Category: News

  • စစ်ဘေးကြောက်၍ ငွေဆောင်ခရီးစဥ် လက်မှတ်ဝယ်ထားသူများ လျော့စျေးဖြင့် ပြန်ရောင်း၊  ဝယ်မည့်သူမရှိ

    စစ်ဘေးကြောက်၍ ငွေဆောင်ခရီးစဥ် လက်မှတ်ဝယ်ထားသူများ လျော့စျေးဖြင့် ပြန်ရောင်း၊ ဝယ်မည့်သူမရှိ

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငွေဆောင်ကမ်းခြေသို့ ခရီးအလည်အပတ်သွားရောက်ရန်စီစဥ်ထားသူများသည် ၎င်းတို့ ဝယ်ယူထားသည့် ကားလက်မှတ်များနှင့် အခန်းကြိုတင်ဌားရမ်းခငွေပေးချေမှု(ဟိုတယ်ဘိုကင်ကြေး)များကို လျော့စျေးဖြင့် ပြန်လည်ရောင်းချနေကြကြောင်း ရောင်းချနေသူများထံက သိရသည်။

    ငွေဆောင်ကမ်းခြေနှင့် ၉၂ မိုင်ခန့် ( ကားဖြင့်သွားလျှင် လေးနာရီခွဲဝန်းကျင်အကွာအဝေး) အကွာရှိ ရွှေသောင်ယံမြို့၊ မကျီးဇင် ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည်။ ထို့ကြောင့် လုံခြုံရေးစိတ်မချရ၍ ပြန်လည်ရောင်းချနေရခြင်းဖြစ်ကြောင်း ရောင်းချနေသူများကဆိုသည်။

    “တိုက်ပွဲကြောင့် အလုပ်ခရီးက ရက်ရွေ့လိုက်ရတာပေါ့။ မိသားစုကလည်း စိတ်ပူနေတာကြောင့်ပါတယ်။ နေ့တိုင်း သတင်းတွေ နားထောင်ပြီး မသွားဖို့ဘဲ ပြောနေတာ နေ့တိုင်းပဲ”ဟု လက်မှတ်ပြန်လည်ရောင်းချနေသူတစ်ဦးက ပြောသည်။

    ရောင်းချရာတွင် ကျပ်သောင်းကဏန်းဝန်းကျင်မှ ကျပ် ၂၀၀,၀၀၀ ဝန်းကျင်အထိ လျော့ချရောင်းနေသည်ကို မြင်ရပြီး ဝယ်ယူလိုသူများအနေဖြင့် စျေးနှုန်းထပ်မံညှိုနှိုင်းနိုင်ကြောင်း ကမ်းလှမ်းထားကြသည်။ ဟိုတယ်ဘိုကင်တဆင့်ပြန်လည်ဝယ်သူများ အဆင်ပြေစေရန်လည်း ဟိုတယ်များဘက်က အဆင်ပြေသည့်ရက်ကို ရွေးချယ်တည်းခိုနိုင်ရန်စီစဥ်ထားကြောင်း ရောင်းချသူများက ကြော်ငြာနေကြသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ငွေဆောင် ကမ်းခြေတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေခဲ့သော်လည်း တိုက်ပွဲသတင်းများကြောင့် ခရီးသွားလာသူများ သိသိသာသလျော့နည်းသွားသည်ဟုလည်း ငွေဆောင်ဒေသခံက ဆိုသည်။

    “ အရင်ကဆိုရင် ခရီးသွားဧည့်သည်ကားတွေ အများကြီးပဲလာတာ လမ်းတွေပိတ်လုမတက်ဘဲ။ အခုကျ အိမ်စီးကားတွေနည်းသွားတယ်။ ခရီးသွားကားကြီးတွေလောက်ပဲ လာတော့တယ်။ အရင်က ၁၀ စီးလာရင် အခု တစီးလောက်ပဲ လာတော့တာပေါ့။ ခရီးသွားတွေ နည်းကုန်တာက တိုက်ပွဲသတင်းတွေစကြားကတည်းကနေ အခုထိပဲ”ဟု ၎င်းဒေသခံက ပြောသည်။

