Category: News

  • ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်

    ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်

    ရေစကြို မင်းရွာကျေးရွာရှိ စစ်တပ် စခန်းနှင့် မြင်းခြံမြို့ပေါ်မှ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာရှိ စစ်တပ် စခန်းနှင့် မြင်းခြံမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့ အထိ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာတွင် ၃ နှစ်ကြာ အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ် စခန်းနှင့် မြင်းခြံမြို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက Fixed wing ၂၀ စီး ၊ MarT ၁ စီး တို့ဖြင့် ဗုံးသီး အလုံး ၂၀၀ ကျဲချတိုက်ခိုက်ပြီး ၆၀ မမ လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု စာရင်းကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရေလယ်ကျွန်းဒေသကို စစ်ကြောင်း ထိုးလာသည့် သီတာယုမွန် ဦးဆောင်သော ပျူစောထီး စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက Fixedwing drone ၆ စီး ဖြင့် ဗုံးသီး ၁၀ လုံး ကျဲချခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း Fixed wing drone ၅ စီး ပျက်ကြ ပျက်စီးခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်မှုကို ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ YLK ပြောက်ကျားတပ်၊ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့၊ ရေစကြိုတပ်ပေါင်းစု Drone တပ်ဖွဲ့၊ Bright Star Group၊ M.D.F Drone ကျားခင်စိန်တပ်ဖွဲ့ စစ်ကိုင်းခရိုင်တပ်ရင်း(၁)တပ်ခွဲ(၃)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂)တပ်ခွဲ(၃)၊ PEACOCk Drone Team-Myaung၊ ငါးဇွန်အားမာန်သစ်တပ်ဖွဲ့၊ ဗိုလ်စားက‌လေးဒရုန်းတပ်ဖွဲ့(Sparrow Drone Strike) မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊တပ်ခွဲ(၃)လျှပ်စီးတပ်ခွဲ၊ ဧရာဝတီမင်းသားပြောက်ကျားတပ်၊ ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်တော်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

  • သပိတ်ကျင်းရှိ စစ်တပ် ပြန်ရသွားသောရွာကြီးအနီး ၅ ရက်ဆက် တိုက်ပွဲဖြစ်

    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီ ပြန်သိမ်းထားသည့် တွင်းငယ်ကျေးရွာ ဝန်းကျင်တွင် တိုက်ပွဲများ ၅ ရက်ဆက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    ဒီဇင်ဘာ ၂၁ ရက် နံနက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၂၅) တွင် စစ်လေယာဉ်က ဗုံး ၆ လုံး ကြဲချခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောသည်။

    “သူတို့ကိုပြန်ဝိုင်းထားတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ မြေပြင်ကနေလည်း စစ်တပ် အင်အားအလုံးအရင်းနဲ့ထိုးတယ်။ လေကြောင်းနဲ့လည်းတိုက်နေတယ်။ တိုက်ပွဲက ဒီနေ့ ပိုပြင်းထန်နေတယ်” ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းတွင် ပြောသည်။

    မန္တလေး-မြစ်ကြီးနား လမ်းပေါ်မှ အိမ်ခြေတစ်ထောင်ကျော်ရှိသည့် တိုက်နယ်ရွာကြီးတစ်ရွာဖြစ်သည့် တွင်းငယ်ကျေးရွာကို PLA, တအာင်းတပ် (TNLA) နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဩဂုတ်လ ဒုတိယ ပတ်ကတည်းက သိမ်းပိုက်ခဲ့သည်။

    ထို့နောက် မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်ကျန် စစ်တပ် ၃ တပ်က တွင်းငယ်ကျေးရွာကို နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထိုးစစ်ဆင်ပြီး ဒီဇင်ဘာလဆန်းတွင် ပြန်လည်ရယူသွားခဲ့သည်။ စစ်တပ်က ရွာတွင် အထိုင်ချကာ နေအိမ်များကို မီးရှို့ခဲ့သည်ဟု သိရသည်။

    တွင်းငယ်ကျေးရွာနှင့်အနီးတွင် ကချင်တပ် KIA သိမ်းထားသည့် မဘိမ်း၊ TNLA သိမ်းထားသည့် မိုးမိတ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သိမ်းထားသည့် တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့များ ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါရွာကို ပြန်လည်ဝိုင်းဝန်းပိတ်ဆို့ထားရာ တိုက်ပွဲများပြန်ဖြစ်နေခြင်း ဖြစ် သည်။

