသူတွေနဲ့ ဗုံးကြဲခံရတဲ့ စာသင်ကျောင်း/Photo – Google၊ ပေးပို့

  • ရေတာရှည်၊ အိုးမြေဒူးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

    ရေတာရှည်၊ အိုးမြေဒူးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ အိုးမြေဒူးကျေးရွာ၌ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော ရေတာရှည်မြို့ နယ်၊ အိုးမြေဒူးကျေးရွာ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲတိုက်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ယင်းအကြမ်းဖက်စစ်သားများကို တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၄ ဦးသေဆုံး ကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “၄ ယောက်သေပြီး ၉ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်၊ အဲဒါပြီးတော့ နောက်ပိုင်း တိုက်ပွဲမရှိ သေးပါဘူး၊ စစ်ရေးအခြေအနေ ခဏငြိမ်နေတယ်လို့ ပြောလို့ရပါတယ်” ဟု ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုများကို စစ်တောင်းမြစ်ဝှမ်း – ရေတာရှည် ပူးပေါင်း စစ်ဆင်ရေးအဖွဲ့နှင့်အတူ ကီးကူစစ်ကြောင်းမှ ရဲဘော်များကလည်း ပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    ရေတာရှည်မြို့နယ် ၊စစ်တောင်းမြစ်အရှေ့ခြမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လုံခြုံရေး အသိ၊ သတိဖြင့် နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

    ဓာတ်ပုံ – ကရင်နီတွင် သေဆုံးခဲ့သော စစ်တပ်မှ ဗိုလ်ကြီး ၁ ဦး၏ နာရေး ပြင်ဆင်ထားမှု။

  • ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ထောင် ၃ နှစ်ချ

    ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ထောင် ၃ နှစ်ချ

    အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ဇန်နဝါရီလ ပထမ ပတ်အတွင်း ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ မန္တလေးမြို့ တရားရုံးအသိုင်းအဝိုင်းက တဆင့် သိရပါတယ်။

    မန္တလေးအိုးဘို ထောင်တွင်းတရားရုံးက အမိန့်ချတာဖြစ်ပြီး အဲဒီထောင်မှာ ပဲ အကျဉ်းချထားတယ်လို့သိရပါတယ်။

    ” ပုဒ်မတစ်ခုတည်းပဲပါပဲ၊ ထပ်တိုးစွဲထားတာမရှိတော့ဘူး”လို့ တရားရုံး အသိုင်းအဝိုင်းနဲ့ နီးစပ်သူကပြောပါတယ်။

    နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တာကြောင့် ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးလိုက်ပြီလို့ စစ်ကောင်စီကပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။

    ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့ နယ်မှာ နေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေ ၆ နာရီ ခွဲမှာ မန္တလေး၊ ပြည်ကြီးတံခွန် ရဲစခန်းမှာ ဖမ်းဆီး အမှုဖွင့်ခဲ့တာပါ။

    NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်ကနေ အပြန်မှာ ဖမ်းဆီးတာလို့ စစ်တပ်ဝါဒဖြန်ချန်နယ် အချို့က အဲဒီအချိန်က သတင်းဖြန့်ခဲ့ပါတယ်။

    ဒေါက်တာဇော်မြင့်မောင် သေဆုံးမှုအပေါ် “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင်၊ လွတ်လပ်တရားမျှတပြီး လူကိုလူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေ” လို့ ဒေါက်တာ နေစိုးမောင်က သူရဲ့ ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့တာရှိပါတယ်။

    စစ်ကောင်စီဘက်က တော့ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးရတဲ့အကြောင်းရင်းကိုသတင်းထုတ်ပြန်တာမရှိပါဘူး။

    စစ်ကောင်စီကို လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားမှုတွေ ပြုလုပ်တဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ကိုဖမ်းဆီး ချိန်က ဒေါက်တာနေစိုးမောင်ကို လည်း တပါတည်း ဖမ်းဆီးဖို့စစ်တပ်ဝါဒဖြန့်ချန်နယ်တွေက လှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။

    စစ်တပ်ဆန့်ကျင်သူတွေကို ဒေါက်တာနေစိုးမောင်က အားပေးထောက်ခံတာကြောင့် ပြင်ပမှာလွှတ်မထားသင့်တော့ဘဲ ဖမ်းဆီးထောင်ချဖို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်အချို့က လှုံ့ဆော်ခဲ့ဖူးပါတယ်။

    စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီး၊ တပ်မတော်ဆေးတက္ကသိုလ်မှာလည်း ကထိကဖြစ်ခဲ့သူဒေါက်တာနေစိုးမောင်က ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို မဲပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်း ပြီးနောက် စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်သူတွေနဲ့ အတူ လမ်းပေါ်မှာ ဒေါက်တာနေစိုးမောင်ကိုတွေ့ခဲ့ရပါတယ်။

    ဓာတ်ပုံ – Dr.Nay Soe Maung

  • စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ

    စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ

    လွိုင်ကော်တွင် အတင်းအဓမ္မ စစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ

    ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် အတင်းအဓမ္မစစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်ခိုလှုံခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီလ ၂၃ ရက်နေ့ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အပြင်ဘက်ရှိ ထီးစဲခါးကင်းစခန်း တစ်ခု ၌ တာ ဝန်ကျနေသော ခလရ ၂၄၇ တပ်ရင်းမှ တပ်သား ၄ ဦးသည် MA-3 အမျိုးအစား သေ နတ် ၃ လက် ၊ MA-1 အမျိုးအစား သေနတ် ၁ လက်တို့နှင့်အတူ KNDF တပ်ရင်းအသီးသီးထံသို့ ရောက်ရှိ ခိုလှုံခဲ့ကြောင်း သိရသည်။

    အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခု၌ တာဝန်ကျနေ သော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၄၃၀ တပ်ရင်းမှ တပ်းသား ၃ ဦးတို့ လက် နက်မဲ့ ထွက်ပြေးလာကာ KNDF သို့ ဝင်ရောက် ခိုလှုံလာခဲ့ကြောင်း သိရသည်။

    ထိုသို့ အလင်းဝင်ရောက်လာသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ဝင်ရောက်ရန် လုံးဝ ဆန္ဒမရှိကြပဲ စစ်တပ်က‌ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ စစ်တပ်အတွင်း ဆွဲသွင်းခြင်း ခံရကာ ကရင်နီ ပြည်နယ်တွင်းရှိ ရှေ့တန်းစစ်ဆင်ရေးများသို့ ပို့ဆောင်ခြင်းခံရသူများဖြစ်ကြောင်း၊ အကြမ်းဖက်စစ် တပ်ကို စွန့်ခွာပြီး ခိုလှုံဝင်ရောက်လာသူများကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KNDF က ပြောဆိုသည်။

    စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသောတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်လူတစ်စု ၏ အကျိုးစီးပွားအတွက် ရပ်တည်နေမည့်အစား ယခုကဲ့သို့ စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြရန် KNDF ဗဟိုသတင်းနှင့် ပြန် ကြားရေးဌာနက တိုက်တွန်းထားသည်။