Category: News

  • တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းမတူးရန် စစ်ကောင်စီခြိမ်း‌ခြောက်၊ တူးပြီးသားကျင်းများကို ဖျက်ဆီး

    တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းမတူးရန် စစ်ကောင်စီခြိမ်း‌ခြောက်၊ တူးပြီးသားကျင်းများကို ဖျက်ဆီး

    တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာနေသည့် ဒေသများ၌ ဗုံးခိုကျင်းမတူးရန် ဒေသခံပြည်သူများအား စစ်ကောင်စီက ခြိမ်း‌ခြောက်ပြီး တူးပြီးသား ကျင်းများကိုလည်း ဖျက်ဆီးမှုများရှိနေကြောင်း ဒေသခံများကပြောသည်။

    ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့န​ယ်၊ သရက်ချောင်းမြို့နယ်နှင့် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်တို့တွင် ထိုကဲ့သို့သောဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    မြိတ်မြို့ဒေသခံတဦးက“ သဲအိတ်တွေနဲ့ ဖုံးထားတဲ့ ဗုံးခိုကျင်းတွေ တွေ့ရင် သူတို့က မီးရှို့တယ်။ ဖျက်ဆီးပစ်တယ်။ ပြီးတော့ ရွာထဲ ဝင်လာလို့ ဗုံးခိုကျင်းတူးနေတာတွေမလုပ်ဖို့ တားတယ်” ဟု ပြောသည်။

    တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star ကလည်း စစ်ကောင်စီသည် တိုက်ပွဲနယ်မြေအတွင်း ဒေသခံများအား ယင်းကဲ့သို့ခြိမ်းခြောက်အကျပ်ကိုင်မှုများရှိသည်ဟု ကြားသိရကြောင်း ပြောသည်။

    “ တချို့ရွာတွေမှာကျရင် ဗုံးခိုကျင်းတွေကို (စကစ က) ပေးမတူးဘူး။ အဲ့ဒါတွေ မလုပ်ရဘူးဆိုပြီး တားမြစ်တာတွေကြားဖူးတယ်” ဟု ရဲဘော်Starက ပြောသည်။

    ဒေသတွင်းအခြေစိုက်သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi က ဇန်နဝါရီလ၁၅ရက်တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ်ဒီဇင်ဘာလအတွက် အစီရင်ခံစာတွင် စစ်ကောင်စီက ၎င်းတို့ စစ်ကြောင်းထိုးလာစဉ် ဗုံးခိုကျင်းများတွေ့ပါက ဒေသခံများကို ဖမ်းဆီး၊သတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိသည်ဟု ဖော်ပြထားသည်။

    တနင်္သာရီတိုင်းအတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုများနှင့် လက်နက်ဖြင့်ပစ်ခတ် တိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာသဖြင့် ဒေသခံများသည် ဗုံးခိုကျင်း တူးလိုကြသည်။ သို့သော် စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ဗုံးခိုကျင်းတူးပါက ပိုမိုအန္တရာယ်ကျရောက်နိုင်သည်ဟု ယူဆမှုများလည်း ရှိနေကြောင်း FE5 Tanintharyi အစီရင်ခံစာက ဆိုသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲများနှင့်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၆၅,၀၀၀ ကျော် ရှိခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံနေအိမ် ၂၆၀ ကျော် ပျက်စီးခဲ့ကြောင်း FE5 Tanintharyi က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    လက်ရှိတွင် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလော၊ တနင်္သာရီ၊ မြိတ် စသည့်မြို့နယ်များအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်နေကြောင်း သိရသည်။

    တနင်္သာရီမြို့နယ်၊တကူကျေးရွာအုပ်စုကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံသုံးဦးဒဏ်ရာရခဲ့သည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က သတင်းထုတ်ပြန်သည်။

    နိုင်ငံတဝန်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ဇန်နဝါရီလ ရက်သတ္တပတ် နှစ်ပတ်အတွင်း အရပ်သား ၅၂ ဦးသေဆုံးခဲ့သည်ဟုနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ- လောင်းလုံးမြို့နယ် အတွင်း ဗုံးခိုကျင်းတူးထားသည်ကို ၂၀၂၄ ခု၊ ဖေဖော်ဝါရီလက တွေ့ရစဉ် (ဓါတ်ပုံ- CJ)