    ထိုဒေသရှိ PLA, TNLA တပ်များသည် လေတပ်၏တိုက်ခိုက်မှုကိုလည်း ရင်ဆိုင်နေရသည်။

    စစ်လေယာဉ်များက တော်လှန်ရေးရဲဘော်များရှိရာ စခန်းငယ်များကို ၃ ကြိမ် ပျံဝဲ၍ ပေါင် ၅၀၀ ဝန်းကျင် ဗုံး ၆ လုံး ကြဲချခဲ့သော်လည်း တိုက်ပွဲ မရပ်တန့်သေးကြောင်း၊ အထိအခိုက်အခြေအနေများကို မသိရသေးကြောင်း ရဲဘော်နီနီကျော်က ပြောသည်။

    “တတက ၁၃ကိုလည်း ပိတ်ထားတာ ရှိတယ်။ မိုးမိတ်ဘက် ထွက်တဲ့လမ်းတွေမှာလည်း သူတို့ကို ပိတ်ထား တာရှိတယ်။ ဟိုဘက် ၇ မိုင်တို့မှာလည်း မိုးကုတ်ဖက်ထွက်တဲ့လမ်းတွေမှာပိတ်ပြီးတိုက်နေတယ်။ သူတို့ တွင်းငယ်ကနေ မတက်နိုင်သေးဘူး။ တော်လှန်ရေးတပ်တွေအားလုံးက ဝိုင်းထားတာ”ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ဆက်ပြောသည်။

    သပိတ်ကျင်းမြို့နယ်အတွင်း စစ်တပ်၏လက်ကျန် ၃ တပ်ဖြစ်သော ၇မိုင် ကျေးရွာစစ်စခန်း၊ ကျောက်ကြီး ရွာ အခြေစိုက် စစ်စခန်းနှင့် တွင်းငယ်ကျေးရွာအနီးရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃) တို့အနီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

    သပိတ်ကျင်းမြို့ပေါ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များက ဩဂုတ် ၂၅ ရက်တွင် သိမ်းပိုက် ခဲ့သော်လည်း မြို့မြောက်ဘက် ၂၆ မိုင်ကျော်အကွာရှိ တွင်းငယ်ရွာ၊ မြို့အရှေ့မြောက်ဘက် ၁၀ မိုင် ကျော် အကွာ ကျောက်ကြီးရွာ၊ ၇ မိုင်အကွာမှ ခုနစ်မိုင်ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်များ ကျန်ရှိခဲ့သည်။

    ထိုတပ်များတွင် PDF များ လက်သို့ ကျသွားသည့် စဉ့်ကူး၊ သပိတ်ကျင်းတို့မှ ဆုတ်ခွာသွားသော စစ်သားများပါ သွားရောက်စုစည်းခဲ့ကြသဖြင့် အင်အားအတော်အတန်ရှိသည်ဟု ယူဆနေကြသည်။

    ထိုတပ်များက ပတ်လည်ဝိုင်းရံခံနေရသည့်ကြားမှ လေကြောင်းပစ်ကူ ယူပြီး ဖောက်ထွက်ရန် ကြိုးပမ်းနေကြသောကြောင့် နိုဝင်ဘာလ ဒုတိယပတ်ခန့်တွင် တွင်းငယ်အနီး တိုက်ပွဲများ ပြန်ဖြစ်လာသည်။

    သို့ရာတွင် PDF ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့ဘက်ကိုမူ စစ်ကောင်စီတပ် ထိုးစစ်မဆင်နိုင်သေးကြောင်း PLA က ဆိုသည်။

    သပိတ်ကျင်းမြို့နယ်တွင် သပိတ်ကျင်းမြို့၊ တကောင်းမြို့တို့ ပါဝင်သည်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ စာရင်းများအရ သပိတ်ကျင်းမြို့နယ်တွင် လူဦးရေ ၁၃၀,၀၀၀ ကျော် ရှိသည့်အနက် တွင်းငယ်ကျေးရွာအုပ်စုတွင် လူဦးရေ စုစုပေါင်း ၇၄၇၅ ဦး နေထိုင်သည်။

