Category: News

  • ဝမ်ပေါင်ကြေးနီစီမံကိန်းနေရာတဝိုက် တိုက်ပွဲပြင်းထန်

    ဝမ်ပေါင်ကြေးနီစီမံကိန်းနေရာတဝိုက် တိုက်ပွဲပြင်းထန်

    စစ်ကိုင်းတိုင်းထဲက တရုတ်ကြေးနီထုတ်လုပ်ရေး စီမံကိန်းနေရာတဝိုက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေပါတယ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနားတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ မုံရွာမြို့နယ်ထဲက ထနောင်းဝင်းရွာဘက်မှာဆို တိုက်ပွဲပြင်းထန်နေတာ တပတ်လောက်ရှိပြီလို့ ဒီတိုက်ပွဲမှာ ပါဝင်နေသူတဦးက VOA ကိုပြောပါတယ်။ တိုက်ပွဲတွေပိုပြီး ကျယ်ပြန့်လာနိုင်တဲ့ အခြေအနေကြောင့် မုံရွာမြို့ အနောက်ဘက်ကမ်းမှာရှိတဲ့ တရုတ်ကြေးနီစီမံကိန်းနေရာတွေကို လုံခြုံရေးပေးနိုင်ဖို့ စစ်ကောင်စီက လုံခြုံရေးတွေ ထပ်စေလွှတ်နိုင်တယ်လို့ တွက်နေကြပါတယ်။

    “လုံခြုံရေးကတော့ တိုးမှာ၊ ဟိုတခါတုန်းက လက်ပံတောင်းကိုပို့မဲ့ အက်ဆစ်ကားတွေ ကျနော်တို့ ဖြတ်တိုက်ထားတယ်၊ တိုးမှာ။ ကျနော်တို့ လက်ပံတောင်းနဲ့ ပက်သက်ပြီး နှစ်လအတွင်းမှာကို အထိအတွေ့ကများတယ်၊ သူတို့ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ပေါ့။ (စစ်ကား) ငါးစီးကို ဖြတ်တိုက်လိုက်တဲ့ စစ်ကြောင်းက အခုထိ ပြန်မဆုတ်သေးတာ။ အခုဒီနေ့ သူတို့ ထနောင်းဝင်းမှာ မွှေနေတယ်။ အခုတိုက်ပွဲဖြစ်တော့မှာမို့။”

    ကြေးနီစီမံကိန်းဆီပို့မယ့် အက်ဆစ်ကားတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မုံရွာအရှေ့ဘက်ကမ်းကို ဖိပြီး တိုက်ခိုက်လာတယ်လို့ ယင်းမာပင်မြို့က မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။ မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနားမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ခုလိုပြောပြပါတယ်။

    “သူတို့ဘက်က အင်အားဖြည့်မယ်ဆိုရင်တော့ ထိတွေ့တိုက်ပွဲကတော့ ဖြစ်မှာပဲ။ ဆိုတော့ အင်အားမဖြည့်တောင်မှ ကျနော်တို့နဲ့ မကြာမကြာ တိုက်ပွဲတွေ ဖြစ်နေတာဆိုတော့။ တရုတ်စီမံကိန်းတွေကို ကာကွယ်မယ်၊ တရုတ်စီမံကိန်းတွေကို လုံခြုံရေး တိုးမြှင့်ပေးမယ်ဆိုရင် တိုက်ပွဲက အကြီးအကျယ် ဆက်ပြီး ဖြစ်လာနိုင်တဲ့အလားအလာ ရှိတာပေါ့။ လွန်ခဲ့တဲ့ ၃-၄-၅ ရက်ကနေ အခုအချိန်အထိက နမခဌာနချုပ်အနီးမှာ (ကျနော်တို့) စစ်ကြောင်းပတ်ချာလည် ထိုးနေတဲ့အနေအထားရှိတယ်။ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အက်ဆစ်ကားတွေပေါ်မှာ ပါလာတာပေါ့နော်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒါတွေရဲ့ နောက်ဆက်တွဲ စစ်ကောင်စီက ချေမှုန်းရေးတွေ လုပ်နေတာတော့ ရှိတယ်။”