  • မြို့တော်စစ်တွေကို အထူးခံစစ်အတွက် ကြည်း၊ရေ၊ လေဖြင့် အင်အားဖြည့်နေသည့် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲနေ

    မြို့တော်စစ်တွေကို အထူးခံစစ်အတွက် ကြည်း၊ရေ၊ လေဖြင့် အင်အားဖြည့်နေသည့် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲနေ

    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြို့တော်စစ်တွေကိုသာ အာရက္ခတပ်တော် (AA) သိမ်းယူရန်ကျန်ရှိနေပြီး စစ်ကောင်စီက မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

    စစ်ကောင်စီသည် ယနေ့ ဇန်နဝါရီ ၁၆ရက်နေ့ နံနက် ၃နာရီခန့်က စစ်‌တွေမြို့၊ ဝါဘိုကျေးရွာကို ဂျက်ဖိုက်တာဖြင့် ၂ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “ရှေ့လကမှ ဗုံးအလုံး ၂၀ လောက်ကြဲချသွားသေးတယ်။ အခုလာကြဲတာတော့ အရပ်သားထိခိုက်မှု မရှိလောက်ဘူး။ ရွာတွေကနေစစ်ရှောင်ထွက်သွားကြပြီဆိုတော့လေ။ AA ရှိနိုင်တယ် ထင်တဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းပြီး ဗုံးကြဲတယ်ပြောတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

    ထို့အပြင် စစ်တွေမြို့ ရဲတပ်ရင်း ၁၂နှင့် ရွှေမင်းဂံဆိပ်ကမ်းတို့မှလည်း ဝါဘိုကျေးရွာအနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီက အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ဂွမြို့နယ်တို့အသိမ်းခံရပြီးနောက် စစ်တွေနှင့်ကပ်လျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်အနီးတို့ကို လေကြောင်းမှဗုံးကြဲနေပြီး နေဗီများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

    ထို့ပြင် စစ်တွေမြို့ကို ကြည်း၊ ရေ၊ လေတို့ဖြင့် အင်အားဖြည့်တင်းနေပြီး စစ်တွေမြို့ပတ်လည်တွင် ရေယာဉ်ကြီးငယ် အစီး ၄၀ ခန့်ဖြင့် ခံစစ်အတွက် အဆင်သင့်ပြင်ထားကြောင်း သိရသည်။

    စစ်ကောင်စီသည် စစ်တွေပွိုင့်ကမ်းခြေ အမှတ် ၃ဗျူဟာရေယာဉ်အုပ်စုကိုလည်း ကျဆုံး၍ လက်လွှတ် လိုက်ရသည့် နပခ ဌာနချုပ်အဆင့်အထိ တိုးမြှင့်ထားကာ ပါဒလိတ်ရွာရှိ မြစ်ကမ်းနားနီး အိမ်ခြေများကိုလည်း ဖျက်ချပြီး အရေးပေါ်ကာကင်းများ ပြုလုပ်လျက်ရှိကြောင်း တပ်တွင်း သတင်းများအရ သိရသည်။

    ထို့ပြင် စစ်တွေမြို့ရှိ အမြင့်ကျွန်း၊ ချီလည်ပင်း၊ ကျားမသောက်၊ တောကန်ကျေးရွာများတွင် စစ်အင်အားများတိုးချဲ့ထားပြီး စစ်သင်တန်းဆင်း မူဆလင်လက်နက်ကိုင်များကိုလည်း လက်နက် အပြည့်အစုံတပ်ဆင်ကာ အင်အားဖြည့်လျက်ရှိကြောင်း သိရသည်။

    စစ်တွေမြို့တွ င်စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ဒကစ )အခြေစိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ( နပခ) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ- ၃၅၄ ၊ ခမရ -၃၄၄ ၊ ခြေလျင်တပ်ရင်း ခလရ – ၂၇၀၊ ခလရ- ၂၀ ၊ ခလရ -၂၃၂ နှင့် အမြောက်တပ် အမတ – ၃၇၃ တို့ အခြေပြုထားသည်။

