Category: News

  • မွေးစားဖခင်​၏ အဓမ္မပြုကျင့် အိမ်တွင်းအကြမ်းဖက်ခံရသည့် ၅ နှစ်အရွယ် ကလေးငယ် သေဆုံး

    မွေးစားဖခင်​၏ အဓမ္မပြုကျင့် အိမ်တွင်းအကြမ်းဖက်ခံရသည့် ၅ နှစ်အရွယ် ကလေးငယ် သေဆုံး

    မွေးစားဖခင်​၏ အဓမ္မပြုကျင့် အိမ်တွင်းအကြမ်းဖက်ခံရသည့် ၅ နှစ်အရွယ် ကလေးငယ် သေဆုံး

    တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောရွာမှ မွေးစားဖခင်၏ အဓမ္မပြုကျင့်ခံရပြီး အိမ်တွင်းအကြမ်းဖက်မှုဒဏ်ပါ ခံစားခဲ့ရသည့် ငါးနှစ်အရွယ် ကလေးငယ် ဆေးကုသမှုခံယူရင်း ဆေးရုံ၌ သေဆုံးသွားကြောင်း အကူအညီပေးနေသူက ပြောသည်။

    မီးငယ်(အမည်လွှဲ) သည် ၎င်းအသက်လေးနှစ်အရွယ်တွင် မိခင်နှင့် ဖခင် အိမ်ထောင်ကွဲခဲ့ပြီး အဘိုးနှင့် အဘွားမှာလည်း စောင့်ရှောက်ရန် ငွေကြေးမတက်နိုင်သဖြင့် မိသားစုတခုထံ အမွေစား၊ အမွေခံဖြင့် မွေးစားခွင့်ပြုခဲ့ကြောင်း သိရသည်။ မွေးစားမိဘများထံ ရောက်ရှိသည့် တနှစ်ကျော်အတွင်း မွေးစားဖခင်က နှစ်ကြိမ်အဓမ္မနှစ်ကြိမ်ပြုကျင့်ခဲ့ပြီး အိမ်တွင်းနှိပ်စက်မှုဒဏ်များကြောင့် ခန္တာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက်များ အပြည့်၊ အရိုးပေါ် အရည်တင် ဗိုက်ပူနံကား ပုံစံဖြင့် Save The Trees Rescue Team ထံ စက်တင်ဘာ ၂၆ ရက်နေ့က ရောက်လာကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    Save The Trees Rescue Team ထံ စတင်ရောက်ရှိလာချိန်မှစ၍ မီးငယ်လေးကို ဆေးကုသမှု၊ ဆေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ မီးငယ်မှာ ကျောက်ကပ်၊ အသည်းရောင်နေပြီး အဆုတ်လည်း မကောင်းသလို နှိပ်စက်ခံရမှုဒဏ်များကြောင့် စိတ်ဒဏ်ရာပါ ရနေသည့်အခြေအနေဖြစ်ကြောင်း ကူညီပေးနေသူက ပြောသည်။ ထို့နောက် တောင်ငူဆေးရုံတွင် ရက်ရှည်ဆေးရုံတက် ဆေးကုသမှု ခံယူနေရင်းမှ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်နေ့) နံနက် ၆ နာရီခွဲအချိန်တွင်း သေဆုံးသွားခြင်းဖြစ်ပြီး နေ့တွင်းချင်း သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

    “ မနက် ၆ နာရီလောက် တက်ပြီး ဆုံးသွားတာ။ သတိပြန်မလည်တော့ဘဲနဲ့ တက်ပြီးဆုံးသွားတာ နှုတ်ခမ်းတွေပြာပြီးတော့” ဟု မီးငယ်လေးအား အကူအညီပေးနေသူကပြောသည်။

