Category: News

  • ဗိုလ်ချုပ်တွေကို အိတ်ဖောင်းစေတဲ့ တရုတ်မာဖီးယား ကျားဖြန့်

    ဗိုလ်ချုပ်တွေကို အိတ်ဖောင်းစေတဲ့ တရုတ်မာဖီးယား ကျားဖြန့်

    ၂၀၂၅ နှစ်သစ်ကို စတင်ဖွင့်လှစ်ခါစမှာပဲ ရွှေကုက္ကိုလ်အခြေစိုက် တရုတ်မာဖီးယားတွေက ဘေဂျင်း အစိုးရရဲ့ နားရွက်တဖက်ကို ပြောင်ပြောင်တင်းတင်းပဲ တံတွေးဆွတ်လိုက်တယ်။

    ဇန်နဝါရီ ၃ ရက်မှာ ထိုင်းကိုရောက်နေတဲ့ တရုတ်မင်းသား ဝမ်ကျင်းနဲ့ နာရီ ၆၀ လောက် အဆက်အသွယ် ပြတ်သွားကြောင်း သူ့ရဲ့ချစ်သူက တရုတ်ဆိုရှယ်မီဒီယာပေါ် တင်လိုက်ရာကနေ တရုတ်နိုင်ငံတွင်း ထိပ်တန်းသတင်း ဖြစ်ခဲ့ရုံတင်မက နိုင်ငံတကာ မီဒီယာပလက်ဖောင်းပေါ်အထိ ကျယ်ပြန့်ခဲ့တယ်။

    ဘေဂျင်းက ထိုင်းအစိုးရကို အကူအညီတောင်းတယ်။ ထိုင်းရဲတပ်ဖွဲ့ရဲ့ သူ့လမ်းကြောင်းနဲ့သူ ရှာဖွေ ဖော်ထုတ်ချက်အရ မင်းသား ဝမ်ကျင်းကို ဇန်နဝါရီ ၇ ရက်နေ့၊ ကျားဖြန့်တို့ပျော်ရာ နာမည်ကျော် ရွှေကုက္ကိုလ် အမှောင်မြို့မှာ ပြန်လည်တွေ့ရှိကာ ဘန်ကောက်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်။

    မင်းသား ဝမ်ကျင်း တရုတ်မာဖီးယား ကျားဖြန့်တွေလက်ထဲ ရောက်ရှိတဲ့အချိန်မှာ ကတုံးရိတ်ခံလိုက်ရရုံတင်မက အွန်လိုင်းပေါ်ကနေ ပရော်ဖယ်ရှင်နယ် လိမ်လည်နည်းကိုပါ သင်တန်းပို့ချခံရတာကြောင့် ဝမ်ကျင်းရဲ့ ကျော်ကြားမှုကို အသုံးချကာ မြောက်မြားစွာသော တရုတ်နိုင်ငံသားတွေဆီကနေ ငွေလိမ်လည်ဖို့ ကျားဖြန့်တွေက ရည်ရွယ်ကြောင်း ပေါ်လွင်နေတယ်။

    တရုတ်မင်းသား ကျားဖြန့်ငရဲတွင်းက လွတ်မြောက်လာပြီး မကြာ တရုတ်မာဖီးယား ကျားဖြန့်သမားတွေရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ထိုင်ဝမ် မီးတောက်ကချေသည် အမျိုးသားတဦးလည်း ဇန်နဝါရီ ၁၄ ရက်မှာ ပြန်လွတ်လာပြီလို့ သတင်းတွေက ဖော်ပြကြတယ်။ သူက မီးတောက်မီးလျှံတွေကို ကျွမ်းကျင်စွာ ကိုင်တွယ် ဖျော်ဖြေလေ့ရှိသူ။ ဖျော်ဖြေရေး အကြောင်းပြ ငွေနင့်နေအောင် ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ကျားဖြန့်ငရဲထဲ ဆွဲသွင်းခံရတဲ့ပုံ။

    ဆက်တိုက်ဆိုသလိုပဲ ကျားဖြန့်ငရဲကနေ တရုတ်မော်ဒယ်တဦး အပါအဝင် တရုတ်နိုင်ငံသား တချို့ကိုလည်း ဇန်နဝါရီ ၁၇ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ကယ်ဆယ်လိုက်နိုင်ကြောင်း ထိုင်းသတင်းတချို့က ဆိုတယ်။

