Category: News

  • ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာ စစ်စခန်းမှ စစ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်

    အုတ်ဖို၊ ခမရ ၆ မှ လက်နက်များဖြင့် ထွက်ပြေးသွားသော စစ်သား ၇ ဦးလည်း ဖမ်းမမိတော့

    ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာ စစ်စခန်းတွင် စစ်တပ်အရာရှိများက တပ်သားများကို ပေါ်တာဆွဲ၍ တပ်သားသစ်ရှာဖွေ ဖမ်းဆီးရန် အမိန့်ပေးစေခိုင်းခြင်းကြောင့် စစ်သား ၅ ဦးမှာ အမိန့်ဖီဆန်ပြီး ထွက်ပြေးသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်အချိန် ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းတွင် တပ်အရာရှိများက တပ်သားများကို ပေါ်တာဆွဲ ဖမ်းဆီး၍ တပ်သားသစ်စုဆောင်းကြရန် အမိန့်ပေးစေခိုင်းခြင်းကြောင့် စစ်သား ၅ ဦး အမိန့်ဖီဆန်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

    စစ်သား ၅ ဦးထွက်ပြေး သွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လိုက်လံ ပစ်ခတ်ဖမ်းဆီးသော်လည်း လွတ်မြောက်သွားပြီး လက်ရှိချိန်ထိ တောနင်းရှာဖွေနေကြောင်း သိရှိရသည်။

    “ကုန်းရွာအုပ်စုက ပျူစောထီးတွေ အားကောင်းတဲ့ ကွင်းချောင်းရွာမှာ တပ်ဆွဲထားသည့် စစ်ခွေးတွေထဲက တပ်သား ၅ ဦး ထွက်ပြေးတာကြောင့် ၂၄ ရက်နေ့ညက လိုက်လံ ပစ်ခတ်တာ ဆူညံနေတာပဲ ပျူစောထီးတွေနဲ့ စစ်ခွေး လိုက်ပစ်တာ ညက ပြေးတဲ့၅ ဦးက သေနတ်မပါဘူး။ လွတ်သွားတယ်လို့တော့ သိရတယ်။ စစ်ခွေးတွေ မနေ့က မွန်းလွဲပိုင်းထိ တောနင်းပြီး ရှာနေတာပဲ ဘာကြောင့် ပြေးတာလည်းဆိုတော့ လူငယ်တွေကို ပေါ်တာမဆွဲချင်လို့ ပြေးတာလို့ပြောတယ်။ စစ်ခွေး အရာရှိက ကလေးတွေကို ပေါ်တာဆွဲဖို့ ပြောတာကို အမိန့်ဖီဆန်ပြီး ပြေးတာလို့ သိရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    ထို့ပြင် အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာ ခမရ ၆ တပ်ရင်းမှ လက်နက်များ ယူဆောင်သွားပြီး ထွက်ပြေးသွားသည့် စစ်မှုထမ်း တပ်သားသစ် ၇ ဦးကိုလည်း လက်ရှိချိန်အထိ ပြန်လည် ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း၊ ထိုသို့ ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် တောင်ပိုင်းတိုင်းမှူးက ခမရ ၆ တပ်ရင်းသို့ ရောက်ရှိလာပြီး အရာရှိများကို ဆဲဆို သွားကြောင်း သိရသည်။

    “ပြီးခဲ့တဲ့ ရက်က ခမရ ၆ ကို တိုင်းမှူးလာသွားတယ်။ အရင်တလောက ခမရ ၆ ထဲကနေ စစ်သား ၇ ဦး လက်နက်တွေနဲ့ ပြေးတာကို ပြန်ဖမ်းမိဖို့ ညွှန်ကြားနေတာ အခုသူ ညွှန်ကြားပြီး ကွင်းချောင်းကလည်း စစ်သား ၅ ဦး ထပ်ပြီး ထွက်ပြေးတော့ အရာရှိတွေ အရေးယူခံရဖို့ သေချာနေတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

