Category: News

  • ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး

    ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး

    ဝမ်းတွင်းတွင် တပ်သားသစ်စုဆောင်းပြီးစစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး

    မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ လိုက်လံကောက်ခံနေသည့် အကြမ်းဖက် စစ်တပ်က ပေးအပ်ထားသော ရဲဗလ တံဆိပ်ရရှိသူ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့် မိသားစုဝင် ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးလုံး သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force (WTRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင်၊ ရဲဗလ တံဆိပ်ရရှိထားသူ မောင်လွင်နှင့် မိသားစုဝင် ၂ ဦးကို WTRF အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော မောင်လွင်ကို ၂၀၂၁ ခုနှစ်က တော်လှန်ရေး ရဲဘော်များ ပထမ တစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက်မသေဘဲ လမ်းမလျောက်နိုင်သည့် ဒုက္ခိတ ဖြစ်နေခဲ့သော်လည်း ၎င်း၏ သားဖြစ်သူနှင့် မိန်းမဖြစ်သူက ၎င်းအရှိန်ဖြင့် တမာကန်ရွာ ၊ကျောက်အိုးရွာ၊ မင်းကုန်ရွာနှင့် တောင်ဆည်ရွာမှ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ငွေကျပ် ၁၀၀၀၀ ကောက်ခံခြင်း၊ လူငယ်များရှိသည့် နေအိမ်များကို တစ်အိမ်လျှင် ငွေကျပ် ၃ သိန်းမှ ၁၀ သိန်းထိ ကောက်ခံခြင်း၊ ပြည်သူများကိုလည်း ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

    ထိုသို့ ပျူစောထီး မောင်လွင်၏ လမ်းစဉ် အတိုင်း ၎င်း၏ သားဖြစ်သူနှင့် မိန်းမဖြစ်သူက လိုက်ပါလုပ်ဆောင်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ၎င်းတို့ ၂ ဦးပါ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ပျူစောထီး ခေါင်းဆောင် မောင်လွင်နဲ့ သူ့မိသားစုက ကျေးရွာတွေအပေါ် အလွန် အကျူး ဖိနှိပ် အနိုင်ကျင့် နေလို့ တော်လှန်ရေးတပ်ဖွဲ့က ပထမ တစ်ကြိမ် ပစ်ခတ်ခဲ့သည့်တိုင် ပြုပြင်ပြောင်းလဲခြင်းမရှိဘဲ လက်အောက်ခံ ပျူစောထီးတွေကို ကိုယ်ရံတော် အစောင့်အဖြစ်မွေးပြီး တမာကန်အုပ်စုအတွင်းမှာရှိတဲ့ ရွာတွေ အားလုံး အပေါ် ဆက်၍ ပိုတိုးပြီး အနိုင်ကျင့်ဖိနှိပ်နေလို့ မောင်လွင်နဲ့ သူ့မိသားစုဝင်တွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ” ဟု Wundwin Township Revolution Force (WTRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

  • မြင်းမူနှင့် ဝမ်းတွင်းတို့တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး

    မြင်းမူနှင့် ဝမ်းတွင်းတို့တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး

    မြင်းမူနှင့် ဝမ်းတွင်းတို့တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် မိုင်းရှင်းနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း People’s knight Defense Force Myinmu (PKDF-MMU) အဖွဲ့ တာဝန်ရှိသူ ရဲဘော်အေးချမ်းက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အနောက်ဘက်ရှိ ရေဦးဆီဆိုင်တွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးသည် မြင်းမူမြိုနှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် မိုင်းရှင်းရန် လာရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲကာ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ကျော်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာကို မြင်းမူမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာ၍ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တပ်ရေး ဗိုလ်ကြီး ကွပ်ကဲ၍ People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ် (၇) တပ်ရင်း တပ်ခွဲ ၂ ၊ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်း တပ်ခွဲ ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်းကောင်းကုန်းကျေးရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Wundwin Township Revolution Force – WTRF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၅ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ဝမ်းတွင်းမြို့ နယ်၊ ဒိုင်းကောင်းကုန်းကျေးရွာ စာသင်ကျောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၄၀ မမ လက် နက်ကြီး ၂ လုံးအသုံးပြုပြီး အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

    “သင်္ချိုင်းကုန်းကို စစ်သားအပြည့်ပိတ်ဆို့ပြီး သင်္ဂြိုလ်နေတာ၊ ဘယ်သူမှအဝင်မခံဘူး။ အဝေးကနေ ကြည့်ရတာမို့ ၂ ဦးထက်တော့ ပိုနိုင်တယ်။ မနေ့ညက တမာကန်မှာဖြစ်တဲ့ကိစ္စနဲ့အခုအပစ်ခတ်ခံရတဲ့ ကိစ္စတွေကြောင့် စခတွေ ခြေရှုတ်နေတယ်၊ မိဘပြည်သူတွေအနေနဲ့ စခတွေ သတင်းကို ပေးပို့ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု Wundwin Township Revolution Force – WTRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