    အဲဒီလို သတင်းတွေ တရုတ်မီဒီယာပလက်ဖောင်းပေါ် ဝုန်းဒိုင်းကြဲနေစဉ်မှာပဲ ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးစာရင်းထဲ ရောက်သွားသူတွေနဲ့ မြန်မာဘက်ခြမ်းက ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ရှာဖွေကယ်တင်ပေးဖို့ တရုတ်ပြည်သူတွေက ဘေဂျင်းအစိုးရကို ဖိအားပေးတော့တယ်။ ပြောရရင် တရုတ်မင်းသားနဲ့ မော်ဒယ်တွေက သူတို့ရဲ့ ကျော်ကြားမှုအရရော ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့်ပါ ချက်ချင်းဆိုသလို လွတ်မြောက်လာပေမဲ့ ကျားဖြန့်ငရဲတွင်း ထောင်တသက် ကျခံနေရသလို လွတ်လမ်းမမြင်နိုင်တဲ့ တရုတ်နိုင်ငံသားများစွာ ရှိနေသေးကြောင်း ဘေဂျင်းအစိုးရက သိပေမဲ့ မသိချင်ယောင် ဆောင်နေမှုအပေါ် တရုတ်ပြည်သူတို့က မေးငေါ့လိုက်ခြင်း ဖြစ်တယ်။

    လောက်ကိုင် ကျားဖြန့်ဂိုဏ်းကို ဖြိုခွင်းအပြီး ငါတို့နယ်စပ်မှာ ကျားဖြန့်အရင်းအမြစ် တော်တော်ကင်းစင်ပြီ ဆိုပြီး ဟုတ်လှပြီထင်နေတဲ့ ဘေဂျင်းအစိုးရ ရှော့ခ်ရသွားတယ်။ ကျားဖြန့်ဂိုဏ်း၊ လူမှောင်ခိုဂိုဏ်းနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ထိရောက်စွာ ချိုးနှိမ်နိုင်ရေး အပြင်းအထန် ဖိအားပေးလုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားကြောင်း တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း ကျားဖြန့် အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဖိဖိစီးစီးတိုက်ဖျက်ဖို့ အာဆီယံနိုင်ငံတွေကို တောင်းဆိုခဲ့တယ်။

    အရင် လောက်ကိုင်မှာ အခိုင်အမာ အခြေစိုက်ထားတဲ့ ကျားဖြန့်ဂိုဏ်းတွေကိုတော့ ၁၀၂၇ စစ်ဆင်ရေးက ရှင်းလင်းပေးနိုင်ခဲ့သလို တရုတ်က အထူးတပ်ဖွဲ့တွေ စေလွှတ်ပြီးလည်း ရှင်းလင်းခဲ့တယ်။ လောက်ကိုင် ကျားဖြန့်ဖြိုခွင်းတုန်းကတော့ ၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်ရဲ့ ကျွဲကူးရေပါလည်းဖြစ်၊ တရုတ်နဲ့ကပ်လျက် နယ်စပ်မြို့ဖြစ်တာကြောင့်လည်း မခက်ခဲခဲ့ပေမဲ့ အခု မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ သောင်ရင်းမြစ်နံဘေးက ကျားဖြန့်ဂိုဏ်းတွေကို တရုတ် ဘယ်လို နှိမ်နင်းမလဲဆိုတာ စိတ်ဝင်စားစရာပါ။

    မြဝတီနဲ့ ရွှေကုက္ကိုလ်မှာ အရင်ကတည်းက ကျားဖြန့်ဂိုဏ်းတွေ အခြေစိုက်ခဲ့ပြီး ဖြစ်ပေမဲ့ လောက်ကိုင် ဖြိုခွင်းခံရပြီးနောက်ပိုင်းမှ အားကောင်းမောင်းသန်ဖြစ်လာတာ တရုတ်အစိုးရက ကောင်းကောင်းသိပါတယ်။ လောက်ကိုင်အပြိုမှာ တရုတ်မာဖီးယားတွေဟာ မြန်မာစစ်တပ်ကို ကယ်ရီကြေးပေးပြီး မြန်မာပြည်တွင်းကနေ စီးကရက်ခဲမပျက်၊ ဝီစကီသောက်မပျက်ဘဲ မြဝတီသို့ အပျော်ခရီးထွက်သလို သက်သောင့်သက်သာ ရောက်ခဲ့တာလည်း အများသိတဲ့ လျှို့ဝှက်ချက်ပါပဲ။