    ငွေဆောင် ချောင်းသာ လူမှုကွန်ရက်ဂရုများတွင် အွန်လိုင်းပေါ်က သတင်းများကို မယုံရန်နှင့် လက်ရှိတွင်လည်း ကမ်းခြေများမှာ ခရီးသွားများဖြင့် ပုံမှန်စည်ကားနေကြောင်း လှုံဆောင်နေကြသည်ကိုလည်း တွေ့ရသည်။

    “အွန်လိုင်းပေါ်က ဂရုတွေမှာ လိုက်မေးကြည့်တော့လည်း ဒေသခံတွေက အေးဆေးပဲလို့ ပြောတယ်ခင်ဗျ။ လူတွေလည်း လာကြတယ်ပြောတယ်။ ပြီးတော့ တနိုင်ငံလုံးလည်း ဖြစ်နေတာဆိုတော့ မထူးတော့ဘူးလို့ပဲတွေးပြီး သွားလိုက်တော့မယ်။ ပိုက်ဆံလည်း နှမျောတယ်လေ”ဟု ခရီးစဥ် ကားလက်မှတ်နှင့် ဟိုတယ်ဘိုကင် ပြန်လည်ရောင်းချနေသူတဦးက ပြောသည်။

    ထိုသို့ပြန်လည်ရောင်းချနေသူများကို လိုက်လံမေးမြန်းရာ ဝယ်ယူသူမရှိကြောင်း ပြန်လည်ဖြေဆိုကြသည်။

    ငွေဆောင်ဒေသခံများမှာ မကျီးဇင်တိုက်ပွဲစဖြစ်သည့်အချိန်ကစ၍ စစ်ရှောင်ရန် အထုပ်အပိုးများ အဆင်သင့်ပြင်ထားသည့် အနေအထားမျိုးဖြင့် နေထိုင်နေကြသည်ဟုလည်း သိရသည်။

    “မကျီးဇင်ဘက်စဖြစ်တော့ အထုပ်တွေသိမ်းပြီး ပုသိမ်ဘက်ဖြစ်ဖြစ် ရွာတွေဘက်ဖြစ်ဖြစ် စစ်ရှောင်ကြမလို့ပါပဲ။ အခုကတော့ နည်းနည်းအေးဆေးဖြစ်သွားတော့ စစ်ရှောင်တာတော့ မလုပ်သေးဘူး။ အထုပ်တွေကတော့ အဆင်သင့်ပြင်ထားပါတယ်။ စစ်ရှောင်တာ မလုပ်သေးတာက ဒီမှာ တော်တော်များများက ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး နေကြတာလည်း ပါသလို တချို့ကျတော့လည်း ဒီအိမ်ကိုစွန့်ပြီး စစ်ရှောင်တာမျိုး မလုပ်ချင်တာလည်း ပါပါတယ်”ဟု ငွေဆောင်ဒေသခံက ပြောသည်။

    ဇန်နဝါရီလ ၉ ရက်က မကျီးဇင်ကျေးရွာရဲစခန်းကို AA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မကျီးဇင်ကျေးရွာမှ ဘောမိကျေးရွာသို့ စွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းအဖွဲ့တို့ ယမန်နေ့(ဇန်နဝါရီလ ၁၇ ရက်)တွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစပ်ရှိ ရွှေသောင်ယံမြို့နယ်အတွင်းက တိုက်ပွဲများသည် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

  • မန္တလေးမှာ စစ်အုပ်စုက ရပ်ရွာလုံခြုံရေးလို့ ခေါ်တဲ့ အပြာယူနီဖောင်းဝတ် အဖွဲ့တွေ ဖွဲ့စည်း

    မန္တလေးမှာ စစ်အုပ်စုက ရပ်ရွာလုံခြုံရေးလို့ ခေါ်တဲ့ အပြာယူနီဖောင်းဝတ် အဖွဲ့တွေ ဖွဲ့စည်း

