Category: News

  • မိုးကုတ်မှာ တော်လှန်ရေးအဖွဲ့ နာမည် သုံးပြီး ပြည်သူကို အကြမ်းဖက်၊ ငွေညှစ်နေတဲ့ လူငယ်အဖွဲ့ ဖမ်းမိ၊ မြို့ထဲ လှည့်လည်ပြသ

    မိုးကုတ်မှာ တော်လှန်ရေးအဖွဲ့ နာမည် သုံးပြီး ပြည်သူကို အကြမ်းဖက်၊ ငွေညှစ်နေတဲ့ လူငယ်အဖွဲ့ ဖမ်းမိ၊ မြို့ထဲ လှည့်လည်ပြသ

    တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် – PSLF/TNLA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ အမည်ကို အသုံးပြုပြီး ပြည်သူတွေကို အကြမ်းဖက်မှု၊ ငွေညှစ်မှုတွေ ပြုလုပ်နေတဲ့ လူငယ်အဖွဲ့တစ်ခုကို ဖမ်းဆီးရမိခဲ့ပြီး မြို့ထဲ လှည့်လည် ပြသခဲ့တယ်လို့ သတင်းရရှိပါတယ်။

    အဲ့ဒီ လူငယ်အဖွဲ့ကို ဒီဇင်ဘာလ ၂၅ရက်က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး မြို့တွင်းက ပြည်သူတွေကို လှည့်လည် ပြသကာ TNLA ထံ အပ်နှံခဲ့တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း NSSAA ရဲ့ ဘဏ္ဌာရေးမှူး ကိုပိစိက ပြောပါတယ်။

    “ကျွန်တော်တို့ တပ်ကနေပြီးတော့မှ သူတို့ထဲမှာ သုံးယောက် ပါတယ်၊ ထွက်သွားတာ သူက ဆေး-နား (ကျန်းမာရေး အခြေအနေကြောင့် အနားယူ) အနေနဲ့ ထွက်သွားတယ်၊ အဲ့တော့ ဆေးနား အနေနဲ့ ထွက်သွားပြီးတဲ့ အချိန်ကျတော့ ကျွန်တော်တို့ဆီကို ပြန်မလာတော့ဘဲနဲ့ ဒီမိုးကုတ်မှာ မြို့သိမ်းပြီးပြီလည်း ဆိုတော့ ဒီမှာပဲ နေပြီးတော့ ကိုယ်ရောင် ဖျောက်နေတာပေါ့။ ဖျောက်နေရင်းနဲ့မှ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ကလည်း ဪ ဒါက တော်လှန်ရေး စိတ်ကုန်သွားတာလည်း ဖြစ်နိုင်ပါတယ် ဆိုပြီး ဒီတိုင်း လွှတ်ထားပေးပေမဲ့လည်း ကျွန်တော်တို့ ဆီမှာ (သတင်း) တက်လာတဲ့ အသံကကျတော့ ကျွန်တော်တို့ တပ်ဖွဲ့ရဲ့နာမည်ကို အသုံးပြုပြီးတော့မှ ဓါးပြ ဝင်တိုက်တယ်၊ ဘာညာဆိုပြီးတော့မှ ကျွန်တော်တို့ဆီကိုလည်း တက်လာတယ်၊ တက်လာတဲ့ အချိန်မှာ ကျွန်တော်တို့က ဟုတ်ပြီ ဒါဆိုရင်တော့ ဒီကိစ္စကို ကိုင်တွယ်ဖို့ လိုပြီ ဆိုပြီးတော့မှ သူတို့ကို အရင်ဆုံး သွားဖမ်းတာ၊ ဖမ်းတဲ့ အချိန်မှာမှ သူတို့ကနေပြီးတော့မှ ကွင်းဆက်အနေနဲ့ ဆက်ပြီးတော့မှ နောက်ထပ် ခုနစ်ယောက် ဖမ်းမိရာကနေပြီးတော့မှ စုစုပေါင်း ၁၀ ယောက် ဖြစ်သွားတာပေါ့။ စစ်မေးလိုက်တဲ့အချိန်မှာ သိလာရတာက ဘာလဲဆိုတော့ သူတို့က ဟုတ်တယ်၊ နာမည်သုံးတယ်၊ ဒါပေမဲ့ နာမည်က ဘယ်လိုထွက်လဲဆိုတော့ မဟာမိတ် တပ်ပေါင်းစုတွေက လုပ်တာပါဆိုပြီးတော့မှ အားလုံး အဲ့လိုမျိုး လုပ်တာ၊ ဒီ ကျွန်တော်တို့ မိုးကုတ်မှာကျတော့ မိုးကုတ်ကို သိမ်းတဲ့အချိန်မှာလည်း ကျွန်တော်တို့လည်း ပါခဲ့တာကိုး၊ တခြားအဖွဲ့တွေလည်း ပါတယ်၊ ဆိုတော့ အဲ့အဖွဲ့တွေ အားလုံးရဲ့ မဟာမိတ်တပ်ပေါင်းစုပါ ဆိုပြီးတော့မှ သူတို့က လုပ်တာဖြစ်တဲ့အတွက်ကြောင့် ဒါသည် အဖွဲ့အစည်းတွေ အားလုံးရဲ့ နာမည်ကို ထိခိုက်ရုံသာမက တော်လှန်ရေးရဲ့ပုံ ရိပ်ကိုလည်း ကျဆင်းစေတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဖမ်းဆီးရတာဖြစ်ပါတယ်”