    လောက်ကိုင် ကျားဖြန့်ဂိုဏ်းကို ဖြိုခွင်းပြီးနောက် မြဝတီမှာ ကျားဖြန့်ဂိုဏ်းတွေ အခြေစိုက်ခွင့်ပြုပြီး အကာအကွယ်ပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် စောချစ်သူကို ဖမ်းဆီးပေးဖို့ တရုတ်အစိုးရက စစ်ကောင်စီထံ တောင်းဆိုနိုင်ပါတယ်။ စစ်ဗိုလ်ချုပ်တွေကို အကြီးအကျယ် အလုပ်အကျွေးပြုခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ခေါင်းဆောင် ပယ်ဆောက်ချိန်တို့လို လူမျိုးကိုတောင် လိုအပ်လာရင် ထိုးကျွေးဖို့ ဝန်မလေးတဲ့ မင်းအောင်လှိုင်အကြောင်း ရှင်းရှင်းမြင်ခဲ့ရတဲ့ စောချစ်သူဟာ ပါးနပ်စွာနဲ့ပဲ နောက်တလှမ်းဆုတ်ခဲ့တယ်။

    ၂၀၂၄ ဇန်နဝါရီမှာ စောချစ်သူက BGF အနေနဲ့ စစ်တပ်ဆီကနေ လစာနဲ့ ရိက္ခာ မယူတော့ဘူးလို့ လူသိရှင်ကြား ကြေညာခဲ့သလို ကရင်အချင်းချင်း ပြန်မတိုက်ချင်ဘူးလို့လည်း ဆိုလိုက်ပါတယ်။ စောချစ်သူက BGF ကို စစ်ကောင်စီလက်အောက်ခံဘဝကနေ ပြန်ဆွဲထုတ်၊ ကရင်တော်လှန်ရေးတပ်တွေကိုလည်း မတိုက်တော့ဘဲ ကြားကျကျ ရပ်တည်လိုက်ခြင်းရဲ့ နောက်ဆက်တွဲက မြဝတီမြို့ကို မဟာဗျူဟာမြောက် အကာအကွယ်ပေးထားတဲ့ သင်္ဃန်းညီနောင် စစ်ကောင်စီတပ်ရင်းတွေ တော်လှန်ရေးတပ်တွေရဲ့ ခြေဖဝါးအောက် ပြားပြား မှောက်ခဲ့ရခြင်းပါပဲ။ ထပ်ပြောရရင် စစ်တပ်ဟာ ကရင်ပြည်နယ်မှာ BGF အင်အားမပါဘဲ ကိုယ့်ဘာသာ ရပ်တည်ခုခံနိုင်စွမ်း မရှိကြောင်း သက်သေပြချက်လည်း ဖြစ်ပါတယ်။

    သင်္ဃန်းညီနောင်ပြီးတော့ မြဝတီမြို့။ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ဟာ အမှတ် ၂ ချစ်ကြည်ရေးတံတားအောက် ခွေးပြေးဝက်ပြေး ရောက်ရှိခဲ့ရပြီး အသက်ထွက်ဖို့ရာ နေ့လားညလား ဖြစ်နေချိန်မှာ BGF တို့ရဲ့ အကူအညီကြောင့် အသက်နဲ့ကိုယ် အိုးစားမကွဲဘဲ တပ်ရင်းမြေ ပြန်နင်းခွင့်ရလိုက်တာ အားလုံးမျက်မြင်ပါပဲ။ ၂၀၂၄ ဧပြီလအတွင်း မြဝတီမြို့ကို စစ်ကောင်စီ လက်လွှတ်ရတော့မယ့် အခြေအနေမှာ BGF ကြောင့်သာ မဆုံးရှုံးခဲ့တာပါ။

    ဒါပေမဲ့ မြဝတီမြို့အရောက် စစ်ကူတွေရောက်ရှိဖို့ ထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်း ဒီနေ့ထိတိုင် ဒေါနတောင်တန်းကို မကျော်နိုင်ဘဲ သေပွဲဝင်နေရခြင်းနဲ့ မြဝတီမြို့ကနေ အောက်ဘက်အထွက် လေးကေ့ကော် တောက်လျှောက် စစ်တပ်ကင်းစင်သွားခြင်းအရ ဒီနေ့အထိ မြဝတီမြို့မှာ စစ်တပ်ဆိုတာ ဟန်ပြသာရှိပြီး အစစ်အမှန် ထိန်းချုပ်ထားသူက BGF သာဖြစ်ကြောင်း ရှင်းရှင်းမြင်နေရတယ်။

