လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ပြစ်မှုထင်ရှားသဖြင့် တရားခံအား အလုပ်နှင့် ထောင်ဒဏ်ချမှတ်သည့်သတင်းများ မကြာခဏဆိုသလို တွေ့ရှိနိုင်သည်။ လူကုန်ကူးမှု ကျူးလွန်သူ တို့၏ လိမ်လည်လှည့်ဖြားသည့် သဘောသဘာဝများ၊ အကျိုးအမြတ် ခေါင်းပုံဖြတ်မှုများနှင့် ပြစ်ဒဏ် ကျခံရမှုများကို အဆိုပါသတင်းများတွင် တွေ့ရှိပြီး သင်ခန်းစာများ ရယူနိုင်သည်။ လူကုန်ကူးမှုအများစုတွင် ကျူးလွန်ခံရသူရော ကျူးလွန်သူပါ အမျိုးသမီးများဖြစ်နေသည်ကို တွေ့ရသည်။ ဤသည်မှာ အရွယ်ရောက်ပြီးသူ အမျိုးသမီးကိုဖြစ်စေ၊ အမျိုးသမီးငယ်ကိုဖြစ်စေ ပြောဆို စည်းရုံးရာတွင် အမျိုးသမီးအချင်းချင်း ပြောဆိုစည်းရုံးခြင်းဖြင့် ပိုမိုယုံကြည်ခြင်း၊ ပိုမိုလွယ်ကူခြင်း တို့ကြောင့်ပင်ဖြစ်သည်။ တစ်ဖက်နိုင်ငံတွင် အလုပ်အကိုင်ကောင်းကောင်းရမည်၊ စရိတ်ငြိမ်း လစဉ် ငွေကျပ် မည်ရွေ့မည်မျှရမည်၊ နိုင်ငံခြားသားနှင့်ယူပါက ငွေကြေးအများအပြားရမည် စသည်ဖြင့် မက်လုံးပေးစည်းရုံး၍ လိမ်လည်လှည့်ဖြားခေါ်ဆောင်ကာ လူကုန်ကူးမှု ကျူးလွန်ကြပြီး ငွေကြေး အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူကြသည့်ပုံစံမှာ အထပ်ထပ်ကြမ်းနေပြီဖြစ်စေကာမူ ဤနည်းအတိုင်း ဆက်လက်ကျူးလွန်ခံနေကြရဆဲဖြစ်ရာ […]