    ဖမ်းဆီးရမိသူတွေဟာ အသက် ၁၅နှစ်မှ ၂၄နှစ်အတွင်းသာရှိတဲ့ လူငယ်တွေဖြစ်ပြီး အဖွဲ့ဝင်တစ်ယောက်ကတော့ လွတ်မြောက်နေဆဲဖြစ်တာကြောင့် ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဖမ်းဆီးရမိတဲ့ လူငယ် ၁၀ ယောက်ထဲမှာ NSSAA ရဲ့ တပ်သားဟောင်း သုံးယောက်ပါရုံသာမက TNLA တပ်သားလို့ ယူဆနိုင်ချေရှိတဲ့ လူငယ် သုံးယောက်လည်း ပါဝင်တယ်လို့ ကိုပိစိကပြောပါတယ်။

    “TNLA က (တပ်သားသုံးယောက် ဖြစ်ကြောင်း) တကယ်စစ်မှန်ရဲ့လားဆိုတာ လိုက်နေတုန်း၊ သို့သော် သူတို့ဆီမှာ TNLA ဝတ်စုံ တွေ့ရတယ်၊ ကျွန်တော်တို့ မိတဲ့အချိန်မှာလည်း TNLA ရဲ့ ယူနီဖောင်းကို ဝတ်ထားတာ ဖြစ်တယ်၊ ဒါမျိုးဟာ အဖွဲ့အစည်း နှစ်ခုရဲ့ကြား ပဋိပက္ခတွေ ဖြစ်စေနိုင်တယ်ပေါ့။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့က ဒီလူဟာ ဟုတ်ရဲ့လား တကယ်မှန်ရဲ့လား အဖွဲ့အစည်းက စစ်မှန်လား တကယ်လို့ အဖွဲ့အစည်းက စစ်မှန်တယ်ဆိုရင် ဒီလို လုပ်ရပ်မျိုး လုပ်တာသည် မှားတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က ဒါကို TNLA က သက်ဆိုင်ရာ လူကြီးတွေဆီ ရောက်အောင်ကို တင်မှာ၊ ကျွန်တော်တို့ အနေနဲ့လည်း ကျွန်တော်တို့ထဲက လူတွေပါတာ ဖြစ်တယ်၊ အဲ့တော့ ကျွန်တော်တို့ လူကိုလည်း ဒီလိုမျိုး ရအောင်လုပ်သလို တခြားသူတွေကိုလည်း အဲ့လိုမျိုး လုပ်စေချင်တယ်ပေါ့”

    NSSAA က ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းတဲ့အခါမှာ သူတို့ ကျူးလွန်ခဲ့တာတွေကို ဝန်ခံတယ်လို့ ကိုပိစိက ပြောပါတယ်။