    ဆိုလိုတာက မြဝတီ၊ ရွှေကုက္ကိုလ် ကျားဖြန့်ဂိုဏ်းတွေကို ရှင်းလင်းပေးဖို့ တရုတ်က စစ်ကောင်စီကို ဖိအားပေးလည်း စစ်ကောင်စီအနေနဲ့ ဘာမှမတတ်နိုင်ပါဘူး။ ဒါ့အပြင် မသိချင်ယောင် ဆောင်ခအဖြစ် စောချစ်သူပေးတဲ့ သဒ္ဓါကြေးကလည်း ဒီနေ့ထိတိုင် နေပြည်တော် စစ်ဗိုလ်ချုပ်တွေဆီ လစဉ် ရောက်နေနိုင်ပါတယ်။

    နောက်ဆုံး ပြင်းထန်တဲ့ တရုတ်ဖိအားကြောင့် ထိုင်းဘက်ခြမ်းနေတဆင့် ရွှေကုက္ကိုလ်ထဲကို တရုတ် ပြည်သူ့လုံခြုံရေးတပ်တွေ ဝင်ရောက်မယ့်အပေါ် စစ်ကောင်စီက ခွင့်ပြုခဲ့ရင်၊ ဒါမှမဟုတ် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မယ်ဆိုရင် ရွှေကုက္ကိုလ် ကြေကောင်း ကြေသွားနိုင်ပေမဲ့ ကရင်ပြည်နယ်တကြော ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေလက်အောက် သိပ်မခက်ခဲဘဲ ကျရောက်သွားနိုင်ကြောင်း မင်းအောင်လှိုင် ဉာဏ်ရည်မြင့်စရာမလိုဘဲ အလွယ်တွေးနိုင်မယ်လို့ ထင်ပါတယ်။

    တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြဝတီ ကျားဖြန့်ဂိုဏ်းကို ခြေရာခံမိပြီဖြစ်ပြီး အစွမ်းကုန် ချေမှုန်းသွားမယ်လို့ ဆိုပေမဲ့ ဘယ်လမ်းကြောင်းကနေ ဘယ်လိုဝင် တိုက်ခိုက်မလဲဆိုတာ ဖော်ပြမထားပါဘူး။ ဇန်နဝါရီ ၁၆ နဲ့ ၁၇ ရက်၊ ဘန်ကောက်မှာကျင်းပခဲ့တဲ့ အာဆီယံ ဒီဂျစ်တယ် ဝန်ကြီးများ အစည်းအဝေးအပြီး ကြေညာချက်မှာ ကျားဖြန့်ကို အာဆီယံနိုင်ငံတွေ ပူးပေါင်းနှိမ်နင်းမယ်လို့ ဆိုပေမဲ့ ကြေညာချက်ထုတ်ရုံအဆင့် ကျားဖြန့်တိုက်နေတာလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

    ကေအဲန်ယူက ကျားဖြန့်ဂိုဏ်း ဖြိုခွင်းနိုင်ရေးအတွက် တရုတ်၊ ထိုင်းတို့နဲ့ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ကျားဖြန့်တိုက်ဖျက်ရေးအတွက် ကေအဲန်ယူကို ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်တွေ နိုင်နိုင်နင်းနင်း ပံ့ပိုးဖို့လိုကြောင်း ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောတောနီးက ပြောကြားခဲ့ဖူးပေမဲ့ တရုတ်နဲ့ ထိုင်း စိတ်ကူးတောင် ယဉ်ကြည့်ပုံမပေါ်ပါဘူး။

    BGF ကတော့ နိုင်ငံတကာဖိအားတွေ များလာရင် ကြေညာချက်ထုတ်ကာ ကျားဖြန့်တိုက်ဖျက်ရေးကို လုပ်ဆောင်လေ့ရှိပါတယ်။ မြဝတီမြို့နယ်အတွင်း အွန်လိုင်း ငွေလိမ်လုပ်ငန်း ဆောင်ရွက်နေတဲ့ နိုင်ငံခြားသားတွေအားလုံး ၂၀၂၄ မေ ၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အတွင်း ထွက်ခွာသွားကြဖို့နဲ့ မထွက်ခွာရင် အရေးယူမယ်လို့ ၂၀၂၄ မေ ၃ ရက်တုန်းက BGF ကြေညာချက် ထုတ်ခဲ့ဖူးပါတယ်။