    ထို့သို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ဒိုင်းကောင်းရွာသင်္ချိုင်း ကုန်းကို စစ်သားအပြည့်ဖြင့် ပိတ်ဆို့ကာ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် ခရီးသွားပြည်သူများကို စစ်ဆေးရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး ပြည်သူများ အနေဖြင့် စစ်သား၊ ရဲ ဆိုင်ကယ်၊ ကားတန်းများ တွေ့ရှိပါက တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းပေးပို့ခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

    ဓာတ်ပုံ- အညာဒေသတွင် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား

    ချင်းပြည်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွတ်မြောက်

    မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား

    အကြမ်းဖက်စစ်ကောင်စီတပ်များ အခြေစိုက်ထားသော မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့များက သိမ်းပိုက်ရရှိပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့မှ တာဝန်ရှိသူများက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်ကြသည်။

    နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ် ကြောင်း ၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များ ဆုတ်ခွာသွားဖြင့် ချင်းညီနောင်တပ်များက ကန်ပက်လက်မြို့ကိုလည်း သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

    “ချင်းပြည်တောင်ပိုင်းကတော့ စစ်ကောင်စီကင်းစင်သွားပါပြီ။ ချင်းတစ်ပြည်လုံးအနေနဲ့တော့ ၈၅ ရာခိုင်နှုန်းနီးပါး လွတ်မြောက်နေပြီလို့ပြောလို့ရမယ်။ တီးတိန်၊ ထန်တလန်၊ ဟားခါးကတော့ ကျန်နေသေးတယ်” ဟု ချင်းညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် ကျင်းဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ မြို့များအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ မဟာမိတ်တပ်များအနေဖြင့် သိမ်းပိုက်ရာတွင် AA ထံမှ အကူအညီများစွာရရှိထားကြောင်း တာဝန်ရှိသူများက ဆိုသည်။

    လက်ရှိတွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း၊ ဖလမ်းမြို့တွင် စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ကုန်းတစ်ခုသာ ကျန်တော့ကြောင်း၊ ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေးသာမက မြန်မာနိုင်ငံတစ်ဝန်းလုံး စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့ဝင် CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချန်းဖေက ဆိုသည်။

    စစ်သုံ့ပန်းများ ဖမ်းဆီးရရှိရာတွင် အဆင့်မြင့်ဆုံးအနေဖြင့် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီး ၁ ဦးကိုလည်း ဖမ်းဆီးရရှိထားပြီး ၎င်းတို့ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို စစ်ဆေးမည်ဖြစ်ကြောင်း၊ လက်နက်ချသူများလည်းရှိရာ မင်းတပ်မြို့ နှင့်ဖလမ်းမြို့မှ စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ခလရ ၂၇၄ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားစဉ်။

    Photo- Yaw Mang

  • ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးမှု အလွန်များပြားလာ

    ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးမှု အလွန်များပြားလာ

    ရန်ကုန်နှင့် ဧရာဝတီမှ ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးမှု အလွန်များပြားလာ

    ပဲခူးတွင် လူငယ် ၁ ဦးကို စစ်တပ်က စစ်မှုထမ်းရမည်ဟုဆိုကာ နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲ ဖမ်းဆီး

    ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် အသက် ၁၄ နှစ်အရွယ် ကလေးငယ်များ ပျောက်ဆုံးမှု ပိုများလာကြောင်း မိသားစုဝင်တချို့နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။

    ရန်ကုန်တို်း၊ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ယာတွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် မောင်ဘုန်းမြတ်သူရ (ခ) သားငယ်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဘောလုံးကန်မည်ဟုဆိုကာ နေအိမ်မှ ထွက်သွားစဉ် ဘောလုံးကွင်းနှင့် နေအိမ်ကို ရောက်ရှိလာခြင်းမရှိဘဲ လမ်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်များက သူငယ်ချင်းနေအိမ်များနှင့် မောင်ဘုန်းမြတ်သူရ သွားတတ်လာတတ်သော နေရာများကို လိုက်လံရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိကြောင်း သိရှိရသည်။

    အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၅ ရပ်ကွက် ဒဂုံရွှေမျှားလမ်းတွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် လူငယ် ၁ ဦးသည် ဖခင်ဖြစ်သူ ဆူလိုက်၍ နေအိမ်မှ ထွက်သွားရာ ၃ ရက်ကြာသည်အထိ ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း၊ ၎င်းသွားလာတတ်သော နေရာများကို လိုက်လံ ရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

    “လှိုင်သာယာ အမှတ် ၅ ရပ်ကွက် ဒဂုံရွှေမျှားလမ်းမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ဦး ပျောက်ဆုံးနေလို့ပါ။ သူရဲ့ အဖေ အမည်က ထွန်းထွန်းဝင်းပါ။ သူ့အဖေ ဆူလိုက်လို့ အိမ်ကနေ ထွက်သွားတာ ပြန်မလာတာ ဒီနေ့နဲ့ ဆို ၃ရက်ရှိနေပါပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