    “တချို့အိမ်တွေမှာ ဆိုလို့ရှိရင်သူတို့က အိမ်တွေကို ဝင်စီးလိုက်တယ်၊ ဝင်စီးလိုက်ပြီးတော့ ဘယ်လို လုပ်လဲဆိုတော့ ပထမဆုံး အိမ်ထဲကို ဝင်လာပြီးတော့ ဆေး(မူးယစ်ဆေးဝါး) ချလိုက်တယ်၊ ပြီးတဲ့အချိန်ကျမှ မင်းတို့ ဆေးသုံးတယ် ဆိုပြီးတော့ ဒီလိုမျိုးတွေ အိမ်ရှင်တွေကို လုပ်တာ ရှိတယ်၊ အိမ်ရှင်တွေကို ပါးရိုက်တာတွေ ရှိတယ်၊ ကန်တာတွေရှိတယ်၊ နောက် ဘယ်လိုခေါ်မလဲ ခင်များတို့ တစ်ယောက်မှ မလာနဲ့ဆိုပြီးတော့မှ ဒီအိမ် အပေါ်ထပ်တွေကို မွှေတာတွေ ရှိမယ်၊ နောက်တခါ အဲ့တာတင် မဟုတ်ဘူး ဒီအိမ်တွေကို လုပ်တာ မဟုတ်ဘဲနဲ့ သူတို့က လမ်းမှာတင်တောင် စောင့်ဖမ်းပြီးတော့မှ ဒီလို နောက်ဆုံး ဘယ်လောက်ထိလဲ ဆိုတော့ ဝါးရင်းတုတ် တစ်ချောင်းနဲ့တောင်မှ လှုပ်ရှားဖူးတယ်လို့ ပြောတယ်၊ အဲ့လိုမျိုး တုတ်တစ်ချောင်း ကိုင်ပြီးတော့မှ လမ်းမှာ စောင့်ဖမ်းပြီးတော့ လာသမျှလူကို အဲ့လိုမျိုး တောင်းတာတွေ ရှိတယ်၊ နောက် ဆေးသမားတွေဆီကနေပြီးတော့ မှလည်း ပိုက်ဆံ အဲ့တစ်ခေါက်က သိန်း ၃၀ လား ၄၀လားမသိဘူး ရလိုက်တယ်လို့ ပြောတယ်၊ အဲ့လို ရပြီးတော့ကျ သူတို့က တစ်ယောက်ချင်းစီ တစ်ယောက်ကို ဝေပုံကျနဲ့ ဘယ်လောက်ဆိုပြီးတော့မှ ခွဲတာ ရှိတယ် သူတို့ထဲမှာ ခေါင်းဆောင် တစ်ယောက်လည်း ပါတယ်။ အဲ့ခေါင်းဆောင်က တခါတလေကျရင် ခွဲပေးတယ်။ (တခါတလေကျရင်လည်း) ခွဲလည်း ခွဲမပေးဘူးလို့ ပြောတယ်”

    အဆိုပါ လူငယ်တွေဟာ မူးယစ်ဆေးဝါး သုံးစွဲသူတွေဆီကနေ သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ကိုယ်တိုင်လည်း သုံးစွဲကြရုံတင်မက ပြန်လည်ရောင်းချတာတွေလည်း ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

    ဖမ်းဆီးရမိတဲ့လူငယ် ၁၀ ယောက်ကို NSSAA က ဒီဇင်ဘာလ ၂၇ ရက်က မိုးကုတ်မြို့အတွင်း ပြည်သူတွေရှေ့ကို လှည့်လည် ပြသပြီးတဲ့နောက် မိုးကုတ်မြို့ရှိ PSLF/TNLA တရားဥပဒေစိုးမိုးရေး အဖွဲ့ဆီကို လွှဲပြောင်း အပ်နှံခဲ့ကာ အရေးယူမှု အပိုင်းနဲ့ ပြစ်မှုတွေ ဆက်လက်ဖော်ထုတ်ဖို့ကိုတော့ PSLF/TNLA ရဲ့ တရားဥပဒေ စိုးမိုးရေးအဖွဲ့က ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ကိုပိစိက ပြောပါတယ်။

    “နောက်ထပ်များ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့ နာမည်ပဲ ဖြစ်ဖြစ် တခြားအဖွဲ့အစည်းရဲ့ နာမည်ပဲ ဖြစ်ဖြစ် အသုံးပြုပြီးတော့မှ ပြည်သူတွေအိမ်ကို ဝင်လာပြီဆိုလို့ရှိရင် ပထမဆုံး တောင်းရမှာသည် ဘယ်တပ်ရင်းကလဲ သေချာအောင် မေးပါ။ သေချာတဲ့ ID (သက်သေခံကတ်ပြား) တစ်ခုခုကို ပြခိုင်းပါ။ ဒါမှသာလျှင် ဝင်ခိုင်းပါ ပေါ့နော။ နောက်ဆုံး အဲ့လိုမျိုးမှ မပြနိုင်ဘူးဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်တောင် ဝင်ခွင့်မပေးပါနဲ့ဆိုတာပါပဲ” လို့ ကိုပိစိက ပြောပါတယ်။

    ဒါ့အပြင် ယခုကိစ္စကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူတွေဆီကိုလည်း NSSAA အနေနဲ့ သွားရောက် တောင်းပန်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