  • မံစီမြို့ ခမရ ၃၁၉ တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တပ်ရင်းမှူးနှင့် ဗျူဟာမှူး ပျောက်ဆုံးနေ

    မံစီမြို့ ခမရ ၃၁၉ တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တပ်ရင်းမှူးနှင့် ဗျူဟာမှူး ပျောက်ဆုံးနေ

    ဗန်းမော်တွင်လည်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေပြီး စကခ ၂၁ တပ်မှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်ဒုတပ်မှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်တို့ ပုန်းအောင်း ခုခံနေ

    ကချင်ပြည်နယ်၊ မံစီမြို့ ခမရ ၃၁၉ တပ်စခန်းတချို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ခမရ ၃၁၉ တပ်ရင်းမှူးနှင့် ဗျူဟာမှူးတို့ ပျောက်ဆုံးနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်တချို့ ထံမှ သိရှိရသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်အရေးကြီးသော စခန်းကုန်းတချို့ အပါအဝင် ခမရ ၃၁၉ တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိကြောင်း၊ မံစီမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ-၃၁၉၊ ခမရ ၆၀၁ နှင့် အမှတ် ၅၂၃ အမြောက်တပ် တပ်ရင်း ၃ ခုကို တပြိုင်နက်တည်း KIA က တိုက်ခိုက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    “မံစီမှာ တပ်စခန်း အကုန်မရသေးဘူး။ ခမရ ၃၁၉ တပ်ရင်းမှူး သေသလားရှင်သလားမသိဘူး။ သူတို့အထက်အရာရှိတွေနဲ့အဆက််အသွယ်ပြတ်တောက်နေတယ်လို့ကြားတယ်။ ဗျူဟာမှူးလည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ ဗန်းမော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗန်းမော်နည်းပညာတက္ကသိုလ် အပါအဝင် တပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်နေကြောင်း၊ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ကိုမူ ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြားသကဲ့သို့ တော်လှန်ရေးတပ်များဘက်တွင်လည်း ထိခိုက်ဆုံးရှုံးမှုများ ရှိနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    တပ်သတင်းရင်းမြစ်တချို့ကမူ ဗန်းမော်အခြေစိုက် စကခ ၂၁ မှ တပ်မမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်တို့မှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ပုန်းအောင်း နေရာရွှေ့ ခုခံစစ်ဆင်နေကြောင်း၊ စခန်းများကျလျှင် အဖမ်းမခံရရေးအတွက် ထွက်ပေါက်ရှာ ခုခံစစ်ဆင်နေကြောင်း၊ နေပြည်တော်စစ်ရုံးကလည်း စခန်းများမှ စွန့်ခွာရပါက လုံး၀ မည်သည့်နည်းနှင့်မှ အဖမ်းမခံရန် ၊ အောင်မြင်စွာ ဆုတ်ခွာမည့် လမ်းကြောင်းရှာ ထားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

    KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ယနေ့ အထိ ၂၂ ရက်ကြာ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

  • အကြောင်းမဲ့ သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် မိုင်းထောင်ထားခဲ့၍ အလောင်းမကောက်နိုင်သေး

    နတ်မောက်တွင် စစ်တပ်က အသက် ၆၀ အရွယ် ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် မိုင်းထောင်ထားခဲ့၍ အလောင်းမကောက်နိုင်သေး

    မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အသက် ၆၀ အရွယ် ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် မိုင်းထောင်ထားခဲ့၍ အလောင်းမကောက်နိုင်သေး ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ ဥယျာဥ်ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့် အကွာတွင် ဆိတ်ကြောင်း နေသော ရုံးပင်ကွက်ကျေးရွာမှ အသက် ၆၀ အရွယ် ဦးမောင်ဆန်း အသက် ၆၀ ခန့်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တောထဲတွင် အကြောင်းမဲ့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