    “ အဓိကကတော့ အဓမ္မပြုကျင့်ခံရတဲ့ဒဏ်တွေရယ် နှိပ်စက်တဲ့ဒဏ်တွေရယ်ကြောင့်လို့် ပြောလို့ရပါတယ်။ Rape Case က လွန်ခဲ့တဲ့ခြောက်လလောက် ရှိပြီ။ ကလေးကို ကလေးအဖေက မွေးစားမိဘတွေဆီ ပေးခဲ့တာဗျာ။ မွေးစားမိဘတွေကလုပ်တာ။ မွေးစားအဖေက နှိပ်စက်တယ်။ အမေလည်းပါတယ်။ ထမင်းခိုးစားလို့ဆိုပြီး ပါးစပ်ထဲ ရေနွေးပူလောင်းထည့်တာတို့ လက်တွေကို မီးနဲ့ရှို့တာတို့ ခန္တာတကိုယ်လုံးကို ဓါးနဲ့ မွှန်းတာတို့ နှာခေါင်းရိုးတွေချိုးပစ်တာတို့ အများကြီးပေါ့။ အဲ့ဒီလိုဒဏ်တွေ၊ ခန္တာကိုယ်အနှံ့လည်း ကန်ကျောက်ရီုက်နှက်၊ ထုထောင်းထားတော့ ကလေးက အာဟာရလည်းချို့တဲ့၊ ဒဏ်ရာဒဏ်ချက်တွေအများကြီးနဲ့ အတွင်းကလီစာတွေလည်း မကောင်းတော့ဘူးလေ” ဟု ၎င်းက ဆက်ပြောသည်။

    မီးငယ်၏ မွေးစားမိဘနှစ်ဦးအား ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ဖမ်းဆီးရမိခဲ့ပြီး အောက်တိုဘာလအတွင်းကစ၍ တောင်ငူခရိုင်တရားရုံးတွင် တရားစွဲထားကာရုံးထုတ်စစ်ဆေးနေဆဲဖြစ်သည်။ မွေးစားဖခင်ဖြစ်သူကို ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၄/၁၁၄ဖြင့် အမှုဖွင့်အရေးယူထားပြီး မွေးစားမိခင်ကို ပုဒ်မ ၃၂၄/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ မီးငယ်လေး၏ ထွက်ဆိုချက်များကို ယူနေဆဲကာလဖြစ်၍ တရားခွင်အခြေအနေ မည်သို့ဆက်ဖြစ်မည်ကို မသိရသေးကြောင်း Save The Trees Rescue Team တာဝန်ရှိသူက ဆက်ပြောသည်။

    မီးငယ် မိဘအရင်းများနှင့် အဘိုး၊ အဘွားထံ ပြန်လည်ရောက်ရှိပြီးနောက် ဒဏ်ရာများနှင့်ဖြစ်စဉ်ကို မေးမြန်းသိရှိရသည့်အတွက် အမှုဖွင့်တိုင်တန်းရန် လုပ်ဆောင်စဉ်တွင် ၎င်းတို့၏ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားစွဲလျှင် ငွေကြေးကုန်ကျစရိတ်များပြားမည်ဖြစ်ကြောင်း၊ နစ်နာကြေး ကျပ် ၄၀၀,၀၀၀ ယူ၍ ကျေအေးပေးရန် ပြောဆိုကြောင်းနှင့် တရားစွဲဆိုချိန်တွင် တရားခံများဘက်မှ သက်သေများ မထွက်ဆိုနိုင်ရေး ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

  • ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတချို့ကို  AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွား

    ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတချို့ကို AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွား

    စစ်တွေမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတချို့ကို AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွား

    ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့နယ်၊ အစွန်ဘက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတချို့ကို AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်နှင့် စစ်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

    ယခင်ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သင်္ဘောများကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာမှ ယခုအခါ ရန်ကုန်-စစ်တွေကားလမ်း တစ်လျှောက်တွင် AA တပ်များက စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်များကို စတင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ ယမန်နေ့ ကျားမသောက် စစ်ဆေးရးဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    “ရန်ကုန်-စစ်တွေ လမ်းပိုင်းဘက်မှာ စပြီး တိုက်ပွဲဖြစ်တယ်။ အဲဒီဘက်မှာက စစ်ကောင်စီတပ်ရင်းတွေ ရှိတယ်။။ စစ်တွေဒကစလည်းရှိတယ်။ ခမရ ၃၄၄ ၊ ခလရ ၂၃၂ နဲ့ အခြားတပ်တွေရှိတယ်။ စစ်တွေမြို့ကို စစ်တပ် တပ်ရင်းတွေက ကာထားတာ။ ကုန်းလမ်းကတော့ AA က သိမ်းပိုက်ထားလို့ ပြတ်တောက်နေပြီးသားပါ။ လေ ကြောင်းနဲ့ ရေကြောင်းကပဲ စစ်တွေကိုသွားလို့ရပါတယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