    သပိတ်ကျင်းမှ ထွက်ပြေးသွားရသော ဒေသခံများ နေရပ်မပြန်နိုင်သေးပေ။

  • ခြိမ်း​​ခြောက်သည့် Black Hero UG PDF ​မြေပြင်တွင် မရှိ

    ခြိမ်း​​ခြောက်သည့် Black Hero UG PDF ​မြေပြင်တွင် မရှိ

    ဟောင်စု ဆေးဝါးကြော်ငြာနှင့် ပတ်သက်ပြီး အဖွဲ့တစ်ဖွဲ့မှ အသိပေးစာထုတ်ပြန်ပြီးနောက် Cele ဖြူဖြူထွေး ပြန်လည်တောင်းပန်သော်လည်း ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရမယ်လို့ဆို

    ဟောင်စုအမည်ရှိ ဆေးဝါးကြော်ငြာအား Cele ဖြူဖြူထွေးက လူမှုကွန်ရက်စာမျက်နှာ Facebookနှင့် Youtube တို့တွင် ဒီဇင်ဘာ ၂၃ ရက်က တင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နှိမ့်ချစော်ကားသည်ဟုဆိုကာ ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး Black Hero UG PDF အဖွဲ့ဆိုတဲ့အဖွဲ့က အသိပေးစာ ထုတ်ပြန်ပြီးနောက် ပြန်လည်ဖြုတ်ချခဲ့ပြီး ဖြူဖြူထွေးမှ ပြန်လည်တောင်းပန်ခဲ့ပါတယ်။

    အဆိုပါကြော်ငြာတွင် မယ်တော်တစ်ဦးပုံစံ အဖြူရောင် ဝမ်းဆက်ကို ဝတ်စားဆင်ယင်ထားပြီး ရောဂါများ ကုသပေးသူတစ်ဦးအဖြစ် ဖြူဖြူထွေးကသရုပ်ဆောင်ထားကာ ချဲဂဏန်းအဖြစ် ၇၉ နံပတ်ပေးခြင်း၊ ခြံစည်းရိုး အစရှိသည့် ပြောကြားချက်များကို ကြည့်ရှုသူများက ဝေဖန်ခဲ့ပါတယ်။

    ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဖြူဖြူထွေးနှင့် ကြော်ငြာဇာတ်ညွန်းရေးသားသူတို့က အဆိုပါ ကြော်ငြာမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ စော်ကားလိုခြင်း မရှိကြောင်း၊ ထိခိုက်နစ်နာမှုများရှိပါ က တောင်းပန်ပါကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

    သို့သော်လည်း အသိပေးစာ ထုတ်ခဲ့တဲ့ အဖွဲ့မှ ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရမယ်လို့ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

    ကြေညာချက်ထုတ်ပြန်သည့်အဖွဲ့နှင့်ပတ်သက်၍ ရန်ကုန်မြေပြင်မှတော်လှန်ရေးအင်အားစုများကို People’s Spring မှ အတည်ပြုရာတွင် ယင်းအဖွဲ့အမည်ဖြင့် လှုပ်ရှားသည့် အဖွဲ့ မရှိကြောင်း​ တော်လှန်​ရေးအဖွဲ့များက အတည်ပြုထားပါတယ်။

    စောမောင်ခေတ်ကနေ သန်းရွှေခေတ်အတွင်း စစ်အစိုးရ သတင်းစာတွေရဲ့ အမေစုကို ပုတ်ခတ်တဲ့ ဆောင်းပါးတချို့မှာ အကျယ်ချုပ်ကျခံထားရတဲ့ အမေစုရဲ့ ခြံစည်းရိုးအတွင်းက လူထုတွေ့ဆုံမှုကို ခြံစည်းရိုးမယ်တော် လို့ စစ်တပ်ကလောင်ရှင်တွေက ထည့်သွင်းရေးသား လှောင်ပြောင်ခဲ့ဖူးတယ်လို့ Freedom Fighter မှ ထောက်ပြထားပါတယ်။

    ဖြူဖြူထွေး ကိစ္စက သိပ်မရိုးရှင်းဘူးလို့ မြင်မိတယ်။

    ၁။ “ခြံစည်းရိုးမယ်တော်” ဆိုတာ ခင်ညွန့်တို့ခေတ်က အမေစုကို ထောက်လှမ်းရေးတွေ သုံးတဲ့ စကားဝှက်။ တော်ရုံ အပြင်လူတွေ ဒီစကားလုံးကို မသိဘူး။ မင်းအောင်လှိုင်ကလည်း အခု အဲဒီကောင်တွေကို ပြန်ခေါ်သုံး နေတယ်။