    စစ်မှုထမ်းဟောင်းတွေကို ပြန်ခန့်ပြီး လက်နက်မပေးဘဲ ပြည်သူကို ဖမ်းဆီးစစ်ဆေး ငွေညှစ်ရာမှာ အသုံးချ

    မန္တလေးမြိုပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုက ရပ်ရွာလုံခြုံရေး – ရလဖ ခေါ် အပြာရောင် ယူနီဖောင်းဝတ် အဖွဲ့တွေ ဖွဲ့စည်းနေပြီး မြို့ပေါ် ရပ်ကွက်အများစုမှာ အဲ့ဒီအဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    အဲ့ဒီ ရပ်ရွာလုံခြုံရေး – ရလဖ ခေါ် အပြာရောင် ယူနီဖောင်းဝတ် အဖွဲ့တွေမှာ စစ်မှုထမ်းဟောင်းတွေကို ပြန်လည် ခန့်ထား အသုံးပြုတာ တွေ့ရသလို မီးသတ်ဟောင်း၊ စည်ပင်ဝန်ထမ်းဟာင်းတွေလည်း ပါဝင်ပြီး လက်ရှိမှာတော့ လက်နက်ထုတ်မပေးသေးဘဲ စစ်အုပ်စု လက်အောက်ခံ ရဲ၊ ပျူစောထီးတွေနဲ့အတူ လမ်းမပေါ် ပြည်သူကို ဖမ်းဆီး စစ်ဆေး ငွေညှစ်ရာ၊ ဧည့်စာရင်း စစ်တဲ့နေရာတွေမှာ အသုံးချနေတယ်လို့ ဆိုပါတယ်။

    “ပ.လ.ဖ (ပြည်သူ့လုံခြုံရေး) ဆိုလား ဘာလားတော့ မသိဘူး ဖွဲ့ထားတယ်။ အပြာယူနီဖောင်း အဝတ်နဲ့၊ ဒီရက်ပိုင်း အစစ်အဆေးတွေမှာ သုံးလာတယ်။ ဖုန်းတွေပါ စစ်တယ်” လို မြိုခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    ယခု ဇန်နဝါရီလ ဒုတိယပတ်ကစလို့ မန္တလေးမြို့ပေါ် နေရာအနှံ့ လမ်းသွားလမ်းလာ ပြည်သူကို တားဆီး စစ်ဆေး မိုက်ကြေးခွဲရာ၊ ဧည့်စာရင်းစစ် ငွေညှစ်ရာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းရာ နေရာတွေမှာ စစ်အုပ်စု၊ ပျူ၊ မီးသတ်တွေနဲ့အတူ အဲ့ဒီ ရလဖ ခေါ် အပြာယူနီဖောင်းဝတ်တွေ ပါဝင်လာတယ်လို့ ဆိုပါတယ်။

    “စမထ(စစ်မှုထမ်း) အငြိမ်းစားတွေနဲ့ ဖွဲထားတာပါ။ ပြည်သူ့ လခရ (ပြည်သူ့လုံခြုံရေး) အမည်တပ်ထားပါတယ်။ လန (လက်နက်) တပ်ဆင်ပေးတာတော့ မမြင်ဘူး” လို မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ တစ်ခုဖြစ်တဲ့ MDY Revolution က ပြောပါတယ်။
    အဲ့ဒီ အပြာယူနီဖောင်းဝတ် အဖွဲ့ထဲမှာ စစ်မှုထမ်းဟောင်းတွေ သာမက မီးသတ်၊ စည်ပင် စတဲ့ အဖွဲ့ပေါင်းစုံက လူဟောင်းတွေ ပြန်လည် ပါဝင်တယ်လို မန္တလေး မြေပြင်ကင်းထောက်အဖွဲ့တစ်ခုဖြစ်တဲ့ Voice of Mandalay – Vomdy ကလည်း ပြောပါတယ်။