    NSSAA ဟာ မိုးကုတ်မြို့အရှေ့ပိုင်းကို သိမ်းပိုက်တဲ့အချိန်မှာ ပါဝင်ခဲ့တဲ့ ပူးပေါင်းတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

    NSSAA ဟာ ယခင် LCDF (လားရှိုးမြို့ လူထုကာကွယ်ရေး တပ်ဖွဲ့) ၊ People’s Defense Force – Kyaukme နဲ့ PSDA Lashio (ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့-လားရှိုး) သုံးဖွဲ့ ပေါင်းစည်းပြီး ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

    လက်ရှိ မိုးကုတ်မြို့မှာ လျှပ်စစ်မီး၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

    ဒါ့အပြင် မိုးကုတ်မြို့ကို စစ်အုပ်စုက လေကြောင်းဗုံးကျဲ သတ်ဖြတ်ပြီးနောက် နိုဝင်ဘာလ ၁၂ရက်ကစလို့ CDMA ဖုန်းနဲ့ Starlink ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း PSLF/TNLA ဦးဆောင်တဲ့ မြို့စီမံအုပ်ချုပ်ရေး ကော်မတီက ပိတ်ထားဆဲ ဖြစ်ပါတယ်။

    စစ်အုပ်စုကလည်း မိုးကုတ်မြို့ကို ကုန်စည်စီးဆင်းမှု မရှိစေဖို့ ရနိုင်သလောက် ပိတ်ဆို့ ဖြတ်တောက်ထားလို့ မြို့ခံတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

  • ရခိုင်စစ်ဘေးရှောင်များကို လက်မခံရန် ရေကြည်မြို့နယ်အတွင်းမှ အုပ်ချုပ်ရေးမှူးများက သတိပေး

    ရခိုင်စစ်ဘေးရှောင်များကို လက်မခံရန် ရေကြည်မြို့နယ်အတွင်းမှ အုပ်ချုပ်ရေးမှူးများက သတိပေး

    ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက ရခိုင်စစ်ဘေးရှောင်များကို နေအိမ်ငှါးရမ်းခြင်းနှင့် ခေါ်ယူထားခြင်းများမပြုလုပ်ရန် လိုက်လံသတိပေးနေကြောင်း သတင်းရရှိသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရေကြည်မြို့နယ်၊ ကမ်းနီကျေးရွာတွင် အုပ်ချုပ်ရေးမှူး တင်ကိုဦး ဆိုသူမှ ကျေးရွာအတွင်းအစည်းအဝေးခေါ်ကာ နေအိမ်များတွင် ရခိုင်စစ်ဘေးရှောင်များရှိပါက နှင်ထုတ်ရန်ပြောခဲ့ကြောင်း သိရှိရသည်။

    “မြို့နယ်က ညွှန်ကြားတာလို့ပြောတယ်။ စစ်ဘေးရှောင်တွေထဲမှာ AAအဖွဲ့တွေပါလာနိုင်တယ် ပြသနာဖြစ်ရင် အိမ်ပိုင်ရှင်အရေးယူခံရမယ် လို့ပြောတယ်။ ဒေသခံနဲ့ ရခိုင်စစ်ဘေးရှောင်တွေကိုရန်တိုက်ပေးတဲ့သဘောပဲ”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

    ရေကြည်မြို့နယ်တွင် ရခိုင်ပြည်နယ်မှ ရောက်ရှိလာသည့်စစ်ဘေးရှောင်များကို စစ်ကောင်စီနှင့်အုပ်ချုပ်ရေးအဖွဲ့များမှ ဖမ်းဆီးခြင်းနှင့်နှင်ထုတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေပြီးဒီဇင်ဘာလ ၂၂ရက်နေ့က ရေကြည်မြို့နယ်မြောက်စမ်းရွာအတွင်းမှ ရခိုင်စစ်ဘေးရှောင်များကို စစ်ဆေးပြီး ရခိုင်တပ်တော် AAနှင့်ပတ်သတ်သည်ဟု ဆိုကာ ၁၆ ဦးကိုဖမ်းဆီးခဲ့သည်။

    လက်ရှိတွင် ငါးသိုင်းချောင်း၊ရေကြည်နှင့် ရွှေသောင်ယံ၊ မကျီးစင်စသည့် ဒေသများတွင် စစ်ကောင်စီမှ ခံစစ်ပြင်ဆင်ခြင်း၊ လက်နက်ကြီးများ နေရာချခြင်း၊ရဟတ်ယာဉ်ကွင်းများဆောက်လုပ်ခြင်းများပြုလုပ်ပြီးနောက် အဆိုပါ နေရာများတွင်ရောက်ရှိနေ့သည့် ရခိုင်စစ်ဘေးရှောင်များကို ပစ်မှတ်ထား ဖမ်းဆီး၊ နှင်ထုတ်ခြင်းများ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှ သုံးသပ်သည်။