    ထိုသို့ သတ်ဖြတ်ပြီးနောက် သေဆုံးသူ၏ ရုပ်အလောင်းပေါ်တွင် ဘထ္ထရီ ၀ါယာကြိုးများဖြင့် မိုင်းဆင်ထားခဲ့ခြင်းကြောင့် ပြည်သူများ လက်ရှိချိန်ထိ အလောင်းလာကောက် နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

    လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများ ဆက်လက် စစ်ကြောင်းထိုးပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

    “ရုပ်အလောင်းက အခုထိ မကောက်နိုင်သေးဘူး အကို စစ်ခွေးတွေက အလောင်းမှာ မိုင်းတွေဆင်ထားခဲ့တယ်။ ဥယျာဥ်ကျေးရွာ အနီးက တော်စပ်မှာ ဆိတ်ကြောင်းနေသော ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သက်ဖြတ်ပြီး ခန္ဓာကိုယ်ပေါ်မှာ ဘထ္ထရီ ၀ါယာကြိုးတွေနဲ့ မိုင်းဆင်ထားတာ ရုပ်အလောင်းနားကိုလည်း ဘယ်သူမှ မကပ်ရဲသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

  • ❝ဖြူဖြူခွေး ❞ အား ခွင့်လွတ်မည်မဟုတ်

    ❝ဖြူဖြူခွေး ❞ အား ခွင့်လွတ်မည်မဟုတ်

    BLACK HERO UG PDF

    ရက်စွဲ ။ ဒီဇင်ဘာလ (၂၅)ရက်၊ ၂၀၂၄ ခုနှစ်

    ထပ်မံအသိပေး ကြေညာခြင်း

    25.12.2024 ရက် ညနေ ၃နာရီတွင် Cele ဖြူဖြူထွေးသည် သူမရိုက်ကူးထားသော ” ဟောင်စု ” ပရုတ်ဆီ ကြော်ညာသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရေးသားဖော်ကြူး၍ ရိုက်ကူးထားခြင်း မဟုတ်ဟု တောင်းပန်လာခဲ့ပါသည်။

    အဆိုပါတောင်းပန်မှုကို ကျွန်တော်တို့ BLACK HERO UG PDF မှ ခွင့်လွှတ်နိုင်ခဲ့ခြင်းမရှိသည်မှာ –

    ကျွန်တော်တို့ အများပြည်သူတွေ လေးစားချစ်ခင် ကြည်ညိုအားထားရသော တုနှိုင်းစရာမရှိသည့် နိုင်ငံတော်၏မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေလို့သာ ဖြစ်သည်။

    အဆိုပါ ရိုက်ကူးထားသည်များ မှာ တိုက်ဆိုင်မှုများသာ ဖြစ်သည် ဟု ဆိုခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည် ၏ ဝတ်စားဆင်ယင်မှု ပန်းပန်ဆင်ပုံ ၇၉ဟူသော ၂လုံးဂဏန်း စသည့်အပြုမှုများမှာ တိုက်ဆိုင်မှုမဟုတ်ပေ။

    ဒေါ်အောင်ဆန်းစုကြည် ၏ ဝတ်စားဆင်ယင်မှု ပန်းပန်ဆင်ပုံ ၇၉ဟူသော ၂
    အဆိုပါ ရိုက်ကူးထားသည်များမှာ အဖွားအရွယ်ရှိသော ဒေါ်အောင်ဆန်းစုကြည် နှင့် တော်လှန်ရေးအပေါ် ဟာသ သဖွယ် ရိုက်ကူးထားသည့်အတွက် ခွင့်လွတ်ပေးနိုင်မည် မဟုတ်ပါ ။

    ထို့ကြောင့် Cele ဖြူဖြူထွေး အနေဖြင့် ထိုက်တန်သော အပစ်ဒဏ်ကို ခံယူရမည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။

