Category: News

  • မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုတရားခံများ ဖမ်းမိဟုဆို

    မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုတရားခံများ ဖမ်းမိဟုဆို

    လောင်းကစားလုပ်ကာ ငွေလိုလို့ ကျောင်းနေဘက် သူငယ်ချင်းကို ပြန်ပေးဆွဲ သတ်ဖြတ် ဟုဆို

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်၊ အလောင်း ဖျောက်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ ဆရာဝန်က အွန်လိုင်းလောင်းကစား လုပ်ကာ ငွေလိုလို ကျောင်းနေဖက်သူငယ်ချင်း ဆရာဝန်ကို ပြန်ပေးဆွဲ သတ်ဖြတ်တာ ဖြစ်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

    ဒီဇင်ဘာလ ၁၇ရက် မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာ ရပ်ကွက်၊ ၁၀၁ လမ်း၊ ၅၅လမ်းနဲ့ ၅၆လမ်းကြားနေ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ပိုင်ရှင် ဒေါက်တာအောင်မြင့်မြတ်ထွန်း (၃၃ နှစ်)ကို ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ လမ်းသစ်လမ်းနဲ့ ၁၀၅ လမ်းကြားရှိ ငွေလရောင် ဆေးခန်း ဖွင့်လှစ်ထားသူ ဒေါက်တာ အောင်ဇင်ဖြိုး (၃၆ နှစ်)နဲ့ ဆေးခန်းအကူ အမျိုးသားတို့က ပြန်ပေးဆွဲ သတ်ဖြတ် အလောင်းဖျောက်ခဲ့တာ ဖြစ်ပါတယ်။

    ဒေါက်တာအောင်ဇင်ဖြိုး က သူ့ဆေးခန်းမှာ ရှိတဲ့ လူနာကို လာရောက်ကုသပေးဖို့ ဒေါက်တာအောင်မြင့်မြတ်ထွန်း ပင့်ဖိတ်ကာ ပြန်ပေးဆွဲ၊ သတ်ဖြတ် အလောင်းဖျောက်တာလို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    ဒီဇင်ဘာလ ၁၇ ရက် မနက် ၉ နာရီမှာ ဒေါက်တာအောင်မြင့်မြတ်ထွန်းဟာ ဆေးကုသဖို့ ကိုယ်ပိုင်ကားနဲ့ ထွက်သွားရာက အဆက်အသွယ် မရတော့ဘဲ မွန်းတည့် ၁၂ နာရီမှာ မိသားစုထံ ဖုန်းဆက်ပြီး ဒေါက်တာ အောင်မြင့်မြတ်ထွန်း ကို ပြန်ပေးဆွဲထားကြောင်းနဲ့ အသက်ရှင်လျက် ပြန်လိုချင်ပါက အဲ့ဒီနေ့ မွန်းလွဲ ၃နာရီ မတိုင်မီ ငွေကျပ် သိန်း ၃၀၀၀ ကို မန္တလေးမြို့၊ မဟာမုနိ ဘုရားကြီးအနီး လာရောက်ပေးဆောင်ဖို့ ချိန်းဆိုလို့ မိသားစုက ငွေကျပ် သိန်း ၃၀၀၀ နဲ့ သွားရောက်ခဲ့ရာ မီနီအိုးဝေသမားက တဆင့် အဆင့်ဆင့် လက်လွှဲယူခဲ့ပြီး ပြန်ပေးဆွဲ ထားတဲ့ ဆရာဝန်ကို နောက်ရက်မှာ ပြန်ပို့ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    အဲ့ဒီနောက် ဒေါက်တာ အောင်မြင့်မြတ်ထွန်း နေအိမ်ကို ပြန်ရောက်မလာတဲ့အတွက် ဒီဇင်ဘာလ ၁၈ ရက် နေ့လည်ပိုင်းမှာ မိသားစုက အောင်ပင်လယ်နယ်မြေရဲစခန်းကို သွားရောက်ကာ အမှုဖွင့်တိုင်တန်ူခဲ့ပြီး စစ်အုပ်စုက ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၁၁၄ နဲ့ အမှုရေးဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