  • ဧရာဝတီတိုင်းရှိ ပင်စင်စားဝန်ထမ်းများကိုဆေးဝါးနှင့် ကြက်ဥ ထောက်ပံ့ပေး၍ စည်းရုံးရေးဆင်းနေ

    ဧရာဝတီတိုင်းရှိ ပင်စင်စားဝန်ထမ်းများကိုဆေးဝါးနှင့် ကြက်ဥ ထောက်ပံ့ပေး၍ စည်းရုံးရေးဆင်းနေ

    ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အငြိမ်းစားပင်စင်စားဝန်ထမ်းများကို ပင်စင်လစာထုတ်ယူစဉ် ဆေးဝါးနှင့် ကြက်ဥများပေး၍ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက စည်းရုံးရေးဆင်းနေကြောင်း သိရသည်။

    ယခုနှစ် သြဂုတ်လမှ စတင်ကာ မြန်မာ့စီးပွါးရေးဘဏ်တွင် ပင်စင်လစာထုတ်ယူချိန် ပင်စင်စားဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆီချိုတိုင်းပေးခြင်းနှင့် လစဥ်သောက်သုံးနေရသည့် ဆေးဝါးအချို့ကိုလည်း ထောက်ပံ့မှုများလုပ်ဆောင်နေသည်ဟု မြို့ခံအချို့က ပြောသည်။

    “ပင်စင်သွားထုတ်တိုင်း သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေဆိုရင် တစ်လစာအတွက် တစ်ကဒ်၊ နှစ်ကဒ် အဲ့လိုမျိုးပေးတယ်။ ပင်စင်စထုတ်ထုတ်ခြင်းရက်တွေပဲပေးတာများတယ်။ ပြီးခဲ့တဲ့လက အရင်ဦးတဲ့သူတွေဆို နှစ်ကဒ်ဆီရကြတယ်။ တချို့လည်း ခွဲတမ်းမရတော့ တစ်ကဒ်ပဲရကြတယ်။ တချို့လည်း မရဘူး။ အပြင်မှာ တစ်ကဒ် ကို ၂၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ဝန်းကျင်လောက်ဆိုတော့ တစ်ကဒ်ဖိုးသက်သာလည်း ဟင်းစားအတွက်ရတာပေါ့”ဟု ပုသိမ်မြို့ခံ ပင်စင်စားဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

    ယခုလ ပင်စင်လစာထုတ်ယူချိန်မှာလည်း တစ်ဦးလျှင် ကြက်ဥ ၁၀ လုံးနှုန်း ပေးခဲ့ပြီး အစောပိုင်းရောက်ရှိသူအများစုသာ ရရှိပြီး နောက်ကျသူများမရရှိကြကြောင်း ၎င်းက ဆိုသည်။

    စစ်ကောင်စီက ပြည်သူ့လုံခြုံရေးဥပဒေဖြင့် အသက် ၃၅ နှစ်မှ ၆၅ နစ်အရွယ်ရှိ အမျိုးသားများကို စစ်သင်တန်းပေး၍ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအတွက်သာမက တပ်သားသစ်အဖြစ်စုဆောင်းပြီး ရှေ့တန်းသို့စေလွှတ်လျှက်ရှိရာ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုမှာလည်း အဆိုပါဥပဒေအရ စစ်သင်တန်းတက်ရောက်နေရသူများရှိနေကြောင်း ဒေသခံများက ဆိုသည်။

    အဆိုပါဥပဒေမှာ အကြုံးဝင်သည့် အသက်အရွယ်အပိုင်းအခြားအရ ပင်စင်စားသက်ကြီးရွယ်အိုများ ပါဝင်နေကြောင်း သိရသည်။