    အကယ်၍ ထိုက်တန်သော အပစ်ဒဏ်ကို ခံယူခဲ့ခြင်းမရှိခဲ့လျှင် မိမိတို့မိသားစု၏ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ယူ တော့မည်မဟုတ်ကြောင်း ထပ်မံ၍ အသိပေးလိုက်ရခြင်းဖြစ်သည်။

    BLACK HERO UG PDF

    ဆေးပရုတ်ဆီကြော်ငြာဝေဖန်မှုမြင့်တက်ပြီးနောက် လူထုကို ဖြူဖြူထွေး ပြန်တောင်းပန်

    ဟောင်စု ဆေးပရုတ်ဆီကြော်ငြာကို အွန်လိုင်းဆယ်လီတဦးဖြစ်သူ ဖြူဖြူထွေးမှရိုက်ကူးတင်ဆက်ရာ ဒေါ်အောင်ဆန်းစုကြည်ကို သရော်ထားသည်ဟု ပြည်သူများကြား ဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက် ၎င်းက ပြန်လည်တောင်းပန်သည့် ဗီဒီယိုဖိုင်အား ယနေ့နေ့လယ်တွင် ထုတ်လွှင့်ခဲ့သည်။

    ဖြူဖြူထွေးက “ဝေဖန်မှုမြင့်တက်နေတဲ့ ဆေးပရုတ်ဆီကြေညာနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းချင်လို့ပါ။ ဒီဇာတ်ညွှန်းက သမီးကိုယ်တိုင်ရေးခဲ့တာမဟုတ်ဘဲ ဇာတ်ညွှန်းဆရာကို အပ်ခဲ့တာပါ။ အရိုးသားဆုံး သရုပ်ဆောင်ခဲ့ပါတယ်။ မည်သူတဦးတယောက်ကိုမျှ ထိခိုက်နစ်နာလိုစိတ်နဲ့ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူး” ဟု ပြောဆိုထားသည်။

    ဟောင်စုကြော်ငြာ၌ ဖြူဖြူထွေးသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားဆင်ယင်မှုပုံစံ ဝတ်ဆင်ခဲ့ခြင်း၊ ခြံစည်းရိုးမယ်တော် ဟောင်စုဘဝ ဟု ရေးတင်ထားခြင်း၊ ဇာတ်ညွှန်းထဲတွင် ၇၉ နဲ့ ဒိုး ဆိုသည့် အသုံးနှုန်းထည့်သွင်းအသုံးပြုခြင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်အားရည်ရွယ်ထားခြင်းဖြစ်ကြောင်း လူထုက ထောက်ပြခဲ့ကြကာ ဝေဖန်မှုမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

    ယင်းသို့ ဝေဖန်မှုများမြင့်တက်လာခဲ့သလို တော်လှန်ရေးအင်အားစုများမှလည်း သတိပေးခြင်းများ ရှိလာ၍ ဗီဒီယိုဖိုင်အား ယနေ့နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်မှပြန်လည်ဖြုတ်ချခဲ့ကာ ထိုသို့ တောင်းပန်ခဲ့ခြင်းဖြစ်သည်။

  • ဧရာဝတီတိုင်းမှ ရခိုင်စစ်ဘေးရှောင်များကိုဖိအားပေးရွှေ့ပြောင်းခိုင်းမှုများမလုပ်ရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့​တောင်းဆို

    ဧရာဝတီတိုင်းမှ ရခိုင်စစ်ဘေးရှောင်များကိုဖိအားပေးရွှေ့ပြောင်းခိုင်းမှုများမလုပ်ရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့​တောင်းဆို

    “ပြည်သူတွေက လက်ခံတယ်။ ကူညီတယ်။ စစ်တပ်၊ ထွေအုပ်နဲ့ ရဲက လက်ခံတဲ့သူတွေကိုပါ ဖမ်းနေတယ်”-​ရေကြည်မြို့နယ်မှ ပြည်သူတစ်ဦး

    တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်စစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထားစွာဖြင့် အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းမှု့များမလုပ်ကြရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်တောင်းဆိုထားသည်။

    ဧရာဝတီတိုင်း ဟင်္သာတ ၊ မြန်‌‌အောင်၊ ရေကြည်၊ ပုသိမ် နှင့် ကျုံပျော်ခရိုင်တွင် ရောက်ရှိနေသော ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက ပြန်လည်နှင်လွှတ်နေပြီး ဖမ်းဆီးမှုများလည်းပြုလုပ်နေသည်။

    သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရခိုင်စစ်ဘေးရှောင်များအား လူသားတစ်ယောက်၏ လွတ်လပ်စွာရွေ့ပြောင်းနေထိုင်ခွင့်အားလေးစားလိုက်နာ၍ လူသားချင်းစာနာထောက်ထားစွာဖြင့် အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းမှု့များမလုပ်ကြရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ၂၅ရက်နေ့တွင် တောင်းဆိုထားသည်။

    “ပြည်သူတွေက လက်ခံတယ်။ ကူညီတယ်။ စစ်တပ်၊ ထွေအုပ်နဲ့ ရဲက လက်ခံတဲ့သူတွေကိုပါ ဖမ်းနေတယ်။ တမင်သက်သက် ပစ်မှတ်ထားပြီးလုပ်နေတာ” ဟု ရေကြည်မြို့နယ်မှ​ဒေသခံတဦးကပြောသည်။

    ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ခွေးတောက်ကွက်သစ်အုပ်စု၊ကုန်းပြင်အနီးဝန်းကျင်နှင့်တစ်ခြား ဧရာဝတီတိုင်းမြို့နယ်အတွင်းရှိကျေးရွာများတွင် နေထိုင်ကြသော ရခိုင်စစ်ဘေးရှောင်ပြည်သူများ အား အတင်းရွှေ့ပြောင်းကြရန် သက်ဆိုင်ရာတာဝန်ရှိသူများမှဖိအားပေးဆောင်ရွက်နေသည်များကို ကြားသိရ၍စိတ်မကောင်းဖြစ်မိသည်ဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

    ဧရာဝတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင်ပြည်သူများအား အတတ်နိုင်ဆုံးကြိုးစားကူညီဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်းအသိပေးထားသည်။

    ဂွမြို့နယ်မှတိုက်ပွဲများကြောင့် ဒေသခံများသည် ဧရာဝတီတိုင်းအတွင်း အများအပြားထွက်ပြေးခဲ့ကြသည်။ ပုသိမ်ခရိုင်မှ ချောင်းသာနှင့်ရွှေ သောင်ယံမြို့နယ်၊ ဟင်္သာတခရိုင်မှ လေးမျက်နှာမြို့နယ်၊ ကျုံပျော်ခရိုင်မှ ရေကြည်နှင့် ငါးသိုင်း‌ချောင်းမြို့နယ်၊ မြန်အောင် ခရိုင်မှ ကြံခင်းနှင့် မြန်အောင်မြို့နယ်တို့တွင် လာရောက်တိမ်းရှောင်သူ စစ်ဘေးရှောင် ၁၀,၀၀၀ ခန့်ရှိနိုင်ကြောင်း သက်ဆိုင်ရာမြို့နယ်များမှ အရပ်ဘက် အရေးလှုပ်ရှားသူများက ခန့်မှန်းထားသည်။

    ရခိုင်ပြည်နယ်မှ ရောက်ရှိလာသည့် စစ်ဘေးရှောင်များ ဒီဇင်ဘာလ ၂၇ ရက်၌ အပြီး ထွက်ခွာရန် မြို့နယ်အသီးသီးရှိ ထွေအုပ်၊စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့က အသိပေးထားကြောင်း သတင်းရရှိသည်။