    အဲ့ဒီ အပြာယူနီဖောင်းဝတ် ရပ်ရွာလုံခြုံရေးအဖွဲ့ကို ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့အဖြစ် စစ်အုပ်စုက ခေါ်ဝေါ်သုံးစွဲပြီး ပျူစောထီးလိုမျိုး အဖွဲ့ဖြစ်တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

    မန္တလေးမြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ်မှာ အဲ့ဒီ ရပ်ရွာလုံခြုံရေးအဖွဲ့ အမည်ခံ အရံ စစ်သား စုဆာင်းတဲ့ အဖွဲ့တွေ ဖွဲ့စည်းမှာ ဖြစ်ကြောင်း စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလ ကတည်းက ရပ်ကွက်နဲ့ကျေးရွာတွေမှာ အစည်းအဝေးခေါ်ပြီး အသိပေး ပြောဆိုတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    အဲ့ဒီ အဖွဲ့ထဲ ဝင်ရောက်သူတွေဟာ ပေါ်တာဆွဲခံရတာ၊ ဖမ်းဆီးငွေညှစ် ခံရတာတွေက ကင်းလွတ်ခွင့်ရမှာ ဖြစ်သလို လစဉ်ထောက်ပံ့ကြေးငွေ ရရှိမှာ ဖြစ်ပြီး အဖွဲ့ထဲ မဝင်သူတွေကတော့ လစဉ်ခွဲတမ်းကျ ငွေကြေး ပေးဆောင်ရမှာ ဖြစ်တယ်လို့ စစ်အုပ်စုက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လိုက်လံ စည်းရုံးတာ၊ နာမည်စာရင်း ကောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

    “တစ်ရပ်ကွက်ကို အမျိုးသား ရှစ်ယောက် ပါရမယ်။ ထောက်ပံ့ကြေး ပေးမယ်။ လက်နက် တပ်ဆင်ပေးမယ်။ ဘာမှ မလုပ်ရဘူး။ ကိုယ့်ရပ်ကွက်ကိုပဲ ကင်းစောင့်ရမှာလို့ ပြောတယ်” လို့ ပြီးခဲ့တဲ့ စက်တင်ဘာလက မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက် ကျေးရွာအုပ်စုမှာ ရပ်ရွာ လုံခြုံရေးအဖွဲ့ ဖွဲ့ဖို့ စစ်အုပ်စုနဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးက စည်းရုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက အသက် ၃၅ နှစ်အောက် လူငယ်လူရွယ်တွေကို တစ်မြို့နယ်ကို လူ ၁၅၀ ကနေ ၂၀၀ နှုန်း ပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းနေသလို နောက်ထပ် ပျူစောထီးအဖွဲ့နဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ဖွဲ့ကာ လူစုနေတာ ဖြစ်ပါတယ်။

    မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အသစ်ဖွဲ့လိုက်တဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ အမည်ခံ အပြာရောင် ယူနီဖောင်းဝတ်အဖွဲ့နဲ့ လမ်းသွားလမ်းလာတွေကို မိုက်ကြေးခွဲနေတဲ့ ရလဖ တွေ/Photo – CJ

  • ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခြေအနေရအောင် ဖိဖိစီးစီးလုပ်မည် ဟုဆို

    ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီး ဆက်လက်ဆောင်ရွက်ကြရန်လိုကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့အစည်းဝေး၌ ပြောဆိုခဲ့သည်။

    ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ပြီး ကောက်ခံရရှိသည့် အချက်အလက်များအရ လူဦးရေသည် ၅၁ သန်းကျော်ခန့် သာရှိသဖြင့် ကျဆင်းလျက် ရှိကြောင်း၊ ယင်းသို့ ကျဆင်းခြင်းမှာ မွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာသူ များပြားခြင်း၊ အကြောင်းအမျိုးမျိုး ကြောင့် သေဆုံးခြင်းတို့ကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။

    ယင်းသို့ လူဦးရေကျဆင်းခြင်းကြောင့် ပြည်တွင်းလုပ်သားများ ရှားပါးလာခြင်းနှင့် အတူ ရွေးကောက်ပွဲ ကျင်းပရာတွင်လည်း အတိုင်းအတာတခုအနေဖြင့် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