    ယမန်နေ့ တိုက်ပွဲများကြောင့် ရန်ကုန်-စစ်တွေ လမ်းတလျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယင်းကျေးရွာများတွင် ယခင်ကတည်းက ဒေသပြည်သူများ ပြောင်းရွှေ့ခဲ့ကြသဖြင့် လူနေထိုင်မှုနည်းပါးနေသော ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။

    တပ်သတင်းရင်းမြစ်တချို့ကမူ စစ်တွေတွင် စစ်တပ်က အင်အား ထောင်ချီ ချထားကြောင်း၊ စစ်မှုထမ်း တပ်သားသစ်များ၊ တိုက် ခိုက်ရေးတပ်များ၊ ပြည်သူ့စစ်များ ၊ လက်ရုံးတပ်များကို စစ်တွေမြို့သို့ လက်နက်ခဲယမ်း၊ ရိက္ခာ အများအပြားဖြင့် ပို့ဆောင်ထားကြောင်း၊ ယင်းအပြင် စစ်သင်္ဘောများကိုလည်း စစ်တွေမြို့ကို ခုခံနိုင်ရန်အတွက် ပို့ဆောင်ထားကြောင်း ပြောဆိုသည်။

    ရခိုင်ပြည်တွင် AA က မြို့ပေါင်း ၁၄ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့ကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ ကြောင်း AA၏ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။

    ဓာတ်ပုံ- ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထိုးစစ်ဆင်ခဲ့စဉ်။

  • ဧရာဝတီ ဝန်ကြီးချုပ်နှင့် တိုင်းရဲချုပ်တို့ မော်တင်ဘုရားတွင် ယတြာချေနေ

    ဧရာဝတီ ဝန်ကြီးချုပ်နှင့် တိုင်းရဲချုပ်တို့ မော်တင်ဘုရားတွင် ယတြာချေနေ

    ဧရာဝတီတိုင်းသို့ အရက္ခတပ်တော်(အေအေ)ဝင်တိုက်မည်ကြောက်သဖြင့် ဝန်ကြီးချုပ်နှင့် တိုင်းရဲချုပ်တို့ မော်တင်ဘုရားတွင် ယတြာချေနေ

    ဧရာဝတီီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူးတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်တင်စွန်းဘုရားသို့ သွားရောက်ကာ ကတြာချေမှုများများပြုလုပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

    ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အခြားဝန်ကြီးများအပါဝင် တိုင်းရဲတပ်ဖွဲ့မှူး တင်ဇော်ထွန်းတို့က မော်တင်စွန်းသို့ဘုရားသို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကသွားရောက်ပြီး ယတြာချေမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူတဦးထံမှ သိရသည်။

    ” အဓိကတော့ ပီဒီအက်တွေဝင်လာမှာထက် အေအေ တွေဝင်လာမှာကို ဝန်ကြီးချုပ်က ကြောက်နေတာ၊ ခုက ငါးသိုင်းချောင်းတို့ သာပေါင်းတို့ အဲ့ဘက်တကျောမှာ အင်အားတွေပို့ပြီး ပိတ်ထားပေမယ့် သူနောက်ကျောမလုံသလိုဖြစ်နေပုံရတယ်။ သူရော အသစ်ရောက်လာတဲ့ နတခမှူးရော ပေါင်းပြီး ယတြာတွေချေနေတာ ၂ ခါရှိပြီ၊ ခုအခေါက်ကတော့ နတခမှူး မပါဘူး ဝန်ကြီးချုပ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူး ပေါင်းလုပ်တာ” ဟု တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူတဦးမှ ပြောသည်။

    ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် အသစ်ရောက်ရှိလာသည့် စစ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်တို့သည် ပုသိမ်မြို့နှင့် ဧရာဝတီတိုင်းအတွင်း တိုက်ပွားမဖြစ်ပွားရေးအတွက် ရည်ရွယ်ပြီး ဂျိုးဖြူငှက်များလွှတ်ကာ ၂ ကြိမ်တိုင်တိုင် ယတြာချေခြင်းများပြုလုပ်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

    ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲများ ဧရာဝတီတိုင်းသို့ ရောက်ရှိဖို့နီးကပ်လာချိန်တွင် ယခုလဆန်းပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာအား ရခိုင်စစ်မျက်နှာပြင်အတွေ့အကြုံရှိသည့် ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် အစားထိုးခြင်းပြုလုပ်ခဲ့သော်လည်း လက်တွေ့တွင် ရခိုင်စစ်မျက်နှာပြင်အကြောင်းသိသည့် ရခိုင်ပြန် ဗိုလ်မှူးချုပ် စိုးကျော်ထက်မှာ ဧရာဝတီတိုင်းသို့ အရက္ခတပ်တော်ဝင်ရောက်လာမည်ကို ၎င်းကိုတိုင်း ကြောက်ရွံနေကြောင်း တပ်တွင်းသတင်းများအရသိရသည်။

    ထို့ကြောင်း တိုင်းဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့မှာ ၎င်းတို့၏ ဇနီးများလမ်းညွှန်သည့်အတိုင်း ဗေဒင်နှင့် အဆောင်လက်ဖွဲ့များပြုလုပ်ထားပြီး မကြာခဏဆိုသလို ဂျိုဖြူငှက်များ လွှတ်ကာ ယတြာချေခြင်းများပြုလုပ်နေကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

    လက်ရှိအချိန်တွင် အရက္ခတပ်တော်(အေအေ)မှ ဧရာဝတီတိုင်းနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ဂွမြို့နယ်ကို တိုက်ခိုက်မှုများပြုလုပ်နေပြီး စစ်ရေးအရ အသာစီရနေသလို စစ်ကောင်စီတပ်သားများလည်း နေ့စဉ် ထိခိုက်မှုများနှင့် အလင်းဝင်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

  • မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင်တပ်ရင်း (၃)မှရဲဘော်ခုနစ်ဦး ကျဆုံး

    မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင်တပ်ရင်း (၃)မှရဲဘော်ခုနစ်ဦး ကျဆုံး

    ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင်အမှတ် (၃)တပ်ရင်းမှ ရဲဘော်ခုနစ်ဦး ကျဆုံးခဲ့ကြောင်း အဆိုပါတပ်ရင်းက အသိပေးထုတ်ပြန်သည်။

    ချင်းညီနောင်အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသည့် ယောဒေသတော်လှန်ရေးတပ် Yaw Defence Force YDF ၊ Yaw Army (YA)နှင့် မုံရွာခရိုင်အမှတ် (၃) တပ်ရင်းတို့ ပူးပေါင်း၍ ချင်းညီနောင်စစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်မှ စတင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။

    မင်းတပ်မြို့၏ နောက်ဆုံးလက်ကျန် ခလရ (၂၇၄)တပ်ရင်းအား အပြီးသတ်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး မြို့လုံးကျွတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မင်းတပ်မြို့ စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း ၁၆၀ဦးခန့်အား ဖမ်းဆီးရမိထားကြောင်း အသိပေးသည်။

    ထို့ပြင် ၁၂၂ မမလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ပြီး စစ်ကောင်စီ ဖမ်းထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

    စစ်ဆင်ရေးအတွင်း မုံရွာခရိုင်အမှတ်(၃) တပ်ရင်းမှ ပြင်းထန်စွာဒဏ်ရာရသူ ၃ဦး ၊ ကိုယ်အင်္ဂါ ပြတ်တောက်သူ ၂ ဦးအပါအဝင် ဒဏ်ရာရသူ ၁၄ ဦး ရှိခဲ့ပြီး ကျဆုံး ရဲဘော် ၇ဦး ရှိခဲ့သည်ဟု အသိပေးသည်။

    တိုက်ပွဲအတွင်းကျဆုံးထိခိုက်အခြေအနေကို ချင်းညီနောင်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။

    ထို့အပြင် ချင်းညီနောင်အဖွဲ့ဝင် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်မှူးတစ်ဦးက မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူနှင့် ကျဆုံးသည့် တော်လှန်ရေးရဲဘော် ၂၀၀ ခန့်ရှိခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်။

    ယင်းအနက်မှ သုံးပုံတစ်ပုံသည် ရှေ့တန်းစစ်မြေပြင်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

    ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မုံရွာခရိုင်အမှတ် (၃)တပ်ရင်းအား ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

    အဆိုပါမြို့သိမ်းစစ်ဆင်ရေးအား အာရက္ခတပ်တော်(AA)မှ စစ်ကူ၊ စစ်လက်နက်ခဲယမ်း၊ စစ်ရေးဆိုင်ရာအကြံဉာဏ်များ ပံ့ပိုးပေးခဲ့ဟု မုံရွာခရိုင်တပ်ရင်း(၃)နှင့် ချင်းညီနောင်က အသိပေးထားသည်။