    “လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် မသင်္ကာသူ ဒေါက်တာ အောင်ဇင်ဖြိုး(၃၆)နှစ်(ဘ)ဦးစိုးမြင့် (ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ လမ်းသစ်လမ်း x ၁၀၅ လမ်းကြားငွေလရောင် ဆေးခန်း)အား စစ်ဆေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်အရ ဒေါက်တာ အောင်မြင့်မြတ်ထွန်းနှင့် ဆေးကျောင်း အတူတက်ရောက်ခဲ့သည့် သူငယ်ချင်းများ ဖြစ်ကြောင်း၊ ၎င်းသည် Online ဘောလုံး/ နှစ်လုံး/ သုံးလုံးထီလောင်းကစားများကြောင့် အကြွေးများတင်ကာ ငွေကြေး လိုအပ်နေသဖြင့် သူငယ်ချင်း ဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း အား ပြန်ပေးဆွဲ၍ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများထံ ငွေကြေးတောင်းခံရန် ရည်ရွယ်ကာ မြို့ဟောင်းရှိ ၎င်းပိုင် ငွေလရောင် ဆေးခန်းသို့ ဖုန်းဆက်ခေါ်ခဲ့ကြောင်း၊ သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ကားဖြင့် ရောက်ရှိ လာချိန်တွင် ဒေါက်တာ အောင်ဇင်ဖြိုးသည် ၎င်း၏ဆေးခန်းမှ အကူဖြစ်သူ လွမ်းဇင်အောင်(ခ)မိုးဒီ နှင့်အတူ ချုပ်နှောင် နပန်းလုံးပြီး ပါးစပ်၊ လက်၊ ခြေထောက်တို့အား တိတ်ဖြင့်ပတ်၍ လည်ပင်းညှစ် ရာမှ သေဆုံး သွားသဖြင့် အလောင်းအား ဆေးခန်းအတွင်း၌ ထားရှိကာ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ၏မိဘများထံ ဖုန်းဖြင့် အသံဖျက်၍ ပြန်ပေးဆွဲထားကြောင်း၊ ငွေကျပ် သိန်း ၃,၀၀၀ အား မဟာမြတ်မုနိဘုရား တောင်ဘက်မုခ်သို့ လာရောက် ပို့ဆောင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများက လာရောက်ထားပေးခဲ့သည့် ငွေများအား မီနီအိုးဝေ ဖြင့် အဆင့်ဆင့်ငှား၍ယူဆောင်ကာ အဆိုပါငွေထဲမှ ငွေ ၂၂ သိန်း ၅ သောင်းကျပ်ဖြင့် Canda 125 အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ငွေကျပ် ၈၈ သိန်းဖြင့် Scoopy အမျိုးအစားဆိုင်ကယ် တစ်စီး၊ ငွေကျပ်သိန်း ၈၀၀ ဖြင့် MDY-13 9N/… Honda Inside အမျိုးအစား မော်တော်ယာဉ် တစ်စီးတို့အား ဝယ်ယူခဲ့ကြောင်းနှင့် သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ အလောင်းအား သေဆုံးသူ၏ MDY-13 2L/… Honda Inside မော်တော်ယာဉ်ဖြင့် သယ်ယူကာ ချမ်းမြသာစည် မြို့နယ်၊ ချမ်း/တောင် ရပ်ကွက်ရှိ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနှင့် (၇၈)လမ်းကြား၊ လမ်းဘေးရှိ ရေမြောင်း ထဲသို့ ပစ်ချခဲ့ကြောင်း၊ မော်တော်ယာဉ်အား တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝန်း အတွင်း ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ လွမ်းဇင်အောင်(ခ)မိုးဒီ (၂၈)နှစ်(ဘ) ဦးတင်ထွဋ်ကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်” လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာ အောင်မြင့်မြတ်ထွန်းရဲ့ အလောင်းကို ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနဲ့ ၇၈လမ်းကြား၊ လမ်းဘေး ရေမြောင်းအတွင်းက တွေ့ရှိရသလို ဒေါက်တာ အောင်မြင့်မြတ်ထွန်းရဲ့ ကားကိုလည်း တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝန်း အတွင်းက သိမ်းဆည်း ရမိခဲ့ပြီး ပြန်ပေးဆွဲ ခြိမ်းခြောက်တောင်းယူထားတဲ့ ငွေတွေနဲ့ ဝယ်ယူ ထားတဲ့ ဆိုင်ကယ် နှစ်စီး၊ ကား တစ်စီး၊ ငွေကျပ် သိန်း ၁,၀၂၂၊ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ဆိုင်ကယ်တစ်စီး တို့ကို သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