    အခုလည်း ဇန်နဝါရီ ၁၅ ရက်မှာ ကရင်နယ်ခြားစောင့်တပ် BGF၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA နဲ့ တရုတ်လုပ်ငန်းရှင်လို့ ဆိုသူတွေ မြဝတီခရိုင် နယ်ခြားစောင့်တပ်ဌာနချုပ်မှာ အရေးပေါ်အစည်းအဝေး ပြုလုပ်ကြ၊ ကျားဖြန့်မလုပ်ဖို့၊ လူကုန်ကူးတာ မလုပ်ဖို့ ပြောကြဆိုကြ သရုပ်ဆောင်ကြပြန်ပါတယ်။

    အခုလို မြဝတီ၊ ရွှေကုက္ကိုလ် ကျားဖြန့်တွေ သောင်းကျန်းနေတဲ့အချိန်မှာ ထိုင်းအစိုးရက မြဝတီဘက် နယ်စပ်အဝင်အထွက် လမ်းကြောင်းတွေကို သေချာစောင့်ကြည့် စစ်ဆေးနေပါတယ်။ အဲဒီလို စစ်ဆေးမှုကို ရေရှည်လုပ်နိုင်ခဲ့ရင်တောင် ထိုင်းကနေ မြန်မာဘက်ခြမ်းကို လူကုန်ကူးမခံရရေး အတွက်သာ သက်ရောက်မှု ရှိနိုင်မှာပါ။

    လောလောဆယ် ကျားဖြန့်ဂယက်ကြောင့် တရုတ်ပြည်သူတွေ သွေးပျက်နေရသလို ထိုင်းကိုလာဖို့ ကြိုတင်အမှာလုပ်ထားကြတဲ့ တရုတ်ခရီးသွား ထောင်နဲ့ချီက ခရီးစဉ်တွေ ပြန်ဖျက်သိမ်းကုန်တာကြောင့် ထိုင်းခရီးသွားလုပ်ငန်းလည်း နင့်နေအောင် ခံစားသွားရပါတယ်။

    မြဝတီ၊ ရွှေကုက္ကိုလ် ကျားဖြန့်လုပ်ငန်းကတော့ နိုင်ငံတကာဖိအားများတဲ့အချိန် အားလပ်ရက် ယူလိုက်၊ ဖိအားတွေ နည်းသွားတဲ့အချိန် အချိန်ပိုဆင်းကာ ကမ္ဘာပတ်လိမ်လည်လိုက်နဲ့ လောလောဆယ် မျက်မြင်တွေအရ အရင်းအမြစ်ကနေ မြေလှန်ပစ်ဖို့ မဖြစ်နိုင်သေးပါဘူး။

    စစ်ဗိုလ်ချုပ်တွေကို အိတ်ဖောင်းစေတာမို့ မြန်မာမှာ လက်သပ်မွေး အခြေချခွင့်ပေးထားတဲ့ ကျားဖြန့် လုပ်ငန်းဟာ စစ်ကောင်စီရှိနေသရွေ့ သက်ဆိုးရှည်နေမှာဖြစ်ကြောင်း မျက်မှောက်မပြုနိုင်မချင်း ကျားဖြန့်ဟာ ပန်းပန်နေဦးမှာ အသေချာပါ။