    ချောင်းသာနှင့်ရွှေသောင်ယံမြို့နယ်တွင် စစ်ဘေးရှောင်သုံးထောင်ခန့်ရှိနေသည်။ ဒေသခံများအား ပင်လယ်၌ငါးဖမ်းခွင့်ကိုလည်း စစ်ကောင်စီကပိတ်ပင်ထားသည်။

    ရေကြည်မြို့တွင်လည်း ရခိုင်စစ်ဘေးရှောင်များတည်းခိုနေသည့်နေအိမ်များ စစ်ကောင်စီက လိုက်လံရှာဖွေကာ ကျောင်းတက်နေသောကျောင်းသားများမှလွဲ၍ ကျန်သူများ မြို့နယ်အတွင်းမနေရန် ဖိအား​ပေး​နေသည်ဟု သိရှိရသည်။

    ထို့အပြင် ရေကြည်မြို့၊ မြောက်စမ်းကျေးရွာမှ ရခိုင်စစ်ဘေး ရှောင် ၁၆ ဦးကိုစစ်ကောင်စီက ဒီဇင်ဘာလ၂၂ရက်ညနေတွင် ဖမ်းဆီးသွားသည်။

    စစ်​ကောင်စီ ကရခိုင်စစ်ဘေးရှောင်များအား ပစ်မှတ်ထား၍ဖမ်းဆီးခြင်း၊ နေရပ်သို့ ပြန်ရန်နှင်လွှတ်ခြင်းများကို ဧရာဝတီတိုင်းအတွင်းမှ မြို့နယ်များအားလုံးတွင် ရင်ဆိုင်နေရခြင်းဖြစ်သည်။

    စစ်ကောင်စီ၏ လတ်တ‌ လောဖိအားပေးမှုများကြောင့် ရခိုင်စစ်ဘေးရှောင်များသည် နေရေးထိုင်ရေးနှင့် စာရေးသောက်ရေးပြဿနာများရင်ဆိုင်နေရသည်။

    “စက်လှေတွေနဲ့ ပြေးလာတဲ့သူတွေဆိုအခုနှင်လွှတ်တော့ သူတို့ဘယ်သွားနေမလဲ။ ပင်လယ်ထဲပဲသွားနေကြရမှာလား။ မြင်ရတွေ့ရတာ စိတ်ထဲတော်တော်မကောင်းဘူး” ဟု ရွှေသောင်ယံမြို့နယ်မှဒေသခံတစ်ဦးကပြောသည်။

    ရွှေ သောင်ယံမြို့နယ်သည် ဂွမြို့နယ်နှင့် ပင်လယ်ကမ်းရိုးတန်းအတိုင်း ဆက်စပ်နေပြီး ဂွမြို့နယ်မှစစ်ဘေး ရှောင် ၁၀၀၀ ခန့်ရောက်ရှိနေသည်။

    မြို့အဝင် တံတားအနီးတွင် အမှတ်(၁)ရပ်ကွက်တွင် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်သူအများအပြား ရှိနေသည်။

    အဆိုပါ စစ်ဘေးရှောင်များအားဒီဇင်ဘာလ၂၅ ရက်နေ့နောက်ဆုံးထား၍ ထွက်ခွာရန် စစ်ကောင်စီက ညွှန်ကြားထားသည်။

    ထို့ကြောင့် ရခိုင်စစ်ဘေးရှောင်များသည် ခြေဦးတည့်ရာသို့ထွက်ခွာသွားနေရသည့်အခြေနေဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

    အာရက္ခတပ်တော် (AA)သည် ဂွမြို့သိမ်းတိုက်ပွဲကို အရှိန်မြှင့် တိုက်ခိုက်နေပြီး တိုက်ပွဲများသည် ဧရာဝတီတိုင်းနယ်စပ်အနီးရောက်ရှိနေသည်။

    ဂွမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးနေပြီး လိုက်လံတိုက်ခိုက်နေသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

    (ရခိုင်စစ်​​ဘေး​ရှောင်ပြည်သူများ ။ဓါတ်ပုံ-AFP)