    ထို့အတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း Delivery ပို့သည့် လူငယ် ၁ ဦးမှာလည်း အိမ်ပြန်ရောက်ခြင်းမရှိဘဲ ပျောက်ဆုံးသွားသဖြင့် မိသားစုက စိတ်ပူနေကြောင်း၊ အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ရန်ကုန်မြို့တွင် မောင်စိုးသူကျော် (ခ)ကိုမောင်ချေ သည် အိမ်ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ထားသည်။

    ထို့ပြင် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ရွာ အထက ကျောင်းတွင် ၁၀ တန်းတက်နေသည့် လတ်ပွတ်ကုလား ကျေးရွာတွင် နေထိုင်သော အသက် ၁၅ နှစ်အရွယ် မောင်ထွဋ်ရန်လင်းသည် ဈေးဝယ်သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

    ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မောင်ထွဋ်ရန်လင်း သည် မြောင်းမြမြို့ကို ဆိုင်ကယ်ဖြင့် ဈေးဝယ်သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့ချိန်ထိ ပြန်လည်ရှာတွေ့ခြင်းမရှိသေးကြောင်း သိရှိရသည်။

    အလားတူ ပဲခူးတိုင်း၊ မိုးညိုမြို့၊ ဇောတိက ရပ်ကွက်တွင်နေထိုင်သော အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦးသည် ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ခံဝန်ဖြင့်နေထိုင်နေစဉ် ယခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်မှုထမ်းရန် လူလိုသည်ဟုဆိုကာ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    “မိုးညိုမြို့၊ ဇောတိက ရပ်ကွက်မှာနေတဲ့ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးကို စစ်ခွေးတွေက ၁၇ ရက်နေ့ ညမှာ နေအိမ်မှာပဲ လာရောက် ဖမ်းဆီးသွားတယ်။ သူက ၂၀၂၂ ခုနှစ်က တစ်ခါ ဖမ်းဆီခံရဖူးတယ်။ စစ်ကြောရေးကနေ ပြန်လည်လွတ်မြောက် လာတာ ခံဝန်နဲ့ နေထိုင်နေရသူပေါ့။ အခု နောက်တစ်ကြိမ်း ဖမ်းဆီခံရတော့ စစ်မှုထမ်းထဲ လူလိုလို့ ပို့ဖို့ အတွက်လို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်က လစဉ် စစ်မှုထမ်းရန် တပ်သားသစ်အရေအတွက် ပြည့်မီခြင်းမရှိသဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

  • စစ်ကောင်စီဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

    စစ်ကောင်စီဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

    ညောင်လေးပင်မြို့နယ်၌ စစ်ကောင်စီဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင် နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်များရရှိကြောင်း ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ထုတ်ပြန်သည်။

    ဒီဇင်ဘာ ၂၂ ရက် နံနက် ၁ နာရီခန့်က ဂျောင်းတာကျေးရွာထိပ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်း နှင့် ပျူစောထီးခေါင်းဆောင် အောင်စိုးမိုး(ကျောင်းစု)၏ နေအိမ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပဲခူးခရိုင်ပကဖ ဦးဆောင်၍ ဒိုက်ဦးမြို့နယ်ပကဖ၊ ကဝမြို့နယ် ပကဖ၊ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ (၅)၊မအူပင်ခရိုင် ပကဖ၊ဝေါမြို့နယ်ဆေးတပ်ဖွဲ့ တို့ပူးပေါင်း၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီဂိတ်စခန်းမှ MA 3 သေနတ်တစ်လက်၊ ရှေ့ထွက်မိုင်းတစ်လုံး၊ အီနာကာဗုံးသီးနှစ်လုံးနှင့် ပြည်သူထံမှ ငွေကောက်ခံထားသော စာရွက်စာတမ်းများ ရရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဂိတ်စခန်းမီးရှို့နိုင်ခဲ့ပြီး ဂျောင်းတာအုပ်စုအတွင်း ပျူစောထီးများအား စစ်သင်တန်းပေးနေသော ပျူခေါင်းဆောင် နေအိမ်ကိုလည်း ဝင်ရောက်ပစ်ခက်ခဲ့ရာ လက်လုပ်ကိုးလုံးသေနတ်နှစ်လက်၊ လက်လုပ်သေနတ်အတု နှစ်လက်သိမ်းဆည်းရမိကြောင်း အသိပေးသည်။

    ရန်သူထိခိုက်သေဆုံးမှုကို စုံစမ်းလျှက်ရှိပြီး ပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းဖော်ပြသည်။

    ယခုနှစ်အောက်တိုဘာ နောက်ဆုံးပတ်ကလည်း ဝေါမြို့နယ်ရှိ စစ်ကောင်စီ၏ ရေတံခါးဂိတ်စခန်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ငါးဦးထက်မနည်းသေဆုံးခဲ့သည်။

    (စစ်ကောင်စီဂိတ်စခန်းနှင့် ပျူခေါင်းဆောင် နေအိမ်မှ သိမ်းဆည်းရရှိသော လက်နက်များ။ဓာတ်ပုံ – ပဲခူးခရိုင် ပကဖ)