    ✍ဝင်းမိုး

  • အမ်း -ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

    အမ်း -ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

    ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၂ ဦး အရှင်ဖမ်း ဆီးရရှိကာ စစ်သား ၁၉ ဦးသေဆုံး ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၂ ဦး အရှင်ဖမ်းဆီးရရှိကာ စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း People’s Revolution Alliance – PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၁၉ ရက် မွန်းတည့် ၁၂ နာရီ ၄၆ မိနစ်က ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီး ကျေးရွာအနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာ၌ ပဒါန်းဘက်မှ တက်လာသော စစ်ကောင်စီအင် အား ၁၀၀ ခန့် ပါ ခဲယမ်းတင်ကား ၄ စီးကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား ၁ စီး ပျက်စီးသွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    အလားတူ ဇန်နဝါရီလ ၇ ရက် နေ့ကလည်း ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀ ခန့် ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ထို့ပြင် ရခိုင်-မကွေးနယ်စပ်မျဉ်းတလျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး ၂၀၂၅ ဇန်နဝါရီ လ အတွင်း တပ်မ ၉၉ လက်အောက်ခံတပ်ရင်းများနှင့် ထိတွေ့မှု တိုက်ပွဲမျးဖြစ်ပွားလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တ တိုက်ပွဲများအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကို ပိတ်ဆို့ တိုက်ခိုက်ကာ ဖမ်းဆီးခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ၊ ယင်း ထိတွေ့တိုက်ပွဲများတွင် ခမရ ၁၁၃ မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦး ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ဗိုလ်ကြီး ၂ ဦး၊ အရာခံဗိုလ် ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၈ လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအ ဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    “ဖမ်းဆီးရရှိတဲ့ သုံ့ပန်းတွေကိုတော့ စစ်ဆေးမေးမြန်းနေတာရှိပါတယ်။ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အဲဒါတွေပြီးရင်တော့ သက်ဆိုင်ရာကို လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ လက်ရှိ အမ်း-ပဒါန်းလမ်းပိုင်မှား ရန်သူ့ဘက်ကနေ ပဒါန်းတပ်နယ်လုံခြုံရေးဆိုပြီးတော့ အင်အားတွေ တိုးချနေတာရှိတယ်။ လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူပေးနေတာတွေရှိတယ်။ ထွက်ပြေးနေတာတွေလည်းရှိတယ်။ စစ်ရေးအခြေအနေကတော့ရှုပ်ထွေးနေတုန်းပဲ။ ဒီကြားထဲမှာလည်း အမြဲတန်းလိုလို ရင်ဆိုင်တိုက်ပွဲတွေ ထိတွေ့မှုတွေဖြစ်နေတုန်းပဲ” ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)မှ တာဝန်ရှိသူက ပြောဆိုသည်။

    လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေဖြင့် စစ်ရေးဆိုင်ရာရည်မှန်းချက်များ အတိုင်း တစ်ဆင့်ချင်းအကောင်အထည်ဖော်လျက်ရှိပြီး မကြာမီကာလအတွင်း မြေပြန့်ဒေသများ အထိ ထိုးစစ်အရှိန်မြှင့်တင် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

    အကြမ်းဖက်စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် အမ်း-ပဒါန်းလမ်းပိုင်းမှတစ်ဆင့် စစ်ကူများ ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

  • လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်၍ ဂုဏ်ယူတတ်ကြရန်  မင်းအောင်လှိုင် ပြော

    လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်၍ ဂုဏ်ယူတတ်ကြရန် မင်းအောင်လှိုင် ပြော

    မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းဝန်းကျင်တွင် လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်၍ ဂုဏ်ယူတတ်ကြရန် မင်းအောင်လှိုင် ပြော

    လက်တွေ့တွင် စစ်သားမရှိ၍ တစ်နိုင်ငံလုံး လူငယ်များကို ပေါ်တာဆွဲ ဖမ်းနေ

    မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းဝန်းကျင်တွင် လူဦးရေ အနည်းငယ်သာ စစ်သားဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်လှသည့်တာဝန်များကို ထမ်းဆောင်ရသဖြင့် ဂုဏ်ယူတတ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်၊တောင်ညို တပ်နယ်သို့ သွားရောက်ပြီး ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ `၎င်းအနက်မှ လူဦးရေ အနည်းယ်သာ တပ်မတော်သားဘ၀ကို ခံယူ၍ မွန်မြတ်လှသည့် ၊ မြင့်မြတ်လှသည့် တာဝန်များကို ထမ်းဆောင်ရကြောင်း၊ တပ်မတော်သားများ၏ဘ၀ကို ဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် မင်းအောင်လှိုင်က အမိန့်ပေး ညွှန်ကြားသည်။

    အကြမ်းဖက်စစ်ခေါင်းဆောင်က ထိုသို့ ပြောဆိုသော်လည်း လက်တွေ့တွင် စစ်တပ်အတွင်း သေဆုံးမှုများပြားပြီး တိုက်ခိုက်သူ မရှိ၍ စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အသက်သွင်းခဲ့ကြောင်း၊ ယမန်နှစ် မေလမှစတင်၍ စစ် မှုထမ်း သင်တန်းများဖွင့်လှစ်ခဲ့ကာ ယခုအခါ တပ်သား သစ် အရေအတွက် လုံလောက်စွာမရ၍ နိုင်ငံတစ်ဝန်းတွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

    ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မော်လမြိုင်မြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး လူငယ်တချို့ ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    “​မော်လမြိုင်မြို့စွန်ဘက်မှာ ဒီမနက်အ​စောပိုင်းက အိမ်ထဲထိဝင်ပြီး လူငယ်တွေကို ဖမ်းဆီးပါတယ်။ အဲဒီမှာ အသက် ၂၀ ဝန်း ကျင်ရှိတဲ့ လူငယ် ၂ ဦးကို ဖမ်းဆီးသွားပါတယ်။ မိသားစုကို တစ်ဦးကို ၁၀ သိန်းနှုန်းနဲ့ သိန်း ၂၀ ပေးသွားပါတယ်။ စစ် မှုထမ်းဖို့အတွက် လျှော်ကြေးပေးတာလို့ပြောပါတယ်။ အသာတကြည်လိုက်ရင် မိသားစုအတွက် ​ငွေချန်ခဲ့မယ်။ မလိုက် ရင်​ငွေ​တောင်ရမှာမဟုတ်ဘူးဆိုပြီး​ ဆွဲခေါ်သွားကြပါတယ်” ဟု မော်လမြိုင်မြို့မှ ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

    အလားတူ ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ လက်ပံခုံကျေးရွာတွင် အုပ်ချုပ်ရေးမှူး နှင့်စစ်တပ်က လူယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ပြည်သူများထံမှလည်း စစ်မှုထမ်းငွေကြေးများ ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

    ထို့အတူ ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ စကုမြို့ပေါ်တွင် စစ်တပ်နှင့် မင်းဘူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အုပ်ချုပ်ရေးမှူး အောင်မြင်တို့က အိမ်စီးကား ၂ စီးဖြင့် လူငယ်များကို လိုက်လံ ဖမ်းဆီးကြောင်း၊ အဓိက အားဖြင့် စစ်မှုထမ်းမည့် တပ်သားအရေအတွက် မပြည့်မီ၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းကစပြီး စကုမြို့ပေါ်မှာ အိမ်စီးကား ၂ စီးနဲ့ လူငယ်တွေတွေ ပေါ်တာဆွဲ ဖမ်းဆီးနေတာ ဒီနေ့အထိပါပဲ။ မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင် ကိုယ်တိုင်ဦးစီးပြီး တွေ့တဲ့လူငယ်တွေကို လမ်းပေါ်၊ အလုပ်ရုံတွေထဲအထိ လက်ထိပ်ခတ်ဖမ်းဆီး တပ်ထဲပို့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ စကုနယ်မြေရဲစခန်းရှေ့က ဆိုင်ကယ်ဝပ်ရှော့မှာ အလုပ် လုပ်နေတဲ့ လူငယ် ၁ ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွားပါတယ်။ ဆိုင်ရှေ့ကို ကားမောင်းသူ ၁ ဦးတည်းပါတဲ့ အနေ အထားနဲ့ မောင်းလာပြီး ဆိုင်ရှေ့ရောက်မှ ဟွန်းတီးပါတယ်။ နောက်ခန်းနဲ့ ထိုင်ခုံတွေမှာ စစ်သားတွေကို လူမမြင်အောင် လုပ်ပြီး ဟွန်းသံကြားလို့ ထွက်လာမှ ဆင်းဖမ်းတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို လစဉ် စစ်မှုထမ်း တပ်သားသစ်များအဖြစ် လူဦးရေ ၅၀၀၀ ခေါ်ယူမည်ဖြစ်​ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

  • ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းကို  ပဒေသာမိုင်းဖြင့် ဖောက်ခွဲ

    ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲ

    မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာမှ ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပု ပျူစောထီးရွာမှ ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့ လာသည့် စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ပျုစောထီး ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Immortal Guerrilla Force – Monywa မှ တာဝန်ရှိသူက ပြောကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် အင်အား ၂၅ ဦးပါ စစ်သားနှင့်ပျူစောထီးများပါဝင်သော စစ်ကြောင်းကို ပဒေသာမိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းထိမှန်၍ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကြောင်း၊ ဒဏ်ရာရသည့် ၅ ဦးအနက် ၂ ဦးမှာ ခြေထောက်ပြတ်၍ ရိက္ခာထုပ်များကို ချ၍ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