    အဲ့ဒီလို ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ အလောင်းဖျောက်တဲ့ ဖြစ်စဉ်ကို CCTV မှတ်တမ်းတွေက တဆင့် ဖော်ထုတ်နိုင်ခဲ့တာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

    အလောင်းကို ရေမြောင်းအတွင်းက ပြန်တွေ့ချိန်မှာ အလောင်းက ပုပ်ပွနေပြီ ဖြစ်သလို ဒဏ်ရာ ဒဏ်ချက်တွေလည်း တွေ့ရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

    “ပါးစပ်ထဲလည်း အဝတ်စတွေ ထည့်ထားတယ်တဲ့။ အလောင်းက လက်ပြန်ကြိုးတုပ်၊ ဓားဒဏ်ရာရော၊ နှိပ်စက် ဒဏ်ရာတွေရော။ ပါးစပ်ကလည်း ဓားနဲ့ ဖြဲထားတာ။ လက်တွေ ကျိုးနေတယ်။ ရင်ဘတ် နလုံးနေရာ တည့်တည့်က ဓါးနဲ့ ထိုးထားတယ်တဲ့၊ ဝင်ကြည့်ခွင့်ရတဲ့ ဆရာဝန်က ပြန်ပြောတာ။ တွေ့တဲ့အချိန်မှာ အလောင်းက ပုပ်ပွ နေပြီပေါ့။ သင်္ဂြိုလ်တာတောင် အိပ်ထဲထည့်ပြီး သဂြိုလ်ရတာ” လို့ နီးစပ်သူက ပြောပါတယ်။

    သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းဟာ သဘောမနော ကောင်းသူဖြစ်ပြီး မိသားစုဝင်တွေဟာလည်း ဆရာဝန်တွေ ဖြစ်ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    “ဆရာက အရမ်း သဘောကောင်းတယ်။ တချို့ ပိုက်ဆံမရှိတဲ့ လူနာတွေကိုလည်း အခမဲ့ ကုပေးတယ်” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုး သောင်းကျန်းနေပြီး မန္တလေးမှာ ပြန်ပေးဆွဲ ငွေညှစ်မှု၊ လုယက်မှု၊ သတ်ဖြတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

    လက်ရှိမှာ စစ်အုပ်စု လက်အောက်ခံ ပျူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လူငယ်လူရွယ်တွေကို ပြန်ပေးဆွဲ ငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေသလို ပြီးခဲ့တဲ့လတွေအတွင်း စစ်အုပ်စု လက်အောက်ခံ သွေးသောက် အဖွဲ့တွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဆီးပြန်ပေးဆွဲ သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။

    သေဆုံးသူ ဆရာဝန်နဲ့ ကျူးလွန်သူ ဆရာဝန်ကို တွေ့ရစဉ်/Photo – စစ်အုပ်စု

  • KIOက ပန်ဝါမြို့၌ မြို့တော်ဝန်ထားရှိပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်

    KIOက ပန်ဝါမြို့၌ မြို့တော်ဝန်ထားရှိပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်

    ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်လျက်ရှိပြီး မြို့ သာယာလှပရေး နှင့် ပြည်သူ့ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများက လုပ်ဆောင်နေကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် ဖော်ပြသည်။

    ပန်ဝါကို အောက်တိုဘာ ၁၈ရက်တွင် KIA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလဆန်းမှ စတင်ကာ KIO အစိုးရ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

    ထိုသို့ KIO အစိုးရ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေသည်မှာ အချိန် တစ်လကျော်ကြာပြီဖြစ်သော်လည်း ဒေသခံများ၏ လိုက်နာကျင့်သုံးမှု အားနည်းနေ၍ အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း ပန်ဝါမြို့တော်ဝန် ဆလန်ကဘာ မဒိန်ဘောင်းချမ်၏ ပြောကြားချက်ကို KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

    ယခင်က စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် BGFနှင့် ပြည်သူ့စစ်အဖွဲ့က အုပ်ချုပ်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရား လည်ပတ်ရာ၌ကျစ်လစ်ထိရောက်မှု မရှိခဲ့၍ လက်ရှိတွင် အခက်အခဲ ကြုံနေရခြင်းဖြစ်သည်ဟုလည်း KIO/KIA သတင်းပြန်ကြားရေးက အသိပေးသည်။

    လက်ရှိတွင်မြို့အတွင်း အုပ်ချုပ်ရေး ကော်မတီအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ လူငယ်အဖွဲ့များဖွဲ့စည်းထားပြီးဖြစ်သည်ဟု ဖော်ပြသည်။

    ပန်ဝါမြို့၌ KIO အစိုးရ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်လာသည်နှင့်အမျှ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန ၊ စည်ပင်ဌာန၊ ကျန်းမာရေးဌာနများ ဖွဲ့စည်းဖွင့်လှစ်ကာ စည်ပင်ဌာနက မြို့တွင်း သာယာလှပရေးလုပ်ဆောင်နေသကဲ့သို့ ကျန်းမာရေးဌာနက ပြည်သူ့ ကျန်းမာရေးဌာနများ ဖွင့်လှစ်ပြီး ဆေးကုသပေးနေသည်ဟုဆိုသည်။

    KIAသည် ပန်ဝါအပါအဝင်စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်နိုဝင်ဘာလအတွင်း၌ပင် ကချင်အထူးဒေသ(၁) သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။

  • နောင်တချိန်မှာ ကြူကြူလှကို ကျေးဇူးတင်ချင် တင်နေရမှာ

    နောင်တချိန်မှာ ကြူကြူလှကို ကျေးဇူးတင်ချင် တင်နေရမှာ

    2011 အင်းစိန်ထောင်မှာ စစ်အရာရှိဟောင်း အကျဉ်းသား တယောက်နဲ့ ဆုံခဲ့ရတယ်။
    သူက မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် (အယ်လ်ခွန်းရီရဲ့ အဖေ) ကို စနိုက်ပါနဲ့ လုပ်ကြံခဲ့တဲ့ စစ်သားဟောင်း တယောက် မဆလ ဖက်ဆစ်တပ်ကို တကိုယ်တေ် ပြန်လည်ဆန့်ကျင်တော်လှန် ခဲ့တဲ့ မျိုးချစ်စစ်သားတယောက်။

    သူ စနိုက်ပါနဲ့ လုပ်ကြံခဲ့တဲ့ အရေးကြီးပစ်မှတ်တွေ အများကြီး။

    စစ်ဗိုလ်လည်းဖြစ်တယ်။ စစ်ပညာလည်း ကောင်းစွာတတ်တယ်။

    စနိုက်ပါလည်း လက် အလွန်ဖြောင့်တယ်။ တကိုယ်တော် တယောက်တည်း အလွန်သိုသိပ်စွာ ပစ်မှတ်ကို ပစ်ခတ်တယ်။