    လက်ပံတောင်းနဲ့ စံပယ်တောင် ကြေးနီစီမံကိန်းတွေမှာ အလုပ်ဝင်နေတဲ့ ဝန်ထမ်းတွေကို အလုပ်ထွက်ကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ထပ်မံ ကြေညာထားပါတယ်။ Myanmar Wanbao ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီဘက်ကတော့ တစုံတရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ တရုတ်အစိုးရကတော့ မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စေလွှတ်မယ်ဆိုပြီး ကမ်းလှမ်းတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းမှာ ဝန်ကြီးဌာနရုံးတွေ ဖွင့်မယ်လို့ မကြာသေးခင်က ပြောထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တခုကို တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် စစ်ရေး ကျယ်ပြန့်လာနိုင်ခြေနေနဲ့ လုံခြုံရေးတိုးပြီး ချထားလာနိုင်ခြေတွေကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တွက်ဆထားကြတာ ဖြစ်ပါတယ်။

  • ဧရာဝတီ PDF ရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

    ဧရာဝတီ PDF ရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ဧရာဝတီ)၊ AYA PDF အမှတ် (၂၉) ဗျူဟာ ၊ အပတ်စဉ် (၄/၂၀၂၄) အခြေခံစစ်ပညာသင်တန်းက ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီသင်တန်းဆင်းပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။

  • ပုသိမ် မော်တင်ကားလမ်းတစ်လျှောက်ကို စစ်ကောင်စီမှလုံခြုံရေးတိုးမြှင့်ထား

    ပုသိမ် မော်တင်ကားလမ်းတစ်လျှောက်ကို စစ်ကောင်စီမှလုံခြုံရေးတိုးမြှင့်ထား

    ဧရာ၀တီတိုင်း၊ ပုသိမ် ၊မော်တင်ကားလမ်းတစ်လျှောက်ကို ဇန်နဝါရီလ ဒုတိယပါတ်ကစတင်ပြီး စစ်ကောင်စီမှ လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။

    ပုသိမ်၊ဟိုင်းကြီး၊မော်တင်ကားလမ်း တစ်လျှောက်တွင် ကင်းပုန်းများချထားခြင်း၊ ကျေးရွာများတွင်တပ်စွဲခြင်းများကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများမှပြောသည်။

    “ရခိုင်ရိုးမ နဲ့ နီးတော့ မကျီးဇင်လိုမျိုး တော်လှန်ရေးတပ်ဖွဲ့တွေ၀င်လာမှာစိုးလို့ထင်တယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်အတွင်း မော်တင်ကားလမ်းဘေးသစ်တောတွင်းသို့ သစ်ခုတ်၊ မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်နေကြသော ဒေသခံများကို ဝင်ခွင့်မပေးတော့ပဲ ငါးပြေမ ကျေးရွာစစ်ဆေးရေးဂိတ်နှင့် ငရုတ်ကောင်းတောင် စစ်ဆေးရေးဂိတ်တို့တွင် မှတ်ပုံတင်များနှင့် ကုန်ပစ္စည်းများကိုအဓိကထား စစ်ဆေးနေကြောင်း သိရှိရသည်။

    ယခင်က ဧရာ၀တီတိုင်းနှင့် ရခိုင်ရိုးမထိစပ်နေသော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ မော်တင်လမ်း သစ်တောများအတွင်း စစ်ကောင်စီမှ တောနင်းရှာဖွေခြင်းများ အမြဲပြုလုပ်လေ့ရှိကြောင်း သိရသည်။

    အရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များ မကျီးဇင်ကျေးရွာကို ဝင်ရောက်တိုက်ခိုက်ပြီးသည့်နောက်ပိုင်း ပိုမိုအင်အားသုံးကာ လုံခြုံရေးတင်းကျပ်လာကြောင်း သိရှိရသည်။

  • ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြောက်ကျားတိုက်ခိုက်မှုဆက်ရှိ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြောက်ကျားတိုက်ခိုက်မှုဆက်ရှိ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းများအတွင်း ပြောက်ကျားတိုက်ခိုက်မှုများ ဆက်ရှိနေဆဲဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ၂၀၂၄ ဒီဇင်ဘာ ၄ရက်ကစ၍ ဗန်းမော်နှင့်မံစီမြို့သိမ်း စစ်ဆင်ရေးစတင်ခဲ့ရာ တစ်လကျော်အကြာ ၂၀၂၅ ဇန်နဝါရီ ၈ရက်တွင် မံစီမြို့ကို အပြီးသတ် သိမ်းနိုင်ခဲ့ပြီး ဗန်းမော်မြို့ကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

    လတ်တလော စစ်ရေးအခြေအနေများကို မေးမြန်းရာ ကချင်သတင်းရင်းမြစ်တစ်ဦးက “ထူးခြားချက်တော့ မကြားမိသေးဘူး။ ပုံမှန်ပဲ ပြောက်ကျားစနစ်နဲ့ ဒရုန်းနဲ့ ဒီအတိုင်းတော့ တိုက်ပွဲတွေတော့ နေ့တိုင်း ဒီလိုပဲ ဆက်ဖြစ်နေတယ်လို့ သိရှိထားပါတယ်”ဟု ပြောသည်။

    KIAသည် မြို့သိမ်း၊ စခန်းသိမ်းစစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် ထိုးစစ်အရှိန်ကို တဆင့်ပြီး တဆင့် မြှင့်တင်ဆောင်ရွက်လေ့ရှိသည်။ ဒီဇင်ဘာလကုန်ပိုင်းနှင့် နှစ်သစ်ကူးကာလတွင် ဗန်းမော်နှင့်မံစီ မြို့သိမ်းတိုက်ပွဲများ အနည်းငယ်ငြိမ်သက်ခဲ့သော်လည်း ဇန်နဝါရီ ၆ရက်တွင် ထိုးစစ်အရှိန်မြှင့်ကာ ၃ ရက်အကြာတွင် မံစီမြို့ရှိ စစ်ကောင်စီ၏ လက်ကျန် စခန်းများဖြစ်သော ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမတ(၃၅၂) တပ်ရင်းများကို အပြီးသတ် သိမ်းနိုင်ခဲ့သည်။

    ထို့ပြင် ဇန်နဝါရီ ၉ရက်မှ ၁၃ရက်များအတွင်း မံစီမြို့မှထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များကို မံစီနှင့် ဗန်းမော်မြို့နယ်ကြားတွင် လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိခဲ့သည်။

    KIA အနေဖြင့် ဗန်းမော်ရှိ ခလရ(၄၇)၊ စကခ(၂၁) တပ်များအပါအဝင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး အသက်မသေလိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခုခံတိုက်ခိုက်ခြင်းမပြုဘဲ အမြန်ဆုံးအလံဖြူထောင် လက်နက်ချရန် ကချင်စစ်ရေးသတင်းရင်းမြစ်တို့က တိုက်တွန်းထားသည်။

    “အသက်ချမ်းသာရာရမည်။ အပြည်ပြည်ဆိုင်ရာ စစ်သုံ့ပမ်း ဥပဒေအတိုင်းနွေးထွေးစွာ ကြိုဆိုနေပါသည်” ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန် လူမှုကွန်ရက်မှတဆင့် တိုက်တွန်းထားသည်။

    ဗန်းမော်တိုက်ပွဲအခြေအနေအပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေများကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

    (ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ဒီဇင်ဘာလ ၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

  • စစ်မှုထမ်းဟောင်းတွေ ခရီးသွားရင် ဖုန်းထဲက ဒေတာတွေဖျက်ဖို့နဲ့ ဖုန်းအပိုကိုင်ဖို့ လျှို့ဝှက်ညွှန်ကြား