    ၂။ သ-တ်မယ် ဖြတ်-မယ် ဆိုပြီး ကျည်ဆံတွေပို့တဲ့ Black Hero UG ဆိုတဲ့အဖွဲ့ဆိုတာ အခုမှ ကောက်ခါငင်ခါ ထပေါ်လာတာ။ လက်ရှိ UG လုပ်နေတဲ့ သူတွေတောင် မကြားဖူးဘူး ပြောကြတယ်။ အဲဒီအဖွဲ့က ခြိမ်းခြောက်စာကို BBC လို ပြည်ပ မီဒီယာတွေဆီ ပြန့်နှံ့တဲ့အထိ ဖြန့်ဝေ နေကြတာ တွေ့ရတယ်။

    ၃။ ဒီဖြစ်ရပ်တွေ မတိုင်ခင် လွန်ခဲ့တဲ့ လတွေက ဖြူဖြူထွေးဟာ ပရဟိတတွေ အသည်းအသန် ကောက်လုပ်ပြပြီး ဘယ်ကရမှန်း မသိတဲ့ ငွေတွေကို တနိုင်ငံလုံး ပတ်လှူနေတာ တွေ့ရတယ်။ အထူးသဖြင့် အခြေခံ လူတန်းစားတွေ ကြားထဲမှာ နာမည်ကောင်း ရဖို့ လုပ်ပြနေတာမျိုး မြင်ရတယ်။

    ပွင့်ပွင့်လင်းလင်း ပြောရရင် မြို့ပြက UG တွေက ဒီလောက် ဟာမျိုးနဲ့ mission ဖော်ရအောင် အားမနေဘူး။ အရေးကြီးတဲ့ high profile ပစ်မှတ်တွေနဲ့ သူတို့ဘာသာတောင် အလုပ်တွေ များနေတာ။ ပြီးတော့ မင်းအောင်လှိုင်ရဲ့ စခတွေလို အလကားနေရင်း သွေးဆာနေတာ မဟုတ်ဘူး။ အရပ်သား ပစ်မှတ် တစ်ခုကို ရှင်းလင်းဖို့ ဆိုရင် သေလောက်တဲ့ ပြစ်မှုမျိုး ဟုတ်မဟုတ် အကြိမ်ကြိမ် စစ်ဆေးရတာ။

    ဆိုတော့ ခြုံငုံ သုံးသပ်ကြည့်ရင် ဒီဖြစ်ရပ်တွေ နောက်မှာ ခင်ညွန့်ခေတ် လက်ကျန် ထောက်လှမ်းရေးတွေရဲ့ ခြေရာလက်ရာတွေ မြင်ရတယ်။ ကြိုတင် သတိပေးရရင် ဖြူဖြူထွေးက အသက်အန္တရာယ် တကယ် ရှိတယ်။ တော်လှန်ရေး အင်အားစုတွေကို နာမည်ဖျက်ဖို့ သူတို့ဘာသာ ဖြူဖြူထွေးကို တစ်ခုခု ကြိတ် လုပ်လိုက်ပြီး ကိုယ့်ဘက်က လုပ်တာပါလို့ လွှဲချတာမျိုးတွေတောင် ဖြစ်လာနိုင်တယ်။

    Zin Thaw Naing

  • မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး  သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား

    မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား

    မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား၊ စစ်တပ်နှင့်ရဲက ပိတ်ဆို့စစ်ဆေးမှုများလုပ်နေ

    နဂါးနန်းတော် ရွှေဆိုင်ကို ဆိုင်ဖွင့်ချိန် လူ ၂ ဦးက လက်နက်များကိုင်ဆောင် ဓားပြတိုက်သွားပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွားကြောင်း မန္တလေးမြို့ သတင်းရင်းမြစ်နှင့် ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ နံနက် ၈ နာရီ ၄၇ မိနစ်ဝန်းကျင်အချိန် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၇၇လမ်း၊ ၃၁×၃၂လမ်း အကြား “နဂါးနန်းတော်”ရွှေဆိုင်သို့ လက်နက်ကိုင်ဆောင်ထားသော လူ ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ဓားပြတိုက်သွားခြင်းဖြစ်ပြီး သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွားကြောင်း သိရှိရသည်။