    သူ့ကို ဘယ်လိုမှ ခြေရာခံ မရဘူးဖြစ်နေတာပေါ့။

    သူပြောပြခဲ့တဲ့ သူ့ရဲ့ လှုပ်ရှားမှုအချို့ကို ရင်သပ်ရှုမော တအံ့တသြ ကျနော် နားထောင်ခဲ့ရတယ်။

    နောက်ဆုံးတော့ သူ့ကို မိသွားတယ်။

    ဘယ်ကနေ မိသွားသလဲဆို သူ့ဇနီးကြောင့်တဲ့။ သူ့ဇနီးငယ်ငယ်ချောချော မိန်းမပျိုလေးက တကယ်တော့ မဆလ ရဲထောက်လှမ်းရေးက အသွင်ယူပြီး သူ့ကို လက်ထပ်ဇနီးအဖြစ် ဟန်ဆောင်ကာ အနီးကပ် သူ့ လှူပ်ရှားမှုတွေကို စောင့်ကြည့် ထောက်လှမ်းပြီး တကိုယ်တော် စနိုက်ပါ လုပ်ကြံရေးသမား သူ့ လင်ကို သက်သေများနဲ့ တကွ ဖမ်းဆီး တရားရုံးတင်နိုင်တဲ့ အချိန်မှာ သူနဲ့ ရတဲ့ ကလေး (၂) ယောက်တောင် ရှိခဲ့ပြီတဲ့။

    အလွန်ပိရိသိုသိပ်လွန်းတဲ့ တကိုယ်တော် စနိုက်ပါသမား သူ့ ချစ်မယားကြောင့် ထောင်နန်းစံရတဲ့ ကြေကွဲ သံဝေဂယူစရာဖြစ်စဉ်ကို သတိတရဖြစ်ရင်း——-

    အခု ဒီနေ့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ အာရက္ခပြည်ကြီးရဲ့ တိုင်းစစ်ဌာနချုပ်ကြီးကို ရက္ခိုင့်တပ်တော် သိမ်းပိုက်ရရှိတဲ့ အကြောင်း နဲ့ အတွင်း ဆက်စပ် သတင်းတွေ အရ အခုလို အာရက္ခပြည်ကြီး တခုလုံး သိမ်းပိုက်နိုင်အောင် မင်းအောင်လှိုင်ရဲ့ ဇနီးမယား အဖြစ်အသွင်ယူပြီး လိုတိုး ပိုလျော့ စစ်ကစားနိုင်စွမ်း ဗရမ်းဗတာဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အာရက္ခ မျိုးချစ်အာဇာနည် ကြူကြူလှကို တချိန်ကျရင် ချီးကျူးကြရမှာ ဖြစ်ပါတယ်။

    ဘုမသိ ဘမသိနဲ့ မအလ အတွက် အသေးပက် သွားတဲ့ ထောင်ချီသော စစ်သားတွေကိုတော့ သနားမိပါကြောင်း။

    Nay Myo Zin

  • ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

    ထိုင်းမှာကျင်းပနေတဲ့ ဒုတိယနေ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်မပြု

    အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဘလာခရစ်ရှ်နန်က ဒီနေ့တောင်းဆိုလိုက်ပါတယ်။

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့တာဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာစစ်တပ်လေးစားလိုက်နာရမယ့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။

    “စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအချိန်အထိ မြန်မာနိုင်ငံအခြေအနေက ဆက်လက်ဆိုးရွားနေဆဲပါ။ မြန်မာပြည်သူတွေဟာ လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခကြောင့် အလွန်ကြီးမားလှတဲ့ ခက်ခဲမှုတွေကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်”လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    မနေ့က ပြုလုပ်ခဲ့တဲ့ အိမ်နီးချင်း ၆ နိုင်ငံ(တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ)ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပေးပေမယ့် ဒီနေ့ ကျင်းပတဲ့ အာဆီယံအဆင့် နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်တဲ့ဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့် မပေးပါဘူး။

    ဒီနေ့ အာဆီယံအဆင့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ အိမ်ရှင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး၊ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံ လာအိုနိုင်ငံခြားရေးဝန်ကြီး၊ လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ကြပါတယ်။