    ရှမ်းပြည်အရှေ့ပိုင်း၊ စစ်မှုထမ်းဟောင်းတွေ ခရီးသွားရင် ဖုန်းထဲက အချက်အလက်တွေ ဖျက်ထားဖို့နဲ့ ဖြစ်နိုင်ရင် ဖုန်းအပိုကိုင်ဆောင်ကြဖို့ ပြည်နယ်စထဟ ကြီးကြပ်မှုကော်မတီက ညွှန်ကြားလာတယ်လို့ ကျိုင်းတုံက စစ်မှု ထမ်းဟောင်း တစ်ဦးက မဲခေါင်ကိုပြောပါတယ်။

    စစ်ကောင်စီရဲ့ ပင်မထောက်တိုင် စစ်မှုထမ်း ဟောင်းအဖွဲ့ဗဟိုက ဇန်နဝါရီ ၁၄ ရက်က လျှို့ဝှက်ညွှန်ကြားချက်ကို ရှမ်းအရှေ့ ၊ခရိုင်အဆင့် စစ်မှုထမ်းဟောင်းအဖွဲ့တွေကို ပြည်နယ် စထဟကြီးကြပ်မှုကော်မတီက ဇန်နဝါရီ ၁၆ ရက်မှာထပ်ဆင့် ညွှန်ကြားလာတာဖြစ်ပါတယ်။

    စစ်ပြန် (စစ်မှု ထမ်းဟောင်းအဖွဲ့ ) ဗဟိုကနေ လျှို့ဝှက်အဆင့်ရှိ စာတစ်စောင်ကို ဌာနချုပ်မှူး ကျော်မျိူးမင်း ဆိုသူ လက်မှတ်ရေးထိုး ထုတ်ပြန်လာတာလို့ CDM ဗိုလ်ကြီး ဇင်ယော်ကပြောပါတယ်။

    “ ပြည်သူ တွေမလုံခြုံသလို သူတို့လည်း မလုံခြုံတော့ပါဘူး ၊ ၀ဋ်ကလည်နေပြီ တော်တော်ကြီးလည်နေပြီ” လို့ ဆိုပါတယ်။

    ဗန်းမော် မှာ တိုက်ပွဲ တွေ ပြင်းထန်နေတော့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် စစ်ပြန် ဥက္ကဌ အငြိမ်းစား ဗိုလ်မှူးကြီးသိန်းဇော် နဲ့ မိသားစု၀င် လေးဦးဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်မှာ မန္တလေးဘက်ကို မော်တော် ယာဉ် နဲ့ ပြေးလာစဉ် ဒီဇင်ဘာ၉ ရက် မှာ ထီးချိုင့် ၊ မောင်းကုန်း တော်လှန်ရေးတပ်ပူးပေါင်း ဂိတ်မှာခရီးသည် တွေရဲ့ လက်ကိုင်ဖုန်း တွေကိုကွန်ပျူတာ နဲ့စစ်တဲ့အခါ စစ်တပ်နဲ့စစ်ပြန် ဒေတာတွေ တွေ့တော့ ဖမ်းဆီး ထိန်းသိမ်းရာကနေ ဒီဇင်ဘာ ၂၈ရက်မှာ လွှတ်ပေးလို့ ပြန်လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ် ။

    အဲဒိစာထဲမှာ နယ်မြေအေးချမ်းမှုမရှိတဲ့ဒေသတွေမှာ စထဟတွေနဲ့ အရန်အဖွဲ့ဝင် မိသားစုတွေ ကိုယ်ရေးကိုယ်တာသုံးဖုန်းနဲ့ လုံခြုံရေး ဆိုင်ရာကိစ္စရပ်တွေကျိုးပေါက်နိုင်တဲ့ လုံခြုံရေးဆိုင်ရာဖုန်း ဆိုပြီး ဖုန်းနှစ်လုံးခွဲကိုင်သင့်ကြောင်း၊ အကယ်၍ ဖုန်းနှစ်လုံး မကိုင်ပါကခရီးသွားရင် လုံခြုံရေးဆိုင်ရာစာတွေ၊ ပုံတွေကို ဖျက်ပြီးမှ သွားလာသင့်တယ်လို့ဖော်ပြထားပါတယ်။