    “စစ်မှုထမ်းဥပဒေနဲ့ အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ပါ ဧရာဝတီတိုင်းမှာက တပ်သားသစ်ရဖို့ စုနေတာ။ နောက်ပြီးတော့ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိလည်း စစ်သင်တန်းတက်ရမယ်ဆိုပြီး တက်နေကြရသူတွေရှိတယ်။ ခုပင်စင်စားတွေကို လုပ်ပေးနေတာတွေက အရင်အစိုးရအဆက်ဆက်ကြားဖူးတာမျိုးမရှိဘူး။ Non-CDM ဝန်ထမ်းတွေနဲ့ ပင်စင်စားဝန်ထမ်းတွေကို နှစ်သိမ့်ပေးချင်လို့ လုပ်နေတာလို့ပဲမြင်တယ်”ဟု ပုသိမ်မြို့ခံ အမျိူးသမီးတစ်ဦးက ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် ဧရာဝတီတိုင်းအတွင်းမှ လူငယ် ၇၀၀၀ ဝန်းကျင်ကို တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းသို့အများဆုံးပို့ဆောင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ထုတ်ဖော်ပြောဆိုထားသည်။

  • ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို တိုက်ခိုက်

    ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို တိုက်ခိုက်

    ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို တိုက်ခိုက်၊ ကားပေါ်ပါ ၄ ဦးလုံးသေဆုံး

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စက်မှုဇုန်ဂိတ်မှ မြို့ ထဲသို့ ကားဖြင့် ပြန်လာသည့်စစ်ကောင်စီတပ်ဖွဲ့များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးစလုံး သေဆုံးသွားကြောင်း Young Force UG အဖွဲ့က သတင်းထုတ်ပြန်သည်။

    ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် စက်မှုဇုန်ဂိတ်မှ ပခုက္ကူမြို့ဘက်သို့ ပြန်လာသည့် ကား အား စက်မှုဇုန် ဂိတ် အနီးမှာပင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Young Force UG အဖွဲ့ မှ ရဲဘော် တစ်ဦး က ပြောသည်။

    ၎င်းက “ ပစ်ခတ်ခဲ့တဲ့ နေရာက စက်မှု ဇုန် ဂိတ်နဲ့ မီတာ ၃၀၀ လောက်ပဲ ဝေးတာ မြို့နေရာတိုင်းမှာ ကျွန်တော်တို့ ဖြန့်ကျက်ထားပြီး အခုလို မျိုး လုပ်ဆောင်နိုင်ဖို့ အမြဲစောင့်ကြည့် ကြိုးစားနေတာပါ” ဟု ပြောသည်။

    တိုက်ခိုက်မှုအတွင်း ကားပေါ်တွင် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များထံမှ MA 3 လေးလက် ၊ ကျည်ဘောက် ရှစ်ခု ၊ ကျည် ၁၆၈ တောင့် နှင့် ဖုန်းတလုံး သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးသူများသည် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ဖြစ်နိုင်ကြောင်း Young Force UG အဖွဲ့ မှ ရဲဘော် တစ်ဦးက သုံးသပ်ပြောဆိုသည်။

    “ မြို့တွင်းမစ်ရှင်ဖြစ်တယ် နောက်ပြီး ဒီတိုင်းထားခဲ့တာဆိုတော့ ကိုယ်ရေးအချက် အလက်တွေ စစ်လို့ မရသေးဘူး။ သူတို့ ကိုင်တဲ့ သေနတ်တွေက MA 3 တွေဆိုတော့ စစ်သားပဲဖြစ်ဖို့ များတယ်။ မြို့ ထဲ မှာလောက်က ပျူတွေကို အဲ့လို သေနတ်တွေ ပေးမကိုင်ဘူး” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် မြို့ အဝင်၊ အထွက်များကိုပိတ်ချ ပြီး စစ်ဆေးမှုများ ပြုလုပ်ပြီး အခင်ဖြစ်ပွားရာနေ ရာ အနီး ရှိ ဒေသခံများကိုလည်း ဖမ်းဆီးစစ်ဆေးခြင်းများလုပ်ဆောင်မှုများ ရှိ ကြောင်း ဒေသခံများထံသိရသည်။

    ပခုက္ကူမြို့နယ် အတွင်း တွင် စစ်ကောင်စီတပ်ဖွဲ့ သည် မြို့ ပေါ် နေရာများကိုသား စိုမိုးထားနိုင်တော့သည့် အခြေအနေဖြစ်နေပြီး မြို့ ပြင် ပ ဧရိယာများ အားလုံးနီးပါးကို တော်လှန်ရေး တပ်ဖွဲ့ ဝင်များက စိုးမိုးထားသည့် အခြေ အနေဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ များက ဆိုသည်။

    ပြီးခဲ့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ က လည်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ကျေးရွာတွင် တပ်စွဲထား သော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များ မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဘက်တွင် ထိခိုက်သေဆုံးမှု များရှိကြောင်း Young Force UG အဖွဲ့ မှ သတင်းထုတ်ပြန်ထားသည်။