    လက်ရုံးတပ် နှင့် ဝန်ထမ်းတပ်များဖြစ်ကြသည့် အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၈၁၈) ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၈၂၈) ထောက်ပို့တပ်ရင်း၊ အမှတ် (၈) စစ်မြေပြင်ဆေးတပ်ရင်း ၊ အမှတ် (၉) လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေး သင်တန်း ကျောင်း၊ အမှတ် (၈၆၈) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၄) ဆက်သွယ်ရေးနှင့်အလုပ်ရုံ၊ အမှတ် (၉၆၂) ဆောက်လုပ်ရေးနှင့်အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၁၇) ကုတင် (၁၀၀) တပ်မတော်ဆေးရုံ၊ အမှတ် (၄၃၄) စစ်လက်နက်တပ်ခွဲ၊ အမှတ် (၁၀) နယ်မြေနယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာန၊ အမှတ် (၂) တပ်စုစစ်ဖက်ရေးရာလုံခြုံရေးတပ်စု အပြင်ရေတပ်ဌာနချုပ်နှင့် ရေတပ်စခန်း သုံးထက်မနည်း အခြေပြုထား‌ကြောင်း သိရသည်။

  • အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကူစစ်ကောင်စီစစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်

    အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကူစစ်ကောင်စီစစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်

    စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ၁၂ ဦးကို လက်နက်တွေနဲ့ အတူဖမ်းမိ

    ရခိုင်ပြည်၊ အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီ တပ်သားတွေကို ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေပြီး ၁၂ ဦးကို လက်နက်တွေနဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho )က ဒီကနေ့မှာ သတင်း ထုတ်ပြန်ပါတယ်။

    ဒီလ ၁၄ ရက်နေ့က အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီး တိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားအင်အား (၁၀၀)ခန့်ကို ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီး ( က.ပ.စ – ၁၄) နှင့် မီတာ( ၂၀၀၀ ) ခန့် အကွာတွင် တားဆီးခဲ့ရာ အသာတကြည် လက်နက်မချတဲ့ အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူစစ်ကောင်စီဘက်မှ (၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

    အဲဒီ တိုက်ပွဲအပြီး ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီ တပ်သား(၈)ဦး ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဇန်နဝါရီ ၁၃ရက်နေ့ကလည်း အမ်းမြို့နယ်၊ ကြက်ရေစမ်းရွာ အနီးစခန်းမှ ထွက်ပြေး လာတဲ့ စစ်ကောင်စီ တပ်သား ( ၅ )ဦးကို ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာအနီး တားဆီး ပိတ်ဆို့စဉ် အသာတကြည် လက်နက်မချတဲ့ အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီတပ်သား ( ၅ )ဦး အနက် (၂)ဦးက အပြင်းအထန် ဒဏ်ရာရသွားတဲ့အတွက် CDF – Asho အနေနဲ့ အချိန်မှီ ဆေးကုသမှု ပေးခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။.

    ဇန်နဝါရီ ၁၃ရက်မှ ၁၄ရက်အထိ (၂) ရက်အတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း (၁၂)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး ၅ ဦးမှာ သေဆုံးသွားခဲ့ပြီး လက်နက်ငယ်(၁၅)လက်၊ စိန်ပြောင်း(၁)လက်အပြင် ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

    ပုံစာ- ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ/ CDF – Asho

  • အောင်ဇေယျစစ်ကြောင်း​ထံမှ လက်နက်ခဲယမ်းများ သိမ်းရပြန်

    အောင်ဇေယျစစ်ကြောင်း​ထံမှ လက်နက်ခဲယမ်းများ သိမ်းရပြန်

    ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ လက်နက်ခဲယမ်းအများအပြားသိမ်းရကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    ပြီးခဲ့သည့်တစ်ပတ်အတွင်း စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းစစ်ကြောင်းများက တိုက်ခိုက်ခဲ့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    “အောင်ဇေယျဆီကနေ ရထားတဲ့ ပစ္စည်းတွေ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့အပြင် အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ရာတွင်ပါဝင်သော စစ်ကြောင်းမှူးတစ်ဦးကလည်း လက်နက်ခဲယမ်းများသိမ်းရမှုအပေါ် အတည်ပြုပေးသည်။