    အာဆီယံနိုင်ငံခြားဝန်ကြီးတွေရဲ့ အဓိကစိုးရိမ်ပူပန်မှုမှာ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနဲ့ တိုးတက်မှုတို့ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

    အထူးသဖြင့် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထပ်လောင်းတောင်းဆိုပါတယ်။

    မနေ့က အိမ်နီးချင်း ၆ နိုင်ငံဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက လာမယ့်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ့်အကြောင်း အဓိက တင်ပြဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

    (ဒီဇင်ဘာ ၂၀ရက်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်လာတဲ့ အာဆီယံနိုင်ငံခြားဝန်ကြီးအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – Vivian Balakrishnan/FB)

  • SSLRU ကို တော်လှန်ရေးတပ်ပေါင်းစုမှ တပ်ဖွဲ့အသွင်သို့ ပြောင်းမည်

    SSLRU ကို တော်လှန်ရေးတပ်ပေါင်းစုမှ တပ်ဖွဲ့အသွင်သို့ ပြောင်းမည်

    ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU)ကို တပ်ဖွဲ့အသွင်သို့ ပြောင်းကာ စစ်ကောင်စီအား တော်လှန်သွားမည်ဟု သိရသည်။

    ယနေ့ (ဒီဇင်ဘာ၂၀ရက်) နံနက် ၁၀နာရီက ရှမ်းပြည်တောင်ပိုင်းတစ်နေရာ၌ ကျင်းပသည့် SSLRU ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့် အခမ်းအနားတွင် SSLRU၏ ဒုတပ်ရင်းမှူး ကိုနေအောင် က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “စဖွဲ့စည်းတဲ့အ ချိန်မှာတပ်ဖွဲ့ငါးဖွဲ့နဲ့ စဖွဲ့တယ်။ တပ်ပေါင်းစုအသွင်ကိုယူတယ်။ဒီနှစ်နှစ်ပြည့်နှစ် ကစပြီးတော့ ကျတော်တို့ တပ်တစ်တပ်တည်းနဲ့ သွားဖို့ရှိတယ်။SSLRUတပ်ပေါင်းစုကနေ တပ် အသွင်ကို ပြောင်းမယ်ပေါ့။ကျတော်တို့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဂျိုးဖြူအဖွဲ့ကတော့ ဒီရှမ်းတောင်ဒေသအ တွင်း တစ်နေရာမှာ သူတို့အလုပ်လုပ်ဖို့အတွက်ကြိုးစားကြတယ်။သီးခြားပေမယ့် တချို့ကဏ္ဍတွေ အရ ကျတော်တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်” ဟု ၎င်းက ပြောသည်။

    SSLRU စတင်ဖွဲ့စည်းသည့်အချိန်တွင် ကလော၊ရွာငံ၊ပင်းတယ၊တောင်ကြီးနှင့် ညောင်ရွှေမြို့နယ် အတွင်းရှိ UGအဖွဲ့နှင့် Localအဖွဲ့များ စုစည်းဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် SSLRUအနေဖြင့် စစ်မျက်နှာအသစ်ဖွင့်ရန် ရည်ရွယ်ထားသော်လည်း ရှမ်းပြည်နယ် တောင်ပိုင်းဒေသအတွင်းကိုသာ အဓိကစစ်ရေးရည်မှန်းချက်အဖြစ် လုပ်ဆောင်လျက်ရှိပြီးဖယ်ခုံနှင့် မိုးဗြဲမြို့များအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

    ယနေ့ကျင်းပသည့် နှစ်နှစ်ပြည့်အခမ်းအနားသို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF )ဗျူဟာ နှစ်မှ ဗျူဟာမှူးက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မဟာမိတ်တပ်ရင်း၊ တပ်ဖွဲ့များကလည်း ဂုဏ်ပြုသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

    Photo – SSLRU နှစ်နှစ်ပြည့်အခမ်းအနား