    ချင်းညီနောင်သည် ဒီဇင်ဘာ ၂၁ ရက်တွင် မင်းတပ်မြို့ကိုသိမ်းပိုက်ပြီးနောက် မင်းတပ်နှင့် နယ်မြေစပ်ဆက်နေသည့် ကန်ပက်လက်မြို့မှ စစ်ကောင်စီတပ်များမြို့ကို စွန့်ခွာထွက်ပြေးသွား၍ ဒီဇင်ဘာ ၂၂ ရက်တွင် ကန်ပက်လက်မြို့ကို ချင်းညီနောင်က သိမ်းပိုက်ခဲ့သည်။

    ချင်းညီနောင်၏မြို့သိမ်းစစ်ဆင်ရေးများအတွင်း မဟာမိတ်များက ပါဝင်ကူညီပြီး ချင်းညီနောင်အနေဖြင့်လည်း အခြားဒေသများ လွတ်မြောက်ရေးအတွက် တက်နိုင်သည့်ဘက်မှ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု အသိပေးထားသည်။

    (မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – Chinland News)

  • စစ်တွေတွင် AA နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

    စစ်တွေတွင် AA နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

    စစ်တွေမြို့အနီးရှိ ကျားမသောက် စစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော်(AA)က စတင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ​ဒေသခံအချို့က​ပြောသည်။

    စစ်ကောင်စီတပ်စွဲထားသည့် ကျားမသောက်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ရက်ည‌နေတွင် AAက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၂၇ရက်​နေ့) အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

    “ကျားမသောက်ဂိတ်က စစ်တွေအဝင်ဘက်မှာရှ်ိတာ။ စစ်ကောင်စီအင်အားများတယ်။ ဒီနေ့ တိုက်ပွဲဖြစ်လို့ ဒေသခံတွေရှောင်ရတာရှိတယ်။ အရင်ရက်ကတော့ စစ်တွေနဲ့ပုဏ္ဏားကျွန်းဝန်းကျင်မှာ လေကြောင့်တိုက်ခိုက်မှုရှိတယ်။ ဒီနေ့တော့မရှိသေးဘူး” ဟု ရခိုင်စစ်‌ ရေးသတင်းမြစ်တဦးကပြောသည်။

    ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ -စစ်တွေ) လက်အောက်မှ တပ်ရင်းများနှင့် AAသည် ကျားမသောက် ၊ကျောက်တန်းကြီး၊ ကျောက်တန်းချေ ကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

    AAသည် ရခိုင်ပြည်နယ်တွင် လက်ရှိတိုက်ခိုက်နေဆဲ ဂွမြို့နှင် မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်မှလွဲ၍ ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းယူထားနိုင်ပြီဖြစ်သည်။ ဂွမြို့ကိုလည်းမကြာခင်သိမ်းယူနိုင်တော့မည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

    အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်၌ စစ်ရှုံးနေပြီဆိုသည်ကို လက်ခံရန်နှင့် မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင်လက်နက်ချရန် ဒီဇင်ဘာ ၂၀ ရက်က နပခအား သိမ်းယူသည့်တိုက်ပွဲတွင်ဖမ်းမိထားသည့်တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက တိုက်တွန်းသည်ရုပ်သံဖိုင်ကို AAက ဒီဇင်ဘာ ၂၆ ရက်ည တွင်ထုတ်ပြန်သည်။

    ယခုရက်ပိုင်းတွင် ကျောက်ဖြူနှင့်မာန်အောင်မြို့၌ စစ်ရေးလှုပ်ရှားမှုမရှိသော်လည်း စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများရှိသလို AAတပ်ဖွဲ့ဝင်များလည်းရှိနေသည်ဟု သိရှိရသည်။

    AAသည် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင် မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ စစ်တွေမြို့သည် ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်ပြီး စစ်ကောင်စီက ရေလမ်းကြောင်းကိုပိတ်ဆို့ထားသလို မြို့တွင်း၌လည်း ခံစစ်ပြင်ဆင်ထားသည်။

    (အမ်းမြို့သိမ်းတိုက်ပွဲ နှင့် နပခ သိမ်းရန် ထိုးစစ်ဆင်​ခဲ့​သော AAတပ်ဖွဲ့ဝင်များ ၊ ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ဓါတ်ပုံ-AA)