    စစ်ခေါင်းဆောင်သည် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း မည်သည့်အချိန်တွင် ကျင်းပမည်ကို တိတိကျကျပြောနိုင်ခြင်း မရှိသလို လက်ရှိတွင်လည်း စစ်ကောင်စီ စိုးမိုးနယ်မြေများမှာလည်း တဖြည်းဖြည်း လျော့နည်းလာနေသည်။

    မြန်မာနိုင်ငံ၏ မြို့နယ်စုစုပေါင်း ၄၄ ရာခိုင်နှုန်းကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက ထိန်းချုပ်ထားပြီး ၂၄ ရာခိုင်နှုန်းမှာ တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီ၏ စိုးမိုးနယ်မြေမှာ သုံးပုံတပုံပင်မရှိတော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက ယခု ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

    ပုံစာ- ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့အစည်းဝေး

  • ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင်  AA နှင့် စစ်တပ် တိုက်ပွဲ  ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွား

    ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင် AA နှင့် စစ်တပ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွား

    ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင် AA နှင့် စစ်တပ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွားကြောင်း ဒေသသတင်းရင်းမြစ် ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ထိ ဧရာ၀တီတိုင်းနှင့် ဂွမြို့နယ် အစပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ရှိ ဘောမိရွာတွင် အကြမ်း ဖက် စစ်တပ်နှင့် AA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ခုခံ တိုက်ခိုက်နေကြောင်း သိရသည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညပိုင်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြိုနယ် ရွှေသောင်ယံမြိုနယ်ခွဲ ဘောမိဘက်မှ အင်အား ၂၅၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းမှာ သပေါ့ကန်သို တပ်ပြန်ဆုတ်လာကြောင်း ၊ ရွှေသောင်မြို့တပ်ရိပ်သာမှ စစ်တပ်က ဝက်သေနှင် သပေါ့ကန်သို စစ်အင်အားဖြည့်နေကြောင်း သိရှိရသည်။

    ဘောမိကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု၊ လေကြောင်းပစ်ကူဖြင့် လေယာဉ်ဗုံးကြဲမှုများကြောင့် နေအိမ်များပျက်စီးကာ ပြည်သူများ ထိခိုက်မှုရှိကြောင်း၊ ထို့ပြင် ဂွမြို့နယ် အစပ်ရှိ အကြမ်းဖက် စစ်တပ်စခန်းများမှ အမိန့်မရဘဲ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မကြာခဏတပ်ဆုတ်ခြင်း၊ တပ်ပျက်ထွက်ပြေးခြင်း၊ တပ်အချင်းချင်း ထိတွေ့မှုဖြစ်ခြင်းတို့ကြောင့် အကြမ်းဖက် စစ်တပ်၏ ခံစစ် ဖွဲ့စည်းပုံသည် ဖရိုဖရဲဖြစ်နေပြီး လေယာဉ် ပစ်ကူများပါ တောင်း၍ ဘောမိအထက်ဘက် ချောင်းဖျားကို ဗုံးကျဲခဲ့ကြောင်း၊ နေအိမ်များနှင့် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများပါ ပျက်စီးမှုရှိကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်မှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများကို နတခ မဆရ ၄ သို့ ဘုန်းကြီးကားများ၊ လူနာတင်ကားများနှင့် ဝါးကားများပါအသုံးပြု ပို့ဆောင်နေရကြောင်း သိရှိရသည်။

    ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ရှိ ကျေးရွာများသို့ ဇန်နဝါရီလ တတိယ အပတ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်နေ၍ သပေါ့ကန်၊ အုန်းချောင်းနှင့် ရွှေသောင်ယံ ရပ်ကွက်မှ ပြည်သူများ ပြောင်းရွေ့နေထိုင်နေရသည်။