    သို့သော် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး ပြောဆိုခြင်း မရှိပေ။

    စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ကော်ဘရာ၊ PDFနှင့် ပူးပေါင်းစစ်ကြောင်းများက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းမှ စစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေရသည်။

    အောင်ဇေယျစစ်ကြောင်းမှာ လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုခံနေရ၍ ရှေ့မတိုးနိုင်ဘဲ လက်နက်ကြီးများဖြင့်သာ နေ့စဉ်ပစ်ခတ်မှုသာပြုလုပ်နေသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးသို့ ပြောထားသည်။

    စစ်ရှုံးစစ်ကောင်စီ၏ ‌ရှေ့တန်းအမှတ်(၅၅)တပ်မ အောင်ဇေယျစစ်ဆင်ရေးမှ KNLA၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများထံသို့ လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ပြန်လည်ခိုလှုံလာသော စစ်သည်များအား ကြိုဆိုဧည့်ခံပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ ဒီဇင်ဘာ ၃၁ရက်က ကရင်ပြည်နယ်တနေရာတွင် ပြုလုပ်ခဲ့သည်။

    ထိုသို့ပြုလုပ်အပြီးနောက် ၂၀၂၅ ဇန်နဝါရီ ၃ရက်တွင် အောင်ဇေယျစစ်ကြောင်း​မှ စစ်ကောင်စီ​တပ်သား သုံးဦးလက်နက်နှင့်အတူ ထပ်မံအလင်းဝင်ခိုလှုံလာခဲ့သည်။

    ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိကြောင်း ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့်ဧပြီက KNLA)၊ကော်ဘရာ၊ PDFနှင့် ပူးပေါင်းစစ်ကြောင်းများက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁,၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

    လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ရှစ်လကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
    အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်ခဲ့သည်။

    (လွန်ခဲ့သည့်တစ်ပတ်အတွင်း အောင်ဇေယျစစ်ကြောင်းမှ သိမ်းရသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – Saw Kaw/FB)

  • ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်

    ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်

    ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်ပြီး လူငယ်များကို ပစ်မှတ်ထား ပေါ်တာဆွဲနေ

    မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က လုံခြုံရေးဂိတ်များတွင် အင်အားတိုးမြှင့်ပြီး မကွေးတိုင်း မှတ်ပုံတင် ကိုင်ဆောင်ထားသည့် လူငယ်များကို ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ မကျည်းတိုင်း – ဖိုးကိုးလမ်းပိုင်းတွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲ ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ ရဲ ၂ ဦးသေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က ရေနံချောင်းမြို့ အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး တိုးမြှင့်ပြီး မကွေးတိုင်း မှတ်ပုံတင် ကိုင်ဆောင်ဆောင်ထားသော လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ သုံးဆယ်ခြောက် တံတားဂိတ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရန်ကုန်မှ ပြန်လာသည့် Express အဝေးပြေးကားပေါ် လိုက်ပါလာသည့် လူငယ်များကို မှတ်ပုံတင် စစ်ဆေးပြီး ကားပေါ်လိုက်ပါလာသည့် လူငယ် အားလုံးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “၁၅ ရက်နေ့က ရေနံချောင်း သုံးဆယ်ခြောက် တံတားဂိတ်မှာ စစ်ခွေးနဲ့ ရဲခွေတွေက ရန်ကုန် ကနေ ပြန်လာတဲ့ Express မှန်လုံကားပေါ်က လူငယ်တွေကို‌ ၈ မျဉ်းစောင်းကိုင်ထားတဲ့ ကောင်တွေ အကုန်ဆင်းဆိုပြီး တစ်ခါတည်း ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ရေနံချောင်းမှာ ရဲခွေး ၂ ကောင် ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက်ပိုင်းမှာ စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုဆိုးလာတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရဲ ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)