    “မိုင်းထိပြီး ရိက္ခာတောင်ပြန်မသယ်နိုင်ဘဲ ပြေးကြတော့တာပဲ။ တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟု Immortal Guerrilla Force – Monywa မှ တာဝန်ရှိသူက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၂ Immortal Gurreilla forceနှင့်အတူ မုံရွာခရိုင် တပ်ရင်း၂၃၊ မုံရွာခရိုင် တပ်ရင်း ၂၅ ၊မုံရွာခရိုင် တပ်ရင်း ၂၈၊ BLDF, Special Force 11, တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • သရုပ်ဆောင်ကျော်သူ ပါဝင်သည့် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင် ရုံတင်ပြသခါနီးမှ ဖြုတ်ချခံရ

    သရုပ်ဆောင်ကျော်သူ ပါဝင်သည့် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင် ရုံတင်ပြသခါနီးမှ ဖြုတ်ချခံရ

    သရုပ်ဆောင် အကယ်ဒမီကျော်သူ ပါဝင်သရုပ်ဆောင်ထားသည့်အတွက်ကြောင့်ဟုဆိုကာ “ခြေဆယ့်တစ်လှမ်း”ရုပ်ရှင် ရုံတင်ပြသခါနီးမှ ယနေ့ (ဇန်နဝါရီ ၂၂ရက်)တွင် ဖြုတ်ချခံလိုက်ရကြောင်း သိရသည်။

    ယခုကဲ့သို့ ပြန်လည်ဖြုတ်ချခံရခြင်းမှာ သရုပ်ဆောင် အကယ်ဒမီ ကျော်သူပါဝင်နေသည့်အတွက်ဖြစ်ကာ တတိယနိုင်ငံရောက်ရှိနေကြသည့် အနုပညာရှင်များနှင့်ပတ်သက်၍ ရုပ်ရှင်ကားများ ပြသခွင့်မရှိကြောင်း ယခင်ကတည်းကပင် စစ်ကောင်စီမှ သတ်မှတ်ထားခဲ့သည်ဟု လက်ရှိ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူတဦးမှ ပြောသည်။

    “သူတို့နဲ့ မသက်ဆိုင်တဲ့သူတွေ ပါခွင့်မရှိဘူး။ ခွင့်ပြုချက်မရှိတဲ့ ထွက်သွားတဲ့သူတွေရဲ့ ရုပ်ရှင်ကားတွေဆိုရင် တင်ခွင့်မရှိဘူး။ အဲ့ဒါပါပဲ” ဟု ၎င်းက ပြောသည်။

    “အဓိက ကတော့ ဦးကျော်သူပါလို့ပါ၊ ရုပ်ရှင်အစည်းအရုံးက ခွင့်ပြုထားပေမယ့် အထက်က ခွင့်မပြုလို့ ပြသခါနီးမှ ဖြုတ်ချလိုက်ရတာပေါ့။ တတိယနိုင်ငံကို ရောက်နေတဲ့သူတွေနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေမှာ ခွင့်မပြုဘူးဆိုတာကတော့ သူတို့အရင်ကတည်းက သတ်မှတ်ထားတာပဲ။ ဒီကားကတော့ ဘယ်လိုနားလည်မှုလွဲပြီး တင်ခွင့်ရသွားတာလဲ မသိဘူး” ဟု လက်ရှိ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူမှ ဆက်လက်ပြောသည်။

    လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားများကို စစ်ကောင်စီမှ သတ်မှတ်ထားသည့်ဆင်ဆာအတိုင်းသာ ရိုက်ကူးနေရသည်ဟုလည်း ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်နေသူမှ ထပ်မံပြောပြသည်။

    “အခုခေတ်ရုပ်ရှင်ကားလိုင်းရဲ့ အခက်အခဲအကျပ်အတည်းကတော့ သူတို့ပေးထားတဲ့ ဆင်ဆာအတိုင်းပဲ ရိုက်ရတယ်။ သူတို့ မကြိုက်လို့ရှိရင် အစ အဆုံး ရစ်တယ် ဖြုတ်ချတယ်။ ရုပ်ရှင်ရုံတွေကလည်း တနာရီခွဲပဲ ဇာတ်ကားကို သတ်မှတ်ထားတယ်”ဟု ၎င်းက ပြောသည်။

    “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ဇာတ်ကားအား ရိုက်ကူးထားသည်မှာ ခြောက်နှစ်လောက်ကြာခဲ့ပြီဖြစ်ပြီး သရုပ်ဆောင် အလင်းရောင် ၊ ကျော်သူ ၊ ခင်ဝင့်ဝါ ၊ မေပန်းချီ တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားသည်ဟု သိရသည်။