    ဘောမိရွာ အောက်ဘက် ရွှေသောင်ယံတပ်ရိပ်သာ ၊ ဝက်သေ၊ တပင်မော် ၊ သပေါ့ကန်ဘက်မှ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်က ဘောမိရွာ အထက်ဘက်ကို လက်နက်ကြီးများဖြင့် ခြောက်လန့် ပစ်ခတ်ခြင်း၊ ညအချိန် ကင်းထောက် Drone များ ပျံဝဲနေခြင်း၊ တပင်မှော် အမြောက်တပ်က လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများလည်းရှိကြောင်း၊ ခလရ ၃၀၈ တပ်ရင်းကို ပို့ဆောင်ထားသည့် လက်နက်ကြီးများလည်း ပစ်ခတ်၍ ပြုပြင်နေကြောင်း သိရသည်။

    လက်ရှိအချိန် ပုသိမ်-မကျီးဇင် လမ်းပိုင်းသည် ပြည်သူများ ပုံမှန်သွားလာနေကြသော်လည်း ကျားခေါင်း၊ သစ်ဖြူ၊ သဲဖြူ ဘက်များမှ တပ်ပြေးများ အလွန်များနေသည့်အတွက် ဝါးကားများကို အကြမ်းဖက် စစ်ကောင်စီတပ်က အဓိကထား၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    ဧရာဝတီတိုင်းအတွင်းရှိ ဘောမိကျေးရွာကို AA ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များ ရွှေသောင်ယံ အထိ တပ်ဆုတ်ပြေး

    ဧရာဝတီတိုင်းအတွင်းရှိ ဘောမိကျေးရွာကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီ တပ်များ ရွှေသောင်ယံကမ်းခြေဘက်ထိ တပ်ဆုတ်ပြေးနေကြောင်း ဧရာ၀တီတိုင်း စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။

    ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်က ဘောမိဘက်သို့ ပုသိမ်မှ လေယာဉ်များ တက်သွားပြီး ယမန်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

    “လေယာဉ်တွေတက်သွားတယ်။ ဘောမိကတော့စခန်းတွေ ကုန်သလောက်ရှိသွားပါပြီ” ဟု တော်လှန် ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဧရာ၀တီတိုင်းရှိ စစ်သတင်းရင်းမြစ်က ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ရက်နေ့ကတည်းက ဘောမိကျေးရွာရှိ စစ်ကောင်စီတပ်များနှင့် AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဘောမိအထက်ပိုင်းကို AA က ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီသည့် ဘောမိရွာနှင့် မကျီးဇင်တို့ကို လေကြောင်းမှ ဗုံးအလုံးရေများစွာကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များ ရွှေသောင်ယံ မြို့နယ်ထဲအထိ တပ်ဆုတ်ပြေးကြကြောင်း သိရသည်။

    ထို့နောက် ဘောမိမှ တပ်ဆုတ်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘောမိနှင့် ရွှေသောင်ယံ ကြားရှိ သပေါ့ကန်တွင်ကမ်းကပ်၍တက်လာကြကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ရက်နေ့ကမှ ဘောမိကို ဝက်သေ‌ေကျးရွာမှ တင့်ကား ၁၀စီးနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အင်အားတိုးချဲ့ပို့ထားခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်များတပ်ဆုတ်ပြေးလာသည့် ရွှေသောင်ယံသည် အနောက်တောင်တိုင်းစစ်ဌာန ချုပ်တည်ရှိရာ (နတခ) ပုသိမ်နှင့် မိုင်အနည်းငယ်သာကွာဝေးတော့ပြီး စစ်ကောင်စီက ကြည်း‌၊ ရေ၊ လေမှ အင်အားဖြည့်လျက်ရှိကြောင်း သိရသည်။

  • ပန်းတောင်းနှင့် အမ်းမြို့နယ်အစပ် မိုးထိတောင် စစ်တပ်စခန်းကို AA က တိုက်ခိုက်

    ပန်းတောင်းနှင့် အမ်းမြို့နယ်အစပ် မိုးထိတောင် စစ်တပ်စခန်းကို AA က တိုက်ခိုက်နေပြီး စစ်တပ်ဘက်မှ ဒုတပ်ကြပ် ၁ ဦး အပါအဝင် စစ်သည် ၃ ဦးသေဆုံး