    “ဆိုင်ဖွင့်စအချိန်မှာ ဝင်တိုက်တာ။ လူကလည်း လမ်းမှာပါးနေတဲ့အချိန် သေနတ်နဲ့ ဝင်တိုက်သွားတာ။ အခုတော့ လမ်းတွေ ပိတ်ပြီး တပ်နဲ့ရဲက စစ်နေတယ်။ ဆိုင်ကယ် တူးဘောက်တွေပါ ဖွင့်ခိုင်းတယ်။ စစ်ဆေးရေးတော့ တင်းကျပ်တယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

    မန္တလေးအခြေစိုက် ရဲသတင်းရင်းမြစ်ကမူ ဓားပြတိုက်သူများ စီးနင်းသည့် ဆိုင်ကယ်၊ ဝတ်ဆင်သည့် အဝတ်အစားများကို CCTV မှတ်တမ်းရရှိထားပြီး လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း၊ ရွှေဆိုင်မှ ခန့်မှန်းခြေ သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွားသည်ဟု ကနဦးသိရှိထားပြီး အတိအကျ ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ကျော်အချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇လမ်း၊၃၆×၃၇လမ်း အကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်သို့ ဆိုင်ကယ် ၂ စီးဖြင့် သေနတ်များ ကိုင်ဆောင်ကာ လာရောက် ဓားပြတိုက်သွားခဲ့ကြောင်း၊ လတ်တလော ရွှေ ၄ ပိဿာဝန်းကျင်ပါသွားသည်ဟုဆိုနိုင်ကြောင်း၊ တရားခံ ဖမ်းဆီးရရှိခြင်းမရှိသေးပေ။

    မန္တလေးတွင် ရွှေဆိုင်ဓားပြတိုက်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိပြီး ယခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ်ကို လူ ၇ ဦးက သေနတ်များဖြင့် ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့ကို ဓားပြတိုက်လုယက်သွားခဲ့ကြောင်း၊ ယခုနှစ် မေလ ၃၁ရက်နေ့ကလည်း မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်းနှင့် ၈၅လမ်းကြား ၃၉လမ်းနှင့် လမ်း ၄၀ အကြား မန်းမြို့ဈေးအတွင်းမှ ‘ဆယ်သန်း’ရွှေဆိုင် ဓားပြတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

  • သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်

    သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်

    သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုပြင်ထားရန် PDF တပ်ဖွဲ့ သတိပေး

    ပဲခူးတိုင်း၊ သာယာဝတီခရိုင် ပဲခူးရိုးမအတွင်း စစ်တပ်က စစ်ကြောင်း ထိုးရန် ပြင်ဆင်နေပြီး မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့နှင့် ထိစပ်နေသော ပဲခူးရိုးအတွင်း အကြမ်းဖက် စစ်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ပဲခူးရိုးမအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲများပါ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက သတိပေးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

    လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပဲခူးရိုးမအတွင်း လေယာဉ်ဖြင့် ကင်းထောက်ခြင်းများ၊ တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ဆက်တိုက်ပျံဝဲခြင်းများ လုပ်ဆောင်နေပြီး တော်လှန်ရေး တပ်ဖွဲ့များကလည်း စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    “ပြည်သူတွေအနေနဲ့ ရိုးမ မှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြပါ။ မြို့သိမ်းဆိုတာမျိုးအထိ ဖြစ်သွားနိုင်တာမို့ ကြုံလာနိုင်တဲ့အခြေအနေကို မျက်ခြေမပြတ်ဖို့ လိုပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ထို့ပြင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၈ ခုတွင် အကြမ်းဖက် စစ်တပ်က နယ်မြေ စိုးမိုးနိုင်ရေး လုပ်ဆောင်ရာတွင် တပ်မ ၇၇ နှင့် ၁၀၁ တို့ကို ညွှန်ကြားချက်ပါ အတိုင်း စစ်ကြောင်း ၄ ကြောင်း ဖွဲ့စည်းပြီး စိုးမိုးနယ်မြေ အဖြစ် ပြန်လည်သိမ်းပိုက်ရန် ကက ကြည်း နှင့် စစ်ဆင်ရေး အထူးအဖွဲ့ တို့က ကွပ်ကဲဆောင်ရွက်နေကြောင်း သိရသည်။