    ရုပ်သံအညွှန်း- ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကားကို Young Force UG အဖွဲ့ က ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းတွင်စီးနင်းတိုက်ခိုက်စဥ် (ရုပ်သံ-Young Force UG)

  • ဂွမြို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဘာသာရေးအဖွဲ့အစည်းများဖြင့် မှိုင်းတိုက်လာ

    ဂွမြို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဘာသာရေးအဖွဲ့အစည်းများဖြင့် မှိုင်းတိုက်လာ

    ရခိုင်ပြည်၊ ဂွမြို့နယ်ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဘာသာရေး၊ လူမျိူးရေး မီးမွှေးရန် ၎င်းတို့လက်ကိုင်တုတ်ဖြစ်သော မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)အပါအဝင်စစ်ကောင်စိ လက်ဝေခံအဖွဲ့အစည်း ၂၀ ဖြင့် စတင်မှိုင်းတိုက်လာကြောင်း ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသခံများထံက သိရသည်။

    အာရက္ခတပ်တော်(AA)သည် ဂွမြို့အခြေစိုက် နောက်ဆုံးလက်ကျန် တပ်ရင်းနှစ်ရင်းကို ဒီဇင်ဘာ ၁၉ ရက်က သိမ်းပိုက်လိုက်ရာ ထိုအရာနှင့် အချိန်ကိုက်၍ AA အား စွပ်စွဲထားသည့် မျိုးချစ်မြန်မာ ရဟန်းတော် များသမဂ္ဂ(ရန်ကုန်)၏ ကြေညာချက်ကို ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

    ထိုသဘောထား ကြေညာချက်တွင် စစ်ရှုံး၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်ချ အညံ့ခံသည်ကို ရခိုင်လူထုအား ငဲ့ညှာ၍ အလံဖြူထောင်သည်ဟု လိမ်ညာသုံးနှုန်းထားပြီး ၎င်းတို့နှင့် စစ်သုံ့ပန်းများကို AA က မြေကျင်းထဲထည့်၍ လည်လှီးသတ်ဖြတ်ခဲ့ဟု စွပ်စွဲဖော်ပြထားသည်။

    “တပ်တော်က သူတို့ဖမ်းမိသမျှ သုံ့ပန်းတွေကို ဘယ်လိုထားတယ်ဆိုတာ အတိအလင်း ရုပ်သံဖိုင်နဲ့ပါ ချပြနေတာ။ ဘယ်တုန်းကမှ ခေါင်းဖြတ်သတ်တာတွေ၊ လူမဆန်တဲ့လုပ်ရပ်တွေ လုပ်လိမ့်မယ် မဟုတ်ဘူး” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ စီးလာသော သင်္ဘောကို ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးများကိုလည်း AA က သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ထားပြီး ထိုအရာ သည် မဟုတ်မမှန်ကြောင်း ရခိုင်ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

    အလားတူ ယနေ့ ဒီဇင်ဘာ ၃၁ ရက်တွင် စစ်ကောင်စီ အသုံးချ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာ မိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီး စသည့်အဖွဲ့ ၁၉ ဖွဲ့ကလည်း လိုက်လံထုတ်ပြန်ထားသည်ကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

    “မောင်တောက ထွက်ပြေးတဲ့ ကလေးနဲ့ အမျိုးသမီးတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကမ်းစပ် ပုစွန်ကန်တွေနားမှာ အစုလိုက်သေခဲ့ရတာတွေကို ဒေသခံတွေ အသိပါပဲ။ ဒါဟာ ဘာသာရေး၊ လူမျိူး ရေး မီးမွှေးဖို့ ကြံစည်ပြီး အချိန်ကိုက် စာထုတ်လာတာ” ဟု မောင်တော ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

    ယခုကဲ့သို့ ထုတ်ပြန်လာသည့် အဖွဲ့များသည် စစ်ကောင်စီလက်ဝေခံ လက်ကိုင်တုတ်ဖြစ်ပြီး စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအားလုံးကို လူမျိုးသုဉ်းသတ်ဖြတ်မှုများ၊ အတင်းအဓမ္မ ပေါ်တာဆွဲ တပ်သားသစ် စုဆောင်းနေမှုများကို အမှန်တကယ် ကျူးလွန်နေသူမှာ စစ်ကောင်စီသာဖြစ်ကြောင်း ဘာသာရေး ခေါင်းဆောင်များက ထောက်ပြသည်။

    အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်မှုနှင့်အတူ အထိနာ၍ စစ်ရှုံးနေသည့် စစ်ကောင်စီက ၎င်းတို့၏ နိုင်ငံရေး ထွက်ပေါက်ရရေးအတွက် လူမျိုးရေးပဋိပက္ခများ မကြာခဏပုံဖော်ဖန်တီး လုပ်ဆောင်နေပြီး ပြည်သူလူထုအား အကြောက်တရားများ ပိုမိုရိုက်သွင်းလာ‌ကြောင်း သိရသည်။

    “ဆေးရုံဆေးခန်း၊ ဘုရားကျောင်းကန်တွေမှာ တပ်ဆွဲပြီးတော့ မီးရှိုးဖျက်ဆီးတာအပြင် စစ်ရှောင် နေရာတွေ၊ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာလည်း ဒီစစ်အုပ်စုပဲဖြစ်တယ်” ဟု သံဃသ မဂ္ဂ-မန္တလေးမှ ဆရာတော် ဦးဓမ္မမေတ္တာက မိန့်သည်။

    တစ်ဖက်တွင်လည်း စစ်ကောင်စီသည် စစ်ရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ရန် ရခိုင်လူမျိုးနှင့် မွတ်ဆလင်များကို ရန်တိုက်ပေးလျက်ရှိပြီး ရခိုင်ဒေသရှိ မွတ်ဆလင် လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ ရှေ့တန်းပို့ဆောင်နေကြောင်း ရခိုင်ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

    “စစ်အုပ်စုကတော့ စစ်ရှုံးတာပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျပ်အတည်းပဲဖြစ်ဖြစ် သူတို့လုပ်တတ်တာက ဘာသာရေး ပဋိပက္ခနဲ့ လူမျိုးရေး ပြဿနာတွေကို ဖန်တီးတာပဲ။ ကြုံတိုင်း၊ အချိုးအကွေ့တိုင်းမှာ ဒီအကွက်ကတော့ သူတို့လုပ်မှာပဲ”ဟု BHRN မှ မောင်လာနာ၊ ကာရီ ဦးစိုးနေဦးက ပြောသည်။

    စစ်ကောင်စီ လက်ကိုင်တုတ်ဖြစ်သော မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)ကမူ AA ကို လက်မခံကြသည့် ရခိုင်လူမျိုးများသည် စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ၍ ရန်ကုန်မြို့တွင် အခြေချနေထိုင်ပြီး မြန်မာလူမျိုးများကလည်း ရခိုင်တိုင်းရင်းသားများကို ကူညီရိုင်းပင်းလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

    သို့သော် လက်တွေ့တွင်မူ စစ်ကောင်စီသည် စစ်ပွဲများကြောင့် ရခိုင်မှတစ်ဆင့် ရန်ကုန်၊ ဧရာဝတီ စသည့်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာသော ရခိုင်ဒေသခံ စစ်ဘေးရှောင်များကို နည်းမျိုးစုံဖြင့် ဖမ်းဆီး၊ တားဆီးပိတ်ပင်၊ ငွေညှစ်မောင်းထုတ်မှုများ လုပ်ဆောင်လျက်ရှိသည်ကို ဖော်ပြထားပြီးဖြစ်သည်။

    “လက်ရှိတော့ အမျိုးသမီးဆိုတော့ နေရတာ အဆင်ပြေနေသေးတယ်။ ကြောက်တော့ ကြောက်နေရတာပေါ့လေ။ ရခိုင်တက်တူးတွေ့ရင် ဖမ်းတာတွေ ဘာတွေလုပ်နေတယ်ဆိုတော့ မောင်လေးအတွက်ပဲ ပူ နေရတယ်” ဟု ရန်ကုန်ရောက် ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

    ယင်းအပြင် မြို့ကြီးများရှိ ပြည်သူပိုင်နေရာများနှင့် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင်လည်း ရခိုင်စားသောက်ဆိုင်၊ အရောင်းဆိုင်များကို အားပေးခြင်း မပြုရန်အပါအဝင် မုန်းတီးရေး လှုံ့ဆော်စာများ စစ်ကောင်စီဘက်က ဖြန့်ဝေပြောဆိုလျက်ရှိကြောင်း သိရသည်။

    ဓာတ်ပုံ – အင်တာနက်

    ပုံစာ-ဦးဝီရသူ၏ ၅၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က မင်္ဂလာဒုံရှိ ခုတင် ၁၀၀ စစ်ဆေးရုံတွင် သွေးလှူဒါန်းစဉ်