    ခမရ ၅၈၉ တပ်ရင်းမှ ဗိုလ်မှူး နန်းဦးပျောက်ဆုံးနေ

    ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်ရှိ မိုးထိတောင်စစ်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ကြပ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးကာ ခမရ ၅၈၉ မှ ဗိုလ်မှူး နန်းဦး ပျောက်ဆုံးနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်မှ စတင်ပြီး မိုးထိတောင်ရှိ အကြမ်းဖက် စစ်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ် ဘက်မှ နေပြည်တော် ဧလာလေတပ်မှ YAK 130 တိုက်ခိုက်ရေး လေယာဉ် ၂ စီး၊ MIG-29 လေယာဉ်တို့ဖြင့် ဗုံးကျဲ ခုခံခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ခမရ ၅၈၉ တပ်ရင်းမှ တပ်သား ထွန်းလင်း၊ ခမရ ၅၉၆ တပ်ရင်းမှ တပ်သား အာကာလင်းနှင့် ခယရ ၂ (ခဲယမ်းမီးကျောက်တပ်ရင်း) မှ ဒုတပ်ကြပ် တင်မောင်သန်း တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် တိုက်ပွဲအတွင်း ခမရ ၅၉၆ တပ်ရင်းမှ ဗိုလ်မှူး ဇမ္ဗူထွန်း ညာလက်ခုံ ကျည်ဖောက် ဒဏ်ရာရရှိကာ ကပစ ၅ မှ ဗိုလ်ကြီး ကောင်းထက်ဇော် ဘယ်ညာ ခြေသလုံး ဗုံးစထိမှန်ခဲ့ပြီး ခမရ ၅၈၉ တပ်ရင်းမှ ဗိုလ်ကြီး နန်းဦး အဆက်အသွယ်မှုပြတ်တောက်နေကာ တပ်သား ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

    အဆိုပါ ထိတွေ့ တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း၊ မိုးထိတောင် အရှေ့ဘက်ခြမ်းရှိ ပန်းကန်ကွဲ နေရာတွင်လည်း ဆင်တဲ ကပစ ၃ မှ ဒုမှူးကြီး ညီညီထွန်း ဦးစီးသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းက အသင့်နေရာယူထားပြီး လေထီးစက်တပ် ၃ စီးကို အသင့်ပြင်ဆင်ထားသော်လည်း ပစ်ချခံရမည်ကို စိုးရိမ်သောကြောင့် လက်ရှိချိန်အထိ တိုက်ခိုက်မှု မရှိသေးကြောင်း သိရသည်။

    “မိုးထိတောင် စစ်ခွေးစခန်းမှာ ၁၅ ရက်နေ့ နံနက် တည်းက တိုက်ပွဲဖြစ်နေတာ စစ်ခွေး ၃ ကောင်သေတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းဆိုတော့ လက်ရှိ မြေပြင် အခြေအနေကို ဆက်လက်စုံစမ်းနေတုန်းပါပဲ။ ဗိုလ်မှူး ဇမ္ဗူထွန်းနဲ့ ဗိုလ်ကြီး ကောင်းထက်ဇော်လည်း ဒဏ်ရာတွေရထားတဲ့ စစ်ခွေးဒဏ်ရာရတွေ အတော်များတယ်။ လေယာဉ်ကတော့ ဆက်တိုက်ကိုကျဲနေတာပဲ။ လေထီးစက်တပ်တွေ သူတို့ ကြိုတင်ပြင်ဆင်ထားပေးမယ့် ထုတ်သုံးတာတော့ မတွေ့သေးဘူး။ ပစ်ချခံရမှာ ကြောက်လန့်နေတယ်လို့လည်းသိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    မိုးထိတောင်တွင် စစ်ကောင်စီက အသုံးပြုနေသော 21 channel Drone Guard မှာ AA က ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပျက်စီးသွားကြောင်း သိရှိရသည်။